ကယ်တင်ခြင်းခံရရန် ကျွန်ုပ်တို့ဘာပြုလုပ်ရ မည်နည်း
အ ဘယ်ကြောင့်ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရရန် လိုအပ်သနည်း။ အကြောင်းမှာ၊ ကျွန်ုပ်တို့အားလုံးသည်အပြစ်၏ အကျိုးဆက်ဒုက္ခဆိုးများဖြစ်သော မစုံလင်မှု၊ နာကြင်မှု၊ ဖျားနာမှု၊ ကြေကွဲမှုနှင့်နောက်ဆုံးတွင်သေခြင်း ခံစားနေရ၍ဖြစ်သည်။ တမန်တော်ပေါလုက ဤသို့ဖြစ်ရခြင်းသည် ကျွန်ုပ်တို့၏ဘိုးဘေးအာဒံသည် ဘုရားပညတ်ကိုချိုးဖောက်သောကြောင့်ဖြစ်ကြောင်းရှင်းပြခဲ့သည်။ “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့်ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့်သေခြင်းသို့ ရောက်ရကြ၏။” (ရောမ ၅:၁၂) အာဒံ၏အပြစ်သည် အဘယ်ကြောင့်သေခြင်းကို လူသားအားလုံးထံပျံ့နှံ့စေသနည်း။ အမှန်မှာ၊ ယင်းသည် ဓမ္မတာဖြစ်ပျက်ပုံများကြောင့်ပင်ဖြစ်သည်။
အာဒံအပြစ်လုပ်သောအခါ ဘုရားပညတ်နှင့်အညီသူသည် သေဒဏ်ချမှတ်ခံရသည်။ ယင်းသည်တရားမျှတ၍ လိုအပ်သည်။ ၄င်းသည်တရားမျှတသည်။ အကြောင်းမှာ၊ အသက်သည် အလိုအလျောက်ပိုင်ဆိုင် ထားခြင်းကြောင့်မဟုတ်ဘဲ ဘုရားရှင်ထံမှဆုကျေးဇူးဖြစ်သည်။ သိလျက်နှင့်အပြစ်ပြုခြင်းကြောင့် အာဒံသည်ထိုဆုကျေးဇူးအခွင့်အားလုံးကို ဆုံးရှုံးခံထိုက်သည်။ (ရောမ ၆:၂၃) အာဒံအားသေပြစ်ချမှတ်ခြင်းသည် လိုအပ်သည်။ အကြောင်းမှာ၊ စကြဝဠာကိုအကန့်အသတ်မရှိ ညစ်ညူးစေရန် မည်သည့်မစုံလင်မှုကိုမျှ ရှင်သန်နေခြင်းငှာခွင့်ပြု၍ မဖြစ်ချေ။ ထို့ကြောင့်အာဒံအပြစ်ပြုသောအခါ သူသေစပြုလာပြီး သူ၏ကလေးများကို အမွေအဖြစ်ပေးရန် စုံလင်၊ အပြစ်မဲ့သောအသက်တာကို မပိုင်ဆိုင်တော့ချေ။ သူသည်သူတို့အား မစုံလင်မှုနှင့် အပြစ်ဖြင့်စွန်းကွက်နေသော အသက်တာကိုသာ ပေးနိုင်ပေမည်။—ရောမ ၈:၁၈-၂၁။
ယနေ့ကျွန်ုပ်တို့ရရှိထားသော တိုတောင်းသည့်အသက်ရှင်ရခြင်းပင်လျှင် ဘုရားရှင်၏မခံစားထိုက်သော ကရုဏာဖြစ်သည်ကိုကျွန်ုပ်တို့မမေ့အပ်ချေ။ (ယောဘ ၁၄:၁) အာဒံနှင့်ဧဝသည်သူတို့မသေမီ ကလေးများရရှိရန် ဘုရားရှင်၌ခွင့်ပြုဖို့ တာဝန်မရှိချေ။ အချို့မစုံလင်သောလူသားများသည် ကိုယ်တော်အပေါ်သစ္စာစောင့်ခြင်းဖြင့် ဘုရားသခင်၏အချုပ်အခြာကို ထောက်မမည့်အကြောင်း သက်သေပြရန်ကိုယ်တော်သည်သူတို့အား မွေးဖွားခွင့်ပြုသည်။ ဘုရားရှင်ဤသို့ခွင့်ပြုရခြင်းမှာ ကနဦးပုန်ကန်သူများဖြစ်သော အာဒံနှင့်ဧဝမှဆင်းသက်သူ၊ တုံ့ပြန်သူများကိုနောက်ဆုံးတွင် ကိုယ်တော်သည်ရွေးနှုတ် သို့မဟုတ် ကယ်တင်မည်ကို သိထားတော်မူသောကြောင့်ဖြစ်သည်။ မည်ကဲ့သို့နည်း။
