ကြေကွဲသောနှလုံးကို ယေဟောဝါ မထီမဲ့မြင်ပြုတော်မမူ
“ ဘုရားသခင်ထံ ပူဇော်သောယဇ်များမူကား ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို မထီမဲ့မြင်ပြုတော်မူမည်မဟုတ်ပါ။”—ဆာလံ ၅၁:၁၇၊ ကဘ။
၁ ကြီးလေးစွာပြစ်မှားမိသည့်တိုင် နောင်တရသော ယေဟောဝါကိုဝတ်ပြုသူများအား ကိုယ်တော်မည်သို့ယူမှတ်သနည်း။
ယေဟောဝါ ‘အထံတော်သို့ ဆုတောင်းချက်မရောက်စေနိုင်ရန် တိမ်တိုက်ဖြင့် ကိုယ့်ကိုယ်ကိုကွယ်ကာ’ နိုင်တော်မူသည်။ (ယေရမိမြည်တမ်းစကား ၃:၄၄၊ ကဘ) သို့သော် ကိုယ်တော့်လူမျိုးတော်အား အထံတော်သို့ချဉ်းကပ်စေလိုတော်မူသည်။ ကိုယ်တော်ကို ဝတ်ပြုသူတစ်ဦးသည် ကြီးလေးစွာပြစ်မှားမိသည့်တိုင်၊ နောင်တရမည်ဆိုလျှင် ထိုသူပြုခဲ့သောကောင်းမှုကို ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် မှတ်မိတော်မူသည်။ သို့ဖြစ်၍ ခရစ်ယာန်ချင်းများအား တမန်တော်ပေါလုက ဤသို့ဆိုနိုင်ပါသည်။ “သင်တို့၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော သင်တို့၏မေတ္တာကို မေ့လျော့သည်တိုင်အောင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကင်းတော်မူသည်မဟုတ်။”—ဟေဗြဲ ၆:၁၀၊ ကဘ။
၂၊ ၃။ ပြစ်မှားသော ယုံကြည်သူချင်းတို့နှင့်ဆက်ဆံရာတွင် ခရစ်ယာန်အကြီးအကဲများသည် အဘယ်အရာကို ထည့်စဉ်းစားသင့်သနည်း။
၂ ခရစ်ယာန်အကြီးအကဲများသည် နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုဆောင်ခဲ့သော ယုံကြည်သူချင်းတို့၏လုပ်ငန်းကိုလည်း ထည့်စဉ်းစားသင့်သည်။ ယင်း၌ လမ်းမှားခဲ့၍၊ သို့မဟုတ် ကြီးလေးသောအပြစ်ပင် ပြုမိခဲ့၍ နောင်တရသူများ၏ မြင့်မြတ်သောလုပ်ငန်းပါပါဝင်သည်။ ခရစ်ယာန်သိုးထိန်းများသည် ဘုရားသခင့်သိုးတော်စုအဝင် ရှိရှိသမျှတို့၏ ဝိညာဏအကျိုးကို ရှာကြံလုပ်ကိုင်ပေးကြပါသည်။—ဂလာတိ ၆:၁၊ ၂။
၃ နောင်တရသော ပြစ်မှားသူသည် ယေဟောဝါ၏ကရုဏာတော် လိုအပ်နေပါသည်။ သို့သော် ထိုထက်မက လိုပါသေးသည်။ ယင်းကို ဆာလံ ၅၁:၁၀-၁၉ ပါဒါဝိဒ်၏စကားက တင်ပြသည်။
စင်ကြယ်သောနှလုံး လိုအပ်နေ
၄။ စင်ကြယ်သောနှလုံးနှင့် သဘောသစ်အတွက် ဒါဝိဒ်အဘယ်ကြောင့် ဆုတောင်းခဲ့သနည်း။
၄ အပြစ်ပြုမိသောကြောင့် ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်တစ်ဦး၏ ဝိညာဉ်ရေးအခြေအနေ ဆိုးရွားနေမည်ဆိုလျှင် ယေဟောဝါ၏ကရုဏာနှင့် ခွင့်လွှတ်ခြင်းအပြင် သူအဘယ်အရာလိုအပ်နေမည်နည်း။ ဒါဝိဒ်၏ အသနားခံချက်ကား “အိုဘုရားသခင်၊ အကျွန်ုပ်၌ စင်ကြယ်သောနှလုံးကို အပြည့်အဝဖန်ဆင်းပေးတော်မူပါ။ အကျွန်ုပ်အထဲ၌ မြဲမြံတည်ကြည်သောသဘောအသစ်ကို ထည့်သွင်းတော်မူပါ” ဖြစ်သည်။ (ဆာလံ ၅၁:၁၀၊ ကဘ) မိမိနှလုံးတွင် ကြီးလေးသောအပြစ်ပြုချင်စိတ် ရှိနေသေးကြောင်းကို ဒါဝိဒ်သိသဖြင့် ဤသို့သူတောင်းဆိုခဲ့ပုံပေါက်သည်။ ဗာသရှေဘနှင့် ဥရိယတို့အား ဒါဝိဒ်ပြုခဲ့သောအပြစ်များကို ကျွန်ုပ်တို့ပြုမိကြမည်မဟုတ်သော်လည်း မည်သည့်ကြီးလေးသောအပြစ်ကိုမဆိုပြုရန် သွေးဆောင်ခံရခြင်းကို ရှောင်ကြဉ်နိုင်ရန် ယေဟောဝါ၏အကူအညီလိုအပ်သည်။ တပ်မက်ခြင်းနှင့်မုန်းတီးခြင်း—ခိုးမှု၊ လူသတ်မှုတို့နှင့်မျိုးတူသောရာဇဝတ်မှုများ—အစရှိသည့် အပြစ်ရှိအကျင့်အကြံများကို ကျွန်ုပ်တို့နှလုံးမှ ထုတ်ပစ်ရန် ဘုရားသခင့်အကူအညီကို ကိုယ်တိုင်လိုအပ်နေပေမည်။—ကောလောသဲ ၃:၅၊ ၆။ ၁ ယောဟန် ၃:၁၅။
