ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၇/၁ စာ. ၁၈-၂၃
  • လောကနှင့်စပ်လျဉ်း၍ ဉာဏ်ပညာဖြင့် ကျင့်ဆောင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောကနှင့်စပ်လျဉ်း၍ ဉာဏ်ပညာဖြင့် ကျင့်ဆောင်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်စွန်းကွက်မှုကိုအောင်နိုင်ခြင်း
  • ဇွဲနပဲ၊ နိုင်ထက်စီးနင်းမဟုတ်
  • လေးစားလျက်၊ ‘ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ဖြစ်ခြင်း’
  • ‘တတ်နိုင်သမျှ လူအပေါင်းတို့နှင့် အသင့်အတင့်နေလော့’
  • ‘ခပ်သိမ်းသောသူတို့အား ကောင်းစွာသောအမှုကိုပြုခြင်း’
  • တိုက်ခံသူများကိုနှုတ်ပိတ်ခြင်း
  • “လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘လူမျိုးခြားတို့ရှေ့၌ တင့်တယ် လျောက်ပတ်စွာ ကျင့်နေကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခရစ်ယာန်များနှင့် လူသားလောက
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • စိတ်စွန်းကွက်မှု မရှိတော့သည့်အခါ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၇/၁ စာ. ၁၈-၂၃

လောကနှင့်စပ်လျဉ်း၍ ဉာဏ်ပညာဖြင့် ကျင့်ဆောင်ခြင်း

“ပြင်ပလူတို့၏မျက်နှာကိုထောက်လျက် ပညာနှင့်ကျင့်ဆောင် . . . လော့။”—ကောလောသဲ ၄:၅။

၁ ကနဦးခရစ်ယာန်များ ဘာနှင့်ရင်ဆိုင်ခဲ့ရသနည်း၊ ကောလောသဲရှိအသင်းတော်ကို ပေါလုမည်သည့် သွန်သင်ချက် ပေးခဲ့သနည်း။

ရာမကမ္ဘာတွင်ရှိ မြို့များ၌နေထိုင်နေကြသော ကနဦးခရစ်ယာန်များသည် အကျင့်ပျက်အပျော်အပါးလိုက်စားခြင်း၊ တိတ္ထိဓလေ့ထုံးစံများနှင့် အစဉ်မပြတ် ရင်ဆိုင်ခဲ့ကြရသည်။ အာရှမိုင်းနား အနောက်အလယ်ပိုင်းတွင်ရှိ ကောလောသဲမြို့တွင်နေထိုင်ခဲ့သူများသည် ဖြုဂိတိုင်းသားများ၏ ဘုရားမ ဝတ်ပြုရေးနှင့် နတ်အတတ်ပညာ၊ အခြေချနေထိုင်သူ ဂရိများ၏တိတ္ထိအတွေးအခေါ်များနှင့် ဂျူးကိုလိုနီ၏ယုဒအယူဝါဒများကို ရင်ဆိုင်ရမည်မှာ ယုံမှားဖွယ်မရှိချေ။ တမန်တော်ပေါလုက ခရစ်ယာန်အသင်းတော်ကို ထိုသို့သော “ပြင်ပလူ” များနှင့်စပ်လျဉ်း၍ “ပညာနှင့်” လျှောက်လှမ်းရန် သွန်သင်ချက်ပေးခဲ့သည်။—ကောလောသဲ ၄:၅။

၂။ ယနေ့ယေဟောဝါသက်သေများသည် ပြင်ပရှိသူများအပေါ် ဉာဏ်ပညာဖြင့် ကျင့်ဆောင်ရန် အဘယ်ကြောင့်လိုအပ်သနည်း။

၂ ယနေ့၊ ယေဟောဝါသက်သေများသည် အလားတူမှားယွင်းသောအကျင့်များနှင့် ရင်ဆိုင်ရပြီး ပို၍ပင်တွေ့ရသည်။ ထို့ကြောင့်သူတို့သည်လည်း ခရစ်ယာန်အသင်းတော်စစ်၏ ပြင်ပရှိသူများနှင့် ဆက်ဆံရာတွင် ပညာဖြင့်ကျင့်ဆောင်ရန်လိုအပ်သည်။ ဘာသာရေးအများစုနှင့် သတင်းများသည် သူတို့ကိုဆန့်ကျင်ကြသည်။ ယင်းတို့မှအချို့သည် ဘွင်းဘွင်းတိုက်ခိုက်ခြင်း သို့မဟုတ် အများအားဖြင့် စောင်းပါးရိပ်ခြည်ပြောခြင်းဖြင့် ယေဟောဝါသက်သေများ၏ အသရေကိုဖျက်ကြသည်။ ကနဦးခရစ်ယာန်များကို အယူသီးသူ၊ အန္တရာယ် “ဂိုဏ်း” ဟုပင် မတရားရှုမြင်ခံခဲ့ရသကဲ့သို့ ယနေ့ယေဟောဝါသက်သေများသည် စိတ်စွန်းကွက်မှုနှင့် တလွဲအမြင်ခံရခြင်း၏ စက်ကွင်းဖြစ်လေ့ရှိသည်။ —တမန်တော် ၂၄:၁၄၊ ကဘ။ ၁ ပေတရု ၄:၄။

