ကျမ်းစာခေတ်ကယေရုရှလင်မြို—ရှေးဟောင်းသုတေသနပညာက အဘယ်အရာကိုဖော်ပြသနည်း
ယေရုရှလင်မြို့တွင် စိတ်ဝင်စားဖွယ်ကောင်းသည့် အရေးပါသော ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ရေးလုပ်ငန်းများကို ပြုလုပ်ခဲ့သည်၊ အထူးသဖြင့် ၁၉၆၇ ခုမှစ၍ဖြစ်သည်။ တူးဖော်ခဲ့သည့်မြေနေရာအများကို လူအများသွားရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ထားသည့်အတွက် အချို့နေရာများကို သွားရောက်လည်ပတ်၍ သမ္မာကျမ်းစာသမိုင်းသည် ရှေးဟောင်းသုတေသနပညာနှင့် မည်သို့ကိုက်ညီသည်ကို ကြည့်ကြပါစို့။
ဒါဝိဒ်မင်းကြီး၏ ယေရုရှလင်မြို့
ရှေးခေတ်ဒါဝိဒ်မြို့တော် တည်ရှိခဲ့သည့်နေရာ ဇိအုန်တောင်အဖြစ် သမ္မာကျမ်းစာရည်ညွှန်းထားသောနယ်မြေသည် ခေတ်သစ်ယေရုရှလင်မြို့ပြနယ်မြေတွင် အရေးမပါသည့်အသွင်ရှိသည်။ ကွယ်လွန်ပြီးဖြစ်သော ပါမောက္ခ ယီဂဲလ် ရှိုင်လိုဦးဆောင်၍ ၁၉၇၈-၈၅ ခုနှစ်အတွင်း ဒါဝိဒ်မြို့ကိုတူးဖော်သည့်အခါ တောင်၏အရှေ့ဘက်တွင် ကျောက်တုံးများနှင့် အဆင့်ဆင့်တည်ဆောက်ထားသည့် အဆောက်အအုံ သို့မဟုတ် အထောက်အကန်ပေးသော ကျောက်နံရံကို တူးဖော်တွေ့ရှိခဲ့သည်။
ပါမောက္ခ ရှိုင်လိုက ယင်းသည် ယေဗုသိလူမျိုး (ဒါဝိဒ်မသိမ်းပိုက်မီက နေထိုင်ခဲ့ကြသူများ) တို့က ခံတပ်မြို့တစ်မြို့ကို တည်ဆောက်ခဲ့ကြသော ထိပ်တွင်ပြင်ညီကုန်းမြင့်ရှိ ကျောက်နံရံများ၏ အလွန်ကြီးမား၍ထိုးထွက်နေသော အစိတ်အပိုင်း၏အကြွင်းအကျန်များ ဖြစ်ရမည်ဟုဆိုသည်။ ထိပ်တွင်ပြင်ညီကုန်းမြင့်ရှိ ကျောက်နံရံများပေါ်တွင်တွေ့ရှိရသော ကျောက်တုံးများနှင့် အဆင့်ဆင့်တည်ဆောက်ထားသော အဆောက်အအုံမှာ ယေဗုသိခံတပ်အပေါ် ဒါဝိဒ်ထပ်ဆင့်တည်ဆောက်ထားသော ရဲတိုက်အသစ်၏ အစိတ်အပိုင်းဖြစ်သည်ဟုဆိုသည်။ ၂ ဓမ္မရာဇဝင် ၅:၉ ၌ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထို့နောက် ဒါဝိဒ်သည်ရဲတိုက်၌နေ၍ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်လေ၏။ မိလ္လောအရပ်ပတ်လည်၌လည်းကောင်း၊ အတွင်းဘက်၌လည်းကောင်း တည်ဆောက်လေ၏။”
၎င်းအဆောက်အအုံအနီးတွင် အချို့အစိတ်အပိုင်းများမှာ ဒါဝိဒ်အချိန်ကအသုံးပြုခဲ့ဟန်တူသည့် ရေသွယ်လမ်းကြောင်းဝင်ပေါက်များကို တွေ့ရှိရသည်။ သမ္မာကျမ်းစာတွင်ဖော်ပြသော ယေရုရှလင်မြို့ရေသွယ်မြောင်းစနစ်က မေးခွန်းများစွာပေါ်ပေါက်စေသည်။ ဥပမာ ဒါဝိဒ်က “ယေဗုသိလူတို့ကိုလုပ်ကြံမည့်သူတို့သည် ရေသွယ်မြောင်းအထိတက်၍” ရန်သူတို့ကိုလုပ်ကြံရန် မိမိလူတို့အားအမိန့်ပေးခဲ့သည်။ (၂ ဓမ္မရာဇဝင် ၅:၈) ဒါဝိဒ်၏တပ်မှူးယွာဘက သွားရောက်လုပ်ကြံခဲ့သည်။ “ရေသွယ်မြောင်း” ဟူသည့်အသုံးအနှုန်းက မည်သည့်အရာကို အတိအကျဆိုလိုသနည်း။