ကယ်တင်ခြင်းအတွက်ပြင်ဆင်ချက်
ယေဟောဝါဘုရားရှင်သည် မိမိ၏ဖြောင့်မတ်သောစီရင်ချက်ကို ဘေးဖယ်ထား၍မဖြစ်ချေ။ ကိုယ်တော်သည်အာဒံ၏မူလအပြစ်နှင့် ထိုအချိန်မှစ၍လူသားများ ထပ်ဆင့်လိုက်သောအပြစ်ကို မိမိကြိုက်သလိုလုပ်ကိုင် မေ့ပျောက်၍မဖြစ်ချေ။ ဘုရားရှင်သည်မိမိကိုယ်တိုင်၏ တရားမျှတသောပညတ်များကို လျစ်လျူရှုလျှင် ယင်းကမိမိ၏ တရားမျှတခြင်းစံနစ်တစ်ခုလုံးအပေါ် လေးစားမှုနှင့်ယုံကြည်စိတ်ချမှုကို ပျက်ပြားစေပေမည်။ လူသားတရားသူကြီးတစ်ဦးသည် ကိုယ်ပိုင်စိတ်ကူးဖြင့် ရာဇဝတ်ကောင်တစ်ဦးကို မိမိစိတ်သဘောအရအပြစ်မပေးဘဲ လွှတ်လိုက်လျှင်ပေါ်ပေါက်လာမည့် မကျေနပ်သောဟစ်အော်သံများကို စဉ်းစားကြည့်ပါ။ သို့သော်စာနာတတ်သောတရားသူကြီးတစ်ဦးသည် လျောက်ပတ်စွာဥပဒေအရ အပြစ်ရှိသူကိုယ်စား ဆန္ဒရှိသောအခြားသူတစ်ဦးကို ငွေဒဏ်ဆောင်စေရန် စီစဉ်နိုင်သည်။ ဤနည်းပုံစံအတိုင်းဘုရားရှင်သည် ကျွန်ုပ်တို့အတွက်လုပ်ဆောင်ခဲ့သည်။
ယေဟောဝါရှင်သည် မိမိသားတော်ယေရှုခရစ်၏ စုံလင်သောလူ့အသက်တာကို အာဒံဆုံးရှုံးခဲ့သည့် စုံလင်သောအသက်တာအစား ပေးအပ်ရန်စီစဉ်ခဲ့သည်။ ယေရှုသည်ကျွန်ုပ်တို့အပြစ်အတွက်အခ—သေခြင်းကိုစိတ်ပါကိုယ်လျောက်ခံခဲ့သည်။ (ဟေရှာယ ၅၃:၄၊ ၅။ ယောဟန် ၁၀:၁၇၊ ၁၈) သမ္မာကျမ်းစာက “လူသားသည်. . .မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာကြွလာသည်” ဟုဆိုထားသည်။ (မဿဲ ၂၀:၂၈။ ၁ တိမောသေ ၂:၆) မည်သူမျှဤသို့မပြုမူနိုင်။ ယေရှုသည်အပြစ်မဲ့လျက် မွေးဖွားလာပြီး၊ သေသည်အထိ စုံလင်၍အပြစ်ကင်းရာတွင် သူမတူအောင်ဖြစ်သည်။ (ဟေဗြဲ ၇:၂၆။ ၁ ပေတရု ၂:၂၂) ကိုယ်တော်သည် သေသည့်တိုင်အောင် သစ္စာရှိခြင်းက ကိုယ်တော်အားဥပဒေအရ ကျွန်ုပ်တို့၏အပြစ်များအတွက်အခကို ပေးနိုင်စေခဲ့သည်။