စိတ်စွန်းကွက်မှုကိုအောင်နိုင်ခြင်း

၃၊ ၄။ (က) ခရစ်ယာန်များသည် အဘယ်ကြောင့် လောက၏ချစ်ခြင်းကို ဘယ်တော့မျှ ခံရမည်မဟုတ်သနည်း၊ သို့သော် ကျွန်ုပ်တို့ဘာကို ကြိုးစားလုပ်သင့်သနည်း။ (ခ)နာဇီချွေးတပ်စခန်းတွင် ထောင်ကျသူယေဟောဝါသက်သေများနှင့် စပ်လျဉ်း၍ စာရေးသူတစ်ဦး မည်သို့ရေးသားခဲ့သနည်း။

၃ တမန်တော်ယောဟန်အရ “မာရ်နတ်၏လက်၌ရှိ” သောလောက၏ ချစ်ခြင်းခံရရန် ခရစ်ယာန်စစ်များ မမျှော်လင့်ချေ။ (၁ ယောဟန် ၅:၁၉) သို့ပင်ငြားလည်း၊ ယေဟောဝါနှင့် ကိုယ်တော်၏စင်ကြယ်သော ဝတ်ပြုရေးသို့ လူများရောက်လာရန် ကြိုးပမ်းဖို့ သမ္မာကျမ်းစာက ခရစ်ယာန်များကို အားပေးသည်။ ယင်းကိုကျွန်ုပ်တို့သည် တိုက်ရိုက်သက်သေခံခြင်းနှင့် မိမိတို့၏အကျင့်ကောင်းဖြင့် ပြုလုပ်ကြသည်။ တမန်တော်ပေတရုက ရေးသားခဲ့သည် - “သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ ဘုရားသခင်ကြည့်ရှု စီရင်တော်မူသောနေ့ရက်၌ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။”—၁ ပေတရု ၂:၁၂။

၄ Forgive—But Do Not Forget စာအုပ်တွင်စာရေးသူ စယ်လ်ဗီယာ စယ်ဗေးစင်က နာဇီချွေးတပ်စခန်းတွင် သူနှင့်အတူနေဖက် သက်သေခံအမျိုးသမီးများအကြောင်း ဤသို့ဆိုသည် - “အဲ့ဒီနှစ်ယောက်ဖြစ်တဲ့ ကေသီနဲ့မာဂရက်သီရယ်၊ အခြားအတော်များများဟာ သူတို့ရဲ့ယုံကြည်ခြင်းမှာတင်မကဘဲ လက်တွေ့ကျကိစ္စတွေမှာလည်း ကျွန်မကိုအတော်အကူအညီဖြစ်စေခဲ့တယ်။ သူတို့ဟာ ကျွန်မတို့ရဲ့ အနာအဆာတွေအတွက် ပထမဆုံး သန့်ရှင်းတဲ့အဝတ်စုတ်တွေ ရအောင်ရှာပေးတယ် . .  ကျွန်မတို့ကို ကောင်းစွာကြိုဆိုပြီး သူတို့ရဲ့အပြုအမူအားဖြင့် သူတို့ရဲ့ရင်းနှီးတဲ့ခံစားမှုကို ပြသခဲ့တဲ့သူတွေကြားထဲမှာ မကြာမီမှာဘဲ ကျွန်မတို့ရောက်နေကြောင်းတွေ့ရတယ်။” “ပြင်ပလူများ” ထံမှ ကောင်းသောထုတ်ဖော်ပြောဆိုချက်ပါတကား။

၅၊ ၆။ (က) ခရစ်တော်သည် မျက်မှောက်ခေတ်တွင် မည်သည့်လုပ်ငန်း လုပ်ဆောင်နေသနည်း၊ ဘာကိုကျွန်ုပ်တို့ မမေ့သင့်သနည်း။ (ခ) လောကရှိသူများအပေါ် ကျွန်ုပ်တို့သဘောထား မည်သို့ရှိသင့်သနည်း၊ အဘယ်ကြောင့်နည်း။

၅ ပြင်ပလူများအပေါ် ကျွန်ုပ်တို့ပြုမူသော ပညာရှိလမ်းစဉ်ဖြင့် စိတ်စွန်းကွက်မှုကို ချိုးဖဲ့ပစ်ရန် များစွာပြုလုပ်နိုင်သည်။ မှန်သည်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စိုးစံနေသောဘုရင်၊ ခရစ်တော်ယေရှု လူမျိုးအပေါင်းတို့ကို “သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့” ခွဲခြားနေသောအချိန်တွင် အသက်ရှင်နေကြသည်။ (မဿဲ ၂၅:၃၂) သို့သော်ခရစ်တော်သည် တရားသူကြီးဖြစ်ကြောင်း ဘယ်တော့မျှ မမေ့ပါနှင့်၊ မည်သူသည် “သိုး” နှင့် မည်သူသည် “ဆိတ်” ဖြစ်ကြောင်းကို ကိုယ်တော်သာ ဆုံးဖြတ်သည်။—ယောဟန် ၅:၂၂။