၄ ဓမ္မရာဇဝင် ၂၀:၂၀ နှင့် ၂ ရာဇဝင်ချုပ် ၃၂:၃၀ ၌ဖော်ပြထား၍ ဘီ.စီ.အီး. ရှစ်ရာစုတွင် ဘုရင်ဟေဇကိ၏အတတ်ပညာရှင်များ တူးခဲ့ကြခြင်းဖြစ်နိုင်သော ကျော်ကြားသည့် ရှိလောင်ရေဥမင်လိုဏ်ခေါင်းနှင့်ပတ်သက်၍ အခြားမေးခွန်းများ ပေါ်ပေါက်စေသည်။ ဆန့်ကျင်ဘက်အစွန်းတစ်ဖက်စီမှ တူးလာကြသောအုပ်စုနှစ်စုသည် မည်သို့ပြန်ဆုံနိုင်မည်နည်း။ သူတို့သည် ဥမင်ကို ဖြောင့်ဖြောင့်တန်းတန်းတူးသည်ထက် အတော်အတန်သာ၍ရှည်သည့် ကွေ့ကွေ့ကောက်ကောက်တူးခြင်းကို အဘယ့်ကြောင့်ရွေးချယ်ခဲ့ကြသနည်း။ အထူးသဖြင့် ဆီမီးခွက်ကိုသူတို့အသုံးပြုခဲ့ဖွယ်ရှိသောကြောင့် အသက်ရှုရန် လုံလောက်သောလေကို မည်သို့ရခဲ့သနည်း။
ယင်းကဲ့သို့သောမေးခွန်းများအတွက် ဖြစ်နိုင်ချေရှိသောအဖြေများကို ကျမ်းဆိုင်ရာရှေးဟောင်းသုတေသနသုံးသပ်ချက် မဂ္ဂဇင်းက ဖော်ပြထားသည်။ ယင်းက ပြန်လည်တူးဖော်မှု ဘူမိဗေဒအကြံပေးအရာရှိ ဒဲန်ဂေးလ်၏အဆိုကို ဤသို့ကိုးကားဖော်ပြထားသည်– “ဒါဝိဒ်မြို့၏အောက်ခြေတွင် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ခရတ်စ်ထ်စနစ်ရှိသည်။ ခရတ်စ်ထ်ဆိုသည်မှာ မြေသားထဲရှိရေများက ကျောက်သားထုထဲ ထိုးဖောက်စိမ့်ဝင် စီးဆင်းမှုကြောင့် ဖြစ်ပေါ်လာသော ဥမင်လိုဏ်ခေါင်းနှင့် ရေမြောင်းများရှိသည့် မြေမျက်နှာပြင်မညီသောဒေသကို ဖော်ပြသည့်ဝေါဟာရဖြစ်သည်။ . . . ဒါဝိဒ်မြို့တော်၏ မြေအောက်ရေဖြန့်ဝေရေးစနစ်များနှင့်ပတ်သက်သည့် ဘူမိဗေဒစမ်းသပ်စစ်ဆေးမှုက ယင်းတို့သည် သဘာဝရေတိုက်စားမှုကြောင့်ဖြစ်ပေါ်လာသော ရေမြောင်းများနှင့် ရေတွင်းများကို ကျွမ်းကျင်သူများက တိုးချဲ့ပြီး ရေဖြန့်ဝေရေးစနစ်ဖြစ်အောင် အခြေခံကျကျဖန်တီးထားကြောင်း ဖော်ပြသည်။”
ယင်းက ရှိလောင်ဥမင်လိုဏ်ခေါင်းကို မည်သို့တူးဖော်ခဲ့ကြောင်းရှင်းပြရန် အထောက်အကူဖြစ်စေသည်။ ၎င်းသည် တောင်မျက်နှာပြင်အောက် ကွေ့ကောက်စီးဆင်းသော သဘာဝရေစီးကြောင်းအတိုင်း လိုက်၍တူးသွားခြင်း ဖြစ်နိုင်သည်။ အစွန်းတစ်ဖက်စီမှ တူးဖော်သူများသည် တည်ရှိနေသည့်လိုဏ်ဂူများကို ပြုပြင်ပြောင်းလဲခြင်းဖြင့် ယာယီဥမင်လိုဏ်ခေါင်းတစ်ခုကို တူးခဲ့ခြင်းဖြစ်နိုင်သည်။ ထို့နောက် ဂိဟုန်ချောင်းမှ မြို့ရိုးအတွင်းရှိကောင်းရှိနိုင်သည့် ရှိလောင်ရေအိုင်သို့ စီးဆင်းရန်အတွက် ဆင်ခြေလျှောစီးဆင်းသည့် ရေသွယ်မြောင်းတစ်ခုကို တူးခဲ့ကြသည်။ ပေပေါင်း ၁,၇၄၉ ပေရှည်သည့်ကြားမှ အဆုံးတစ်ခုနှင့်တစ်ခုကြားအမြင့် ၁၂.၅ လက်မသာကွာခြင်းမှာ အမှန်ပင်အတတ်ပညာဆိုင်ရာ စွမ်းဆောင်ချက်ပင်ဖြစ်သည်။
ဂိဟုန်ချောင်းသည် ရှေးခေတ်မြို့တော်၏ အဓိကရေရရှိသည့်နေရာဖြစ်သည်ဟု ပညာရှင်များက ကြာမြင့်စွာကတည်းက အသိအမှတ်ပြုခဲ့ကြသည်။ ယင်းသည် မြို့ရိုးအပြင်ဘက်၌တည်ရှိသော်လည်း ဥမင်လိုဏ်ခေါင်းနှင့် ၃၆ ပေနက်သည့်ရေတွင်းကို တူးဖော်နိုင်သည့်အကွာအဝေး၌ တည်ရှိရာ နေထိုင်သူများသည် အကာအကွယ်ပေးသည့် မြို့ရိုးအပြင်ဘက်သို့ထွက်စရာမလိုဘဲ ရေခပ်ယူနိုင်ကြသည်။ ၁၈၆၇ ခုနှစ်တွင် ထိုတွင်းကိုရှာဖွေတွေ့ရှိခဲ့သည့် ချားလ်စ် ဝါရဲန်၏အမည်ကိုအစွဲပြု၍ ယင်းကို ဝါရဲန်တွင်းဟုခေါ်ကြသည်။ သို့သော် ဥမင်လိုဏ်ခေါင်းနှင့် တွင်းကိုမည်သည့်အချိန်၌ တူးခဲ့ကြသနည်း။ ယင်းတို့သည် ဒါဝိဒ်အချိန်ကတည်းကရှိခဲ့သလော။ ၎င်းသည် ယွာဘကူးဖြတ်ခဲ့သည့် ဥမင်လိုဏ်ခေါင်းလော။ ဒဲန်ဂေးလ်က ဤသို့ဖြေဆိုထားသည်– “ဝါရဲန်တွင်းသည် သဘာဝရေတွင်းမှန်မမှန်စမ်းသပ်ရန်အတွက် ကျွန်ုပ်တို့သည် မညီညာသောနံရံမှ ထုံးကျောက်အပိုင်းအစများကိုယူ၍ ကာဗွန်-၁၄ နှင့်စမ်းသပ်ခဲ့ကြသည်။ ၎င်းအပိုင်းအစများကို စမ်းသပ်သည့်အခါ မည်သည့်ပစ္စည်းမျှမပါဝင်သောကြောင့် ယင်းသည် လွန်ခဲ့သည့်နှစ်ပေါင်း ၄၀,၀၀၀ ကျော်ကဖြစ်ကြောင်း ဖော်ပြသည်၊ ယင်းက ထိုတွင်းကို လူတို့တူးခဲ့ခြင်းမဟုတ်ကြောင်း ခိုင်လုံသည့်အထောက်အထားဖြစ်သည်။”
ဟေဇကိအချိန်မှ ကျန်ကြွင်းသည့်အစိတ်အပိုင်းများ
အာရှုရိနိုင်ငံသည် ရှိသမျှတိုင်းနိုင်ငံများကို ရှင်းလင်းသုတ်သင်သည့်အချိန်တွင် ဟေဇကိမင်းအသက်ရှင်ခဲ့သည်။ ဟေဇကိမင်းနန်းစံခြောက်နှစ်တွင် အာရှုရိနိုင်ငံသည် ဆယ်နွယ်နိုင်ငံ၏မြို့တော် ရှမာရိမြို့ကိုသိမ်းပိုက်သည်။ ရှစ်နှစ်လွန်ပြီးသည့်နောက် (ဘီ.စီ.အီး. ၇၃၂) တွင် အာရှုရိလူမျိုးတို့သည် တစ်ဖန်ပြန်လာ၍ ယုဒနိုင်ငံနှင့် ယေရုရှလင်မြို့ကို ခြိမ်းခြောက်ခဲ့သည်။ ရာဇဝင်ချုပ်ဒုတိယစောင် ၃၂:၁-၈ တွင် ဟေဇကိ၏စစ်ပရိယာယ်ကို ဖော်ပြထားသည်။ ယင်းအချိန်ကာလနှင့်ပတ်သက်၍ ထင်ရှားသည့်သက်သေအထောက်အထား တစ်စုံတစ်ခုရှိပါသလော။
ရှိပါသည်၊ ၁၉၆၉ ခုနှစ်တွင် ပါမောက္ခ နမန်း အာဗီဂတ်သည် ၎င်းအချိန်မှကျန်ကြွင်းသည့်အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ တူးဖော်တွေ့ရှိသည့်အရာများက အလွန့်အလွန်ကြီးမားသော မြို့ရိုးတစ်စိတ်တစ်ဒေသကို ဖော်ပြသည်၊ မြို့ရိုး၏ပထမအစိတ်အပိုင်းမှာ အရှည်ပေ ၁၃၀၊ အနံ ၂၃ ပေနှင့် ခန့်မှန်းခြေအရ အမြင့် ၂၇ ပေရှိသည်။ မြို့ရိုးတစ်ပိုင်းမှာ အောက်ခံကျောက်ပေါ်တည်ရှိပြီး တစ်ပိုင်းမှာ မကြာသေးမီကဆောက်လုပ်ထားသော အိမ်များပေါ်တွင်တည်ရှိသည်။ မြို့ရိုးကို မည်သူတည်ဆောက်၍ မည်သည့်အချိန်၌ တည်ဆောက်ခဲ့သနည်း။ “မြို့ရိုးကိုတည်ဆောက်သည့်နေ့စွဲနှင့် ရည်ရွယ်ချက်ကို အတိအကျဖော်ပြရန် သမ္မာကျမ်းစာပါစာပိုဒ်နှစ်ပိုဒ်က အာဗီဂတ်အား ထောက်ကူခဲ့သည်” ဟုရှေးဟောင်းသုတေသနဆိုင်ရာ မဂ္ဂဇင်းတစ်စောင်ကဆိုသည်။ ထိုစာပိုဒ်၌ “ဟေဇကိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၏၊ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင်၍၊ ရဲတိုက်တို့နှင့်တညီတည်းတည်၏၊ ပြင်မြို့ရိုးကိုလည်းတည်၏” ဟုကျွန်ုပ်တို့ဖတ်ရသည်။ (၂ ရာဇဝင်ချုပ် ၃၂:၅) “မြို့ရိုးကိုပြင်လိုသောငှာ၊ အိမ်များကိုဖြိုဖျက်ကြလိမ့်မည်။” (ဟေရှာယ ၂၂:၁၀) ယနေ့ ဧည့်သည်များသည် တံတိုင်းကြီးဟုခေါ်ဆိုကြသည့် မြို့ရိုးအစိတ်အပိုင်းကို မြို့ဟောင်းတွင်ရှိသော ဂျူးလူမျိုးရပ်ကွက်၌ တွေ့ရှိနိုင်သည်။
