ကြာသပတေးနေ့၊ ဇူလိုင် ၃၁
ဘုရားသခင် လက်ခံတဲ့အရာကို သိနိုင်ဖို့ အမြဲ ဆန်းစစ်ကြပါ။—ဧ. ၅:၁၀။
အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချဖို့ လိုတဲ့အခါ “ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင်” ကြိုးစားရမယ်။ အလိုတော်နဲ့အညီ ကျင့်ကြံပြုမူရမယ်။ (ဧ. ၅:၁၇) ကိုယ့်အခြေအနေနဲ့ သက်ဆိုင်တဲ့ ကျမ်းစာမူတွေ ရှာတာဟာ ဘုရားအတွေးအခေါ်ကို သိနားလည်ဖို့ ကြိုးစားတာပဲ။ ဘုရားအတွေးအခေါ်ကို အခြေခံရင် ဆုံးဖြတ်ချက်ကောင်း ချနိုင်မယ်။ “ဆိုးညစ်သူ” ရန်သူ စာတန်က ကျွန်တော်တို့ ဘုရားအမှုဆောင်ဖို့ အချိန်မရှိတော့တဲ့အထိ လောကမှာ အလုပ်များနေစေချင်တယ်။ (၁ ယော. ၅:၁၉) အမှုဆောင် အခွင့်အရေးတွေနောက် မဟုတ်ဘဲ ငွေ၊ ပညာရေး၊ အလုပ်အကိုင်နောက် လိုက်မိဖို့ သိပ်လွယ်တယ်။ လိုက်နေပြီဆိုရင် လောကအတွေးအခေါ် ဝင်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီအရာတွေဟာ မမှားပေမဲ့ ဘဝမှာ နံပါတ်တစ် ဖြစ်မနေသင့်ဘူး။ w24.03 ၂၄ ¶၁၆-၁၇
သောကြာနေ့၊ ဩဂုတ် ၁
ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီး ကြုံရပေမဲ့ ယေဟောဝါက အခက်အခဲမှန်သမျှ ကနေ သူ့ကို ကယ်တင်တယ်။—ဆာ. ၃၄:၁၉။
ဒီဆာလံကျမ်းထဲက အချက် နှစ်ချက်ကို သတိပြုပါ။ (၁) ဖြောင့်မတ်သူတွေ အခက်အခဲ ကြုံကြရတယ်။ (၂) အခက်အခဲတွေကနေ ယေဟောဝါ ကယ်တင်တယ်။ ဘယ်လို ကယ်တင်ပေးသလဲ။ တစ်နည်းကတော့ ကိစ္စရပ်တွေကို အရှိကို အရှိအတိုင်း လက်ခံတတ်ဖို့ ကူညီပေးခြင်းပါ။ မိမိကို ဝတ်ပြုရင် ပျော်ရွှင်မယ်လို့ ကတိပေးပေမဲ့ အပူအပင် ကင်းတဲ့ဘဝ ရမယ်လို့တော့ အာမ မခံထားဘူး။ (ဟေရှာ. ၆၆:၁၄) ဘုရား ရည်ရွယ်ထားတဲ့ ဘဝမျိုး ထာဝစဉ် ပိုင်ဆိုင်ရမယ့် အနာဂတ်ကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ (၂ ကော. ၄:၁၆-၁၈) ဒီအတောအတွင်း တစ်ရက်ပြီး တစ်ရက် ရှေ့ဆက်နိုင်ဖို့ ကူညီပေးတယ်။ (မြည်. ၃:၂၂-၂၄) ကျမ်းစာခေတ်နဲ့ ဒီနေ့ခေတ် သစ္စာရှိ ကျေးကျွန်တွေရဲ့ စံနမူနာကနေ ဘာသင်ယူနိုင်သလဲ။ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကျွန်တော်တို့ ရင်ဆိုင်ရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရား အမြဲ ထောက်မပေးမယ်။—ဆာ. ၅၅:၂၂။ w23.04 ၁၄-၁၅ ¶၃-၄
စနေနေ့၊ ဩဂုတ် ၂
အထက်အာဏာပိုင်တွေကို . . . လက်အောက်ခံရမယ်။—ရော. ၁၃:၁။
နာခံဖို့ ခက်ချိန်မှာတောင် အထက်အာဏာပိုင်တွေကို နာခံတဲ့ ယောသပ်နဲ့ မာရိဆီကနေ သင်ယူနိုင်တယ်။ (လု. ၂:၁-၆) လူတိုင်း ကိုယ့်မြို့ကိုယ့်ရွာ ပြန်ပြီး နာမည်စာရင်း ပေးဖို့ ရောမ ဧကရာဇ် ဩဂတ်စတပ် အမိန့်ထုတ်တယ်။ ၉၃ မိုင် (ကီလိုမီတာ ၁၅၀) လောက် ဝေးတဲ့ ဘက်သလီဟင်မြို့ကို ယောသပ်နဲ့ မာရိ တစ်တောင်တက် တစ်တောင်ဆင်း ခရီးနှင်ကြရတော့မယ်။ မာရိ ကိုယ်ဝန် ကိုးလ ရှိနေပြီ ဖြစ်လို့ တော်တော့်ကို ခက်မှာ။ မိခင်နဲ့ ရင်သွေး ဘေးကင်းရေးအတွက် စိုးရိမ်မိကြမှာပဲ။ လမ်းခုလတ်မှာ ကလေး မွေးရင် ဘယ့်နှယ် လုပ်မလဲ။ အနာဂတ် မေရှိယကို ကိုယ်ဝန် လွယ်ထားရတာ။ ဒီအကြောင်းပြချက်နဲ့ အစိုးရ ဥပဒေ မလိုက်နာဘဲ နေကြမလား။ စိုးရိမ်မိတာတွေ ရှိပေမဲ့ ယောသပ်နဲ့ မာရိ ဥပဒေ လိုက်နာကြတယ်။ သူတို့ နာခံမှု ရှိလို့ ယေဟောဝါ ဝမ်းသာတယ်။ စောင့်ရှောက်ပေးတယ်။ ဘက်သလီဟင်မြို့ကို ဘေးမသီ ရန်မခ ရောက်လာပြီး ရင်သွေးလေး ကျန်းကျန်းမာမာ မွေးဖို့၊ ကျမ်းစာ ကြိုဟောချက် ပြည့်စုံစေဖို့ ကူညီပေးတယ်။—မိ. ၅:၂။ w23.10 ၈ ¶၉။ ၉ ¶၁၁-၁၂