၆ ယင်းသည် ယေဟောဝါအဖွဲ့အစည်းဝင် မဟုတ်သူများအပေါ် ကျွန်ုပ်တို့၏သဘောထားကို လွှမ်းမိုးသင့်သည်။ ကျွန်ုပ်တို့သည် သူတို့အား လောကသားများအဖြစ် ရှုမြင်ပေမည်၊ သို့သော်သူတို့သည် “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် . . . ချစ်တော်မူ” သော လောကသားများအဝင်ဖြစ်သည်။ (ယောဟန် ၃:၁၆) ရောင့်တက်စွာဖြင့် လူများကို ဆိတ်များဟုဆုံးဖြတ်မည့်အစား အလားအလာရှိသောသိုးများဟု ယူမှတ်လျှင် ပို၍ကောင်းသည်။ တစ်ချိန်က သမ္မာတရားကို ခက်ထန်စွာဆန့်ကျင်ခဲ့သူများသည် ယခုတွင်ဆက်ကပ်အပ်နှံထားသည့် သက်သေခံများ ဖြစ်နေကြသည်။ ဤအထဲမှအများစုသည် တိုက်ရိုက်သက်သေခံခြင်းကို မတုံ့ပြန်မီ ကြင်နာသောအပြုအမူကြောင့် ဦးဆုံးဆွဲဆောင်ခံရသူများဖြစ်သည်။ ဥပမာ၊ စာမျက်နှာ ၁၈ ရှိရုပ်ပုံကိုရှုပါ။

ဇွဲနပဲ၊ နိုင်ထက်စီးနင်းမဟုတ်

၇။ ပုပ်ကမည်သည့်အပြစ်တင်ဝေဖန်စကားပြောသနည်း၊ သို့သော်ကျွန်ုပ်တို့ မည်သည့်မေးခွန်း မေးမည်နည်း။

၇ ဒုတိယပုပ်ဂျွန်ပေါလ် သည် ဂိုဏ်းဂဏများကိုခြုံ၍ အပြစ်တင်ဝေဖန်ခဲ့ကာ အောက်ပါအတိုင်းပြောရာတွင် ယေဟောဝါသက်သေများကို အထူးရည်ညွှန်းခဲ့သည် - “နောက်လိုက်သစ်များရရှိရန် နိုင်ထက်စီးနင်းဟု ဆိုရမလောက်ဖြစ်သောဇွဲနပဲ၊ တစ်အိမ်မှတစ်အိမ်သွားခြင်း၊ လမ်းထောင့်များတွင် ဖြတ်သွားသူများကို ရပ်တန့်စေခြင်းသည် တမန်တော်ဆိုင်ရာ၊ တောက်လောင်သောသာသနာပြုများ၏ အတုအယောင် ဂိုဏ်းဂဏများသာဖြစ်သည်။” အကယ်၍ကျွန်ုပ်တို့၏လုပ်ငန်းသည် “တမန်တော်ဆိုင်ရာ၊ တောက်လောင်သော သာသနာပြုများ၏ အတုအယောင်” ဖြစ်လျှင် ဧဝံဂေလိဇွဲစစ်ကို အဘယ်မှာတွေ့နိုင်မည်နည်းဟု မေးရပေမည်။ ပရိုတက်စတင့်၊ ဩသဒေါ့စ်အသင်းစသည်တို့ကြားတွင်တော့မဖြစ်နိုင်ချေ။

၈။ ကျွန်ုပ်တို့၏တစ်အိမ်မှတစ်အိမ် သက်သေခံခြင်းကို မည်သို့ပြုလုပ်သင့်သနည်း၊ မည်သည့်ရလဒ်ကို မျှော်လင့်ရန်နည်း။

၈ မည်သို့ဆိုစေ၊ ကျွန်ုပ်တို့၏သက်သေခံခြင်းတွင် နိုင်ထက်စီးနင်းသည်ဟူသည့် မည်သည့်စွဲချက်ကိုမဆို ချေပရန် ကျွန်ုပ်တို့သည် လူများကိုချဉ်းကပ်ရာ၌ အစဉ်ကြင်နာ၊ လေးစား၍ သိမ်မွေ့သင့်သည်။ တမန်တော်ယာကုပ်က “သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစ်စုံတစ်ယောက်ရှိလျှင် ထိုသူသည်ပညာ၏နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကိုပြပါစေ” ဟုရေးသားခဲ့သည်။ (ယာကုပ် ၃:၁၃) တမန်တော်ပေါလုက ကျွန်ုပ်တို့အား “ရန်တွေ့ခြင်းကိုမပြု” ရန်တိုက်တွန်းခဲ့သည်။ (တိတု ၃:၂) ဥပမာ၊ ကျွန်ုပ်တို့သက်သေခံနေသူ၏ယုံကြည်ချက်များကို တဲ့တိုးအပြစ်တင်ရှုတ်ချမည့်အစား သူ သို့မဟုတ် သူမ၏သဘောထားအပေါ် ရိုးစင်းသောစိတ်ဝင်စားမှု ပြလျှင်မကောင်းပေလော။ ယင်းနောက်ထိုသူအား သမ္မာကျမ်းစာတွင် ပါသည့်အတိုင်း သတင်းကောင်းကို ပြောပါလေ။ အပြုသဘောချဉ်းကပ်မှုရှိကာ အခြားယုံကြည်ချက်ရှိသူများအပေါ် လေးစားမှုပြသခြင်းဖြင့် နားထောင်လိုစိတ်ရှိလာဖို့ သူတို့အားကျွန်ုပ်တို့ကူညီပေးနိုင်ပြီး သမ္မာကျမ်းစာ၏သတင်းတန်ဖိုးကို သိရှိကောင်းသိရှိလာပေမည်။ ရလဒ်အနေနှင့် အချို့သည် “ဘုရားသခင်ကိုချီးမွမ်း” လာပေမည်။—၁ ပေတရု ၂:၁၂။