သို့သော်တရားသူကြီးချုပ်ဘုရားရှင်သည် လူယောက်တိုင်းကိုလွတ်မြောက်စေရန် တာဝန်မရှိကြောင်း သတိရပါ။ ကိုယ်တော်သည် ယေရှု၏ပူဇော်သက္ကာ၊ စုံလင်သောလူ့အသက်တာကို အပြစ်အတွက်ကျွန်ုပ်တို့ပေးဆပ်ရမည့် တန်ကြေးအဖြစ်ရှုမြင်သည်။ သို့သော် ယေဟောဝါဘုရားသည်ယင်းကို နောင်တမရသော၊ လေးမြတ်မှုမရှိသော၊ တမင်တကာအပြစ်ပြုသူများကို အကြုံးဝင်စေမည်မဟုတ်။ သိမ်းကျုံးပြီးအပြစ်လွှတ်ခြင်း သို့မဟုတ် ကမ္ဘာချီကယ်တင်ခြင်းပုံစံမျိုး မကမ်းလှမ်းဘဲ သမ္မာကျမ်းစာကကျွန်ုပ်တို့သည် အမွေခံအပြစ်၏သက်ရောက်မှုမှ ကယ်လွှတ်ခြင်းရရန် ပြည့်မီရမည့်သတ်မှတ်ချက်များ ချမှတ်ထားလေသည်။
ကယ်တင်ခြင်းအတွက်လိုအပ်ချက်များ
သို့ဖြစ်လျှင် ကယ်တင်ခြင်းအတွက်ဘာလိုအပ်သနည်း။ အဓိကလိုအပ်ချက်မှာ တမန်တော်ပေါလုက ဖိလိပ္ပိထောင်မှူးကိုဖော်ပြခဲ့သော အချက်ဖြစ်သည်။ “သခင်ယေရှုခရစ်ကိုယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။” (တမန်တော် ၁၆:၃၁) ကျွန်ုပ်တို့ကယ်တင်ခြင်းရရန် ယေရှု၏သွန်းလောင်းသောအသွေးကို နှလုံးထဲမှလက်ခံခြင်းက အရေးကြီးသည်။ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့အတွက် မည်သို့အဓိပ္ပာယ်ရှိမည်နည်း။ ယေရှု၏စကားတွင်အဖြေကို ဖော်ပြထားသည်။ “ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။” (ယောဟန် ၁၀:၂၈) လူများစုအတွက် ကယ်တင်ခြင်းသည် စုံလင်သောပရဒိသုအဖြစ် ပြန်လည်တည်ထောင်ထားသော မြေကြီးပေါ်တွင်ထာဝရအသက်ဖြစ်မည်။ (ဆာလံ ၃၇:၁၀၊ ၁၁။ ဗျာဒိတ် ၂၁:၃၊ ၄။ ) သို့သော် “သိုးစုငယ်” အတွက်မူ ယေရှုနှင့်အတူကိုယ်တော်၏ကောင်းကင်နိုင်ငံတွင် အုပ်ချုပ်မည်ဖြစ်သည်။—လုကာ ၁၂:၃၂။ ဗျာဒိတ် ၅:၉၊ ၁၀၊ ၂၀:၄။
တချို့ကယေရှုကို ယုံကြည်လျှင်ပြီးရောဟုဆိုကြသည်။ “ကောင်းကင်ရောက်ရန် လုပ်ဖို့လိုအပ်သည့်အရာ တစ်ခုသာရှိသည်” ဟုဘာသာရေးဝေစာတစ်ခုကဆိုသည်။ “၄င်းမှာယေရှုခရစ်ကို မိမိ၏ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်လက်ခံပြီး၊ အရှင်သခင်အဖြစ်ကိုယ်တော်ထံအပ်နှံကာ ကိုယ်တော်အားအထက်ပါအတိုင်း လောကရှေ့ပွင့်ပွင့်လင်းလင်း ဝန်ခံရန်ဖြစ်သည်။” ထို့ကြောင့်ထာဝရအသက် အာမခံချက်ရရှိရန် တဒင်္ဂစိတ်လှုပ်ရှားမှုဆိုင်ရာ ပြောင်းလဲမှုသာလိုအပ်သည်ဟု အတော်များများယုံကြည်ကြသည်။ သို့သော်ကယ်တင်ခြင်းအတွက် အရေးကြီးသောအပိုင်းတစ်ခုကိုသာ အာရုံစိုက်ပြီးကျန်အပိုင်းများကို ဘေးဖယ်ထားလျှင် စာချုပ်တစ်ခု၏နောက်ဆုံးစာပိုဒ်ကိုသာဖတ်ပြီး အခြားစာပိုဒ်များကို လျစ်လျူရှုလိုက်သကဲ့သို့ဖြစ်သည်။
