ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၁/၁၅ စာ. ၁၅-၂၀
  • ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း—ထာဝရကာလကိုရည်မျှော်လျက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း—ထာဝရကာလကိုရည်မျှော်လျက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချိန်းချက်ထားတော်မူချိန်တွင် ယေဟောဝါစီရင်
  • မမောမပန်းနိုင်သောဇွဲဖြင့် အမှုတော်ထမ်းရွက်ခြင်း
  • ကျွန်ုပ်တို့၏ရည်ရွယ်ချက်များကို ဆန်းစစ်ခြင်း
  • ထာဝရကာလအတွက် စီမံ!
  • အဆုံးမဲ့အသက်တာကိုရည်မျှော်၍ အမှုတော်ထမ်းခြင်း
  • ထာဝရဘုရင်ကို ချီးမွမ်းလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • အပိုင်း ၁။ ခရစ်ယာန် ယုံကြည်ချက်များ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • “ဂျားကို ချီးမွမ်းကြလော့၊ အသင်လူများ!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “စောင့်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၁/၁၅ စာ. ၁၅-၂၀

ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း—ထာဝရကာလကိုရည်မျှော်လျက်

“ငါတို့၏ဘုရားသခင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကို အမှီပြုလျက် ကာလအစဉ်အမြဲ လိုက်လျှောက်ကြလိမ့်သတည်း။”—မိက္ခာ ၄:၅၊ သမ္မာ။

၁။ ‘ထာဝရဘုရင်’ ဟု ယေဟောဝါအား အဘယ်ကြောင့် ခေါ်ဆိုနိုင်သနည်း။

ယေဟောဝါဘုရားသခင်၌ အစမရှိ။ အတိတ်တွင်အဆုံးမရှိသည့်တိုင် တည်ရှိခြင်းကြောင့် ကိုယ်တော်အား “အသက်ကြီးသောသူ” ဟုလျော်ကန်စွာခေါ်ဆိုထား၏။ (ဒံယေလ ၇:၉၊ ၁၃) ယေဟောဝါသည် ထာဝရအနာဂတ်ကိုလည်း ပျော်မွေ့ခံစားမည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ‘ထာဝရဘုရင်’ ဖြစ်တော်မူ၏။ (ဗျာဒိတ် ၁၀:၆; ၁၅:၃၊ သမ္မာ) ကိုယ်တော့် ရှေ့တော်တွင် အနှစ်တစ်ထောင်သည် “လွန်ပြီးသောမနေ့ကဲ့သို့လည်းကောင်း၊ ညယံတစ်ယံကဲ့သို့လည်းကောင်း” ဖြစ်လေသည်။—ဆာလံ ၉၀:၄။

၂။ (က) နာခံမှုရှိသောလူသားများအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့၏မျှော်လင့်ချက်များနှင့် စီမံမှုများကို အဘယ်အရာပေါ်တွင် အာရုံစိုက်ထားသင့်သနည်း။

၂ အသက်ပေးရှင်သည် ထာဝစဉ်တည်ရှိသောကြောင့် ပထမလူသားမောင်နှံ အာဒံနှင့်ဧဝကို ပရဒိသုတွင် အဆုံးမရှိအသက်ရှင်ခွင့်ပေးနိုင်၏။ သို့သော် နာခံမှုမရှိခြင်းကြောင့် ထာဝရအသက်ရခွင့်ကို အာဒံလက်လွတ်ဆုံးရှုံးခဲ့ပြီး မိမိ၏သားစဉ်မြေးဆက်ထံသို့ အပြစ်နှင့်သေခြင်းလက်ဆင့်ကမ်းပေးခဲ့၏။ (ရောမ ၅:၁၂) သို့တိုင် အာဒံ၏ပုန်ကန်မှုက ဘုရားသခင့်မူလရည်ရွယ်ချက် မပြည့်စုံစေရန် ဟန့်တား၍မရချေ။ နာခံမှုရှိသောလူသားများ ထာဝစဉ်အသက်ရှင်ရန် ဘုရားသခင်အလိုတော်ရှိပြီး မိမိ၏ရည်ရွယ်တော်မူချက်ကို မပျက်မကွက်ပြီးမြောက်စေမည်။ (ဟေရှာယ ၅၅:၁၁) ထို့ကြောင့် ထာဝရကာလကိုရည်မျှော်၍ ယေဟောဝါ၏အမှုတော်ထမ်းခြင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏မျှော်လင့်ချက်များနှင့် စီမံမှုများကို အာရုံစိုက်နေကြခြင်းသည် မည်မျှလျောက်ပတ်လှလေခြင်း။ ကျွန်ုပ်တို့သည် ‘ယေဟောဝါ၏နေ့’ ကိုမျှော်လင့်တောင့်တနေလိုကြသည်မှန်သော်လည်း ကျွန်ုပ်တို့၏ပန်းတိုင်မှာ ဘုရားသခင်နှင့်ထာဝစဉ်လျှောက်လှမ်းခြင်းဖြစ်ကြောင်း သတိရရန်အရေးကြီး၏။—၂ ပေတရု ၃:၁၂။