၉။ (က) ကောလောသဲ ၄:၅ တွင် (ခ) ကောလောသဲ ၄:၆ တွင်ပေါလုပေးသည့် သွန်သင်ချက်ကို ကျွန်ုပ်တို့မည်သို့ ကျင့်သုံးနိုင်သနည်း။

၉ တမန်တော်ပေါလုက သွန်သင်ချက်ပေးခဲ့သည် - “ပြင်ပလူတို့၏မျက်နှာကိုထောက်လျက် ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနှုတ်ကြလော့။” (ကောလောသဲ ၄:၅) ယင်းနောက်ဆုံးပိုင်း အသုံးအနှုန်းကို ရှင်းပြလျက် ဂျေ၊ ဘီ၊ လိုက်ဖွတ်က ဤသို့ရေးသားခဲ့သည် - “ဘုရားအကျိုးဖြစ်ပွားစေမည့် ပြောဆိုမှုနှင့်လုပ်ဆောင်စေသည့် မည်သည့်အခွင့်အရေးကိုမျှ မလွတ်စေနှင့်။” (ကျွန်ုပ်တို့စာလုံးစောင်းထား။) မှန်သည်၊ ကျွန်ုပ်တို့သည် အခွင့်သာသည့်အချိန်အခါအတွက် စကားလုံးများနှင့်အပြုအမူများဖြင့် အသင့်ဖြစ်နေရမည်။ ထိုသို့သော ဉာဏ်ပညာတွင် အိမ်များသို့သွားရာ၌ နေ့၏လျောက်ပတ်သောအချိန်ကို ရွေးချယ်ခြင်းလည်းပါဝင်သည်။ အကယ်၍ကျွန်ုပ်တို့၏သတင်းကို ငြင်းပယ်လျှင် လူတို့သည် လေးမြတ်မှုမရှိ၍လော သို့မဟုတ် အခွင့်မသာသည့်အချိန်တွင် ကျွန်ုပ်တို့သွားခြင်းကြောင့်လော။ ပေါလုက “လူအသီးသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း သင်တို့စကားသည် ဆားအားဖြင့်ငန်သော အရသာနှင့်ပြည့်စုံလျက် အစဉ်မပြတ်တင့်တယ်လျှောက်ပတ်ပါစေ” ဟုလည်းရေးသားခဲ့သည်။ (ကောလောသဲ ၄:၆) ယင်းသို့ဖြစ်ရန်ကြို၍တွေးတောထားရန်နှင့် အိမ်နီးချင်းမေတ္တာလိုအပ်သည်။ ကျွန်ုပ်တို့သည် နိုင်ငံတော်သတင်းကို အမြဲပင်ရည်မွန်စွာ တင်ပြကြပါစို့။

လေးစားလျက်၊ ‘ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ဖြစ်ခြင်း’

၁၀။ (က) တမန်တော်ပေါလုသည် ကရေတေတွင် နေထိုင်သော ခရစ်ယာန်များအား မည်သည့်သွန်သင်ချက် ပေးသနည်း။ (ခ) ယေဟောဝါသက်သေများသည် ပေါလု၏သွန်သင်ချက်ကို လိုက်လျှောက်ရာတွင် မည်သို့ပုံသက်သေဖြစ်သနည်း။

၁၀ ကျွန်ုပ်တို့သည် သမ္မာကျမ်းကျင့်စဉ်များအပေါ် မလျော့ပေါ့မချိုးဖောက်နိုင်ပါ။ အခြားတစ်ဖက်မှကြည့်လျှင် ကျွန်ုပ်တို့သည် ခရစ်ယာန်သမာဓိစောင့်သိခြင်းနှင့် မပတ်သက်သော မေးခွန်းများအပေါ် မလိုအပ်ဘဲ ရေးကြီးခွင့်ကျယ်မလုပ်သင့်။ တမန်တော်ပေါလုက ရေးသားခဲ့သည်– “လူတို့သည် အထွတ်အမြတ်အာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှာလည်းကောင်း မင်း၏စကားကို နားထောင်စေခြင်းငှာလည်းကောင်း ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု. . . [ရန်] အသင့်ဖြစ်စေခြင်းငှာလည်းကောင်း အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညင်းသောသဘောရှိ၍ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှာလည်းကောင်း [ကရေတေရှိခရစ်ယာန်များအား] သတိပေးလော့။” (တိတု ၃:၁၊ ၂) ကျမ်းပညာတတ် အီး၊ အက်ဖ်၊ စကော့က ဤစာပိုဒ်အကြောင်း ရေးသားခဲ့သည်– “ခရစ်ယာန်များသည် အာဏာပိုင်ကို နာခံရုံမကဘဲ သူတို့သည် မည်သည့်ကောင်းသောအလုပ်အတွက်မဆို အသင့်ရှိနေရမည်။ ယင်းက . . . ဆိုလိုသည်မှာ၊ အခြေအနေကတောင်းဆိုလာလျှင် လူသားချင်းစိတ်ဓာတ်ကို ပြသရာတွင် ခရစ်ယာန်များသည် အဦးဆုံးဖြစ်သင့်သည်။ အမြဲပင် မီးဘေး၊ ကပ်ရောဂါ၊ ဘေးဒုက္ခအဖုံဖုံရှိမည်ဖြစ်ရာ ကောင်းသောတိုင်းသူပြည်သားတိုင်းသည် မိမိတို့၏ အိမ်နီးချင်းများကို ကူညီရန်ဆန္ဒရှိပေမည်။” ကမ္ဘာတစ်ခွင်တွင် ကပ်ဘေးများစွာ ဖြစ်ပေါ်နေရာ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရာ၌ ဦးဆုံးထဲတွင် ယေဟောဝါသက်သေများပါဝင်သည်။ သူတို့သည် သူတို့၏ ညီအစ်ကိုများကိုသာမဟုတ်ဘဲ ပြင်ပလူများကိုလည်း ကူညီပေးခဲ့သည်။