ကယ်တင်ခြင်းရရန် ယေရှုကိုယုံကြည်လျှင် လုံလောက်ပြီဟုတစ်ခါက ယုံကြည်ခဲ့သူအချို့၏ပြောဆိုပုံကို နားထောင်ခြင်းဖြင့်ယင်းအချက် ပိုထင်ရှားလာသည်။ ဘားနစ်ကဤသို့ဆိုသည် “ကျွန်တော်ဟာဘရက်သင်အသင်းမှာကြီးပြင်းလာပါတယ်။ တကယ်လို့ထာဝရအသက်ဟာ ယေရှုအပေါ်မှာသာလုံးလုံးလျားလျား မူတည်နေမယ်ဆိုရင် ကိုယ်တော်ကိုယ်တိုင် မိန့်မြွက်ခဲ့တဲ့စကားကြောင့် ကျွန်တော်စဉ်းစားစရာတွေ ပေါ်လာခဲ့တယ်။ ‘ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။’”—ယောဟန် ၁၇:၃။
နော်မန်ဆိုသူသည် ကိုးနှစ်လုံးလုံးသူ့ကိုယ်သူ ကယ်တင်ခြင်းရပြီဟု စိတ်ချနေခဲ့သည်။ သို့နှင့်ယေရှုခရစ်သည် သူ၏ကယ်တင်ရှင်ဖြစ်ကြောင်း စိတ်လှုပ်ရှားမှုဆိုင်ရာ ဝန်ခံရုံထက်မက ပိုမိုလိုအပ်ကြောင်း သူသိမြင်လာခဲ့သည်။ “ဘုရားရှင်ထံမှာ ကျွန်တော်တို့ဟာ အပြစ်သားများဖြစ်ကြောင်း ကယ်တင်ခြင်းလိုအပ်နေကြောင်း ဝန်ခံရုံနဲ့မလုံလောက်သေးဘူးဆိုတာ သမ္မာကျမ်းစာကနေ ကျွန်တော်သိမြင်လာခဲ့တယ်” ဟုသူဆိုသည်။ “ကျွန်တော်တို့ဟာ နောင်တနဲ့ဆိုင်တဲ့အလုပ်တွေလည်း လုပ်ရမယ်။”—မဿဲ ၃:၈။ တမန်တော် ၃:၁၉။
မှန်ပါသည်၊ ယေရှုကိုယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် အပြီးသတ်အပိုင်းဖြစ်သည်။ ယေရှုကအချို့သည် မိမိကိုယုံကြည်သည်ဟုဆိုပြီး မိမိ၏နာမဖြင့် “အံ့ဖွယ်ရာလုပ်ရပ်များ” ပြုလုပ်မည့် သူအချို့အကြောင်းပြောခဲ့သည်။ သို့သော်ကိုယ်တော်သူတို့ကို မသိချေ။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ၊ သူတို့သည် “အဓမ္မအမှုကိုပြုသူ” များဖြစ်ပြီး ခမည်းတော်၏အလိုတော်ကို မပြုလုပ်သောကြောင့်ဖြစ်သည်။ (မဿဲ ၇:၁၅-၂၃) တပည့်တော်ယာကုပ်ကလည်း “ကိုယ့်ကိုယ်ကိုလှည့်ဖြား၍ နှုတ်ကပတ်တော်တရားကို နာရုံမျှသာပြုသောသူမဟုတ် တရားကိုကျင့်သောသူဖြစ်” ရန်လိုကြောင်း သတိပေးခဲ့သည်။ သူကဤသို့ ဆက်ပြောသေးသည်။ “ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည်ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ . . . အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည်အသေဖြစ်၏။”—ယာကုပ် ၁:၂၂။ ၂:၁၉၊ ၂၆။