တူးဖော်တွေ့ရှိရသည့်အရာ အတော်များများက ထိုအချိန်က ယေရုရှလင်မြို့အကျယ်အဝန်းသည် ယခုအချိန်အထိ လူတို့ထင်သည်ထက် သာ၍ကျယ်ဝန်းကြောင်း ဖော်ပြသည်၊ အကြောင်းမှာ အာရှုရိတို့ကိုရှုံးနိမ့်သွားပြီးနောက် မြောက်ပိုင်းနိုင်ငံမှ ဒုက္ခသည်များသည် ယေရုရှလင်မြို့သို့ အစုလိုက်အပြုံလိုက် ဝင်ရောက်ခိုလှုံလာသောကြောင့် ဖြစ်ဖွယ်ရှိသည်။ ပါမောက္ခ ရှိုင်လိုက ယေဗုသိမြို့သည် အကျယ်အဝန်းအားဖြင့် ၁၅ ဧကခန့်ရှိသည်ဟု မှန်းဆသည်။ ရှောလမုန်လက်ထက်တွင် ဧက ၄၀ နီးပါးကျယ်ဝန်းသည်။ နှစ်ပေါင်း ၃၀၀ လွန်ပြီးနောက် ဟေဇကိမင်းလက်ထက်ရောက်သော် မြို့၏အမာခံဒေသသည် ဧက ၁၅၀ ခန့်အထိကျယ်ဝန်းခဲ့သည်။
ပထမဗိမာန်တော်ခေတ် သင်္ချိုင်းများ
ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ကို ဗာဗုလုန်လူမျိုးတို့ မဖျက်ဆီးမီအချိန်ဖြစ်သော ပထမဗိမာန်တော်ခေတ်မှ သင်္ချိုင်းများသည် အချက်အလက်ရင်းမြစ် နောက်တစ်ခုဖြစ်သည်။ ၁၉၇၉/၈၀ ခုနှစ်တွင် ဟိန္နုန်တောင်ကြား၏ တောင်စောင်းများတွင်ရှိသော သင်္ချိုင်းဂူတစ်စုကို တူးဖော်ရရှိသည့်အခါ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ရှာဖွေတွေ့ရှိမှုဖြစ်ခဲ့သည်။ ရှေးဟောင်းသုတေသနပညာရှင် ဂါဘရီရယ် ဘာကေက “ယေရုရှလင်မြို့၌ ပြုလုပ်ခဲ့သည့် ရှေးဟောင်းသုတေသနလုပ်ငန်း သမိုင်းတစ်လျှောက်လုံးတွင် ယင်းသည် လက်ရာမပျက်တွေ့ရှိရသော ပထမဗိမာန်တော်ဘဏ္ဍာတိုက်များထဲ၌ တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းအထဲတွင် ပစ္စည်းတစ်ထောင်ကျော်ပါရှိသည်” ဟုဆိုသည်။ “အစ္စရေးနိုင်ငံနှင့် အထူးသဖြင့် ယေရုရှလင်မြို့တွင် အလုပ်လုပ်နေကြသည့် ရှေးဟောင်းသုတေသနပညာရှင်အားလုံး၏ အမျှော်လင့်ဆုံးအရာမှာ လက်ရေးစာမူများကို ရှာဖွေတွေ့ရှိရန်ဖြစ်သည်” ဟုသူဆက်ပြောသည်။ ငွေဖြင့်ပြုလုပ်ထားသော သေးငယ်သည့်စာလိပ်နှစ်လိပ်ကို ရှာဖွေတွေ့ရှိခဲ့သည်၊ မည်သည့်အရာ ပါဝင်သနည်း။
ဘာကေက “မလိပ်ဘဲဖြေထားသည့် ငွေစာရွက်ကိုတွေ့သည့်အခါ ကျွန်တော်မှန်ဘီလူးနှင့်ကြည့်လိုက်သည်၊ ထိုသို့ကြည့်လိုက်သည့်အခါ အလွန်ပါးလွှာနူးညံ့သောငွေလွှာပေါ်တွင် ချွန်ထက်သောကိရိယာနှင့် အလွန်လက်ရာမြောက်စွာရေးထားသော အက္ခရာများနှင့်ပြည့်နေသည်ကို တွေ့ရသည်။ . . . ကမ္ဗည်းစာပေါ်တွင် ရှင်းလင်းစွာမြင်ရသည့် မြင့်မြတ်သောနာမတော်သည် ရှေးဟေဗြဲစာပေအက္ခရာလေးလုံးနှင့် ပေါင်းစပ်ဖော်ပြထားသော ယော့ဒ် ဟီ ဝေါ ဟီ ဖြစ်သည်။” နောက်ပိုင်းထုတ်ဝေသည့်စာစောင်တွင် ဘာကေက “ငွေပြားနှစ်ပြားပေါ်တွင် ကျမ်းစာ၌ပါသော ယဇ်ပုရောဟိတ်များကောင်းချီးပေးသည့်စကားနှင့် အတော်ဆင်တူသည့် ကောင်းချီးပေးသည့်စကားစုများရေးထိုးထားသည်ကို အံ့အားသင့်ဖွယ်တွေ့ရသည်” ဟုဆိုသည်။ (တောလည်ရာ ၆:၂၄-၂၆) ယင်းသည် ယေရုရှလင်မြို့၌ ရှာဖွေတွေ့ရှိရသည့် ကမ္ဗည်းစာလိပ်တစ်ခုတွင် ယေဟောဝါ၏နာမတော်ကို ပထမဆုံးအကြိမ် တွေ့ရှိရခြင်းဖြစ်သည်။