ချိန်းချက်ထားတော်မူချိန်တွင် ယေဟောဝါစီရင်

၃။ ယေဟောဝါ၏ရည်ရွယ်တော်မူချက်များကို ပြည့်စုံစေဖို့ ကိုယ်တော် “ချိန်းချက်ထားသောအချိန်” ရှိကြောင်း ကျွန်ုပ်တို့မည်သို့သိရှိရသနည်း။

၃ ဘုရားသခင်နှင့်လျှောက်လှမ်းသူတို့အနေဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော့်အလိုတော်ပြီးမြောက်ရေးကို အလွန်စိတ်ဝင်စားကြ၏။ ယေဟောဝါသည် မဟာအချိန်ထိန်းရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့သိထားပြီး ကိုယ်တော်ချိန်းချက်ထားချိန်တွင် မိမိ၏ရည်ရွယ်တော်မူချက်များကို ပျက်ကွက်ခြင်းမရှိ အမြဲပြည့်စုံစေတော်မူကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြသည်။ ဥပမာ၊ “အချိန်တန်သောအခါ ထာဝရဘုရားသည် မိမိ၏သားတော်ကို စေလွှတ်တော်မူ၏။” (ဂလာတိ ၄:၄၊ သတင်းကောင်း) နိမိတ်များတွင် တမန်တော်ယောဟန်တွေ့မြင်ခဲ့သော ပရောဖက်ပြုချက်များပြည့်စုံဖို့ “ချိန်းချက်ထားသောအချိန်” ရှိကြောင်း သူ့အားပြောခဲ့သည်။ (ဗျာဒိတ် ၁:၁-၃) “သေလွန်သောသူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ . . . သောအချိန်” ရှိ၏။ (ဗျာဒိတ် ၁၁:၁၈) ဘုရားသခင်သည် “လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်လျော်ညီစွာ စစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ” ဟုပြောပြရန် လွန်ခဲ့သော နှစ်ပေါင်း ၁,၉၀၀ ကျော်ကတည်းက တမန်တော်ပေါလုသည် မှုတ်သွင်းခံခဲ့ရ၏။—တမန်တော် ၁၇:၃၁။

၄။ ဤအစီအစဉ်စနစ်ကိုအဆုံးတိုင်စေဖို့ ယေဟောဝါအလိုရှိတော်မူကြောင်း ကျွန်ုပ်တို့ မည်သို့သိရှိရသနည်း။

၄ ယနေ့ ကမ္ဘာပေါ်တွင် ယေဟောဝါ၏နာမတော်သည် ရှုတ်ချခံနေရသောကြောင့် ဤအစီအစဉ်စနစ်ကို ကိုယ်တော်အဆုံးတိုင်စေတော်မူလိမ့်မည်။ အဓမ္မအမှုကို ပြုသောသူတို့သည် တိုးပွားများပြားနေ၏။ (ဆာလံ ၉၂:၇) သူတို့သည် စကားနှင့် အမူအရာများဖြင့် ဘုရားသခင်ကို စော်ကားကြပြီး ကိုယ်တော့်ကျေးကျွန်များကိုလည်းကြိမ်းမောင်း၊ နှိပ်စက်ခြင်းကို ကိုယ်တော်တွေ့မြင်ရ၍ ကိုယ်တော့်စိတ်တော်ကို နာစေသည်။ (ဇာခရိ ၂:၈) ယင်းကြောင့် စာတန့်အဖွဲ့အစည်းတစ်ခုလုံးကို မကြာမီအဆုံးတိုင်စေတော့မည်ဟု ယေဟောဝါမိန့်တော်မူခဲ့ခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ! ယင်းသည် အဘယ်အချိန်တွင်ဖြစ်ရမည်ဟု ဘုရားသခင်အတိအကျပြဋ္ဌာန်းထားပြီဖြစ်၍ ကျွန်ုပ်တို့သည် ‘ဆုံးခန်းချိန်’ တွင်အသက်ရှင်နေကြကြောင်း ကျမ်းစာပရောဖက်ပြုချက်များ၏ပြည့်စုံချက်က ရှင်းလင်းပြတ်သားစွာဖော်ပြ၏။ (ဒံယေလ ၁၂:၄) မကြာမီ ကိုယ်တော်သည် မိမိအားချစ်မြတ်နိုးသူအားလုံးတို့၏ ကောင်းကျိုးအတွက် ပြုမူစီရင်တော်မူလိမ့်မည်။

၅။ လောတနှင့် ဟဗက္ကုတ်တို့သည် မိမိတို့ဝန်းကျင်ရှိအခြေအနေများကို မည်သို့ရှုမြင်သနည်း။