၅။ (က) စင်ကြယ်သောနှလုံးရှိခြင်းကား အဘယ်အဓိပ္ပာယ်နည်း။ (ခ) သဘောသစ်အတွက် ဒါဝိဒ်တောင်းဆိုရာတွင် သူဘာလိုလားခဲ့သနည်း။
၅ ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား စိတ်ရင်း သို့မဟုတ် ရည်ရွယ်ချက်ဖြူစင်သည့် “စင်ကြယ်သောနှလုံး” ရှိကြရန် တောင်းဆိုတော်မူသည်။ ဤသို့သောစင်ကြယ်မှုမျိုးကို မိမိမဖော်ပြခဲ့ကြောင်း ဒါဝိဒ်အသိအမှတ်ပြုကာ မိမိ၏စိတ်နှလုံးကို ဘုရားသခင် ဆေးကြောပေး၍ မြင့်မြတ်သောစံချိန်များနှင့်ကိုက်ညီစေရန် ဆုတောင်းခဲ့သည်။ ဖြောင့်မတ်သောသဘော၊ သို့မဟုတ် စိတ်ဆန္ဒအသစ်ကိုလည်း ဆာလံဆရာ ရလိုခဲ့သည်။ သွေးဆောင်မှုကိုငြင်းပယ်၍ ယေဟောဝါ၏ပညတ်တော်များနှင့်မူဝါဒများကို မှီဝဲနေစေရန် သူ့အားအကူအညီပေးမည့်သဘောကို သူလိုအပ်နေပါသည်။
သန့်ရှင်းသောဝိညာဉ်တော် အရေးကြီး
၆။ မိမိထံမှ သန့်ရှင်းသောဝိညာဉ်တော်ကို ယေဟောဝါ ရုတ်သိမ်းတော်မမူရန် ဒါဝိဒ်အဘယ်ကြောင့်ဆုတောင်းသနည်း။
၆ ကျွန်ုပ်တို့အမှားများ၊ သို့မဟုတ် မှားပြစ်များကြောင့် စိတ်ညှိုးငယ်နေသည့်အခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား စွန့်ပယ်ကာ သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် လှုပ်ရှားသောစွမ်းအားကို ရုပ်သိမ်းတော့မည်ဟု ခံစားရပေမည်။ ထိုသို့ပင် ဒါဝိဒ်ခံစားခဲ့၍၊ ယေဟောဝါထံ သူဤသို့တောင်းပန်ခဲ့သည်။ “မျက်မှောက်တော်ရှေ့မှ အကျွန်ုပ်ကို စွန့်ပယ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုတ်သိမ်းတော်မမူပါနှင့်။” (ဆာလံ ၅၁:၁၁၊ ကဘ) မိမိ၏အပြစ်များကြောင့် ယေဟောဝါ၏အမှုတော်ထမ်းရန် မထိုက်တန်တော့ပါဟု နောင်ကြဉ်၍မာန်ကျိုးသောဒါဝိဒ်ယူဆသည်။ ဘုရားသခင့်မျက်မှောက်တော်ရှေ့မှ စွန့်ပယ်ခံရခြင်းက ကိုယ်တော်၏မျက်နှာသာမရ၊ သက်သာမှုမရှိ၍ ကောင်းချီးခံစားရတော့မည်မဟုတ်ခြင်းကို ဆိုလိုသည်။ ဒါဝိဒ်၏ဝိညာဉ်ရေး ပြန်ကောင်းလာရမည်ဆိုလျှင် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော် အကူအညီလိုပေမည်။ ဝိညာဉ်တော်တန်ခိုးခံစားရလျှင် ရှင်ဘုရင်သည် ယေဟောဝါအလိုတော်နှင့်တွေ့ရန်၊ အပြစ်ကိုရှောင်ကြဉ်နိုင်ရန်၊ ဉာဏ်ပညာနှင့် စိုးမိုးနိုင်ရန် ဘုရားသခင့်ညွှန်ကြားမှုကို တောင်းခံနိုင်ပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ် ချမှတ်ပေးတော်မူသောအရှင်ကို မိမိပြစ်မှားကြောင်း အသိအမှတ်ပြုကာ ဝိညာဉ်တော်ကို မိမိထံမှ ယေဟောဝါရုတ်သိမ်းတော်မမူရန် ဒါဝိဒ်လျောက်ပတ်စွာ အသနားခံခဲ့သည်။
၇။ အဘယ်ကြောင့်သန့်ရှင်းသောဝိညာဉ်တော်အတွက်ဆုတောင်းပြီး ယင်းကိုစိတ်မနာစေရန် သတိပြုသင့်သနည်း။
၇ ကျွန်ုပ်တို့ကော။ သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆုတောင်းသင့်ပါသည်။ ယင်း၏ညွှန်ကြားမှုကို မလိုက်လျှောက်ခြင်းအားဖြင့် ယင်းကိုစိတ်မနာစေရန် သတိပြုသင့်သည်။ (လုကာ ၁၁:၁၃။ ဧဖက် ၄:၃၀) သို့မပြုလျှင် ဝိညာဉ်တော်ဆုံးရှုံး၍ ဘုရားပေးဝိညာဉ်အသီးများဖြစ်သည့် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ချုပ်တည်းခြင်းတို့ကို တင်ပြနိုင်ကြတော့မည်မဟုတ်ပါ။ အထူးသဖြင့် နောင်တမယူဘဲ ကိုယ်တော်ကိုဆက်ပြစ်မှားနေမည်ဆိုလျှင် ကျွန်ုပ်တို့ထံမှ သန့်ရှင်းသောဝိညာဉ်တော်ကို ယေဟောဝါဘုရားသခင်ရုတ်သိမ်းတော်မူလိမ့်မည်။
ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်း
၈။ ပြစ်မှားပြီးနောက် ကယ်တင်ခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းကိုရလိုလျှင် ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း။
၈ ဝိညာဉ်ရေး ပြန်လည်တည်ဆောက်ခံရသော နောင်တရအပြစ်သားတစ်ဦးသည် ယေဟောဝါပြင်ဆင်ပေးသည့် ကယ်တင်ခြင်း၌ ပြန်လည်ရွှင်လန်းနိုင်ပါမည်။ ယင်းကို လိုလားတမ်းတ,ကာ ဘုရားသခင်ထံ ဒါဝိဒ် ဤသို့တောင်းပန်ခဲ့သည်။ “ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ စိတ်စေတနာတော်ဖြင့်ပင် အကျွန်ုပ်အား ထောက်မတော်မူပါ။” (ဆာလံ ၅၁:၁၂၊ ကဘ) ယေဟောဝါဘုရားသခင် ကယ်တင်တော်မူမည်ဟု စိတ်ချစွာမျှော်လင့်ခြင်း၌ ဝမ်းမြောက်နိုင်ခြင်းကား ကောင်းမြတ်လှသည်တကား။ (ဆာလံ ၃:၈) ဘုရားသခင်ကိုပြစ်မှားပြီးနောက်မှ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းကို ဒါဝိဒ်ပြန်ရရှိလိုခဲ့သည်။ နောင်တွင် သားတော်ယေရှုခရစ်၏ ရွေးနှုတ်ဖိုးပူဇော်သက္ကာအားဖြင့် ကယ်တင်ခြင်းအစီအစဉ်ကို ယေဟောဝါပြင်ဆင်တော်မူသည်။ ဘုရားသခင်၏ ဆက်ကပ်အပ်နှံကျေးကျွန်များအနေနှင့် ကြီးလေးသောအပြစ်ကိုပြုမိခဲ့သော်လည်း ကယ်တင်ခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းကို ပြန်ရရှိလိုပါက နောင်တရပြီး သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားသည်အထိ ဆက်လက်မပြစ်မှားဖို့လိုပါသည်။—မဿဲ ၁၂:၃၁၊ ၃၂။ ဟေဗြဲ ၆:၄-၆။
၉။ “စိတ်စေတနာတော်ဖြင့်ပင်” အကျွန်ုပ်အား ထောက်မတော်မူပါဟု ဘုရားသခင်အား ဒါဝိဒ်တောင်းပန်ရာတွင် အဘယ်အရာအတွက် အသနားခံနေခြင်းဖြစ်သနည်း။
၉ “စိတ်စေတနာတော်ဖြင့်ပင် အကျွန်ုပ်အား ထောက်မတော်မူပါ” ဟု ယေဟောဝါထံ ဒါဝိဒ်ဆုတောင်းခဲ့သည်။ ယင်းက ဘုရားသခင်၏ အကူအညီပေးလိုသော စိတ်စေတနာ၊ သို့မဟုတ် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းနေခြင်းမဟုတ်ပဲ ဒါဝိဒ်အားစေ့ဆော်သည့် စိတ်ဆန္ဒကိုရည်ညွှန်းနေကြောင်း ထင်ရှားသည်။ နောက်တစ်ဖန်ပြန်လည် မပြစ်မှားမိရန် မှန်ရာကိုပြုလိုသော စိတ်စေတနာရှိစေခြင်းအားဖြင့် မိမိအား ဘုရားသခင်ထောက်မပေးပါရန် ဒါဝိဒ်တောင်းဆိုခြင်းဖြစ်သည်။ ယေဟောဝါ၏ကျေးကျွန်များကို ကိုယ်တော်သည် အဆက်မပြတ်ထောက်မပေး၍ စုံစမ်းခြင်းအမျိုးမျိုးကို ငုံ့ခံနေရသူများအား ထူပင့်ပေးတော်မူသည်။ (ဆာလံ ၁၄၅:၁၄) ယင်းကိုသိရှိရခြင်း၊ အထူးသဖြင့် မှားယွင်းခဲ့၍ နောင်ကြဉ်ပြီး ယေဟောဝါအမှုတော်ကို သစ္စာရှိစွာဖြင့် အစဉ်အဆက်အမှုထမ်းလိုမည်ဆိုလျှင် သက်သာရာဖြစ်ပါသည်တကား။
ဥပဒေချိုးဖောက်သူများကို ဘာသွန်သင်ပေးမည်နည်း
၁၀၊ ၁၁။ (က) ဥပဒေချိုးဖောက်သော ဣသရေလသားများကို ဒါဝိဒ်အဘယ်အကြောင်း သွန်သင်ပေးနိုင်သနည်း။ (ခ) ကိုယ်တိုင် အဘယ်အမှုကိုပြုပြီးနောက်မှ အပြစ်သားများကို ဒါဝိဒ်သွန်သင်ပေးနိုင်မည်နည်း။
၁၀ ဘုရားသခင်ခွင့်ပြုမည်ဆိုလျှင် ယေဟောဝါ၏ကရုဏာတော်ကို တန်ဖိုးထားလေးမြတ်ကြောင်း ထင်ရှားစေ၍ သူတစ်ပါးအတွက် အကူအညီဖြစ်စေမည့်အလုပ်တစ်ခုခုကို ကိုယ်ကျိုးကင်းမဲ့စွာ ဒါဝိဒ်ပြုလိုပါသည်။ နောင်တရသောရှင်ဘုရင်သည် မိမိ၏စိတ်ဆန္ဒကို ယေဟောဝါထံ ဤသို့ဆက်တင်ပြပါသည်။ “အပြစ်ပြုသူများသည် ကိုယ်တော်ထံ ပြန်လာကြမည်အကြောင်း ဥပဒေချိုးဖောက်သူတို့အား ကိုယ်တော်၏လမ်းစဉ်ကို ပြသသွန်သင်ပါမည်။” (ဆာလံ ၅၁:၁၃၊ ကဘ) ဘုရားသခင့်ဥပဒေချိုးဖောက်သူများကို အပြစ်ကျူးလွန်ခဲ့သူ ဒါဝိဒ်သည် မည်သို့သွန်သင်ပေးနိုင်မည်နည်း။ သူတို့အား အဘယ်အကြောင်းအရာကို ပြောပြမည်နည်း။ ယင်းသို့ပြုခြင်းက အဘယ်အကျိုးဖြစ်ထွန်းစေမည်နည်း။
