ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၂/၁၅ စာ. ၁၈-၂၃
  • မေတ္တာလမ်းစဉ်သည် ထာဝစဉ်တည်၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေတ္တာလမ်းစဉ်သည် ထာဝစဉ်တည်၏
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထောင်လွှားခြင်းကိုမေတ္တာကအနိုင်ယူ
  • ချစ်ခြင်းမေတ္တာက ငြိမ်းချမ်းသောဆက်ဆံရေးရှိစေ
  • ချစ်ခြင်းမေတ္တာသည် ခံနိုင်ရည်ရှိစေ
  • ချစ်ခြင်းမေတ္တာ—“သာ၍မြတ်သောလမ်း”
  • “မေတ္တာတရား၌ ကျင်လည်ကြလော့”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • သာလွန်ထူးခြားသောမေတ္တာလမ်းစဉ်ကို လိုက်လျှောက်လေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ချစ်ခြင်းမေတ္တာ (အဂါးပေး)—အဘယ်အရာမဟုတ်၍ အဘယ်အရာဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အစဉ်တည်သော မေတ္တာကို ပြုစုပျိုးထောင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၂/၁၅ စာ. ၁၈-၂၃

မေတ္တာလမ်းစဉ်သည် ထာဝစဉ်တည်၏

“သင်တို့သည် အမြတ်ဆုံးသောဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ်သောလမ်းကို ငါပြဦးမည်။”—၁ ကောရိန္သု ၁၂:၃၁။

၁-၃။ (က) ချစ်ခြင်းမေတ္တာတင်ပြရန်သင်ယူခြင်းသည် ဘာသာစကားအသစ်တစ်ခုသင်ယူခြင်းနှင့် မည်မျှဆင်တူသနည်း။ (ခ) အဘယ်အခြေအနေများသည် ချစ်ခြင်းမေတ္တာတင်ပြရန်သင်ယူခြင်းကို စိန်ခေါ်ချက်ဖြစ်စေနိုင်သနည်း။

ဘာသာစကားအသစ်တစ်ခုကို သင်ယူရန်ကြိုးစားခဲ့ဖူးပါသလော။ မည်သို့ပင်ဆိုစေ စိန်ခေါ်ချက်တစ်ခုဖြစ်၏! ကလေးငယ်တစ်ဦးမူကား ဘာသာစကားတစ်ခုကိုကြားရရုံဖြင့် အမှန်သင်ယူနိုင်၏။ သူ၏ဦးနှောက်သည် အသံများနှင့် စကားလုံးအဓိပ္ပာယ်များကိုစုပ်ယူနိုင်ရာ သူငယ်လေးသည် မကြာမီတွင် ကျွမ်းကျင်စွာ တတွတ်တွတ်ပင် စကားပြောကောင်းပြောနေပေမည်။ လူကြီးများမှာမူ ထိုသို့မဟုတ်ကြချေ။ နိုင်ငံခြားဘာသာစကားတစ်ခု၏ အခြေခံစကားစုအနည်းငယ်ကို ကျွမ်းကျင်စွာတတ်သိထားရန် နိုင်ငံခြားဘာသာစကားအဘိဓာန်တစ်ခုကို မကြာခဏရှာဖွေလေ့လာခဲ့ရပေမည်။ သို့သော် အတန်ကြာ၍ အတော်တီးမိခေါက်မိသောအခါ ဘာသာစကားအသစ်ဖြင့် စတင်တွေးတောလာကာ ပြောဆိုဖို့ပိုလွယ်ကူလာပေသည်။