၅ ရှေးလွန်လေပြီးသောအချိန်က ယေဟောဝါ၏ကျေးကျွန်များသည် ဆိုးသွမ်းမှုအဆုံးတိုင်ခြင်းကို တွေ့မြင်လိုခဲ့ကြ၏။ ဖြောင့်မတ်သောလောတသည် ‘မတရားသောသူတို့၏ညစ်ညူးသောအကျင့်ကြောင့် နှောင့်ယှက်ခံခဲ့ရ . . . ၏။’ (၂ ပေတရု ၂:၇) မိမိ၏ဝန်းကျင်ရှိ အခြေအနေများကြောင့် ဝမ်းနည်းကြေကွဲသဖြင့် ပရောဖက်ဟဗက္ကုတ်က ဤသို့လျှောက်လဲခဲ့သည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည်ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည်အဓမ္မအမှုကိုခံ၍၊ ရှေ့တော်၌အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။ မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့်မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့်ရှိပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့်လူချင်းပြုရပါသနည်း။”—ဟဗက္ကုတ် ၁:၂၊ ၃။

၆။ ဟဗက္ကုတ်၏ဆုတောင်းချက်ကို ယေဟောဝါဖြေကြားတော်မူရာတွင် မည်သို့မိန့်တော်မူသနည်း၊ ယင်းမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိနိုင်သနည်း။

၆ ယေဟောဝါသည် ဟဗက္ကုတ်ကို ဤသို့ဖြေကြားတော်မူသည်– “ထို [အဆင်းအာရုံ] သည် ချိန်းချက်သောအချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကိုဆိုလို၏။ မုသာနှင့်ကင်းလွတ်၏။ ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။” (ဟဗက္ကုတ် ၂:၃) သို့ဖြစ်၍ ဘုရားသခင်သည် မိမိ “ချိန်းချက်သောအချိန်၌” အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိစေခဲ့သည်။ ဆိုင်းနေဟန်ရှိသော်လည်း ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက်ကို ပြည့်စုံစေမည်။—၂ ပေတရု ၃:၉။

မမောမပန်းနိုင်သောဇွဲဖြင့် အမှုတော်ထမ်းရွက်ခြင်း

၇။ ယေဟောဝါ၏နေ့ရောက်လာမည့်အချိန်ကို ယေရှုအတိအကျမသိသော်လည်း ကိုယ်တော်ဆောင်ရွက်ရမည့်အမှုများကို မည်သို့လုပ်ကိုင်ခဲ့သနည်း။

၇ ဘုရားသခင်နှင့်အတူဇွဲရှိရှိလျှောက်လှမ်းနိုင်ဖို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ယေဟောဝါ၏အချိန်အတိအကျကို ကျွန်ုပ်တို့ကြိုတင်သိရှိထားဖို့လိုသလော။ လုံးဝမလိုပါ။ ဥပမာအချို့ကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်၏အလိုတော်သည် ကောင်းကင်မှာပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင် ပြည့်စုံမည့်အချိန်ကို ယေရှု အလွန်ပင်စိတ်ဝင်စားခဲ့၏။ အမှန်မှာ ခရစ်တော်သည် မိမိ၏နောက်လိုက်များကို ဤသို့ဆုတောင်းရန် သင်ကြားပေးတော်မူခဲ့သည်– “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။” (မဿဲ ၆:၉၊ ၁၀) ဤတောင်းဆိုချက်သည် ဖြေကြားခံရမည်ကို ယေရှုသိထားသော်လည်း အရေးကိစ္စများနှင့်ပတ်သက်၍ တိကျသည့်အချိန်ကိုမူ ကိုယ်တော်မသိရှိချေ။ ဤအစီအစဉ်စနစ်၏ဆုံးခန်းနှင့်ပတ်သက်၍ ကိုယ်တော်၏မဟာပရောဖက်ပြုချက်တွင် ဤသို့မိန့်တော်မူခဲ့သည်– “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။” (မဿဲ ၂၄:၃၆) ဘုရားသခင်၏ရည်ရွယ်ချက်များ ပြီးပြည့်ခြင်းနှင့်ပတ်သက်၍ ယေရှုခရစ်သည် အဓိကကျသူဖြစ်ရာ ကောင်းကင်ခမည်းတော်၏ရန်သူများကို ဒဏ်စီရင်ရာတွင် ကိုယ်တော်သည် တိုက်ရိုက်ပါဝင်တော်မူလိမ့်မည်။ သို့သော် ယေရှုမြေကြီးပေါ်ရှိစဉ်က ဘုရားသခင်သည် မည်သည့်အချိန်၌ အရေးယူတော်မူမည်ကို ကိုယ်တော်ပင်လျှင် မသိရှိခဲ့ချေ။ ယင်းက ယေဟောဝါ၏အမှုတော်ထမ်းရာတွင် ကိုယ်တော့်အားဇွဲလျော့ပါးသွားစေခဲ့သလော။ လုံးဝမလျော့စေခဲ့! ဗိမာန်တော်သန့်ရှင်းရေးကို ဇွဲရှိရှိ ယေရှုပြုခဲ့သည်ကိုမြင်တွေ့ကြသောအခါ “‘ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏’ ဟူ၍ ကျမ်းစာလာသည်ကို . . . တပည့်တော်တို့သည် မှတ်မိကြ၏။” (ယောဟန် ၂:၁၇; ဆာလံ ၆၉:၉) ယေရှုသည် မိမိလုပ်ဆောင်ရန်စေလွှတ်ခံခဲ့ရသောလုပ်ငန်းကို မိမိကိုယ်တော်တိုင် အပြည့်အဝဆောင်ရွက်ခဲ့ပြီး ယင်းကို မမောမပန်းနိုင်သောဇွဲဖြင့် လုပ်ဆောင်ခဲ့၏။ ကိုယ်တော်သည် ထာဝရကာလကိုရည်မျှော်၍လည်း ဘုရားသခင့်အမှုတော်ထမ်းခဲ့၏။

