ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၁ စာ. ၁၀-၁၃
  • အဖြေရဖို့ ဘယ်လို ဆုတောင်းနိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖြေရဖို့ ဘယ်လို ဆုတောင်းနိုင်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုရဲ့ နာမည်ကတစ်ဆင့် ယေဟောဝါဘုရားဆီ ဆုတောင်းပါ
  • ရင်ဖွင့်ဆုတောင်းပါ
  • ဘုရားသခင့် အလိုတော်နဲ့အညီ ဆုတောင်းပါ
  • ဘာအတွက် ဆုတောင်းနိုင်သလဲ
  • စိတ်ရှည်ပါ၊ ဆက်ဆုတောင်းနေပါ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၁ စာ. ၁၀-၁၃

အဖြေရဖို့ ဘယ်လို ဆုတောင်းနိုင်သလဲ

ယေဟောဝါဘုရားဟာ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဖြစ်တယ်။ (ဆာလံ ၆၅:၂) ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် အသံထွက်နဲ့ရော အသံတိတ်နဲ့ပါ ဆုတောင်းနိုင်တယ်။ ယေဟောဝါက မိမိကို အဖလို့ ခေါ်စေချင်တယ်။ ဘုရားက တကယ်ပဲ အကောင်းဆုံး ဖခင်ပါ။ (မဿဲ ၆:၉) ဆုတောင်းချက်တွေ အဖြေ ရဖို့ ဘယ်လို ဆုတောင်းရမယ်ဆိုတာ ယေဟောဝါ မေတ္တာပါပါ သင်ပေးတယ်။

ယေရှုရဲ့ နာမည်ကတစ်ဆင့် ယေဟောဝါဘုရားဆီ ဆုတောင်းပါ

“အဖဘုရားက ခင်ဗျားတို့ တောင်းသမျှ ကျွန်တော့်နာမည်ကို ထောက်ပြီး ပေးသနားလိမ့်မယ်။”—ယောဟန် ၁၆:၂၃။

ယေဟောဝါဘုရားက ယေရှုခရစ်ရဲ့ နာမည်ကတစ်ဆင့် ဆုတောင်းစေချင်မှန်း ယေရှုရဲ့ စကားတွေကနေ ရှင်းရှင်းလင်းလင်း သိရတယ်။ ရုပ်တုတွေ၊ သူတော်စင်တွေ၊ ကောင်းကင်တမန်တွေ၊ သေသွားတဲ့ ဘိုးဘေးတွေကနေတစ်ဆင့် မတောင်းစေချင်ဘူး။ ယေရှုရဲ့ နာမည်ကတစ်ဆင့် ဘုရားသခင်ဆီ ဆုတောင်းတာက ယေရှုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရာရောက်တယ်။ “ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး” လို့ ယေရှု ပြောခဲ့တယ်။—ယောဟန် ၁၄:၆။

ရင်ဖွင့်ဆုတောင်းပါ

“ဘုရားကို ရင်ဖွင့်ကြပါ။”—ဆာလံ ၆၂:၈။

ယေဟောဝါဆီ ဆုတောင်းတဲ့အခါ မေတ္တာရှိတဲ့ အဖေတစ်ယောက်နဲ့ စကားပြောသလို ပြောသင့်တယ်။ ဆုတောင်းစာအုပ်ထဲက ဖတ်ပြတာမျိုး၊ အလွတ်ရနေတာကို ရွတ်ပြတာမျိုး မလုပ်ဘဲ ရင်ထဲက လာတဲ့ စကားတွေကို လေးလေးစားစား ပြောသင့်တယ်။

ဘုရားသခင့် အလိုတော်နဲ့အညီ ဆုတောင်းပါ

“အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်။”—၁ ယောဟန် ၅:၁၄။

သမ္မာကျမ်းစာထဲမှာ ကျွန်တော်တို့အတွက် ယေဟောဝါဘုရား လုပ်ပေးမယ့်အရာတွေ၊ ကျွန်တော်တို့ကို လုပ်စေချင်တဲ့အရာတွေ ရေးထားတယ်။ ဘုရားသခင် လက်ခံတဲ့ ဆုတောင်းချက်တွေ ဖြစ်ဖို့ဆိုရင် “အလိုတော်နဲ့အညီ” ဆုတောင်းဖို့ လိုတယ်။ ဘုရားသခင့် အလိုတော်အကြောင်း ကောင်းကောင်း သိဖို့ ကျမ်းစာကို လေ့လာရမယ်။ ဘုရားသခင်ကို သိကျွမ်းပြီး အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ဘုရား နားထောင်မယ်။