၁၁၊ ၁၂။ (က) ခရစ်ယာန်များသည် အာဏာပိုင်များအပေါ် မည်သို့ပြုမူသင့်သနည်း။ (ခ) ခန်းမများဆောက်ရာတွင် အာဏာပိုင်များအောက် ဝန်ခံခြင်း၌ ဘာပါဝင်သနည်း။

၁၁ တိတုထံပေါလု၏စာမှ ထိုစာပိုဒ်သည် အာဏာပိုင်များအပေါ် လေးစားသောသဘောထားမွေးမြူရန် အရေးကြီးပုံကိုလည်း ဖော်ညွှန်းသည်။ ငယ်ရွယ်သောခရစ်ယာန်များသည် ကြားနေမှုအပေါ် မိမိတို့၏ရပ်တည်မှုကြောင့် တရားသူကြီးများရှေ့မှောက် ရောက်သောအခါ ပြင်ပလူများရှေ့ ဉာဏ်ပညာဖြင့်ကျင့်ဆောင်ရန် အထူးဂရုမူသင့်သည်။ သူတို့၏ပုံပန်း၊ ပြုမူပုံနှင့် ထိုသို့သောအာဏာပိုင်များကို စကားပြောပုံဖြင့် ယေဟောဝါလူမျိုး၏ ဂုဏ်သိက္ခာကိုရရှိစေရန် သို့မဟုတ် ထိခိုက်ရန် များစွာပြုလုပ်နိုင်သည်။ “ရိုသေထိုက်သောသူကိုရိုသေ” သင့်ပြီး သင်တို့၏ချေပချက်ကို နက်ရှိုင်းသောလေးစားမှုနှင့်ပြုသင့်သည်။—ရောမ ၁၃:၁-၇။ ၁ ပေတရု ၂:၁၇။ ၃:၁၅။

၁၂ “အာဏာစက်” တွင် ဒေသခံအာဏာပိုင်များ ပါဝင်သည်။ ယခုတွင် ခန်းမများကို ပိုမိုဆောက်လုပ်လာရသည့်အတွက် ဒေသခံအာဏာပိုင်များနှင့် ဆက်ဆံရခြင်းသည် မလွှဲရှောင်နိုင်ချေ။ မကြာခဏပင် အကြီးအကဲများသည် စိတ်စွန်းကွက်မှုများနှင့် ကြုံတွေ့ရသည်။ သို့သော်၊ အသင်းတော် ကိုယ်စားလှယ်များသည် အာဏာပိုင်များနှင့် ဆက်ဆံရေးကောင်းရရှိထားကာ မြို့စီမံခန့်ခွဲရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်သောအခါ သူတို့၏ဤစိတ်စွန်းကွက်မှုကို ချိုးဖျက်နိုင်ကြောင်း တွေ့ခဲ့ရသည်။ အများအားဖြင့်၊ ယခင်ကယေဟောဝါသက်သေများနှင့် သူတို့၏သတင်းကိုအနည်းငယ် သို့မဟုတ် လုံးဝမသိသောသူများကို ကောင်းစွာသက်သေခံနိုင်ခဲ့သည်။

‘တတ်နိုင်သမျှ လူအပေါင်းတို့နှင့် အသင့်အတင့်နေလော့’

၁၃၊ ၁၄။ ပေါလုသည် ရောမတွင်ရှိ ခရစ်ယာန်များအား မည်သည့်သွန်သင်ချက် ပေးသနည်း၊ ယင်းကိုကျွန်ုပ်တို့သည် ပြင်ပလူများနှင့် ဆက်ဆံရာတွင် မည်သို့ကျင့်သုံးနိုင်သနည်း။

၁၃ ပေါလုသည် တိတ္ထိရောမတွင်နေထိုင်သော ခရစ်ယာန်များအား အောက်ပါသွန်သင်ချက်ပေးခဲ့သည် - “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သော အကျင့်ကိုကြံစည်ကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။ ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့်။ ကျမ်းစာလာသည်ကား၊ ‘ငါသည်အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်ဟု ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။” ထို့ကြောင့် ‘သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထားလိမ့်မည်။’ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။” —ရောမ ၁၂:၁၇-၂၁။