၁၁ မတရားသောလမ်းစဉ်မှ ပြန်လှည့်လာမည့်မျှော်လင့်ချက်ဖြင့် ယေဟောဝါ၏နည်းလမ်းတို့ကို ဥပဒေချိုးဖောက်သူ ဣသရေလသားတို့အား ဒါဝိဒ်ဖော်ပြရာတွင် အပြစ်တရားသည် မည်မျှဆိုးသွမ်းကြောင်း၊ နောင်တယူခြင်းသည် အဘယ်အဓိပ္ပာယ်ရှိကြောင်း၊ ဘုရားသခင့်ကရုဏာတော်ကို မည်သို့ခံစားနိုင်မည့်အကြောင်းများ တင်ပြပြောဆိုနိုင်ပါသည်။ ယေဟောဝါ၏ မျက်နှာသာတော်မတွေ့၊ ဩတ္တပ္ပစိတ်မကြည်လင်ခြင်း၏ဝေဒနာကို ခံစားခဲ့ရဖူးပြီဖြစ်ရာ နောင်တယူပြီး နှလုံးကြေကွဲနေသောအပြစ်သားများကို သက်ညှာစာနာမှုရှိရှိ ဒါဝိဒ်သွန်သင်ပေးနိုင်မည်မှာအမှန်။ ဒါဝိဒ်ကိုယ်တိုင် ယေဟောဝါ၏သတ်မှတ်ချက်များကို လက်ခံနာယူကာ ကိုယ်တော်၏ခွင့်လွှတ်ခြင်းကို ခံရပြီးနောက်မှသာ မိမိအကြောင်းကိုတင်ပြပြီး သူတစ်ပါးအား သွန်သင်ပေးနိုင်မည်ဖြစ်သည်။ အကြောင်းမူကား၊ မြင့်မြတ်သောစံချိန်များကိုမမှီဝဲဘဲနေသူများသည် ‘ဘုရားသခင်၏အထုံးအဖွဲ့တို့ကိုကြားပြော’ ခွင့်မရှိပါ။—ဆာလံ ၅၀:၁၆၊ ၁၇။
၁၂။ အသက်ကိုသတ်ခြင်းအပြစ်မှ သူ့ကိုဘုရားသခင်ကင်းလွတ်စေခဲ့ပြီဟု ဒါဝိဒ်သိရှိခြင်းက သူအား အဘယ်အကျိုးပြုသနည်း။
၁၂ မိမိ၏သဘောထားများကို အခြားတစ်နည်းဖြင့် ဒါဝိဒ်ဤသို့ပြန်တင်ပြပါသည်။ “အိုဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရား၊ အသက်ကိုသတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ တရားသဖြင့်စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်။” (ဆာလံ ၅၁:၁၄) အသက်ကိုသတ်ခြင်းအပြစ်ရှိသူအား သေဒဏ်ပေးရ၏။ (ကမ္ဘာဦး ၉:၅၊ ၆) ထိုကြောင့် သူ့အားကယ်တင်တော်မူသောဘုရားသည် ဥရိယနှင့်စပ်လျဉ်း၍ အသက်ကိုသတ်ခြင်းအပြစ် ကင်းလွတ်စေတော်ပြီဟု သူသိရမည်ဆိုလျှင် ဒါဝိဒ်သည် စိတ်နှလုံးငြိမ်သက်ရပေမည်။ ထိုအခါ မိမိ၏ဖြောင့်မတ်ခြင်းမဟုတ်၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားတော်အကြောင်းကို သူ၏လျှာသည် ရွှင်လန်းစွာ သီချင်းဆိုနိုင်ပါလိမ့်မည်။ (ဒေသနာ ၇:၂၀။ ရောမ ၃:၁၀) ယခု မည်သူမျှ မိမိသွေးဆောင်၍ အသရေဖျက်ခံရသူ၏ဖြူစင်မှုကို ပြန်မပေးနိုင်၊ သို့မဟုတ် မိမိသတ်ပစ်ခဲ့သူအား အသက်ပြန်မရှင်စေနိုင်သကဲ့သို့ပင် ဒါဝိဒ်သည် မိမိ၏စာရိတ္တယိုယွင်းမှုကို မချေဖျက်နိုင်၊ ဥရိယကိုလည်း သင်္ချိုင်းမှ ပြန်မရှင်စေနိုင်ပါ။ ကျွန်ုပ်တို့သွေးဆောင်ခံရတိုင်း ယင်းအကြောင်းကို မစဉ်းစားသင့်ပေလော။ ဖြောင့်မတ်ခြင်းတရားနှင့်အညီ ကျွန်ုပ်တို့အား ယေဟောဝါပြသတော်မူသည့် ကရုဏာတော်ကို မည်မျှကျေးဇူးတင်သင့်သည်တကား။ အမှန်မှာ၊ ကျေးဇူးတင်လေးမြတ်သည့်သဘောက ဖြောင့်မတ်ခြင်းတရားနှင့် ခွင့်လွှတ်ခြင်းတရား၏ အရင်းမူလဖြစ်တော်မူသော ဤအရှင်ထံ သူတစ်ပါးအား လမ်းပြညွှန်ကြားပေးရန် ကျွန်ုပ်တို့တိုက်တွန်းခံသင့်သည်။
၁၃။ အဘယ်အခြေအနေမျိုးအောက်၌သာ ယေဟောဝါအားချီးမွမ်းခြင်းငှာ အပြစ်သား၏နှုတ်ခမ်းသည် လျော်ကန်စွာပွင့်နိုင်သနည်း။