ဘာအတွက် ဆုတောင်းနိုင်သလဲ

မိသားစုတစ်စု အစာမစားခင် အတူတကွ ဆုတောင်းနေကြစဉ်။

ကိုယ့်ရဲ့ လိုအပ်ရာတွေအတွက် ဆုတောင်းပါ။ အခြေခံလိုအပ်ရာတွေ ဖြစ်တဲ့ စားစရာ၊ ဝတ်စရာ၊ နေစရာအတွက် ဆုတောင်းနိုင်တယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ ဉာဏ်ပညာ ရဖို့၊ အခက်အခဲတွေကို ခံရပ်နိုင်တဲ့ ခွန်အား ရဖို့ ဆုတောင်းနိုင်တယ်။ ယုံကြည်ခြင်း ရှိဖို့၊ ခွင့်လွှတ်ခံရဖို့၊ ဘုရားအကူအညီ ရဖို့လည်း ဆုတောင်းနိုင်တယ်။—လုကာ ၁၁:၃၊ ၄၊ ၁၃။ ယာကုပ် ၁:၅၊ ၁၇။

ဆေးရုံကုတင်မှာ လှဲနေတဲ့ ဇနီးနဲ့အတူ ခင်ပွန်း ဆုတောင်းနေစဉ်။

တခြားသူတွေအတွက် ဆုတောင်းပါ။ သားသမီးတွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ရှိတာကို တွေ့တဲ့အခါ မိဘတွေ ပျော်တယ်။ ယေဟောဝါလည်း မြေကြီးပေါ်မှာ ရှိတဲ့ မိမိရဲ့ သားသမီးတွေကို ချစ်ချစ်ခင်ခင် ရှိစေချင်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေတွေအတွက် ဆုတောင်းပေးနိုင်တယ်။ “အချင်းချင်းအတွက် ဆုတောင်းပေးကြပါ” လို့ တပည့်ဖြစ်သူ ယာကုပ် ရေးခဲ့တယ်။—ယာကုပ် ၅:၁၆။

နေဝင်ရီတရောမှာ အမျိုးသားတစ်ယောက် လမ်းလျှောက်နေစဉ်။

ကျေးဇူးတင်ကြောင်း ပြောပါ။ ဖန်ဆင်းရှင်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဒီလိုပြောတယ်– “ဘုရားသခင်က ခင်ဗျားတို့ကို အစားအစာ အလျှံပယ် ပေးဖို့၊ ရွှင်လန်းဝမ်းမြောက်စေဖို့ မိုးကောင်းကင်ကနေ မိုးရွာစေတယ်၊ အသီးအနှံတွေ ဖြစ်ထွန်းစေတဲ့ ရာသီဥတုကို ပေးတယ်။” (တမန်တော် ၁၄:၁၇) ကျွန်တော်တို့အတွက် ဘုရားသခင် လုပ်ပေးရာတွေကို စဉ်းစားတဲ့အခါ ဆုတောင်းချက်မှာ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောဖို့ လှုံ့ဆော်ခံရတယ်။ ကျေးဇူးတင်တယ်ဆိုတာကို ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်ပုံနဲ့လည်း ဖော်ပြသင့်တယ်။—ကောလောသဲ ၃:၁၅။

စိတ်ရှည်ပါ၊ ဆက်ဆုတောင်းနေပါ

စိတ်ရင်းမှန်နဲ့ တောင်းတဲ့ ဆုတောင်းချက်တွေ ချက်ချင်း အဖြေ မရတဲ့အခါမျိုးမှာ စိတ်ဓာတ်ကျနိုင်တယ်။ အဲဒါက ကျွန်တော်တို့ကို ဘုရားသခင် စိတ်မဝင်စားဘူးဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ပါဘူး။ ဆက်ဆုတောင်းဖို့ လိုကြောင်း ဖော်ပြတဲ့ အောက်ပါတွေ့ကြုံမှုတွေကို သုံးသပ်ကြည့်ပါ။

ရှေ့ဆောင်းပါးမှာ ပါတဲ့ စတိဗ် ဒီလိုပြောတယ်– “ကျွန်တော်သာ ဆက်ဆုမတောင်းခဲ့ဘူးဆိုရင် ဘဝကို အရှုံးပေးလိုက်တာ ကြာပြီ။” ဘာကြောင့် အရှုံးမပေးခဲ့တာလဲ။ သမ္မာကျမ်းစာကို သူလေ့လာတဲ့အခါ ဆုတောင်းရမယ်၊ ဇွဲမလျှော့ဘဲ ဆုတောင်းရမယ်ဆိုတာ သိခဲ့လို့ပဲ။ “မိတ်ဆွေတွေဆီက ရတဲ့ မေတ္တာပါ ထောက်မမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ဆုတောင်းပြောပြတယ်။ အခု ကျွန်တော် အရင်ကထက် ပိုပျော်လာပြီ” လို့ စတိဗ် ပြောတယ်။