၁၄ ပြင်ပလူများနှင့် ကျွန်ုပ်တို့ဆက်ဆံရာတွင် ကျွန်ုပ်တို့ခရစ်ယာန်စစ်များအနေနှင့် အတိုက်အခံများကို မလွှဲမရှောင်သာဘဲ ရင်ဆိုင်ရသည်။ အထက်ပါစာပိုဒ်တွင်ပေါလုက ဉာဏ်ပညာလမ်းစဉ်သည် အတိုက်အခံကို ကြင်နာသော အပြုအမူများဖြင့် ကျော်လွှားရန်ဖြစ်သည်။ မီးခဲများပမာ၊ ဤကြင်နာသော အပြုအမူများသည် ရန်လိုမှုကို အရည်ပျော်စေကောင်းပျော်စေမည်ဖြစ်ပြီး တိုက်ခံသူသည် ယေဟောဝါ၏လူမျိုးအပေါ် ပို၍ကြင်နာသောသဘောထား ရှိလာကာ သတင်းကောင်းတွင်ပင် သူ၏စိတ်ဝင်စားမှုကို နိုးကြွစေပေမည်။ ဤသို့ဖြစ်ချိန်တွင် အကောင်းအားဖြင့် အဆိုးကိုနိုင်ပါ။

၁၅။ ခရစ်ယာန်များသည် ပြင်ပလူများအပေါ် မည်သည့်အခါတွင် ဉာဏ်ပညာဖြင့်ပြုမူရန် အထူးဂရုမူရမည်နည်း။

၁၅ သမ္မာတရားကို လက်မခံသေးသော အိမ်ထောင်ဖက်တစ်ဦးရှိသည့် အိမ်များတွင် ပြင်ပသူများအပေါ် ဉာဏ်ပညာဖြင့် ကျင့်ဆောင်ရန် ပို၍အရေးကြီးသည်။ သမ္မာကျမ်းကျင့်စဉ်များကို လိုက်နာခြင်းသည် ပိုကောင်းသော လင်သားများ၊ ပိုကောင်းသောဇနီးသည်များနှင့် ပိုမိုနာခံမှုရှိ၍ ကျောင်းတွင်ပိုမိုကြိုးပမ်းသော ကလေးများကို ဖြစ်ပေါ်စေသည်။ ယုံကြည်သူအပေါ် သမ္မာကျမ်းကျင့်စဉ်များ၏ ကျန်းခံ့သောအကျိုးသက်ရောက်မှု ရှိစေသည်ကို မယုံကြည်သူသည် မြင်နိုင်သင့်သည်။ သို့နှင့်၊ အချို့သည် ဆက်ကပ်အပ်နှံထားသော မိသားစုဝင်များ၏ ‘အကျင့်အားဖြင့် တရားမနာသော်လည်း သွေးဆောင်’ ခံရပေမည်။—၁ ပေတရု ၃:၁၊၂။

‘ခပ်သိမ်းသောသူတို့အား ကောင်းစွာသောအမှုကိုပြုခြင်း’

၁၆၊ ၁၇။ (က) မည်သည့်ယဇ်ပူဇော်ခြင်းများကို ဘုရားရှင်အထူးနှစ်ခြိုက်သနည်း။ (ခ) ကျွန်ုပ်တို့သည် မိမိတို့၏ညီအစ်ကိုများနှင့် ပြင်ပရှိသူများအပေါ်၌လည်းမည်သို့ ‘ကောင်းသောအမှုပြု’ သင့်သနည်း။

၁၆ ကျွန်ုပ်တို့၏ အိမ်နီးချင်းအတွက် အကြီးမြတ်ဆုံးပြုလုပ်နိုင်သော ကောင်းမှုသည် သူ့ထံအသက်သတင်းပေးခြင်းနှင့် ယေရှုခရစ်အားဖြင့် ယေဟောဝါနှင့် မိတ်သဟာယဖြစ်ရန်အကြောင်း သင်ပေးခြင်းဖြစ်သည်။ (ရောမ ၅:၈-၁၁) ထို့ကြောင့်တမန်တော်ပေါလုက ကျွန်ုပ်တို့အား ပြောပြသည်– “ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကိုဝန်ခံလျက် နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။” (ဟေဗြဲ ၁၃:၁၅) ပေါလုကထပ်ဆင့်လိုက်သည် - “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။” (ဟေဗြဲ ၁၃:၁၆) လူများထံ ကျွန်ုပ်တို့၏ သက်သေခံခြင်းအပြင် ‘ကောင်းမှုပြုခြင်း’ ကိုမမေ့သင့်ချေ။ ယင်းသည် ဘုရားသခင်နှစ်ခြိုက်သော ပူဇော်သက္ကာများတွင် တစ်စုတစ်စည်းတည်းဖြစ်သည်။