၎င်းငွေစာလိပ်များကို ပညာရှင်များက မည်သို့ရက်စွဲတတ်ကြသနည်း။ အဓိကအားဖြင့် သူတို့ရှာဖွေတွေ့ရှိထားသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အဆက်အစပ်အားဖြင့်ဖြစ်သည်။ ဘဏ္ဍာတိုက်ထဲ၌ ရက်စွဲတပ်၍ရသော အိုးခွက်အပိုင်းအစ ၃၀၀ ကျော်မှာ ဘီ.စီ.အီး. ခုနစ်ရာစုနှင့် ခြောက်ရာစုကိုညွှန်ပြသည်။ ၎င်းလက်ရေးစာမူကို ရက်စွဲသတ်မှတ်ပြီးသား အခြားလက်ရေးစာမူများနှင့် နှိုင်းယှဉ်သည့်အခါ အချိန်ကာလတစ်ခုတည်းကို ညွှန်ပြသည်။ ယင်းစာလိပ်များကို ယေရုရှလင်မြို့ရှိ အစ္စရေးပြတိုက်တွင် ခင်းကျင်းပြသထားသည်။
ဘီ.စီ.အီး. ၆၀၇ တွင် ယေရုရှလင်မြို့ဖျက်ဆီးခံရခြင်း
ဘီ.စီ.အီး. ၆၀၇ ခုနှစ် ယေရုရှလင်မြို့ပျက်စီးခြင်းနှင့် စပ်လျဉ်း၍သမ္မာကျမ်းစာတွင် ၄ ဓမ္မရာဇဝင် အခန်းကြီး ၂၅၊ ၂ ရာဇဝင်ချုပ် အခန်းကြီး ၃၆ နှင့် ယေရမိကျမ်း အခန်းကြီး ၃၉ တို့၌ဖော်ပြကာ နေဗုခဒ်နေဇာ၏စစ်တပ်က မြို့ကိုမီးတိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ မကြာခင်က တူးဖော်တွေ့ရှိခဲ့ရာများက ဤသမိုင်းဝင်မှတ်တမ်းကို ထောက်ခံပါသလော။ ပါမောက္ခ ယီဂဲလ် ရှိုင်လို၏အဆိုအရ “(ဗာဗုလုန်လူမျိုးတို့၏ ဖျက်ဆီးခြင်းနှင့်ပတ်သက်၍) ကျမ်းဆိုင်ရာအထောက်အထားကို . . . ရှင်းလင်းပြတ်သားသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားက ဖြည့်စွက်ပေးသည်; အဆောက်အဦအမျိုးမျိုးကို လုံးလုံးပျက်စီးစေသည့် ဖျက်ဆီးခြင်းဖြစ်ပြီး အိမ်များတွင်ပါရှိသည့် သစ်သားအစိတ်အပိုင်းအမျိုးမျိုးကို အကြီးအကျယ်လောင်ကျွမ်းသည့် မီးလောင်မှုကြီးဖြစ်သည်။” သူက “ယေရုရှလင်မြို့တွင်ပြုလုပ်သည့် တူးဖော်ခြင်းတစ်ခုစီမှ အပျက်အစီးသဲလွန်စများကို တွေ့ရှိရသည်” ဟုထပ်ဆင့်၍ မှတ်ချက်ချသည်။
ဧည့်သည်များသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂,၅၀၀ ကျော်က ပျက်စီးခဲ့သည့်နေရာမှ ကျန်ကြွင်းသည့်အစိတ်အပိုင်းများကို တွေ့ မြင်နိုင်ပါသည်။ အစ္စရေးလိုက်တာဝါ၊ ဘန့်ရူးမ်နှင့် ဘူလီဟောက်စ်တို့ကို ထိန်းသိမ်းထား၍ ယင်းတို့သည် လူထုကိုပြသထားသော ရေပန်းစားသည့် ရှေးဟောင်းသုတေသနလုပ်ငန်းခွင်များဖြစ်သည်။ ရှေးဟောင်းသုတေသနပညာရှင်များဖြစ်ကြသော ဂျိန်း အမ်. ကေဟေးလ်နှင့် ဒေးဗစ် တာလာတို့က ရှေးဟောင်းယေရုရှလင်မြို့တူးဖော်ခြင်း စာအုပ်တွင် ဤသို့အကျဉ်းချုံးဖော်ပြထားသည်– “ဗာဗုလုန်လူမျိုးများအားဖြင့် ယေရုရှလင်မြို့ အကြီးအကျယ်ဖျက်ဆီးခံရခြင်းသည် ဘန့်ရူးမ်နှင့် ဘူလီဟောက်စ်ကဲ့သို့သော မီးသင့်ထားသည့် အကြွင်းအကျန်များကို တူးဖော်ရရှိခြင်းအားဖြင့်သာမက အရှေ့ဘက်တောင်စောင်းတစ်လျှောက်တွင်တွေ့ရသော အဆောက်အဦအပျက်များမှ ကြီးမားသောကျောက်အကျိုးအပဲ့များအားဖြင့်လည်း ထင်ရှားသည်။ ထိုမြို့ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်သော ကျမ်းဆိုင်ရာဖော်ပြချက်များသည် . . . ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားကို ဖြည့်စွက်ပေးသည်။”