၈၊ ၉။ ဘုရားသခင့်နိုင်ငံတော် ပြန်လည်တည်ထောင်ခြင်းအကြောင်း တပည့်တော်တို့မေးမြန်းခဲ့ရာမှ အဘယ်အရာသိရှိခဲ့ရသနည်း၊ သူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

၈ ခရစ်တော်၏တပည့်များလည်း ထိုသို့ပင်ဖြစ်သည်။ ယေရှုသည် ကောင်းကင်သို့မတက်မီလေးတွင် သူတို့နှင့်ဆုံတွေ့ခဲ့၏။ မှတ်တမ်းက ဤသို့ဆိုသည်– “ထိုတမန်တော်တို့သည်လည်းစုဝေး၍၊ ‘သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လော’ ဟုမေးလျှောက်ကြ” သည်။ သူတို့၏သခင်ကဲ့သို့ပင် သူတို့သည် ဘုရားသခင့်နိုင်ငံတော်ရောက်ရှိလာရန် တမ်းတနေကြသည်။ သို့တိုင် ယေရှုက ဤသို့ဖြေကြားတော်မူ၏– “ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ။ ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည်တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။”—တမန်တော် ၁:၆-၈။

၉ ဤအဖြေကြောင့် တပည့်တော်များ စိတ်ပျက်ခဲ့သည်ဟု မဖော်ပြထားချေ။ ယင်းအစား သူတို့သည် ဟောပြောခြင်းလုပ်ငန်းတွင် ဇွဲရှိရှိဆောင်ရွက်နေခဲ့ကြ၏။ ရက်သတ္တပတ်အနည်းငယ်အတွင်း သူတို့၏သွန်သင်ချက်သည် ယေရုရှလင်မြို့၌ ပြည့်နေသည်။ (တမန်တော် ၅:၂၈) အနှစ် ၃၀ အတွင်း သူတို့သည် သတင်းကောင်းကို “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား” ဟောပြောခဲ့ပြီဟုပေါလုပြောနိုင်သည်အထိ သူတို့၏ဟောပြောခြင်းလုပ်ငန်းကို ကျယ်ပြန့်စေခဲ့၏။ (ကောလောသဲ ၁:၂၃) တပည့်တော်များ မှားယွင်းစွာမျှော်လင့်ခဲ့သကဲ့သို့ အဆိုပါနိုင်ငံတော်သည် ‘ဣသရေလလူမျိုးတို့တွင် ပြန်လည်တည်ထောင်ခြင်း’ မရှိခဲ့ဘဲ သူတို့အသက်ရှင်စဉ်ကာလအတွင်း ကောင်းကင်၌ မတည်ထောင်ခဲ့သော်လည်း သူတို့သည် ထာဝရကာလကိုရည်မျှော်၍ ယေဟောဝါအမှုတော်ကို ဇွဲရှိရှိထမ်းဆောင်ခဲ့၏။

ကျွန်ုပ်တို့၏ရည်ရွယ်ချက်များကို ဆန်းစစ်ခြင်း

၁၀။ ဘုရားသခင်သည် စာတန့်စနစ်ကို အဘယ်အချိန်တွင် ဖျက်ဆီးမည်အကြောင်း မသိရှိခြင်းက အဘယ်အရာကိုသက်သေထူခွင့်ပေးသနည်း။

၁၀ ယေဟောဝါ၏ မျက်မှောက်ခေတ်ကျေးကျွန်များသည် ဤဆိုယုတ်သောအစီအစဉ်စနစ်၏ အဆုံးတိုင်မည့်အချိန်ကိုလည်း တွေ့မြင်လိုကြသည်။ သို့သော် ကျွန်ုပ်တို့၏အဓိကစိုးရိမ်မှုမှာ ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်ထဲသို့ ကယ်နုတ်ခံရခြင်းမဟုတ်ချေ။ ယေဟောဝါ၏နာမတော်အထွက်အမြတ်ဖြစ်ခြင်းနှင့် ကိုယ်တော်၏ပိုင်သအုပ်စိုးမှု သင်္ကာယနကင်းရှင်းခြင်းတို့ကို တွေ့မြင်လိုကြ၏။ ယင်းအတွက်ကြောင့် စာတန်၏စနစ်ကိုဖျက်ဆီးဖို့ သတ်မှတ်ထားသည့် ‘အချိန် သို့မဟုတ် နာရီ’ ကိုဘုရားသခင်သည် ကျွန်ုပ်တို့အား ဖော်ပြမထားခြင်းကို ကျွန်ုပ်တို့ဝမ်းသာနိုင်ကြသည်။ ယင်းက ဘုရားသခင်နှင့်ထာဝစဉ်လျှောက်လှမ်းဖို့ ကျွန်ုပ်တို့ဆုံးဖြတ်ထားရခြင်းမှာ တာတိုတစ်ကိုယ်ကောင်းဆန်သည့်ပန်းတိုင်များအတွက်မဟုတ်ဘဲ ကိုယ်တော်အား ချစ်သောကြောင့်ဖြစ်ကြောင်း သက်သေပြဖို့အခွင့်ရရှိစေသည်။