၁၃ ယေဟောဝါအားချီးမွမ်းခြင်းငှာ ကရုဏာတော်ဖြင့် နှုတ်ဖွင့်ပေးခြင်းကိုခံရဘိသကဲ့သို့ နှုတ်ခမ်းကို လျော်ကန်စွာဖွင့်ဟပေးခြင်းမရှိလျှင် ကိုယ်တော်၏သမ္မာတရားကို မည်သည့်အပြစ်သားမျှ မြွက်ဆိုမည်မဟုတ်ပါ။ ထိုကြောင့် ဒါဝိဒ်ဤသို့သီဆိုပါသည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] အကျွန်ုပ်၏နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ မြွက်ဆိုပါမည်။” (ဆာလံ ၅၁:၁၅) ဘုရားသခင့်ခွင့်လွှတ်ခြင်းကို ခံရသည့်အတွက် ဩတ္တပ္ပစိတ်ပေါ့ပါးသွားရာ ဥပဒေချိုးဖောက်သူများအား ယေဟောဝါ၏နည်းလမ်းတော်များကို သွန်သင်ပေးရန် ဒါဝိဒ်တိုက်တွန်းခံရမည်ဖြစ်ပြီး ကိုယ်တော်အား လွတ်လပ်စွာချီးမွမ်းထောမနာပြုနိုင်ပါလိမ့်မည်။ ဒါဝိဒ်နည်းတူ ခွင့်လွှတ်ခြင်းခံရသူအားလုံးသည် မိမိတို့အပေါ် ယေဟောဝါတင်ပြတော်မူသည့် မခံစားထိုက်သောကရုဏာကို တန်ဖိုးထားလေးမြတ်သင့်သည်။ အခွင့်အရေးရတိုင်း ဘုရားသခင့်သမ္မာတရားကိုကြေညာ၍ ‘ဂုဏ်ကျေးဇူးတော်ကို အစဉ်ချီးမွမ်း’ သင့်သည်။—ဆာလံ ၄၃:၃။
ဘုရားသခင်လက်သင့်ခံနိုင်သော ယဇ်ပူဇော်သက္ကာများ
၁၄။ (က) ပညတ်ပဋိညာဉ်အရ အဘယ်ယဇ်များကိုပူဇော်ကြရမည်နည်း။ (ခ) ဆက်မှားယွင်းနေခြင်းကို ကောင်းမှုများပြုခြင်းဖြင့် အစားဖြည့်နိုင်သည်ဟု ထင်ခြင်းသည် အဘယ်ကြောင့်မှားမည်နည်း။
၁၄ နက်ရှိုင်းလှသော ထိုးထွင်းဉာဏ်ကို ဒါဝိဒ်ရရှိလာသဖြင့် “ယဇ်ပူဇော်ခြင်းကို [ယေဟောဝါ] အလိုတော်မရှိ။ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သောယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ” ဟုမြွက်ဆိုရန် တိုက်တွန်းခံရသည်။ (ဆာလံ ၅၁:၁၆) ပညတ်ပဋိညာဉ်အရ ဘုရားသခင်အား တိရစ္ဆာန်ယဇ်များ ပူဇော်ကြရသည်။ သို့သော် သေဒဏ်သင့်သည့် သူ့သားအိမ်ယာပြစ်မှားခြင်းနှင့် လူ့အသက်ကိုသတ်ခြင်းဆိုင်ရာ ဒါဝိဒ်၏အပြစ်များကို ထိုသို့သောယဇ်ပူဇော်သက္ကာများဖြင့် အစားအလျော်မပေးနိုင်ပါ။ ထိုသို့သာဆိုလျှင် တိရစ္ဆာန်ယဇ်များကို ယေဟောဝါထံ မချွေမတာပူဇော်ခဲ့လိမ့်မည်အမှန်။ နှလုံးအကြွင်းမဲ့နောင်တမရလျှင် ယဇ်ပူဇော်သက္ကာများသည် အချည်းနှီးသက်သက်သာဖြစ်မည်။ ထိုကြောင့် ဆက်မှားယွင်းနေခြင်းကို ကောင်းမှုများပြုခြင်းဖြင့် အစားဖြည့်နိုင်သည်ဟု ထင်မည်ဆိုလျှင်မှားပါလိမ့်မည်။
၁၅။ ကျိုးပဲ့သောစိတ်ရှိသော ဆက်ကပ်အပ်နှံထားသူ၏သဘောကား အဘယ်နည်း။
၁၅ ဒါဝိဒ်ဆက်ပြောသည်ကား “ဘုရားသခင်ထံ ပူဇော်သောယဇ်များမူကား ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို မထီမဲ့မြင်ပြုတော်မူမည်မဟုတ်ပါ” ဟူ၍ဖြစ်သည်။ (ဆာလံ ၅၁:၁၇၊ ကဘ) နောင်တရသောအပြစ်သား၏ကိစ္စ၌ ဘုရားသခင် လက်သင့်ခံနိုင်တော်မူသော “ယဇ်များမူကား ကျိုးပဲ့သောစိတ်” ဖြစ်သည်။ ဤသို့သောသူ၌ ရန်လိုစိတ်မရှိပါ။ ကျိုးပဲ့သောစိတ်ရှိသော ဆက်ကပ်အပ်နှံထားသူ၏နှလုံးသည် မိမိ၏အပြစ်ကြောင့် အလွန်ဝမ်းနည်းပြီး ဘုရားသခင့်မျက်နှာသာတော်မခံရကြောင်း သိရှိသည့်အတွက် မာန်ကျိုးသူသည် မျက်နှာသာတော် ပြန်ခံစားရရန် မည်သည့်အရာကိုမဆို လုပ်ကိုင်လိုစိတ်ရှိပါသည်။ မိမိအပြစ်ကိုမိမိ နောင်တယူကာ ခြွင်းချက်မရှိ ဘုရားသခင်ကိုမမြတ်နိုးမချင်း တန်ဖိုးရှိ မည်သည့်အရာကိုမျှ ဘုရားသခင်ထံ မပူဇော်နိုင်ပါ။—နာဟုံ ၁:၂။
၁၆။ မိမိအပြစ်ကြောင့် နှလုံးကြေကွဲသောသူကို ဘုရားသခင်မည်သို့ယူမှတ်သနည်း။