သို့အားဖြင့်၊ ဒါဝိဒ်အချိန်မှစ၍ ဘီ.စီ.အီး. ၆၀၇ တွင် ဖျက်ဆီးခံရသည့်အချိန်အထိ ယေရုရှလင်နှင့်ပတ်သက်သော ကျမ်းစာ၏အသေးစိတ်ဖော်ပြချက်များကို လွန်ခဲ့သည့် ၂၅ နှစ်အတွင်းပြုလုပ်ခဲ့သည့် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများက နည်းအမျိုးမျိုးဖြင့် အတည်ပြုပေးသည်။ သို့သော် စီ.အီး. ပထမရာစုမှ ယေရုရှလင်မြို့ကော အသို့နည်း။
ယေရှုခေတ်က ယေရုရှလင်မြို့
စီ.အီး. ၇၀ တွင် ရောမလူမျိုးတို့မဖျက်ဆီးမီ၊ ယေရှုခေတ်က ယေရုရှလင်မြို့ကို ပညာရှင်များရုပ်လုံးဖော်နိုင်ရန် တူးဖော်ရရှိသည့်အရာများ၊ သမ္မာကျမ်းစာ၊ ပထမရာစုမှဂျူးသမိုင်းဆရာ ဂျိုစီဖတ်စ်နှင့် အခြားအကြောင်းရင်းများက အထောက်အကူပြုပါသည်။ ယေရုရှလင်မြို့မှ ကြီးမားသောဟိုတယ်တစ်ခုအနောက်တွင် ပြသထားသော ပုံစံငယ်တစ်ခုမှာ နောက်ဆုံးတူးဖော်တွေ့ရှိချက်နှင့်အညီ မှန်မှန်ပြုပြင်မွမ်းမံထားသည်။ မြို့တော်၏အဓိကအသွင်အပြင်မှာ ရှောလမုန်အချိန်ကထက်နှစ်ဆကြီးအောင် ဟေရုဒ်ပြန်လည်ပြုပြင်ထားသော ဗိမာန်တော်တောင်ဖြစ်သည်။ ယင်းသည် ရှေးခေတ်ဟောင်းအချိန်က အကြီးဆုံးသောလူလုပ်သည့် ကုန်းပြင်မြင့်ဖြစ်သည်၊ ယင်းသည် အလျားပေ ၁,၅၇၅ ရှိပြီး အနံပေ ၉၁၀ ခန့်ရှိသည်။ ဗိမာန်တော်ကျောက်တုံးအချို့မှာ အလေးချိန်တန် ၅၀ ရှိပြီး ကျောက်တုံးတစ်တုံးဆိုလျှင် တန် ၄၀၀ နီးပါးအထိလေးကာ ပညာရှင်တစ်ဦး၏အဆိုအရ “ခေတ်ဟောင်းပိုင်းအချိန်က မည်သည့်နေရာ၌မျှမတွေ့နိုင်သော အကြီးဆုံးအရွယ်အစားဖြစ်သည်” ဟုဆိုသည်။
ယေရှုက “ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့၊ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်” ဟုမိန့်တော်မူသည်ကိုကြားသည့်အခါ လူအချို့ထိတ်လန့်သွားကြသည်ကို အံ့ဩစရာမဟုတ်ပါ။ ကိုယ်တော်သည် “မိမိကိုယ်တည်းဟူသောဗိမာန်ကို” ဆိုလိုနေခြင်းဖြစ်သော်လည်း ဗိမာန်တော်အဆောက်အဦကြီးကို ပြောနေခြင်းဖြစ်သည်ဟု သူတို့ထင်မှတ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က “အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏၊ သင်မူကား၊ သုံးရက်တည်းနှင့်တည်ဆောက်မည်လော” ဟုဆိုကြသည်။ (ယောဟန် ၂:၁၉-၂၁) ဗိမာန်တော်တောင်အနီးဝန်းကျင်မှ တူးဖော်ရရှိမှု၏ရလဒ်မှာ သွားရောက်လည်ပတ်သူများသည် မြို့ရိုးအစိတ်အပိုင်းအချို့၊ ယေရှုအချိန်မှ ဗိသုကာလက်ရာများနှင့် ကိုယ်တော်လျှောက်ခဲ့သည့်နေရာဖြစ်နိုင်သော တောင်ဘက်ဗိမာန်တော်တံခါးဝအထိ လိုက်လျှောက်ကြည့်နိုင်ကြသည်။