အချို့ကအမှန်တကယ် ကယ်တင်ခြင်းခံသူတို့သည် ထိုအရာများကိုကျင့်ဆောင်နေပါသည်ဟု ဆင်ခြေပေးကြသည်။ သို့သော်အမှန်ပင်ကျင့်ဆောင်နေပါသလော။ ငယ်ရွယ်စဉ်ကတည်းက ‘ယေရှုကိုလက်ခံခဲ့သူဒဲန်နစ်ကဆိုသည်။ “ကျွန်တော်သိတဲ့ ‘ကယ်တင်ခြင်းခံရပြီး’ သူတွေဟာ သူတို့ကိုယ်သူတို့ကယ်တင်ခြင်းအတွက် လိုအပ်တဲ့အရာခပ်သိမ်းရရှိထားပြီဆိုတော့ ကျမ်းစာကိုဒီလောက်ကြီးလေ့လာစရာ မလိုတော့ဘူးလို့ သူတို့ယူဆကြတယ်။” အမှန်မှာ ကယ်တင်ခြင်းခံရပြီးသူဟုဆိုသောသူအများ၏ ရှေ့နောက်မညီညွတ်မှု၊ ခရစ်ယာန်မပီသသော အကျင့်အကြံတို့ကြောင့် ကယ်တင်ခြင်းဆိုင်ရာ အကြောင်းတစ်ခုလုံး၏ ဂုဏ်သိက္ခာကိုကျဆင်းစေခဲ့သည်။
သို့ပင်ငြားလည်း အတော်များများက “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏” ဟုကျမ်းစာဆိုကြောင်း ဆက်ငြင်းကြသည်။ (ယောဟန် ၃:၃၆) ထို့ကြောင့်သူတို့က သခင်ယေရှုခရစ်ကို သင်၏ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ် လက်ခံပြီးပြီဆိုလျှင်ဘယ်တော့မျှ မပျောက်ဆုံးနိုင်တော့ဟုဆိုသည်။ “တစ်ခါကယ်တင်ခြင်းရလျှင် အမြဲရပြီ” သည် သူတို့၏ဆောင်ပုဒ်ဖြစ်သည်။ သို့သော်ကျမ်းစာကထိုသို့ အမှန်ပင်ဆိုသလော။ ယင်းအဖြေရရန် ထိုအကြောင်းအပေါ် သမ္မာကျမ်းပြောသမျှကို ကျွန်ုပ်တို့သုံးသပ်ရန် လိုအပ်ပါသည်။ ဘုရားနှုတ်ကပတ်တော်မှ ရွေးချယ်ထားသော အပိုဒ်လောက်ကိုသာဖတ်ခြင်းဖြင့် ကျွန်ုပ်တို့ ‘ကိုယ့်ကိုယ်ကိုလှည့်ဖြားလိုမည်’ မဟုတ်ချေ။
“တစ်ခါကယ်တင်ခြင်းရလျှင် အမြဲရပြီလော”
တပည့်တော်ယုဒ၏ မှုတ်သွင်းခံသတိပေးချက်ကို သတိပြုပါ။ သူက “ချစ်သူတို့ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ ပေးလိုက်ခြင်းငှာငါသည် အလွန်ကြိုးစားသည်တွင် သန့်ရှင်းသူတို့၌အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်းတရားဘက်မှာ သင်တို့သည်ကြိုးစား၍ တိုက်လှန်စေခြင်းငှာ နှိုးဆော်သွေးဆောင်၍ ရေးလိုက်ရသောအကြောင်းရှိ၏” ဟုရေးခဲ့သည်။ (ယုဒ ၃) အဘယ်ကြောင့်ယုဒဤသို့ ရေးခဲ့သနည်း။ အကြောင်းမှာ၊ ခရစ်ယာန်တစ်ဦးချင်းအနေနှင့် ‘သူတို့စွဲကိုင်ထားသောကယ်တင်ခြင်း’ ပျောက်ဆုံးနိုင်ဆဲပင် ဖြစ်သောကြောင့်တည်း။ သူကဆက်၍ဆိုသည်။ “ငါသည်သတိပေး၍ ပြောချင်သောအကြောင်းအရာဟူမူကား ထာဝရဘုရား [ယေဟောဝါ] သည်ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှကယ်လွှတ်တော်မူပြီးလျှင် မယုံကြည်သောသူတို့ကို တစ်ဖန်ဖျက်ဆီးတော်မူ၏။”—ယုဒ ၅။
ခရစ်ယာန်များသည် ရှေးဣသရေလများကဲ့သို့ အလားတူအန္တရာယ်မရင်ဆိုင်ရလျှင် ယုဒ၏သတိပေးချက်သည် အဓိပ္ပာယ်ရှိမည်မဟုတ်ချေ။ ယေရှု၏ပူဇော်သက္ကာတန်ဖိုးကို မေးခွန်းထုတ်နေခြင်းမဟုတ်ချေ။ ယင်းပူဇော်သက္ကာသည်ကျွန်ုပ်တို့အား အာဒံဆိုင်ရာအပြစ်မှ ကယ်တင်ခဲ့ပြီးယေရှုသည် မိမိအားယုံကြည်သူများကို ကာကွယ်မည်။ မည်သူမျှသူ၏လက်မှ လုယူသွားနိုင်မည် မဟုတ်ချေ။ သို့သော်ကျွန်ုပ်တို့ ထိုကာကွယ်မှုကို ဆုံးရှုံးနိုင်သည်။ မည်သို့နည်း။ အီဂျစ်မှကယ်တင်ခြင်းခံရသူ ဣသရေလအများပြုလုပ်ခဲ့သကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့သည်သိလျက်နှင့် ဘုရားကိုနာမခံရန် ရွေးချယ်နိုင်သည်။—တရားဟောရာ ၃၀:၁၉၊ ၂၀။
မီးလောင်နေသောအိမ်မှ ကယ်ခြင်းခံရသည်ကို စဉ်းစားကြည့်ပါ။ အဆောက်အအုံမှသင့်ကို ဘေးမသီရန်မခကယ်လွှတ်ခဲ့ပြီးကယ်တင်သူက “မင်းအခုလုံခြုံပြီ” ဟုပြောသောအခါ သင်ခံစားရမည့် ဖြေသိမ့်မှုကိုစဉ်းစားကြည့်ပါ။ မှန်ပါသည်။ သင်သည်သေရခြင်းမှ ကယ်မခံရသည်။ သို့သော်သင်သည် အခြားမိုက်မဲသောအကြောင်းကြောင့် အဆောက်အအုံထဲသို့ ပြန်ဝင်ရန်ဆုံးဖြတ်ခဲ့လျှင် ဘာဖြစ်မည်နည်း။ သင်၏အသက်သည် ပြန်၍အန္တရာယ်ရှိပေမည်။
ခရစ်ယာန်များသည် ကယ်တင်ခြင်းခံခဲ့ရပြီး အခြေအနေတွင်ရှိသည်။ သူတို့သည်ဘုရားရှေ့တော်၌ မျက်နှာသာရအခြေအနေတွင် ရှိသောကြောင့်ထာဝရအသက်မျှော်လင့်ချက် ရရှိထားသည်။ အုပ်စုတစ်ခုအနေနှင့် အာဒံဆိုင်ရာအပြစ်နှင့် ယင်း၏သက်ရောက်မှုအားလုံးမှ သူတို့ကယ်တင်ခြင်းရခြင်းသည် သေချာသည်။ သို့သော်တစ်ဦးချင်းအနေနှင့် သူတို့သည်ဘုရား၏ တောင်းဆိုချက်များနှင့်အညီ ဆက်လက်၍စွဲကိုင်ထားမှသာလျှင် ထာဝရအသက်သို့ ကယ်တင်ခြင်းခံရမည်။ ယေရှုသည်မိမိကိုယ်ကို စပျစ်နွယ်ပင်၊ မိမိ၏တပည့်တော်များကို ယင်း၏အကိုင်းအခက်များအဖြစ် နှိုင်းယှဉ်သောအခါ ၄င်းကိုအလေးအနက်ပြောခဲ့သည်။ သူက “ငါ၌အသီးမသီးသောအခက်ရှိသမျှကို [ဘုရားသခင်] ခုတ်ပစ်တော်မူ၏။ . . . ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သောအခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။” (ယောဟန် ၁၅:၂၊ ၆။ ဟေဗြဲ ၆:၄-၆) ယေရှု၌ယုံကြည်ခြင်း ပျောက်ဆုံးသူသည် ထာဝရအသက်ကိုလည်း ပျောက်ဆုံးသည်။