၂ ချစ်ခြင်းမေတ္တာကိုတင်ပြရန်သင်ယူခြင်းသည် ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းနှင့်တူ၏။ မှန်ပါသည်၊ ဤဘုရားသခင်ရေးရာအရည်အချင်းအတော်အတန်ကို လူသားများအမွေခံရရှိထားကြသည်။ (ကမ္ဘာဦး ၁:၂၇; ၁ ယောဟန် ၄:၈ နှိုင်းယှဉ်။) သို့တိုင် ချစ်ခြင်းမေတ္တာကိုတင်ပြရန်သင်ယူခြင်းသည် ပကတိကြင်နာစုံမက်ခြင်းရှားပါးလှသည့် အထူးသဖြင့် ယခုအချိန်တွင် အားကြိုးမာန်တက်ကြိုးစားဖို့လိုသည်။ (၂ တိမောသေ ၃:၁-၅) တစ်ခါတစ်ရံ မိသားစုတွင်ပင် ထိုသို့ဖြစ်တတ်သည်။ မှန်ပါသည်၊ လူများစွာသည် မေတ္တာပြည့်ဝသောစကားများပြောဆိုခဲလှသည့် ရုန့်ရင်းကြမ်းတမ်းသောအသိုင်းအဝိုင်းတွင် ကြီးပြင်းလာကြသည်။ (ဧဖက် ၄:၂၉-၃၁; ၆:၄) သို့ဆိုလျှင် ကိုယ်ကိုယ်တိုင် မေတ္တာကိုရခဲခဲ့သည့်တိုင် မေတ္တာကို မည်သို့တင်ပြနိုင်မည်နည်း။

၃ သမ္မာကျမ်းစာက ကူညီပေးနိုင်သည်။ ၁ ကောရိန္သု ၁၃:၄-၈ တွင် ပေါလုသည် ချစ်ခြင်းမေတ္တာကို စကားလုံးအတိုင်းအနက်မဖွင့်ဆိုဘဲ အထူးမြတ်ဆုံးမေတ္တာ၏ပုံစံကို ကွက်ကွက်ကွင်းကွင်းဖော်ပြထားသည်။ ဤအခန်းငယ်များကိုသုံးသပ်ခြင်းဖြင့် ဘုရားသခင်ရေးရာအရည်အသွေး၏သဘောသဘာဝကို နားလည်ရန်ကူညီပေးပြီး ယင်းကိုဖော်ပြဖို့ ပိုလွယ်ကူပေမည်။ ပေါလုဖော်ပြခဲ့သည့် ချစ်ခြင်းမေတ္တာ၏အသွင်တချို့ကို သုံးသပ်ကြည့်ကြစို့။ ယင်းတို့ကို အကြမ်းအားဖြင့် အမျိုးအစားသုံးမျိုးဖြင့် ဤသို့အုပ်စုခွဲဖော်ပြမည်– ကျွန်ုပ်တို့၏ယေဘုယျအကျင့်အကြံ; ပို၍သတ်သတ်မှတ်မှတ်တင်ပြရလျှင် အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး; နောက်ဆုံးအနေဖြင့် ကျွန်ုပ်တို့၏ခံနိုင်ရည်တို့ဖြစ်သည်။

ထောင်လွှားခြင်းကိုမေတ္တာကအနိုင်ယူ

၄။ သမ္မာကျမ်းစာက မနာလိုခြင်းအပေါ် မည်သည့်ထိုးထွင်းသိမြင်မှုပေး သနည်း။

၄ ချစ်ခြင်းမေတ္တာအကြောင်း အစကနဦးဖော်ပြချက်များတင်ပြပြီးနောက် ကောရိန္သုမြို့သားများထံ ပေါလုက ဤသို့ရေးသားခဲ့သည်– “ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ။” (၁ ကောရိန္သု ၁၃:၄၊ ကဘ) သူတစ်ထူး၏ကြီးပွားမှု သို့မဟုတ် အောင်မြင်မှုများကိုသဝန်တိုမှုဖြင့် ယင်းသို့သောမနာလိုစိတ်ကိုဖော်ပြနိုင်ပေသည်။ မနာလိုမှုသည် ကာယရေး၊ စိတ္တရေးနှင့် ဝိညာဉ်ရေးတို့ကိုပျက်စီးစေသည်။—သု. ၁၄:၃၀; ရောမ ၁၃:၁၃; ယာကုပ် ၃:၁၄-၁၆။