၁၁၊ ၁၂။ ယောဘ၏သမာဓိစောင့်သိမှုသည် အဘယ်နည်းဖြင့်စိန်ခေါ်ခံခဲ့ရသနည်း၊ ထိုစိန်ခေါ်ချက်သည် ကျွန်ုပ်တို့နှင့် မည်သို့ပတ်သက်သနည်း။

၁၁ ဘုရားသခင်အပေါ် ကျွန်ုပ်တို့သမာဓိစောင့်သိခြင်းကလည်း ဖြောင့်မတ်သောယောဘ—နှင့် သို့ဖြင့် သူကဲ့သို့သောလူသားများ—သည် ကိုယ်ကျိုးအတွက်သာ ဘုရားသခင့်အမှုထမ်းနေကြသည်ဟူသော စာတန်၏စွပ်စွဲချက်မှားကြောင်းသက်သေပြရန် အကူအညီဖြစ်စေ၏။ ယေဟောဝါသည် မိမိကျွန်ယောဘကို စုံလင်ဖြောင့်မတ်၍ ဘုရားသခင်အားကြောက်ရွံ့သူအဖြစ် ဖော်ပြပြီးနောက် စာတန်က စဉ်းလဲစွာဖြင့် ဤသို့ယိုးစွပ်ခဲ့သည်– “ယောဘသည်အကျိုးမရဘဲ ဘုရားဝတ်ကိုပြုသလော။ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည်မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုး၊ နွားအစရှိသောတိရစ္ဆာန်တို့သည် မြေပေါ်မှာအလွန်ပွားများကြပါပြီ။ ယခုမူကား လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကိုထိခိုက်တော်မူလျှင်၊ သူသည်မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်။” (ယောဘ ၁:၈-၁၁) စမ်းသပ်မှုခံရချိန်တွင် သမာဓိစောင့်သိခြင်းဖြင့် ယောဘသည် မလိုမုန်းထား၍ပြောသော သူ၏အဆိုမှားကြောင်း သက်သေထူခဲ့သည်။

၁၂ သမာဓိရှိသောလမ်းစဉ်ကို အလားတူလိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ကြခြင်းမှာရအံ့ဆဲဆဲ ဆုကျေးဇူးတစ်ခုကို သိသောကြောင့်ဖြစ်သည်ဟူသော မည်သည့်မလိုတမာစွပ်စွဲချက်ကိုမဆို မှားကြောင်းတင်ပြနိုင်၏။ အဓမ္မအမှုပြုသူများကို ဘုရားသခင်အပြစ်စီရင်မည့်အချိန်ကို အတိအကျမသိခြင်းက ကျွန်ုပ်တို့သည် ယေဟောဝါအား တကယ်ချစ်ကြောင်းနှင့် ကိုယ်တော်၏လမ်းစဉ်တွင် ထာဝစဉ်သွားလာလိုကြောင်း သက်သေပြခွင့်ရရှိစေသည်။ ယင်းက ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ်သစ္စာရှိပြီး အမှုကိစ္စများတွင် ကိုယ်တော်ကိုင်တွယ်ပုံကို ယုံကြည်ကြောင်းပြသလေ၏။ ထိုထက်ကား အဆုံးသည် မည်သည့်အချိန်တွင်မဆို သူခိုးကဲ့သို့လာနိုင်ကြောင်း ကျွန်ုပ်တို့သိရှိထားရာ နေ့ရက်နှင့် အချိန်နာရီကိုမသိရှိခြင်းက သတိရှိရှိဖြင့် ဝိညာဉ်ရေးတွင်နိုးကြားနေစေဖို့ ကူညီပေးသည်။ (မဿဲ ၂၄:၄၂-၄၄) ယေဟောဝါနှင့်နေ့စဉ်လျှောက်လှမ်းခြင်းဖြင့် ကိုယ်တော်၏နှလုံးကိုရွှင်ပြုံးစေပြီး ကိုယ်တော်အားကဲ့ရဲ့သူ၊ စာတန်၏စကားကို ချေပနိုင်စေသည်။—သု. ၂၇:၁၁။

ထာဝရကာလအတွက် စီမံ!

