ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwcl ဆောင်းပါး ၃
  • “လိုတရသူလို့ ထင်ကြ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လိုတရသူလို့ ထင်ကြ”
  • ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အတိတ်
  • ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးပုံ
  • အကျိုးကျေးဇူး ခံစားခဲ့ရပုံ
  • သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး
ijwcl ဆောင်းပါး ၃
စတီဗင် ဝေါလေ့စ် ဂီတာတီးနေပုံ

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

“လိုတရသူလို့ ထင်ကြ”

စတီဗင် ဝေါလေ့စ် တာခွတ် ပြောပြတယ်။

  • မွေးဖွားတဲ့နှစ်။ ၁၉၆၂

  • နေရင်းနိုင်ငံ။ ကနေဒါ

  • ဘဝနောက်ခံ။ အကျင့်ပျက်တဲ့ဘဝ

စတီဗင် ဝေါလေ့စ် ငယ်စဉ်က ဆက်ဆိုဖုန်း မှုတ်နေပုံ

အတိတ်

ကနေဒါ ကွီဘက်ပြည်နယ်ရဲ့ အကြီးဆုံးမြို့ မွန်ထရီအောမြို့မှာ ကျွန်တော် မွေးဖွားလာပါတယ်။ မေတ္တာပြည့်ဝတဲ့ မိဘတွေက ကျွန်တော်တို့ မောင်နှမလေးယောက်ကို ရို့စ်မွန့်ရပ်ကွက်လေးမှာ ကြီးပြင်းစေခဲ့တယ်။ အေးချမ်းသာယာတဲ့ မိသားစုဘဝပါပဲ။

ချာတိတ်ဘဝမှာ ကျမ်းစာကို ကျွန်တော် စိတ်ဝင်စားခဲ့တယ်။ အသက် ၁၂ လောက်မှာ ဓမ္မသစ်ကျမ်းထဲက ယေရှုအကြောင်း ဖတ်ခဲ့ဖူးတာ၊ အလွန်ကြိုက်နှစ်သက်ခဲ့တာ မှတ်မိသေးတယ်။ လူတွေကို ချစ်သနားတတ်တဲ့ ယေရှုကို သိပ်အထင်ကြီးတဲ့အတွက် ယေရှုနဲ့ တူချင်စိတ် တဖွားဖွားပေါ်လာတယ်။ ဒါပေမဲ့ အရွယ်ရောက်လာတာနဲ့ လူပေါင်းမှားပြီး အဲဒီစိတ် ပျောက်ပျက်သွားတယ်။

ဆက်ဆိုဖုန်းမှုတ်သူ အဖေက ဆက်ဆိုဖုန်းကိုသာမက ဂီတမြတ်နိုးတဲ့စိတ်ကိုပါ အမွေပေးခဲ့တဲ့အတွက် တေးဂီတဟာ ကျွန်တော့်ဘဝမှာ အခရာပဲ။ တေးဂီတကို ကြိုက်နှစ်သက်လွန်းလို့ ဂီတာတီး သင်တယ်။ သူငယ်ချင်းတွေနဲ့ ရော့ခ်အဖွဲ့တစ်ဖွဲ့ တည်ထောင်ပြီး ပွဲအတော်များများ ဆိုဖြစ်ကြတယ်။ ဂီတလောကက နာမည်ကြီး တေးထုတ်လုပ်သူတချို့ ကျွန်တော့်ကို လာကမ်းလှမ်းကြတယ်။ ဒါနဲ့ တေးထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုနဲ့ စာချုပ်ချုပ်လိုက်တယ်။ ကျွန်တော့်သီချင်း ပေါက်သွားလို့ ကွီဘက်ရေဒီယိုမှာ ပုံမှန် ထုတ်လွှင့်ပေးတယ်။

ကျွန်တော့်ကို ကြည့်ရင် လိုတရသူလို့ ထင်စရာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားနေတယ်။ ဝါသနာပါရာကို လုပ်ကိုင်ရင်း ဝင်ငွေ ကောင်းနေတယ်။ နေ့ပိုင်းဆိုရင် အားကစားရုံမှာ လေ့ကျင့်တယ်။ လူတွေ့မေးမြန်းတာတွေ ဖြေပေးတယ်။ အော်တို ရေးပေးတယ်။ တီဗွီအစီအစဉ်မှာ ပါတယ်။ ညပိုင်းမှာတော့ ဖျော်ဖြေပွဲ လုပ်တယ်။ ပါတီတက်တယ်။ လူအုပ်ကို မရှိန်အောင် အရက်သောက်ပြီး ရဲဆေးတင်တယ်။ အဲဒီကနေ မူးယစ်ဆေး သုံးလာတယ်။ တဇောက်ကန်း လုပ်တတ်လာပြီး အကျင့်ပျက်ပြားလာတယ်။