၁၆ ကျိုးပဲ့ကြေမွသောနှလုံးကဲ့သို့သော ယဇ်ပူဇော်သက္ကာမျိုးကို ဘုရားသခင်ငြင်းပယ်တော်မမူပါ။ ထိုကြောင့် ကိုယ်တော်၏လူမျိုးအဖြစ် မည်သည့်အခက်အခဲဒုက္ခမျိုးကိုမဆို ရင်ဆိုင်ရဦးတော့ စိတ်မပျက်ကြစို့နှင့်။ ကျွန်ုပ်တို့၏ဘဝခရီးစဉ်တွင် တစ်နည်းတစ်ဖုံအားဖြင့် ခလုတ်တိုက်လဲမိခဲ့၍ ဘုရားသခင့်ကရုဏာတော်ကို တောင်းခံခဲ့ရမည်ဆိုလျှင်ပင် နစ်နာဆုံးရှုံးကုန်ပြီမဟုတ်ပါ။ ကြီးလေးသောအပြစ်ပြုမိသည့်တိုင်၊ နောင်တရမည်ဆိုလျှင် ကျွန်ုပ်တို့၏ကြေကွဲသောနှလုံးကို ယေဟောဝါငြင်းပယ်တော်မူမည်မဟုတ်ပါ။ ခရစ်တော်၏ရွေးနှုတ်ဖိုးပူဇော်သက္ကာကိုအခြေပြုကာ ကျွန်ုပ်တို့အား ကိုယ်တော်ခွင့်လွှတ်၍ မျက်နှာသာတော်ကို ပြန်ခံစားစေတော်မူမည်။ (ဟေရှာယ ၅၇:၁၅။ ဟေဗြဲ ၄:၁၆။ ၁ ယောဟန် ၂:၁) သို့ရာတွင် ဒါဝိဒ်နည်းတူပင် လိုအပ်သ၍ဆုံးမပဲ့ပြင်ခြင်းကို ရှောင်ကြဉ်လို၍မဟုတ် ဘုရားသခင့်မျက်နှာသာတော် ပြန်ခံစားနိုင်ဖို့အတွက် ကျွန်ုပ်တို့ဆုတောင်းသင့်ပါသည်။ ဒါဝိဒ်အား ဘုရားသခင်ခွင့်လွှတ်တော်မူသော်လည်း ဆုံးမပဲ့ပြင်တော်မူခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၂:၁၁-၁၄။
စင်ကြယ်သောဝတ်ပြုရေးအတွက် စိုးရိမ်ပူပင်ခြင်း
၁၇။ ခွင့်လွှတ်တော်မူရန် ဘုရားသခင်အားအသနားခံသည့်အပြင် အပြစ်သားများသည် ဘာလုပ်သင့်သနည်း။
၁၇ ကြီးလေးသောအပြစ်ကိုပြုမိမည်ဆိုလျှင် ယင်းကြောင့် အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်ကောင်းဖြစ်၍ ဘုရားသခင့်ခွင့်လွှတ်ခြင်းခံရရန် မာန်ကျိုးသောနှလုံးက ကျွန်ုပ်တို့အားလှုံ့ဆော်ပေမည်။ မည်သို့ဆိုစေကာမူ သူတစ်ပါးအတွက်လည်း ဆုတောင်းပေးကြစို့။ ဘုရားသခင့်အလိုတော်နှင့်တွေ့ကာ ပြန်လည်ဝတ်ပြုကိုးကွယ်နိုင်ခွင့်ရရန် ဒါဝိဒ်မျှော်လင့်သော်လည်း သူ၏ဆာလံတွင် ကိုယ်ကျိုးကိုသာငဲ့ကွက်ပြီး သူတစ်ပါးအကျိုးကို လျစ်လျူရှုမထားပါ။ ယင်းတွင် ယေဟောဝါထံ ဤအသနားခံချက် ပါဝင်ပါသည်။ “စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ။ ယေရုရှလင်မြို့ရိုးကို တည်စေတော်မူပါ။”—ဆာလံ ၅၁:၁၈။
၁၈။ နောင်တရသောဒါဝိဒ်သည် ဇိအုန်အတွက် အဘယ်ကြောင့် ဆုတောင်းသနည်း။
၁၈ မှန်သည်။ ဘုရားသခင့်မျက်နှာသာတော်ပြန်ရရန် ဒါဝိဒ်မျှော်လင့်ခဲ့သည်။ သို့ရာတွင် နှိမ့်ချသောဆာလံဆရာက ‘စေတနာစိတ်တော်ဖြင့် ဇိအုန်တောင်ကို ဘုရားသခင်ကျေးဇူးပြု’ ရန်အတွက်လည်း ဆုတောင်းခဲ့သည်။ ဇိအုန်မှာ ဣသရေလနိုင်ငံ၏ ယေရုရှလင်မြို့တော်ကိုဆိုလို၍ ထိုတွင် ဘုရားသခင့်ဗိမာန်တော်ကို ဒါဝိဒ်တည်ဆောက်ရန် ရည်ရွယ်ထားသည်။ ဒါဝိဒ်၏ ကြီးလေးသောအပြစ်များကြောင့် လူမျိုးတစ်မျိုးလုံးအတွက် အန္တရာယ်ရှိစေခဲ့သည်။ အကြောင်းမူကား၊ ဘုရင့်ပြစ်မှားမှုကြောင့် လူမျိုးလိုက် ဒုက္ခခံရပေမည်။ (၂ ဓမ္မရာဇဝင် အခန်းကြီး ၂၄ နှိုင်းယှဉ်။) တစ်နည်းအားဖြင့်ဆိုလျှင် သူ၏အပြစ်များသည် “ယေရုရှလင်မြို့ရိုးကို” တဖြည်းဖြည်းချိနဲ့စေသဖြင့် ယခုပြန်တည်ဆောက်ရန် လိုလာလေသည်။
၁၉။ ကျွန်ုပ်တို့သည် အပြစ်ပြုမိခဲ့၍ ခွင့်လွှတ်ခံရပြီဆိုလျှင် အဘယ်အရာအတွက် ဆုတောင်းခြင်းသည် သင့်တော်သနည်း။