ဘုရားသခင်ဆီ ဆုတောင်းဖို့ မထိုက်တန်ဘူးဆိုပြီး ခံစားခဲ့ရတဲ့ ဂျဲနီကော။ “ကျွန်မ တော်တော် စိတ်ဓာတ်ကျနေတဲ့အချိန်မှာ တန်ဖိုးမရှိဘူးလို့ ဘာကြောင့် ခံစားရသလဲဆိုတာ သိအောင် ကူညီပေးပါဆိုပြီး ဆုတောင်းခဲ့တယ်။” ဘယ်လို အကူအညီ ရခဲ့သလဲ။ “ဆုတောင်းလိုက်တဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မြင်သလို ဘုရား မမြင်ဘူးဆိုတာ နားလည်လာတယ်။ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့လည်း ကူညီပေးခဲ့တယ်။” ဘာအကျိုး ရခဲ့သလဲ။ “ယေဟောဝါဟာ တကယ် တည်ရှိတယ်၊ မေတ္တာရှိပြီး ဂရုစိုက်စောင့်ရှောက်တတ်တဲ့ ဘုရား၊ ဖခင်၊ မိတ်ဆွေဆိုတာ သိမြင်လာတယ်။ ဘုရား လုပ်စေချင်တာကို ကြိုးစားပြီး လုပ်နေသ၍ ကျွန်မကို ကူညီပေးဖို့ အမြဲ အသင့်ရှိနေတယ် ဆိုတာကိုလည်း သိလာတယ်။”

အစ္စဘဲလ်ကို ခင်ပွန်း၊ သားနဲ့အတူ တွေ့ရစဉ်။

မသန်စွမ်းပေမဲ့ ပျော်ရွှင်နေတဲ့ ဂျဲရတ်ကို တွေ့တဲ့အခါ “ကျွန်မရဲ့ ဆုတောင်းချက်တွေကို ဘုရား အကောင်းဆုံး အဖြေပေးတယ်ဆိုတာ သိလာတယ်” လို့ အစ္စဘဲလ် ပြော

အစ္စဘဲလ်ရဲ့ တွေ့ကြုံမှုကိုလည်း သုံးသပ်ကြည့်ပါ။ သူ ကိုယ်ဝန်ရှိလာတဲ့အခါ ဆရာဝန်က မသန်မစွမ်းလေး မွေးလာမယ်လို့ ပြောတယ်။ သူ တော်တော် ဝမ်းနည်းသွားတယ်။ ကိုယ်ဝန်ဖျက်ချဖို့ တချို့က အကြံပေးကြတယ်။ “စိတ်ဆင်းရဲလွန်းလို့ သေမတတ် ခံစားခဲ့ရတယ်။” သူ ဘာလုပ်ခဲ့သလဲ။ “အကူအညီ ရဖို့ ဘုရားသခင်ဆီ ဆုတောင်းပြီးရင်း ဆုတောင်းခဲ့တယ်” လို့ သူပြောပြတယ်။ နောက်တော့ မသန်မစွမ်းသားလေး ဂျဲရတ် မွေးလာတယ်။ ဆုတောင်းချက်တွေကို ဘုရား အဖြေပေးတယ်လို့ အစ္စဘဲလ် ခံစားခဲ့ရသလား။ ခံစားခဲ့ရပါတယ်။ “အခု ကျွန်မသား အသက် ၁၄ နှစ် ရှိပြီ။ မသန်စွမ်းပေမဲ့ ပျော်ရွှင်နေတဲ့ သားကို မြင်ရတဲ့အခါ ကျွန်မရဲ့ ဆုတောင်းချက်တွေကို ဘုရား အကောင်းဆုံး အဖြေပေးတယ်ဆိုတာ သိလာတယ်။ ကျွန်မသားက ယေဟောဝါဘုရား ပေးတဲ့ တကယ့် ကောင်းချီးပါပဲ” လို့ အစ္စဘဲလ် ပြောတယ်။