၁၃။ အနာဂတ်အတွက် စီမံခြင်းအကြောင်း ကျမ်းစာက အဘယ်အရာကိုဖော်ပြသနည်း။

၁၃ အနာဂတ်အတွက် ကျိုးကြောင်းညီညွတ်စွာ စီမံခြင်းသည် ပညာရှိရာကျကြောင်း ဘုရားသခင်နှင့်လျှောက်လှမ်းသူတို့ သိရှိကြ၏။ ဇရာအိုကာလ၏ပြဿနာများနှင့် ကန့်သတ်ချက်များကိုသိရှိထားကြရာ လူအများသည် သူတို့၏အိုစာမင်းစာအတွက် ငွေရေးကြေးရေးစိုးရိမ်စရာမရှိစေရန် မိမိတို့၏ပျိုရွယ်မှုနှင့် ခွန်အားကိုကောင်းမွန်စွာအသုံးချဖို့ ကြိုးစားကြသည်။ သို့ဖြစ်လျှင် သာ၍အရေးပါသော ဝိညာဉ်ရေးဆိုင်ရာအနာဂတ်နှင့်ပတ်သက်၍ကော။ နယပုံပြင် ၂၁:၅ က ဤသို့ဆိုသည်– “လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ [ကောင်းသော] သတိမရှိသော သူ၏အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်းဆိုင်ပေ၏။” ထာဝရကာလကိုမျှော်၍ ကြိုတင်စီမံထားခြင်းသည် အမှန်ပင်အကျိုးရှိပေသည်။ ဤအစီအစဉ်စနစ်၏ဆုံးခန်းသည် အဘယ်အချိန်တွင်လာမည်ကို အတိအကျမသိသောကြောင့် ကျွန်ုပ်တို့၏အနာဂတ်လိုအပ်ရာများအတွက် စဉ်းစားဖို့လိုသည်။ သို့သော် ဘဝတွင် ဟန်ချက်ညီပြီး ဘုရားရေးရာကို ဦးစားထားကြစို့လေ။ ယုံကြည်ခြင်းကင်းမဲ့သူတို့က ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်းကို အဓိကထားခြင်းသည် အမြော်အမြင်ကင်းမဲ့ရာကျ၏ဟု ကောက်ချက်ချပေမည်။ သို့သော် ယင်းသို့ဖြစ်သလော။

၁၄၊ ၁၅။ အနာဂတ်အတွက်စီမံခြင်းအကြောင်းနှင့်ပတ်သက်၍ အဘယ်ပုံဥပမာကို ယေရှုမိန့်တော်မူခဲ့သနည်း။ (ခ) ယေရှု၏ပုံဥပမာမှ သူဌေးသည် အဘယ်ကြောင့်အမြော်အမြင်ကင်းမဲ့သနည်း။

၁၄ ယေရှုသည် ယင်းကို သဘောပေါက်စေရန် ပုံဥပမာတစ်ခု မိန့်တော်မူခဲ့သည်။ ကိုယ်တော်က ဤသို့ဆိုသည်– “သူဌေးတစ်ဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။ ထိုသူဌေးက၊ ‘ငါသည်အဘယ်သို့ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။’ ပြုမည်အကြံကား၊ ‘ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကိုတည်ပြီးမှ၊ ငါ၏အသီးအနှံဥစ္စာရှိသမျှတို့ကို သိုထားမည်။ ငါ့ဝိညာဉ်အားလည်း၊ “အချင်းဝိညာဉ်၊ သင်သည်နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကိုသိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကိုပြုလော့၊ ငါပြောမည်”’ ဟုသူဌေးအကြံရှိ၏။ ထိုသို့အကြံရှိစဉ်တွင်ဘုရားသခင်က၊ ‘အချင်းလူမိုက်၊ ယနေ့ညပင်သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည်ပြင်ဆင်သိုထားသောဥစ္စာကို အဘယ်သူပိုင်မည်နည်း’ ဟုသူဌေးအားမိန့်တော်မူ၏။ ထို့အတူကိုယ်အဖို့ဘဏ္ဍာများကိုဆည်းပူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား၊ ထိုသူဌေးနှင့်တူသည်။”—လုကာ ၁၂:၁၆-၂၁။

၁၅ ထိုသူဌေးသည် အနာဂတ်အတွက်ပစ္စည်းဥစ္စာစုဆောင်းထားရန် အလုပ်ကြိုးစားမလုပ်သင့်ဟု ယေရှုဆိုလိုနေခြင်းလော။ ဝေးလေစွ၊ အကြောင်းမှာ သမ္မာကျမ်းစာက ကြိုးစားအားထုတ်မှုကို အားပေးထားသောကြောင့်ဖြစ်သည်။ (၂ သက်သာလောနိတ် ၃:၁၀) ထိုသူဌေး၏အမှားမှာ ‘ဘုရားသခင့်ရှေ့တော်၌ချမ်းသာ’ ဖို့မကြိုးစားခဲ့ခြင်းပင်ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ သူ၏စည်းစိမ်စံစားရလျှင်ပင် နောက်ဆုံး၌ သေရမည်ဖြစ်သည်။ ဤသူသည် ထာဝရကာလကိုမစဉ်းစားဘဲ အမြော်အမြင်ကင်းမဲ့သူ ဖြစ်သည်။

၁၆။ လုံခြုံသောအနာဂတ်အတွက် ယေဟောဝါအား အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။