၅။ ကျွန်ုပ်တို့ကိုဥပေက္ခာပြုပြီး သီအိုကရက်တစ်အခွင့်အရေးတစ်ခုပေးအပ်ခြင်းမခံခဲ့ရဟု အထင်ရှိသောအခါ မနာလိုမှုကိုအောင်နိုင်ရန် ချစ်ခြင်းမေတ္တာသည် မည်သို့အကူအညီပေးနိုင်သနည်း။

၅ ယင်းကြောင့် ‘ငါဟာဥပေက္ခာပြုခံရပုံပေါက်ပြီး သီအိုကရက်တစ်အခွင့်အရေးတစ်ခုအပေးမခံရတဲ့အခါ သူတစ်ပါးကိုငြူစူသလား’ ဟူ၍ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ငြူစူသည်ဟုအဖြေထွက်လျှင် စိတ်ပျက်မသွားပါနှင့်။ သမ္မာကျမ်းစာရေးသူယာကုပ်က “ငြူစူစေချင်သောသဘော” သည် မစုံလင်သောလူသားအားလုံး၌ရှိသည်ဟု သတိပေးခဲ့၏။ (ယာကုပ် ၄:၅) သင့်ညီအစ်ကိုအပေါ်ထားသည့်မေတ္တာက မျှတသောသဘောကို ပြန်လည်ရရှိစေနိုင်သည်။ ယင်းက တစ်စုံတစ်ယောက်သည် ကောင်းချီးရသောအခါ သို့မဟုတ် ချီးမွမ်းခံရသောအခါ မိမိကိုစော်ကားခြင်းဖြစ်သည်ဟုသဘောမထားဘဲ ဝမ်းမြောက်သောသူတို့နှင့်အတူ သင့်ကိုဝမ်းမြောက်စေနိုင်သည်။—၁ ဓမ္မရာဇဝင် ၁၈:၇-၉ နှိုင်းယှဉ်။

၆။ ပထမရာစုကောရိန္သုအသင်းတော်တွင် အဘယ်ပြင်းထန်သောအခြေအနေဖြစ်ပေါ်ခဲ့သနည်း။

၆ ချစ်ခြင်းမေတ္တာသည် “ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ” ဟုပေါလုကထပ်ဆင့်ထား၏။ (၁ ကောရိန္သု ၁၃:၄) ကျွန်ုပ်တို့၌ ပင်ကိုစွမ်းရည် သို့မဟုတ် လုပ်ရည်ကိုင်ရည်တစ်ခုခုရှိမည်ဆိုလျှင် ယင်းကိုကြွားလုံးထုတ်စရာမလိုချေ။ ယင်းသည် ရှေးခေတ်ကောရိန္သုအသင်းတော်ထဲ အမှတ်တမဲ့ဝင်လာခဲ့သည့် ရည်မှန်းချက်ကြီးသူတချို့၏ပြဿနာဖြစ်သည်မှာ ထင်ရှားသည်။ သူတို့တွင် အယူအဆများကို ဖော်ပြရာတွင် သာမန်ထက်လုပ်ရည်ကိုင်ရည်များရှိမည် သို့မဟုတ် တစ်ခုခုကိုပြုလုပ်ရာတွင် ပိုကျွမ်းကျင်သည့်နည်းရှိပေမည်။ မိမိတို့ကိုယ်ကိုအာရုံစိုက်စေခဲ့ကြခြင်းသည် အသင်းတော်ကိုအုပ်စုကွဲပြားစေခဲ့ပေမည်။ (၁ ကောရိန္သု ၃:၃၊ ၄; ၂ ကောရိန္သု ၁၂:၂၀) “ထူးချွန်သောတမန်တော်တို့” ဟူ၍ ပေါလုဝေဖန်ဖော်ပြခဲ့သော ‘ဉာဏ်မဲ့သူတို့ကိုသည်းခံ၍နေကြ’ သောကြောင့် အခြေအနေသည် အလွန်ဆိုးရွားလာခဲ့ရာ နောက်ပိုင်းတွင် ပေါလုက ကောရိန္သုမြို့သားများကိုဆုံးမခဲ့ရသည်။—၂ ကောရိန္သု ၁၁:၅၊ ၁၉၊ ၂၀၊ သမ။