၁၇ ပင်ကိုယ်အားဖြင့် ကျွန်ုပ်တို့သည် စိတ်ပိုင်းအရ၊ ဝိညာဏအရ၊ ရုပ်ခန္ဓာပိုင်းအရ သို့မဟုတ် ရုပ်ပစ္စည်းပိုင်းအရ လိုအပ်နေသော မိမိတို့၏ဝိညာဏညီအစ်ကိုများအား ကောင်းမှုပြုကြသည်။ ပေါလုရေးသားခဲ့စဉ် ယင်းအချက်ကိုဖော်ပြခဲ့သည်– “ငါတို့သည် အဆင်သင့်သည်အတိုင်း ခပ်သိမ်းသောသူတို့အား ကောင်းစွာသော အမှုကိုပြုလျက် ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့အား အထူးသဖြင့် ပြုကြကုန်အံ့။” (ဂလာတိ ၆:၁၀၊ သမ္မ။ ယာကုပ် ၂:၁၅၊ ၁၆) သို့သော်ကျွန်ုပ်တို့သည် ‘ခပ်သိမ်းသောသူတို့အား ကောင်းသောအမှုပြု’ ရန် စကားကို မမေ့သင့်ချေ။ ဆွေမျိုးတစ်ဦး၊ အိမ်နီးချင်းတစ်ဦး၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ကြင်နာသော အပြုအမူတစ်ရပ်က ကျွန်ုပ်တို့အပေါ်ရှိနေသော စိတ်စွန်းကွက်မှုကို ချိုးဖျက်ရန် အတော်ပင်ပြုလုပ်နိုင်ပြီး ထိုသူ၏နှလုံးကို သမ္မာတရားဘက် ဖွင့်လှစ်ပေးနိုင်သည်။

၁၈။ (က) မည်သည့်အန္တရာယ်များကို ကျွန်ုပ်တို့ရှောင်ရှားသင့်သနည်း။ (ခ) ကျွန်ုပ်တို့သည် မိမိတို့၏ ခရစ်ယာန်ကောင်းမြတ်ခြင်းကို လူများထံသက်သေခံခြင်းလုပ်ငန်းတွင် ထောက်ကူရန် မည်သို့အသုံးပြုနိုင်သနည်း။

၁၈ ယင်းသို့ပြုနိုင်ရန် ကျွန်ုပ်တို့သည်ပြင်ပရှိသူများနှင့် ရင်းနှီးသောမိတ်ဆွေများဖြစ်ရန် ပြုဖို့မလိုချေ။ ထိုသို့သော အပေါင်းအသင်းများသည် အန္တရာယ်ရှိလာနိုင်သည်။ (၁ ကောရိန္သု ၁၅:၃၃) လောကနှင့် မိတ်ဆွေဖြစ်ခြင်းသည် အဓိပ္ပာယ်မရှိချေ။ (ယာကုပ် ၄:၄) သို့သော် ကျွန်ုပ်တို့၏ ခရစ်ယာန်ကောင်းမြတ်ခြင်းသည် ဟောပြောခြင်းကို ထောက်မနိုင်သည်။ အချို့နိုင်ငံများတွင် သူတို့၏အိမ်များတွင် လူများကိုစကားပြောရန် ပိုမိုခက်ခဲလာနေသည်။ ကျွန်ုပ်တို့သည် အိမ်သားများကို အဆက်အသွယ်မရရန် အချို့အဆောက်အဦများကို ကိရိယာများဖြင့် ကာကွယ်ထားသည်။ ဖွံ့ဖြိုးသောနိုင်ငံများတွင် တယ်လီဖုန်းသည် ဟောပြောရန် လမ်းစဖွင့်ပေးသည်။ နိုင်ငံအများတွင် လမ်းဆုံလမ်းဝတွင်ရပ်၍ သက်သေခံနိုင်သည်။ သို့တိုင်၊ နိုင်ငံအားလုံးတွင် နှစ်လိုဖွယ်ဖြစ်ခြင်း၊ ယဉ်ကျေးခြင်း၊ ကြင်နာခြင်းနှင့် ရိုင်းပင်းခြင်းဖြင့် စိတ်စွန်းကွက်မှုကို ချိုးဖျက်ကာ ကောင်းစွာသက်သေခံခွင့်ကို ဖွင့်ပေးသည်။

တိုက်ခံသူများကိုနှုတ်ပိတ်ခြင်း

၁၉။ (က) ကျွန်ုပ်တို့သည် လူ့အကြိုက်လိုက်နေသူများမဟုတ်သည့်အတွက် ဘာကိုမျှော်လင့်နိုင်သနည်း။ (ခ) ကျွန်ုပ်တို့သည် ဒံယေလ၏ပုံသက်သေကို လိုက်လျှောက်ရန်နှင့် ပေတရု၏သွန်သင်ချက်ကို ကျင့်သုံးရန် မည်သို့ကြိုးပမ်းသင့်သနည်း။