၁၆ ထာဝရကာလကိုမျှော်၍ ယေဟောဝါနှင့်လျှောက်လှမ်းခြင်းသည် လက်တွေ့ကျပြီး အမြော်အမြင်လည်းရှိသည်။ အနာဂတ်အတွက် အကောင်းဆုံးအစီအစဉ်လည်းဖြစ်သည်။ ကျောင်းနေခြင်း၊ အလုပ်လုပ်ခြင်းနှင့် မိသားစုတာဝန်များထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ လက်တွေ့ကျအစီအစဉ်များပြုလုပ်ထားခြင်းသည် ပညာရှိရာကျသော်လည်း ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များကို မည်သည့်အခါမျှစွန့်တော်မမူကြောင်း အမြဲတစေသတိရသင့်သည်။ ဘုရင်ဒါဝိဒ်က ဤသို့သီကုံးခဲ့သည်– “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး။” (ဆာလံ ၃၇:၂၅) အလားတူ ယေရှုကလည်း ဘုရားသခင့်နိုင်ငံတော်ကိုရှေးဦးထား၍ ယေဟောဝါ၏ဖြောင့်မတ်သောနည်းလမ်းတော်များအတိုင်း လျှောက်လှမ်းသူတို့ကို ဘုရားသခင် ထောက်ပံ့ပေးလိမ့်မည်ဖြစ်ကြောင်း စိတ်ချစေသည်။—မဿဲ ၆:၃၃။

၁၇။ အဆုံးနီးပြီဖြစ်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရှိနိုင်သနည်း။

၁၇ ထာဝရကာလကိုရည်မျှော်၍ ဘုရားသခင်အမှုတော်ကိုထမ်းဆောင်နေကြသော်လည်း ယေဟောဝါ၏နေ့ကို ကျွန်ုပ်တို့ မျှော်လင့်တောင့်တနေကြဆဲရှိသည်။ ကျမ်းစာပရောဖက်ပြုချက်၏ ပြည့်စုံခြင်းက ထိုနေ့ရက်နီးကြောင်းကို အထင်အရှားသက်သေထူသည်။ ဤရာစုနှစ်၏ ထူးခြားသောလက္ခဏာမှာ စစ်၊ အနာရောဂါ၊ မြေငလျင်၊ အစာခေါင်းပါးခြင်းနှင့်အတူ စစ်မှန်သောခရစ်ယာန်များကို နှိပ်စက်ညှဉ်းဆဲခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကမ္ဘာချီဟောပြောခြင်းတို့ဖြစ်၏။ ယင်းတို့အားလုံးသည် ဤအစီအစဉ်စနစ်ဆိုးနောက်ဆုံးကာလ၏ အသွင်အပြင်များဖြစ်သည်။ (မဿဲ ၂၄:၇-၁၄; လုကာ ၂၁:၁၁) ကမ္ဘာကြီးသည် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချူပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ” တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ (၂ တိမောသေ ၃:၁-၅) ဤခဲယဉ်းကျပ်တည်းသည့် နောက်ဆုံးကာလတွင် ယေဟောဝါ၏ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့ဘဝသည် ခက်ခဲသည်။ ဆိုးသွမ်းမှုအားလုံးကို ယေဟောဝါ၏နိုင်ငံတော်က ဖယ်ရှားပစ်မည့်အချိန်ကို ကျွန်ုပ်တို့ အမှန်ပင်တမ်းတကြသည်တကား! တစ်ချိန်တည်းတွင် ထာဝရကာလကိုမျှော်၍ ဘုရားသခင်နှင့်လျှောက်လှမ်းဖို့ စိတ်ပိုင်းဖြတ်ထားကြစို့လေ။

အဆုံးမဲ့အသက်တာကိုရည်မျှော်၍ အမှုတော်ထမ်းခြင်း

၁၈၊ ၁၉။ ရှေးခေတ်သစ္စာရှိသူတို့သည် ထာဝရကာလကိုရည်မျှော်၍ ဘုရားသခင့်အမှုတော်ထမ်းခဲ့ကြကြောင်း အဘယ်အရာကဖော်ပြသနည်း။

၁၈ ယေဟောဝါနှင့်လျှောက်လှမ်းကြစဉ် ကျွန်ုပ်တို့သည် အာဗေလ၊ ဧနောက်၊ နောဧ၊ အာဗြဟံနှင့် စာရာတို့၏ယုံကြည်ခြင်းကို စိတ်ထဲထားကြပါစို့။ သူတို့အကြောင်း ဖော်ပြပြီးနောက် ပေါလုကဤသို့ရေးသည်– “ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်၊ ကတိတော်နှင့်စပ်ဆိုင်သောအကျိုးကျေးဇူးကိုမခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့်ဖက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာတစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည် . . . ဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ၏။” (ဟေဗြဲ ၁၁:၁၃) ထိုသစ္စာရှိသူအပေါင်းတို့သည် “ကောင်းကင်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။” (ဟေဗြဲ ၁၁:၁၆) သူတို့သည် ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏မေရှိယနိုင်ငံတော်အုပ်စိုးမှုအောက်တွင် သာ၍ကောင်းသောနေရာရဖို့ မျှော်လင့်ခဲ့ကြသည်။ ထိုသာ၍ကောင်းသောနေရာ—ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်ရှိ မြေကြီးပရဒိသု—တွင် ဘုရားသခင်သည် သူတို့အား ထာဝရအသက်တာဆု ပေးသနားတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်၏။—ဟေဗြဲ ၁၁:၃၉၊ ၄၀။