၁၉ ကျွန်ုပ်တို့သည် ကြီးလေးသောအပြစ်ပြုမိခဲ့၍ ယခု ခွင့်လွှတ်ခံရပြီဆိုလျှင် ကျွန်ုပ်တို့အပြုအမူကြောင့် မည်သည့်အပျက်အစီးကိုမဆို တစ်နည်းနည်းဖြင့် ပြုပြင်ပေးတော်မူရန် ဆုတောင်းခြင်းသည် သင့်တော်ပေသည်။ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ကဲ့ရဲ့ရှုတ်ချစရာသော်လည်းကောင်း၊ အသင်းတော်ကို ထိခိုက်နစ်နာစရာသော်လည်းကောင်း၊ မိသားစုအား ဝမ်းနည်းစရာသော်လည်းကောင်း ဖြစ်စေခဲ့ပေမည်။ ကျွန်ုပ်တို့၏မေတ္တာရှင် ကောင်းကင်ခမည်းတော်သည် နာမတော်အား မည်သည့်ပြစ်တင်ရှုတ်ချစရာကိုမဆို ပယ်ရှားနိုင်၏၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသင်းတော်ကို တည်ဆောက်ပေးနိုင်၏၊ ကိုယ်တော်ကိုချစ်မြတ်နိုးစွာဝတ်ပြုသူ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများ၏ နှလုံးသက်သာရာ ပေးစွမ်းနိုင်တော်မူ၏။ သို့သော် ပြစ်မှားခြင်းရှိမရှိ၊ ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းနှင့် ကိုယ်တော့်လူမျိုး၏အကျိုးကျေးဇူးကို အမြဲသတိပြုသင့်သည်။—မဿဲ ၆:၉။
၂၀။ အဘယ်အခြေအနေမျိုးတွင် ဣသရေလလူမျိုး၏ယဇ်ပူဇော်သက္ကာများနှင့် ယဇ်ကောင်များကို ယေဟောဝါနှစ်သက်တော်မူမည်နည်း။
၂၀ ဇိအုန်မြို့ရိုးတို့ကို ယေဟောဝါ ပြန်တည်ဆောက်မည်ဆိုလျှင် အဘယ်အရာဖြစ်ဦးမည်နည်း။ ဒါဝိဒ် ဤသို့သီဆိုခဲ့သည်။ “သို့ဖြစ်လျှင် တရားသဖြင့်ပူဇော်သောယဇ်၊ မီးရှို့ရာယဇ်၊ တစ်ကိုယ်လုံးမီးရှို့သောယဇ်နှင့် [ယေဟောဝါ] မွေ့လျော်တော်မူလိမ့်မည်။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလားတို့ကို ယဇ်ပူဇော်ကြပါလိမ့်မည်။” (ဆာလံ ၅၁:၁၉) ဒါဝိဒ်သည် မိမိကော လူမျိုးတော်ပါ ယေဟောဝါ၏မျက်နှာသာတော် ခံစားရခြင်းဖြင့် နှစ်သက်တော်မူသည်အတိုင်း ကိုယ်တော်ကို ကိုးကွယ်နိုင်ရန်လိုလားခဲ့သည်။ ထိုအခါ မီးရှို့ရာယဇ်များနှင့် တစ်ကိုယ်လုံးမီးရှို့သောယဇ်များကို ဘုရားသခင်နှစ်သက်တော်မူမည်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင့်မျက်နှာသာတော်ခံစားရသည့် ဆက်ကပ်အပ်နှံ၊ စိတ်ရင်းမှန်၍ နောင်တရသူများ ပူဇော်သည့် ဖြောင့်မတ်ရာယဇ်များဖြစ်၍တည်း။ ယေဟောဝါ၏ ကရုဏာတော်ကိုခံစားရ၍ ကျေးဇူးတင်စွာဖြင့် ကိုယ်တော်၏ယဇ်ပလ္လင်တော်ပေါ်တွင် နွားလားများ—အကောင်းဆုံးနှင့်တန်ဖိုးအကြီးဆုံးယဇ်ကောင်များကို သူတို့ပူဇော်ကြမည်ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့တွင်ရှိသော အကောင်းဆုံးအရာများကို ယေဟောဝါထံဆက်သခြင်းအားဖြင့် ကိုယ်တော်ကို ကျွန်ုပ်တို့ဂုဏ်တင်ချီးမွမ်းကြပါသည်။ ကျွန်ုပ်တို့ပူဇော်သောအရာများတွင် “ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်တို့” ဖြစ်သည့် ကရုဏာသက်သော ယေဟောဝါဘုရားသခင်အား ချီးမွမ်းခြင်းယဇ်များ ပါဝင်ပါသည်။—ဟောရှေ ၁၄:၂။ ဟေဗြဲ ၁၃:၁၅။
ကျွန်ုပ်တို့၏ဟစ်ကြွေးသံများကို ယေဟောဝါနားညောင်းတော်မူ
၂၁၊ ၂၂။ ဆာလံ ၅၁ တွင်ကျွန်ုပ်တို့အားအကျိုးပြုသည့် အဘယ်သင်ခန်းစာများ ပါရှိသနည်း။
၂၁ ဆာလံ ၅၁ တွင်မှတ်တမ်းတင်ထားသည့် ဒါဝိဒ်၏ နှလုံးအကြွင်းမဲ့အသနားခံသော ဆုတောင်းချက်က ကျွန်ုပ်တို့အပြစ်ကို အမှန်နောင်တရသင့်ကြောင်း တင်ပြပါသည်။ ဤဆာလံကျမ်း၌ ကျွန်ုပ်တို့အားအကျိုးပြုသည့် သင်ခန်းစာများလည်း ပါရှိသည်။ ဥပမာ၊ ကျွန်ုပ်တို့ပြစ်မှားမိသော်လည်း နောင်တရမည်ဆိုလျှင် ဘုရားသခင့်ကရုဏာတော်ကို ယုံကြည်စိတ်ချနိုင်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့ကြောင့် ယေဟောဝါ၏နာမတော် ရှုတ်ချခံခဲ့သမျှအတွက် ဦးဆုံးစိုးရိမ်မကင်း ဖြစ်ကြစို့လေ။ (အငယ် ၁-၄) ဒါဝိဒ်နည်းတူ ကျွန်ုပ်တို့၏အပြစ်တရားအမွေကိုတင်ပြကာ ကောင်းကင်ခမည်းတော်ထံမှ ကရုဏာခံစားရရန် အသနားခံနိုင်ကြသည်။ (အငယ် ၅) မှန်ကန်ရမည်။ ထိုနောက် ဘုရားသခင့်ဉာဏ်ပညာကိုရရှိရန် ရှာကြံရမည်။ (အငယ် ၆) ပြစ်မှားခဲ့မည်ဆိုလျှင် ကျွန်ုပ်တို့အားဆေးကြောပေးရန်၊ စင်ကြယ်သောနှလုံးနှင့် တည်ကြည်ခိုင်ခံ့သောသဘောရှိရန် ယေဟောဝါထံ အသနားခံသင့်သည်။—အငယ် ၇-၁၀။