သိပ်ပျော်နေပုံ ပေါက်လို့ တချို့က ကျွန်တော့်ဘဝကို အားကျကြတယ်။ တကယ်တမ်းကျတော့ ဘဝ အဓိပ္ပာယ် မဲ့နေတယ်လို့ ကျွန်တော် ခံစားနေရတာ။ တစ်ယောက်တည်း ရှိနေချိန်ဆို ပိုဆိုးတယ်။ စိတ်ဓာတ်ကျပြီး စိတ်မချမ်းမသာ ဖြစ်နေတတ်တယ်။ ကျွန်တော် လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ ကျွန်တော့်ရဲ့ ထုတ်လုပ်သူနှစ်ဦး အေအိုင်ဒီအက်စ်နဲ့ ဆုံးသွားလို့ အတော့်ကို လန့်သွားတယ်။ တေးဂီတကို ကြိုက်နှစ်သက်ပေမဲ့ အဲဒီလိုဘဝမျိုးတော့ မရောက်ချင်ဘူး။

ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးပုံ

အောင်မြင်မှုတွေ ရနေပေမဲ့ ဒီလောကကြီးမှာ တစ်ခုခုတော့ လွဲနေပြီဆိုတာ သတိပြုမိတယ်။ မတရားမှုတွေ ဘာကြောင့် ဒီလောက်များရသလဲ။ ဘုရားက ဘာကြောင့် ဒီအတိုင်း ကြည့်နေရသလဲဆိုတာ သိချင်နေတယ်။ အဖြေရဖို့ မကြာမကြာ ဆုတောင်းလေ့ရှိတယ်။ နယ်လှည့်ဖျော်ဖြေမှု ခရီးစဉ်တစ်ခုမှာ အနားယူရင်း ကျမ်းစာကို နောက်တစ်ကြိမ် ပြန်ဖတ်ကြည့်တယ်။ အများစုကို နားမလည်ပေမဲ့ ကမ္ဘာကြီးရဲ့အဆုံး နီးနေပြီလို့ ကောက်ချက် ချမိတယ်။

ယေရှု တောထဲ ရောက်နေချိန် တစ်ခါတုန်းက ရက်ပေါင်း ၄၀ အစာ ရှောင်ခဲ့မှန်း ကျမ်းစာ ဖတ်ရင်း သိလိုက်ရတယ်။ (မဿဲ ၄:​၁၊ ၂) ကျွန်တော်လည်း အစာရှောင်မယ်ဆိုရင် ဘုရား ကိုယ်ယောင်ထင်ရှားပြလိမ့်မယ် အထင်နဲ့ အစာရှောင်ဖို့ ရက်သတ်မှတ်လိုက်တယ်။ အစာရှောင်မယ့်ရက် မတိုင်ခင် နှစ်ပတ်မှာ ယေဟောဝါသက်သေနှစ်ယောက် အိမ်တံခါး လာခေါက်တော့ သူတို့ကို မျှော်နေတဲ့ပုံနဲ့ အိမ်ထဲ ဖိတ်ခေါ်လိုက်တယ်။ သက်သေခံတစ်ယောက်ဖြစ်တဲ့ ဇက်ခ်ရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပြီး “ဒီလောကရဲ့ အဆုံးမှာ အသက်ရှင်နေမှန်း ဘယ်လို သိနိုင်သလဲ” လို့မေးလိုက်တယ်။ ဇက်ခ်က ၂ တိမောသေ ၃:​၁-၅ ကို ဖွင့်ပြီး ဖတ်ပြတယ်။ တခြားမေးခွန်းတွေ တရစပ် မေးကြည့်တဲ့အခါ ကျမ်းစာ သုံးပြီး ကျိုးကြောင်းဆီလျော်တဲ့၊ ကျေနပ်စရာကောင်းတဲ့ အဖြေတွေ ပေးလို့ ကျွန်တော် သဘောကျသွားတယ်။ သူတို့ တစ်ခေါက်နှစ်ခေါက် လာပြီးနောက် ကျွန်တော် အစာရှောင်ဖို့ မလိုတော့မှန်း သိလိုက်တယ်။

သက်သေခံတွေနဲ့ ကျွန်တော် ကျမ်းစာ မှန်မှန် လေ့လာတယ်။ ဆံပင်ရှည်ကို ညှပ်ပစ်ပြီး ဝတ်ပြုရာခန်းမက အစည်းအဝေးအားလုံးကို တက်တယ်။ ခန်းမမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတော့ အမှန်တရား တွေ့ပြီဆိုတာ စိတ်ချသွားတယ်။

ကျမ်းစာ လေ့လာရင်း သိလာတာတွေကို ကျင့်သုံးဖို့ အကြီးအကျယ် ပြောင်းလဲရမယ်။ မူးယစ်ဆေးကို ဖြတ်ရမယ်။ အကျင့်ပျက်တဲ့ဘဝပုံစံကို ပြောင်းလဲရမယ်။ ကိုယ့်အတွက်ပဲ မကြည့်ဘဲ တခြားသူတွေကို ထည့်စဉ်းစားတတ်အောင် ကြိုးစားရမယ်။ ကြင်ဖော်မဲ့ ဖခင်အနေနဲ့ သားနဲ့ သမီးရဲ့ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတတ်အောင်လည်း သင်ယူရမယ်။ ဒါကြောင့် တေးဂီတလုပ်ငန်းကို ကျောခိုင်းပြီး စက်ရုံတစ်ရုံမှာ လခနည်းတဲ့အလုပ် ဝင်လုပ်ခဲ့တယ်။

ဒီလိုပြောင်းလဲရတာ လွယ်တော့ မလွယ်ဘူး။ မူးယစ်ဆေး ဖြတ်နေချိန်မှာ ဆေးပြန်သုံးချင်စိတ်ကို ချိုးနှိမ်နေတဲ့ကြား ဒုံရင်းပြန်ရောက်သွားတဲ့အချိန်တွေလည်း မနည်းဘူး။ (ရောမ ၇:​၁၉၊ ၂၁-​၂၄) အကျင့်ပျက်တဲ့ဘဝပုံစံကို စွန့်ရတာ အခက်ဆုံးပါပဲ။ အလုပ်သစ်ကြောင့် ခြေကုန်လက်ပန်း ကျတဲ့အပြင် ဝင်ငွေကလည်း နည်းလိုက်သေးတယ်။ ဂီတသမားဘဝက နှစ်နာရီစာ ဝင်ငွေမျိုး ရဖို့ သုံးလလောက် လုပ်ရတယ်။

ဆုတောင်းခြင်းကြောင့် အခက်အခဲတွေကြားကနေ ပြောင်းလဲနိုင်ခဲ့တာ။ ကျမ်းစာ မှန်မှန်ဖတ်ခြင်းက မရှိမဖြစ်ပဲ။ ကျွန်တော့်ကို တော်တော်လေး အားရှိစေတဲ့ ကျမ်းချက်တွေလည်း ရှိတယ်။ တစ်ချက်ကတော့ ၂ ကောရိန္သု ၇:၁ ပါ။ အဲဒီမှာ “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြ” ဖို့ ခရစ်ယာန်တွေကို တိုက်တွန်းထားတယ်။ အကျင့်ဆိုးတွေ ဖြတ်နိုင်မှန်း စိတ်ချစေတဲ့ ကျမ်းချက် နောက်တစ်ချက်ကတော့ ‘ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်တယ်’ ဆိုတဲ့ ဖိလိပ္ပိ ၄:၁၃ ပဲ။ ယေဟောဝါက ကျွန်တော့်ဆုတောင်းချက်တွေကို ဖြေကြားပေးရုံမက ကျမ်းစာအမှန်တရား နားလည်အောင်၊ လက်တွေ့ကျင့်သုံးနိုင်အောင်လည်း ကူညီပေးတယ်။ ဒါကြောင့် ကျွန်တော့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံလိုက်တယ်။ (၁ ပေတရု ၄:​၁၊ ၂) ၁၉၉၇ ခုနှစ်မှာ ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံလိုက်တယ်။

အကျိုးကျေးဇူး ခံစားခဲ့ရပုံ

အရင်ဘဝပုံစံအတိုင်းသာဆိုရင် ခုချိန်မှာ ကျွန်တော် မရှိလောက်တော့ဘူး။ အခုတော့ တကယ်ပျော်ရွှင်ချမ်းမြေ့နေပါပြီ။ ချစ်ဇနီး အယ်ဗီကလည်း ကောင်းချီးတစ်ခုပါပဲ။ ကျွန်တော်တို့ဇနီးမောင်နှံဟာ အချိန်ပြည့်အမှုဆောင်တွေအဖြစ် တခြားသူတွေကို ကျမ်းစာသင်ပေးနေကြတယ်။ ဒီအလုပ်က တကယ့်ကို ပျော်ရွှင်ကျေနပ်စေတယ်။ ကျွန်တော့်ကို ဆွဲဆောင်ခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်လို့မဆုံးပါဘူး။​—ယောဟန် ၆:၄၄။

လူတစ်ဦးကို စတီဗင် ဝေါလေ့စ် ဇနီးမောင်နှံ ဟောပြောနေပုံ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