အထက်ပါ ရင်တွင်းခံစားချက်တွေက ဆာလံကျမ်းမှာ ပါတဲ့ ဒီစကားတွေကို သတိရစေတယ်– “အို ယေဟောဝါ၊ ကိုယ်တော်က စိတ်နူးညံ့သူတွေရဲ့ တောင်းဆိုချက်ကို ကြားလိမ့်မယ်။ သူတို့စိတ်နှလုံးကို ခိုင်ခံ့စေပြီး သူတို့စကားကို အာရုံစိုက်ပေးလိမ့်မယ်။” (ဆာလံ ၁၀:၁၇) ဆက်ဆုတောင်းနေဖို့ အားပေးမှု ဖြစ်စေတဲ့ ကျမ်းချက်ပါပဲ။

ကျမ်းစာထဲမှာ ယေရှုရဲ့ ဆုတောင်းချက်တွေကို မှတ်တမ်းတင်ထားတယ်။ တပည့်တွေကို သင်ပေးခဲ့တဲ့ ဆုတောင်းချက်ကတော့ လူသိအများဆုံးပါပဲ။ အဲဒီကနေ ဘာသင်ယူနိုင်သလဲ။

ယေရှု သင်ပေးခဲ့တဲ့ နမူနာ ဆုတောင်းချက်

လူအုပ်စုကြီးတစ်စု ယေရှုရဲ့ တောင်ပေါ်ဒေသနာကို အာရုံစိုက် နားထောင်နေကြစဉ်။

တောင်ပေါ်ဒေသနာမှာ ယေရှုက တပည့်တွေကို ဆုတောင်းနည်း သင်ပေးခဲ့တယ်။ အဲဒါကို သခင့် စံပြဆုတောင်းချက်လို့လည်း ခေါ်ကြတယ်။ (မဿဲ ၆:၉-၁၃။ လုကာ ၁၁:၂-၄ ကိုလည်း ကြည့်ပါ။) ရာစုနှစ်တွေတစ်လျှောက်မှာ လူတွေဟာ အဲဒီဆုတောင်းချက်ကို အလွတ်ကျက်မှတ်ပြီး အထပ်ထပ် ရွတ်ဆိုခဲ့ကြတယ်။ ယေရှု အဲဒီလို လုပ်စေချင်သလား။ မလုပ်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသနာရဲ့ အစပိုင်းမှာ ဆုတောင်းတဲ့အခါ တစ်မျိုးတည်းကိုပဲ အထပ်ထပ် မရွတ်ပါနဲ့လို့ တပည့်တွေကို ပြောခဲ့တယ်။ (မဿဲ ၆:၇) ဘယ်လို ဆုတောင်းရမယ်၊ ဘာအကြောင်းတွေ ထည့်တောင်းရမယ်ဆိုတာ ယေရှု သင်ပေးနေတာ ဖြစ်တယ်။ ယေရှု သင်ပေးခဲ့တဲ့ ဆုတောင်းချက်ကနေ ဘာသင်ယူနိုင်သလဲဆိုတာ လေ့လာကြည့်ကြစို့။

“ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ”

  • ဘုရားသခင်ကိုပဲ ဦးတည် ဆုတောင်းသင့်တယ်။

“နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ”

  • ဘုရားသခင့်နာမည် ယေဟောဝါကို ဂုဏ်တင်ရမယ်။ သန့်ရှင်းမြင့်မြတ်ရာအဖြစ် ရှုမြင်ရမယ်။

“နိုင်ငံတော် လာပါစေ”

  • ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်မှာ တည်ထောင်တဲ့ အစိုးရ ဖြစ်ပြီး ယေရှုက ဘုရင် ဖြစ်တယ်။ မကြာခင် ဒီကမ္ဘာမြေတစ်ခုလုံးကို အုပ်ချုပ်တော့မယ်။

“အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ”

  • ဘုရားသခင့်အလိုတော်က ကမ္ဘာမြေပေါ်မှာ လူတွေ ထာဝစဉ် ငြိမ်းချမ်း၊ လုံခြုံစွာ အသက်ရှင်နေထိုင်ဖို့ပဲ။

“ဒီနေ့အတွက် ကျွန်တော်တို့ လိုအပ်တဲ့ အစားအစာကို ပေးသနားပါ”

  • ယေဟောဝါဟာ ကျွန်တော်တို့ အသက်ရှင်နေထိုင်ဖို့ လိုအပ်ရာတွေကို ထောက်ပံ့ပေးတဲ့အရှင် ဖြစ်တယ်။

“ကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေကိုလည်း ခွင့်လွှတ်ပေးပါ”

  • ကျွန်တော်တို့က အပြစ်လုပ်တတ်ကြလို့ ခွင့်လွှတ်ခံရဖို့ လိုတယ်။

အဲဒီအချက်တွေကို မှတ်သားထားမယ်ဆိုရင် အဓိပ္ပာယ်ရှိတဲ့ ဆုတောင်းချက်တွေ တောင်းနိုင်ပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