၂၂ မည်သည့်အခါမျှ ဇွတ်တရွတ်အပြစ်ပြုသူများ မဖြစ်သင့်ကြောင်းကိုလည်း ဆာလံ ၅၁ မှသိရှိရသည်။ ထိုသို့ပြုမည်ဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် လှုပ်ရှားသောစွမ်းအားကို ကျွန်ုပ်တို့ထံမှ ယေဟောဝါရုတ်သိမ်းတော်မူလိမ့်မည်။ သို့သော် ကျွန်ုပ်တို့အပေါ် ဘုရားသခင့်ဝိညာဉ်တော် သက်ရောက်နေမည်ဆိုလျှင် ကိုယ်တော့်နည်းလမ်းတော်များကို သူတစ်ပါးအား အောင်မြင်စွာ သွန်သင်ပေးနိုင်ပါလိမ့်မည်။ (အငယ် ၁၁-၁၃) ပြစ်မှားမိခဲ့သော်လည်း နောင်တရမည်ဆိုလျှင် ကျိုးပဲ့ကြေမွသောနှလုံးကို ယေဟောဝါရှင်သည် မည်သည့်အခါမျှ မထီမဲ့မြင်ပြုတော်မူမည်မဟုတ်သောကြောင့် ကိုယ်တော်အား ဆက်ချီးမွမ်းခွင့်ပေးတော်မူလိမ့်မည်။ (အငယ် ၁၄-၁၇) ကျွန်ုပ်တို့၏ ဆုတောင်းချက်များသည် ကိုယ့်ကိုယ်ကိုသာ အာရုံမပြုသင့်ကြောင်း ဤဆာလံက ထပ်ဆင့်တင်ပြပါသည်။ ယင်းအစား ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုမှုကို ထမ်းဆောင်နေသူအပေါင်း ကောင်းချီးရရန်နှင့် ဝိညာဏအကျိုးကျေးဇူးခံစားရရန်အတွက် ဆုတောင်းပေးသင့်သည်။—အငယ် ၁၈၊ ၁၉။
၂၃။ သတ္တိရှိရန်နှင့် အပြုသဘောရှိရန် ဆာလံ ၅၁ ကအဘယ်ကြောင့် လှုံ့ဆော်တိုက်တွန်းသင့်သနည်း။
၂၃ သတ္တိရှိရန်နှင့် အပြုသဘောရှိရန် ဒါဝိဒ်၏ ဤနှလုံးထိမိသောဆာလံသည် လှုံ့ဆော်တိုက်တွန်းပေးသင့်သည်။ အပြစ်တရားလမ်းသို့ ခလုတ်တိုက်လဲမိသည့်တိုင် နစ်နာဆုံးရှုံးကုန်လေပြီဟု မထင်ရန် ယင်းက ကျွန်ုပ်တို့ကိုကူညီပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ ကျွန်ုပ်တို့နောင်တရမည်ဆိုလျှင် ယေဟောဝါ၏ ကရုဏာတော်သည် စိတ်ပျက်ခြင်းမှ ကျွန်ုပ်တို့အား ကာကွယ်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့ နောင်ကြဉ်ကာ ချစ်ခြင်းမေတ္တာရှိ ကောင်းကင်ခမည်းတော်ကို အကြွင်းမဲ့ဆက်ကပ်ကြမည်ဆိုလျှင် ကရုဏာပြရန် ကျွန်ုပ်တို့၏ဟစ်ကြွေးသံကို ကိုယ်တော်နားညောင်းတော်မူ၏။ ကြေကွဲသောနှလုံးကို ယေဟောဝါ မထီမဲ့မြင်ပြုတော်မမူကြောင်း သိရှိရခြင်းသည်လည်း မည်မျှစိတ်သက်သာရာဖြစ်ပါသည်တကား။
သင်မည်သို့ဖြေဆိုမည်နည်း
◻ စင်ကြယ်သောနှလုံးနှင့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ကို ခရစ်ယာန်များ အဘယ်ကြောင့်လိုသနည်း။
◻ ယေဟောဝါ၏ပညတ်တော်ကိုချိုးဖောက်သူများအား နောင်တရသူသည် အဘယ်အကြောင်းများ သွန်သင်ပေးနိုင်သနည်း။
◻ ကျိုးပဲ့ကြေမွသောနှလုံးကို ယေဟောဝါ မည်သို့သဘောထားတော်မူသနည်း။
◻ ဆာလံ ၅၁ တွင်အဘယ်သင်ခန်းစာများ ပါသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
သူန့်ရှင်းသောဝိညာဉ်တော်အတွက် သင်ဆုတောင်းပြီး ယင်းကိုစိတ်မနာစေရန် သတိပြုပါသလော
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယေဟောဝါ၏သမ္မာတရားကိုကြေညာခြင်းအားဖြင့် ကိုယ်တော်၏မခံစားထိုက်သောကြင်နာမှုကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြပါ