သောကြာနေ့၊ ဩဂုတ် ၁
ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီး ကြုံရပေမဲ့ ယေဟောဝါက အခက်အခဲမှန်သမျှ ကနေ သူ့ကို ကယ်တင်တယ်။—ဆာ. ၃၄:၁၉။
ဒီဆာလံကျမ်းထဲက အချက် နှစ်ချက်ကို သတိပြုပါ။ (၁) ဖြောင့်မတ်သူတွေ အခက်အခဲ ကြုံကြရတယ်။ (၂) အခက်အခဲတွေကနေ ယေဟောဝါ ကယ်တင်တယ်။ ဘယ်လို ကယ်တင်ပေးသလဲ။ တစ်နည်းကတော့ ကိစ္စရပ်တွေကို အရှိကို အရှိအတိုင်း လက်ခံတတ်ဖို့ ကူညီပေးခြင်းပါ။ မိမိကို ဝတ်ပြုရင် ပျော်ရွှင်မယ်လို့ ကတိပေးပေမဲ့ အပူအပင် ကင်းတဲ့ဘဝ ရမယ်လို့တော့ အာမ မခံထားဘူး။ (ဟေရှာ. ၆၆:၁၄) ဘုရား ရည်ရွယ်ထားတဲ့ ဘဝမျိုး ထာဝစဉ် ပိုင်ဆိုင်ရမယ့် အနာဂတ်ကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ (၂ ကော. ၄:၁၆-၁၈) ဒီအတောအတွင်း တစ်ရက်ပြီး တစ်ရက် ရှေ့ဆက်နိုင်ဖို့ ကူညီပေးတယ်။ (မြည်. ၃:၂၂-၂၄) ကျမ်းစာခေတ်နဲ့ ဒီနေ့ခေတ် သစ္စာရှိ ကျေးကျွန်တွေရဲ့ စံနမူနာကနေ ဘာသင်ယူနိုင်သလဲ။ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကျွန်တော်တို့ ရင်ဆိုင်ရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရား အမြဲ ထောက်မပေးမယ်။—ဆာ. ၅၅:၂၂။ w23.04 ၁၄-၁၅ ¶၃-၄
စနေနေ့၊ ဩဂုတ် ၂
အထက်အာဏာပိုင်တွေကို . . . လက်အောက်ခံရမယ်။—ရော. ၁၃:၁။
နာခံဖို့ ခက်ချိန်မှာတောင် အထက်အာဏာပိုင်တွေကို နာခံတဲ့ ယောသပ်နဲ့ မာရိဆီကနေ သင်ယူနိုင်တယ်။ (လု. ၂:၁-၆) လူတိုင်း ကိုယ့်မြို့ကိုယ့်ရွာ ပြန်ပြီး နာမည်စာရင်း ပေးဖို့ ရောမ ဧကရာဇ် ဩဂတ်စတပ် အမိန့်ထုတ်တယ်။ ၉၃ မိုင် (ကီလိုမီတာ ၁၅၀) လောက် ဝေးတဲ့ ဘက်သလီဟင်မြို့ကို ယောသပ်နဲ့ မာရိ တစ်တောင်တက် တစ်တောင်ဆင်း ခရီးနှင်ကြရတော့မယ်။ မာရိ ကိုယ်ဝန် ကိုးလ ရှိနေပြီ ဖြစ်လို့ တော်တော့်ကို ခက်မှာ။ မိခင်နဲ့ ရင်သွေး ဘေးကင်းရေးအတွက် စိုးရိမ်မိကြမှာပဲ။ လမ်းခုလတ်မှာ ကလေး မွေးရင် ဘယ့်နှယ် လုပ်မလဲ။ အနာဂတ် မေရှိယကို ကိုယ်ဝန် လွယ်ထားရတာ။ ဒီအကြောင်းပြချက်နဲ့ အစိုးရ ဥပဒေ မလိုက်နာဘဲ နေကြမလား။ စိုးရိမ်မိတာတွေ ရှိပေမဲ့ ယောသပ်နဲ့ မာရိ ဥပဒေ လိုက်နာကြတယ်။ သူတို့ နာခံမှု ရှိလို့ ယေဟောဝါ ဝမ်းသာတယ်။ စောင့်ရှောက်ပေးတယ်။ ဘက်သလီဟင်မြို့ကို ဘေးမသီ ရန်မခ ရောက်လာပြီး ရင်သွေးလေး ကျန်းကျန်းမာမာ မွေးဖို့၊ ကျမ်းစာ ကြိုဟောချက် ပြည့်စုံစေဖို့ ကူညီပေးတယ်။—မိ. ၅:၂။ w23.10 ၈ ¶၉။ ၉ ¶၁၁-၁၂
တနင်္ဂနွေနေ့၊ ဩဂုတ် ၃
အချင်းချင်း အားပေးကြပါ။—ဟီ. ၁၀:၂၅။
အစည်းအဝေးမှာ မှတ်ချက်ပေးရမှာ ကြောက်နေတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ကောင်းကောင်း ပြင်ဆင်ပါ။ (ပညာ. ၂၁:၅) အကြောင်းအရာကို ကောင်းကောင်း သဘောပေါက်လေ မှတ်ချက်ပေးဖို့ စိတ်ပေါ့လေပဲ။ တိုတိုတုတ်တုတ် ဖြေပါ။ (ပညာ. ၁၅:၂၃။ ၁၇:၂၇) မှတ်ချက်တိုရင် ဖြေဖို့ သိပ်စိုးရိမ်မှာ မဟုတ်တော့ဘူး။ ကိုယ်ပိုင် စကားနဲ့ တိုတိုတုတ်တုတ် ဖြေတာက ကောင်းကောင်း ပြင်ဆင်ထားကြောင်း၊ အကြောင်းအရာကို ကောင်းကောင်း နားလည်ကြောင်း ပြရာရောက်တယ်။ အကြံပြုချက်တွေအတိုင်း စမ်းကြည့်ပေမဲ့ တစ်ကြိမ်၊ နှစ်ကြိမ်အပြင် ပိုမဖြေရဲသေးဘူးဆိုရင်ကော။ သင် တတ်နိုင်သလောက် ကြိုးစားတာကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ (လု. ၂၁:၁-၄) အကောင်းဆုံး ပေးဆက်တယ်ဆိုတာ မတတ်နိုင်တာကို ဖျစ်ညှစ်လုပ်တာ မဟုတ်ဘူး။ (ဖိ. ၄:၅) ကိုယ် ဘယ်လောက် တတ်နိုင်သလဲ စဉ်းစားပါ။ ပန်းတိုင်ထားပါ။ စိတ်တည်ငြိမ်ဖို့ ဆုတောင်းပါ။ မှတ်ချက်တိုလေး တစ်ခု ပေးဖို့ကိုပဲ အရင်ဆုံး ပန်းတိုင်ထားကြည့်ပါ။ w23.04 ၂၁ ¶၆-၈