ဗိမာန်တော်တောင်၏ အနောက်ဘက်မြို့ရိုးနှင့်မဝေးလှသော၊ မြို့ဟောင်းရှိဂျူးလူမျိုးရပ်ကွက်တွင် ပထမရာစုမှနေရာဖြစ်သော၊ ဘန့်ဟောက်စ်နှင့် ဟေရိုးဒီးယန်းကွာတာ ဟုအမည်တွင်သည့် ကောင်းစွာထိန်းသိမ်းထားသော ပြန်လည်တူးဖော်ခြင်း လုပ်ငန်းခွင်များရှိသည်။ ဘန့်ဟောက်စ်ကို ရှာဖွေတွေ့ရှိပြီးနောက် ရှေးဟောင်းသုတေသနပညာရှင် နမန်း အာဗီဂတ်က ဤသို့ရေးသားခဲ့သည်– “ဤအဆောက်အဦသည် အေ.ဒီ. ၇၀ ၌ ယေရုရှလင်မြို့ကို ဖျက်ဆီးသည့်အချိန်တွင် ရောမလူမျိုးတို့မီးရှို့လိုက်သည့် အဆောက်အဦဖြစ်သည်မှာ လုံးဝရှင်းနေပါသည်။ မြို့တွင်းတူးဖော်ရှာဖွေမှုသမိုင်းတွင် ပထမဦးဆုံးအကြိမ်အနေနှင့် မြို့ကိုမီးလောင်ကျွမ်းခြင်းနှင့်ပတ်သက်သည့် ရှင်းလင်းပြတ်သားသော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား ပေါ်ထွက်လာသည်။—စာမျက်နှာ ၁၂မှဓာတ်ပုံများကိုရှု။
အချို့သော ရှာဖွေတွေ့ရှိချက်များက ယေရှုဘဝမှ အဖြစ်အပျက်တချို့ကို ရှင်းလင်းနားလည်လာစေသည်။ ထိုအဆောက်အဦများသည် ယဇ်ပုရောဟိတ်မင်းများအပါအဝင် ယေရုရှလင်မြို့မှ လူကုံထံများနေထိုင်ကြသည့် မြို့တော်အထက်ပိုင်း၌ တည်ရှိသည်။ အဆိုပါအိမ်များထဲတွင် ဘာသာရေးထုံးတမ်းဆိုင်ရာ ရေချိုးကန်ငယ်အတော်များများကို တွေ့ရှိခဲ့သည်။ ပညာရှင်တစ်ဦးက “မြောက်မြားစွာသောရေချိုးကန်များက ဒုတိယဗိမာန်တော်ကာလအတွင်း မြို့တော်အထက်ပိုင်းရှိသူတို့သည် သန့်ရှင်းစင်ကြယ်မှုဆိုင်ရာပညတ်ကို တင်းကျပ်စွာလိုက်နာကြသည့်အဖြစ်ကို သက်သေထူသည် (ယင်းပညတ်များကို မစ်ဗဲအကြောင်း အခန်းဆယ်ခန်း အသေးစိတ်ဖော်ပြထားသည့် မစ်ရှ်နာတွင် မှတ်တမ်းတင်ထားသည်။)” ဟုထုတ်ဖော်ပြောဆိုသည်။ ယင်းအချက်အလက်က ဤဘာသာရေး အခမ်းအနားများနှင့်ပတ်သက်၍ ဖာရိရှဲများနှင့် ကျမ်းတတ်များအား ယေရှုပြောခဲ့သည့်အချက်များကို သိနားလည်ရန် ကျွန်ုပ်တို့ကိုအထောက်အကူပြုပါသည်။—မဿဲ ၁၅:၁-၂၀; မာကု ၇:၁-၁၅။
ယေရုရှလင်မြို့၌ ကျောက်အိုးမြောက်မြားစွာကိုလည်း အံ့သြဖွယ်တွေ့ရှိခဲ့ရသည်။ နမန်း အာဗီဂတ်က “သို့ဆိုလျှင် ယေရုရှလင်မြို့တွင် နေထိုင်သူများထံ၌ ကျောက်အိုးများကို အဘယ့်ကြောင့်ရုတ်တရက်၊ အမြောက်အမြားတွေ့ရှိရသနည်း။ အဖြေမှာ ဘာသာရေးထုံးတမ်းစဉ်လာအရ သန့်စင်ခြင်းဆိုင်ရာ ဂျူးပညတ်များဖြစ်သည့် ဟာလာခါ၏ လွှမ်းမိုးမှုကြောင့်ဖြစ်သည်။ ကျောက်အိုးများသည် မသန့်ရှင်းမှုအလွယ်တကူမဖြစ်နိုင်သော ပစ္စည်းများတွင် အပါအဝင်ဖြစ်ကြောင်း . . . ကျောက်တုံးသည် ဘာသာရေးထုံးတမ်းစဉ်လာအရ ညစ်ညမ်းမှုကိုဖြစ်စေနိုင်သောအရာ လုံးဝမဟုတ်ကြောင်း မစ်ရှ်နာကဆိုသည်။” ဤအချက်က စပျစ်ရည်အဖြစ် ယေရှုပြောင်းပေးလိုက်သည့်ရေကို မြေအိုးထဲ၌သိုလှောင်ထားမည့်အစား ကျောက်အိုးထဲ၌ အဘယ့်ကြောင့်သိုလှောင်ထားရသည်ကို ရှင်းလင်းစေကြောင်းတွေ့ရသည်ဟု မှတ်ချက်ချသည်။—ဝတ်ပြုရာ ၁၁:၃၃; ယောဟန် ၂:၆။