“. . . တည်ကြည်သောသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်”
မှန်ပါသည်၊ ကယ်တင်ခြင်းခံရရန် ပါဝင်နေသောအချက်အသီးသီးရှိသည်။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ရည်ရွယ်ချက်များနှင့် ကိုယ်တော်၏ကယ်တင်ခြင်းလမ်းစဉ်ဆိုင်ရာ တိကျသောအသိပညာ ရယူရမည်။ ထို့နောက်ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကိုယ်စားလှယ်ချုပ် ယေရှုခရစ်ကိုယုံကြည်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏အသက်တာတစ်လျှောက်တွင် ဘုရားအလိုတော်ကိုထမ်းဆောင်ရမည်။ (ယောဟန် ၃:၁၆။ တိတု ၂:၁၄) ဤလမ်းစဉ်လိုက်လျှောက်သူများအတွက် ကယ်တင်ခြင်းသည်သေချာသည်။ သို့သော်ယင်းကို ကျွန်ုပ်တို့၏လက်ရှိအသက်တာ သို့မဟုတ် ဤစနစ်အဆုံးတိုင်အောင် လိုက်လျှောက်ခြင်းပါဝင်သည်။ “အဆုံးတိုင်အောင်တည်ကြည်သောသူ [သာ] လျှင်ကယ်တင်ခြင်းသို့ရောက်လတံ့။”—မဿဲ ၂၄:၁၃။
သူ့အိမ်သားများနှင့်အတူ ဖိလိပ္ပိရှိထောင်မှူးသည် ပေါလုနှင့်သိလဟောပြောခဲ့သော ကယ်တင်ခြင်းသတင်းကိုစိတ်ချစွာ တုံ့ပြန်ခဲ့သည်။ “မိမိလူအပေါင်းတို့နှင့်တကွ ဗတ္တိဇံကိုချက်ချင်းခံလေ၏။” (တမန်တော် ၁၆:၃၃) ကျွန်ုပ်တို့လည်းအလားတူ လုပ်ဆောင်နိုင်သည်။ သို့နှင့်ကျွန်ုပ်တို့သည် ယေဟောဝါဘုရား၊ သူ၏သားတော် ယေရှုခရစ်နှင့်နီးကပ်၍ ကောင်းချီးခံရသော အခြေအနေသို့ ဆိုက်ရောက်မည်ဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဘုရားရှင်၏ပြင်ဆင်ချက်အပေါ် ယုံကြည်စိတ်ချမှု အပြည့်အဝရရှိနိုင်သည်။ ဖိလိပ္ပိထောင်မှူးသည် “ဘုရားသခင်ကိုယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းနှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ၏။” (တမန်တော် ၁၆:၃၄) ယင်းလမ်းစဉ်သည် ကျွန်ုပ်တို့ကိုလည်း အလွန် ‘ဝမ်းမြောက်’ စေပါလိမ့်မည်။
[စာမျက်နှာ ၇ ပါပုံစာ]
ကယ်မ,ခံရပြီးနောက် မီးလောင်နေသောအဆောက်အအုံထဲသို့ သင်ပြန်ပြေးဝင်လျှင် ဘာဖြစ်မည်နည်း