၇၊ ၈။ စည်းလုံးမှုကိုမြှင့်တင်ပေးရန် ကျွန်ုပ်တို့တွင်ရှိသည့် မည်သည့်ပင်ကိုစွမ်းရည်ကိုမဆို မည်သို့အသုံးပြုနိုင်ကြောင်း သမ္မာကျမ်းစာဖြင့်ဖော်ပြပါ။

၇ ယနေ့ အလားတူအခြေအနေဖြစ်ပေါ်နိုင်သည်။ ဥပမာ၊ တချို့သည် ခရစ်ယာန်ဓမ္မအမှုတွင်မိမိတို့၏အောင်မြင်မှုများ သို့မဟုတ် ဘုရားသခင့်အဖွဲ့အစည်းတွင် မိမိတို့၏အခွင့်အရေးများအကြောင်းကို ကြွားဝါလိုစိတ်ရှိပေမည်။ ကျွန်ုပ်တို့သည် အသင်းတော်တွင်အခြားသူများ၌မရှိသော အထူးကျွမ်းကျင်မှု သို့မဟုတ် လုပ်ရည်ကိုင်ရည်တစ်ခုခုရှိဦးတော့ မာန်မာနတက်စရာအကြောင်းလော။ အမှန်မှာ ကျွန်ုပ်တို့၏မည်သည့်ပင်ကိုစွမ်းရည်ကိုမဆို မိမိတို့ကိုယ်ကိုမဟုတ်ဘဲ စည်းလုံးမှုကိုမြှင့်တင်ပေးရန် အသုံးပြုသင့်သည်။—မဿဲ ၂၃:၁၂; ၁ ပေတရု ၅:၆။

၈ အသင်းတော်တစ်ခုတွင် အသင်းဝင်များစွာရှိသော်လည်း “ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ” ၏ဟုပေါလုရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၂:၁၉-၂၆) “မျှစေ” ဟုပြန်ဆိုထားသောဂရိစကားလုံးသည် ရောင်စုံများကိုရောစပ်သကဲ့သို့ သဟဇာတရှိရှိမွှေခြင်းဟူသည့်သဘောသက်ရောက်သည်။ ထို့ကြောင့် အသင်းတော်တွင်မည်သူမျှ မိမိ၏အစွမ်းအစများနှင့်ပတ်သက်၍ မာန်မာနတက်ပြီး အခြားသူများကိုလွှမ်းမိုးဖို့မကြိုးစားသင့်ချေ။ ဘုရားသခင့်အဖွဲ့အစည်းတွင် ထောင်လွှားခြင်းနှင့် ရည်မှန်းချက်ကြီးခြင်းတို့မရှိချေ။—သု. ၁၆:၁၉; ၁ ကောရိန္သု ၁၄:၁၂; ၁ ပေတရု ၅:၂၊ ၃။

၉။ ကိုယ်ကျိုးရှာသူများနှင့်ပတ်သက်၍ သတိပေးချက်ဖြစ်သော အဘယ်ပုံသက်သေများကို သမ္မာကျမ်းစာဖော်ပြသနည်း။