၁၉ ယေဟောဝါသက်သေများသည် လူ့အကြိုက်လိုက်သူများလည်းမဟုတ်၊ လူကြောက်သူများလည်း မဟုတ်ပါ။ (သု၊ ၂၉:၂၅။ ဧဖက် ၆:၆) စံပြအခွန်ပေးသူများ၊ ပြည်သားကောင်းများဖြစ်ရန် သူတို့အစွမ်းကုန် ကြိုးစားလင့်ကစား တိုက်ခံသူများသည် သူတို့နှင့်စပ်လျဉ်း၍ မလိုတမာမုသာများဖြန့်ခြင်း၊ မလေးမခန့်ပြောခြင်း ပြုမည်ကို သူတို့အပြည့်အဝ သိရှိပြီးဖြစ်သည်။ (၁ ပေတရု ၃:၁၆) ယင်းကိုသိရှိလျက်၊ သူတို့သည် ဒံယေလကို ကြိုးစားတုပသည်၊ သူနှင့်စပ်လျဉ်း၍ ရန်သူများက “ဘုရားသခင်၏ ဘာသာမှုမှတစ်ပါး အခြားသောအမှုတွင် ဒံယေလ၌အပြစ်တင်ခွင့်ကို ငါတို့မတွေ့နိုင်ကြ” ဟုဆိုခဲ့ကြသည်။ (ဒံယေလ ၆:၅) ကျွန်ုပ်တို့သည် လူများနှစ်ခြိုက်ရန် ဘယ်တော့မျှ ကျမ်းကျင့်စဉ်များကို လျော့ပေါ့လိုက်မည်မဟုတ်ချေ။ အခြားတစ်ဖက်တွင်၊ ကျွန်ုပ်တို့သည် အာဇာနည်များဖြစ်ရေး မလုပ်ဆောင်ပါ။ ကျွန်ုပ်တို့သည် ငြိမ်းချမ်းစွာနေရန် ကြိုးပမ်းပြီး တမန်တော်၏သွန်သင်ချက်ကို နာယူသည် - “သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသောစကားကို ချေစေခြင်းငှာ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။”—၁ ပေတရု ၂:၁၅။

၂၀။ (က) ကျွန်ုပ်တို့သည် ဘာကိုစိတ်ချနိုင်သနည်း၊ ယေရှုသည် ကျွန်ုပ်တို့အား မည်သည့် အားပေးချက် ပေးခဲ့သနည်း။ (ခ) ပြင်ပရှိသူများနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့မည်သို့ ဉာဏ်ပညာဖြင့် ဆက်လက်ကျင့်သုံးသွားနိုင်မည်နည်း။

၂၀ လောကနှင့် ကျွန်ုပ်တို့၏သီးခြားဖြစ်မှုသည် သမ္မာကျမ်းစာနှင့် လုံးဝညီညွတ်ကြောင်း ကျွန်ုပ်တို့စိတ်ချသည်။ ယင်းကို ပထမရာစု ခရစ်ယာန်များ၏ သမိုင်းကထောက်ခံသည်။ ယေရှု၏စကားများအားဖြင့် ကျွန်ုပ်တို့၏နှလုံး နှစ်သိမ့်မှုရသည်– “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည်လောကကို အောင်ပြီ။” (ယောဟန် ၁၆: ၃၃) ကျွန်ုပ်တို့မကြောက်ရွံ့ပါ။ “သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင် အဘယ်သူညှဉ်းဆဲမည်နည်း။ ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား မင်္ဂလာရှိကြ၏။ သူတို့၏ ခြိမ်းခြောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။ စိတ်နှလုံးထဲ၌ ထာဝရအရှင် ဘုရားသခင်ကို ရိုသေခြင်း ရှိကြလော့။ သင်တို့၏ မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။” (၁ ပေတရု ၃:၁၃-၁၅) ဤသို့ပြုစဉ်၊ ကျွန်ုပ်တို့သည် ပြင်ပရှိသူများအပေါ် ဉာဏ်ပညာဖြင့် ဆက်လက်ကျင့်ဆောင်သွားကြပါစို့။

ပြန်လည်သုံးသပ်ခြင်းအားဖြင့်

◻ ယေဟောဝါသက်သေများသည် ပြင်ပလူများအပေါ် အဘယ်ကြောင့် ဉာဏ်ပညာဖြင့် ကျင့်ဆောင်ရန် လိုအပ်သနည်း။

◻ ခရစ်ယာန်စစ်များသည် အဘယ်ကြောင့် လောက၏ချစ်ခြင်းကိုခံရရန် ဘယ်တော့မျှ မမျှော်လင့်နိုင်သနည်း၊ သို့သော် သူတို့သည် ဘာကိုကြိုးစား ပြုသင့်သနည်း။

◻ လောကရှိသူများအပေါ် ကျွန်ုပ်တို့၏သဘောထား မည်သို့ဖြစ်သင့်သနည်း၊ အဘယ်ကြောင့်နည်း။

◻ ကျွန်ုပ်တို့သည် မိမိတို့၏ညီအစ်ကိုများအပေါ်သာမဟုတ်ဘဲ ပြင်ပရှိသူများ အပေါ်တွင်လည်း အဘယ်ကြောင့် ‘ကောင်းသောအမှုပြု’ သင့်သနည်း။

◻ ပြင်ပရှိသူများအပေါ် ကျွန်ုပ်တို့၏ဉာဏ်ပညာနှင့် ကျင့်ဆောင်မှုသည် လူများထံသက်သေခံခြင်းလုပ်ငန်းတွင် မည်သို့ထောက်ကူနိုင်သနည်း။

ခရစ်ယာန်များသည် “ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ဖြစ်” သင့်သည်

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဝဲဘက်။ ပြင်သစ်ရှိ ခရစ်ယာန်စစ်များသည် ရေလွှမ်းမိုးပြီးနောက် သူတို့၏အိမ်နီးချင်းတို့အားကူညီနေကြ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကြင်နာသောခရစ်ယာန်အပြုအမူက စိတ်စွန်းကွက်မှုကို ချိုးဖျက်ရန် များစွာစွမ်းဆောင်နိုင်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