အစ္စရေးပြတိုက်သို့ သွားရောက်လည်ပတ်သည့်အခါ တစ်မူထူးခြားသော အရိုးအိုးနှစ်အိုးကို တွေ့ရမည်။ ကျမ်းဆိုင်ရာရှေးဟောင်းသုတေသနသုံးသပ်ချက် စာအုပ်က “မူလအားဖြင့် စီ.အီး. ၇၀ တွင် ယေရုရှလင်မြို့ကို ရောမတို့ဖျက်ဆီးချိန်မတိုင်မီ နှစ်ပေါင်းတစ်ရာခန့်ကတည်းက အရိုးအိုးများကို အသုံးပြုခဲ့ကြသည်။ . . . သင်္ချိုင်းဂူ၏ကျောက်နံရံကို ထွင်းထားသောအပေါက်ထဲသို့ သေဆုံးသူ၏အလောင်းကိုထည့်ထားကြသည်; အသားပုပ်ပျက်ပြီးနောက် အရိုးများကိုယူ၍ အလှဆင်ထားသော ထုံးကျောက်နှင့်ပြုလုပ်ထားလေ့ရှိသည့် အရိုးအိုးထဲထည့်ကြသည်” ဟုရှင်းပြသည်။ ပြသထားသည့်အရိုးအိုးနှစ်အိုးကို ၁၉၉၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် သင်္ချိုင်းဂူတစ်ခုမှ တွေ့ရှိခဲ့သည်။ ရှေးဟောင်းသုတေသနပညာရှင် ဇာဗီး ဂရင်းဟတ်က– “သင်္ချိုင်းဂူထဲရှိ အရိုးအိုးနှစ်အိုးပေါ်တွင် . . . ‘စီယာဖာ’ ဟူသည့်စကားလုံးကို ရှေးဟောင်းသုတေသနဆိုင်ရာကွင်းဆက်အဖြစ် ဦးဆုံးအကြိမ်တွေ့ရှိရသည်။ ယင်းသည် ဓမ္မသစ်ကျမ်း . . . တွင် ဖော်ပြထားသည့် . . . ယဇ်ပုရောဟိတ်မင်းကြီး ကာယဖ၏မျိုးရိုးအမည် ဖြစ်နိုင်သည်။ ယင်းကို ယေရှုအား ရောမဘုရင်ခံပုန္တိပိလတ် လက်ထဲအပ်လိုက်သည့်နေရာဖြစ်သော ယေရုရှလင်မြို့ရှိ သူ၏နေအိမ်မှတွေ့ရှိရခြင်းဖြစ်သည်။” အရိုးအိုးတစ်ခုတွင် အသက် ၆၀ ခန့်ရှိသူတစ်ဦး၏ အရိုးများပါရှိသည်။ အမှန်အားဖြင့် ယင်းတို့သည် ကာယဖ၏အရိုးများဖြစ်သည်ဟု ပညာရှင်များက ထင်မြင်ချက်ပေးကြသည်။ ပညာရှင်တစ်ဦးက ယေရှုခေတ်ဆိုင်ရာ ရှာဖွေတွေ့ရှိချက်များကို ဤသို့ဖော်ပြသည်– “အခြားအရိုးအိုးတစ်ခု၌ ဟေရုဒ်အဂြိပ္ပမင်း (စီ.အီး. ၃၇-၄၄) သွန်းလုပ်ခဲ့သည့် ဒင်္ဂါးတစ်ပြားကိုတွေ့ရသည်။ ကာယဖ၏အရိုးအိုးနှစ်အိုးမှာ ပထမရာစုအစောပိုင်းကတည်းက ဖြစ်နိုင်သည်။”
အရီဇိုးနားတက္ကသိုလ်မှ မြေထဲပင်လယ်အရှေ့ဒေသ ရှေးဟောင်းသုတေသန ပါမောက္ခဝီလျံ ဂျီ. ဒဲဗားက ယေရုရှလင်မြို့နှင့်ပတ်သက်၍ ဤသို့မှတ်ချက်ချခဲ့သည်– “အချက်အခြာကျသည့် တူးဖော်ရာနေရာနှင့်ပတ်သက်သော ရှေးဟောင်းသုတေသနဆိုင်ရာသမိုင်းအကြောင်းကို လွန်ခဲ့သည့် ၁၅ နှစ်က ကျွန်ုပ်တို့သိရှိရသမျှသည် သည့်အလျင်နှစ်ပေါင်း ၁၅၀ အတွင်း သိရှိခဲ့သမျှထက်ပိုသည် ဟုဆိုခြင်းမှာ ချဲ့ကားပြောခြင်းမဟုတ်ပါ။” မကြာသေးမီ ဆယ်စုနှစ်အတွင်းက ယေရုရှလင်မြို့တွင်ပြုလုပ်သော ကြီးကျယ်သည့်ရှေးဟောင်းသုတေသနဆိုင်ရာ ဆောင်ရွက်မှုများမှ သမ္မာကျမ်းစာသမိုင်းကို ရှင်းလင်းနားလည်စေသည့်အရာများကို ရှာဖွေတွေ့ရှိခဲ့သည်။
[Picture Credit Line on page 9]
Reproduction of the City of Jerusalem at the time of the Second Temple – located on the grounds of the Holyland Hotel, Jerusalem
ယေရုရှလင်မြို့၊ ဟိုးလီလဲန်းဟိုတယ်ဝင်းအတွင်းတည်ရှိသော ဒုတိယဗိမာန်တော်ခေတ်မှ ယေရုရှလင်မြို့၏ပုံတူ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အထက်– ယေရုရှလင်မြို့ဗိမာန်တော်တောင်၏ အနောက်တောင်ထောင့်
ယာ– ဝါရဲန်တွင်းထဲသို့ဆင်းသွားခြင်း