၁၉ ပရောဖက်မိက္ခာက ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုကိုးကွယ်ဖို့ ယေဟောဝါ၏လူတို့ စိတ်ပိုင်းဖြတ်ထားကြောင်းကို ဖော်ပြခဲ့သည်။ သူက ဤသို့ရေးခဲ့သည်– “လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သောဘုရား [သခင်] ၏နာမကို ခိုလှုံလျက်ကျင့်နေတတ်ကြ၏။ ငါတို့မူကား၊ ကိုယ်ဆိုင်သောဘုရားသခင်ထာဝရဘုရား၏နာမတော်ကို ကာလအစဉ်အမြဲခိုလှုံလျက်ကျင့်နေကြမည်။” (မိက္ခာ ၄:၅) မိက္ခာသည် သေသည်အထိ သစ္စာရှိရှိ ဘုရားသခင့်အမှုတော်ထမ်းခဲ့၏။ ကမ္ဘာသစ်တွင် ရှင်ပြန်ထမြောက်လာသောအခါ ထိုပရောဖက်သည် အမှန်ပင်ထာဝစဉ် ဘုရားသခင်နှင့်အတူ သွားလာလိမ့်မည်။ နောက်ဆုံးကာလ၏အဆုံးပိုင်းတွင် အသက်ရှင်နေကြရသော ကျွန်ုပ်တို့အတွက် မည်မျှကောင်းလိုက်သည့် ပုံသက်သေပါတကား!

၂၀။ ကျွန်ုပ်တို့သည် မည်သို့စိတ်ပိုင်းဖြတ်ထားသင့်သနည်း။

၂၀ ယေဟောဝါသည် မိမိ၏နာမတော်အတွက် ကျွန်ုပ်တို့တင်ပြသောချစ်ခြင်းမေတ္တာကို တန်ဖိုးထားတော်မူ၏။ (ဟေဗြဲ ၆:၁၀) စာတန်သြဇာလွှမ်းမိုးနေသော ဤကမ္ဘာပေါ်တွင် ကိုယ်တော့်အပေါ်သမာဓိစောင့်သိရန် မလွယ်ကူကြောင်း ကိုယ်တော်သိတော်မူသည်။ သို့သော် ‘ဤလောကသည် ရွေ့သွားကွယ်ပျောက်’ မည်ဖြစ်သော်လည်း “ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ . . . ထာဝရတည်၏။” (၁ ယောဟန် ၂:၁၇; ၅:၁၉) ထို့ကြောင့် ယေဟောဝါ၏အကူအညီဖြင့် ကျွန်ုပ်တို့နေ့စဉ်နေ့တိုင်း ရင်ဆိုင်နေကြရသော စမ်းသပ်မှုများကိုခံရပ်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ကျွန်ုပ်တို့၏အတွေးများနှင့် ကျွန်ုပ်တို့၏ဘဝပုံစံကို မေတ္တာရှင်ကောင်းကင်ခမည်းတော် ကတိပေးထားသော အံ့မခန်းဖွယ်ကောင်းချီးမင်္ဂလာများအပေါ် အာရုံစူးစိုက်ထားကြပါစို့။ ကျွန်ုပ်တို့သည် ထာဝရကာလကိုရည်မျှော်လျက် ဘုရားသခင်နှင့်လျှောက်လှမ်းနေမည်ဆိုလျှင် ယင်းတို့ကို ကျွန်ုပ်တို့ပိုင်ဆိုင်နိုင်ကြပါသည်။—ယုဒ ၂၀၊ ၂၁။

သင်မည်သို့တုံ့ ပြန်မည်နည်း

◻ နာခံမှုရှိသောလူသားများအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း။

◻ ယေဟောဝါသည် ဘုရားတရားမဲ့နေသောကမ္ဘာကို အဆုံးတိုင်စေဖို့ အဘယ်ကြောင့် ယခုထက်တိုင်အရေးမယူသေးသနည်း။

◻ အဘယ်အချိန်တွင် ဘုရားသခင်အရေးယူမည်ကို အတိအကျမသိရှိခြင်းက ကျွန်ုပ်တို့၏ဇွဲကို အဘယ်ကြောင့် မလျော့ပါးသွားစေသင့်သနည်း။

◻ ထာဝရကာလကိုရည်မျှော်၍ ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဘုရားသခင်နှင့်လျှောက်လှမ်းရာတွင် ခရစ်တော်၏ကနဦး တပည့်တော်များ လုပ်ဆောင်ခဲ့ကြသကဲ့သို့ ဘုရားသခင့် အမှုတော်ကို ဇွဲရှိရှိထမ်းဆောင်ခြင်းလိုအပ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