၉ ချစ်ခြင်းမေတ္တာသည် “ကိုယ်အကျိုးကိုမရှာတတ်။” (၁ကောရိန္သု ၁၃:၅) ချစ်ခြင်းမေတ္တာရှိသူတစ်ဦးသည် သူ၏လမ်းစဉ်ဖြစ်မြောက်ဖို့ အခြားသူများကို ကြိုးကိုင်မည်မဟုတ်ချေ။ သမ္မာကျမ်းစာတွင် ဤကိစ္စနှင့်ပတ်သက်၍ သတိပေးချက်များရှိသည်။ ဥပမာဖော်ပြရလျှင် ကိုယ်ကျိုးအတွက် အခြားသူများကိုကြိုးကိုင်ခဲ့သည့် ဒေလိလ၊ ယေဇဗေလနှင့် အာသလိအစရှိသည့်အမျိုးသမီးများအကြောင်း ကျွန်ုပ်တို့ဖတ်ရှုခဲ့ကြရသည်။ (တရားသူကြီး ၁၆:၁၆; ၃ ဓမ္မရာဇဝင် ၂၁:၂၅; ၂ ရာဇဝင်ချုပ် ၂၂:၁၀-၁၂) ဘုရင်ဒါဝိဒ်၏သား အဗရှလုံလည်းရှိသေးသည်။ သူသည် အမှုအစစ်ခံရန် ယေရုရှလင်သို့လာသူတို့ကိုချဉ်းကပ်ပြီး ဘုရင့်ရုံးတော်သည် သူတို့၏အခက်အခဲများကို အမှန်စိတ်မဝင်စားကြောင်း ကောက်ကျစ်စွာအယုံသွင်းခဲ့၏။ ထို့နောက် ရုံးတော်တွင်ရှိထိုက်သူမှာ မိမိကဲ့သို့ချစ်ခင်ကြင်နာတတ်သောသူဖြစ်ကြောင်း ပြောင်ပြောင်တင်းတင်းဖော်ပြလေ့ရှိ၏! (၂ ဓမ္မရာဇဝင် ၁၅:၂-၄) အဗရှလုံသည် ဖိနှိပ်ခံရသူတို့ကိုမဟုတ်ဘဲ မိမိအတွက်သာစိတ်ဝင်စားခဲ့သည်။ ကိုယ့်ဘာသာကိုယ်ခန့်အပ်သောဘုရင်သဖွယ် ပြုမူကာလူများစွာ၏နှလုံးကိုတိမ်းညွတ်စေခဲ့သည်။ သို့သော် အချိန်တန်သောအခါ အဗရှလုံသည် ကြီးမားစွာရှုံးနိမ့်ခဲ့သည်။ သူသေဆုံးချိန်တွင် သူ့ကိုကောင်းစွာမြေမြှုပ်ပေးထိုက်သည်ဟူ၍ပင် ယူမှတ်မခံခဲ့ရချေ။—၂ ဓမ္မရာဇဝင် ၁၈:၆-၁၇။

၁၀။ ကျွန်ုပ်တို့သည် သူတစ်ပါးအကျိုးကိုရှာကြောင်း မည်သို့ဖော်ပြနိုင်သနည်း။

၁၀ ယင်းသည် ယနေ့ခရစ်ယာန်များအတွက် သတိပေးချက်တစ်ခုဖြစ်၏။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ပင်ကိုသဘောအရသွေးဆောင်နိုင်စွမ်းရှိသူဖြစ်ကြပေမည်။ စကားဖြင့်လွှမ်းမိုးခြင်း သို့မဟုတ် အမြင်မတူသူတို့ကိုနွမ်းလျစေခြင်းအားဖြင့် ကျွန်ုပ်တို့အလိုကို အလွယ်တကူလိုက်စေနိုင်ကြပေမည်။ သို့ရာတွင် ကျွန်ုပ်တို့သည် မေတ္တာရှိသူအမှန်ဖြစ်မည်ဆိုလျှင် အခြားသူများ၏အကျိုးကိုရှာကြံပါလိမ့်မည်။ (ဖိလိပ္ပိ ၂:၂-၄) ကျွန်ုပ်တို့၏သဘောထားများသာအရေးပါဘိသကဲ့သို့ ကျွန်ုပ်တို့၏အတွေ့အကြုံ သို့မဟုတ် ဘုရားသခင်၏အဖွဲ့အစည်းတွင် ကျွန်ုပ်တို့၏အနေအထားကြောင့် သူတစ်ပါးကိုအခွင့်အရေးယူခြင်း သို့မဟုတ် ဒွိဟဖြစ်စေသောအယူအဆများကိုမြှင့်တင်ခြင်း ပြုမည်မဟုတ်ချေ။ ယင်းအစား သမ္မာကျမ်းစာပါ ဤစကားပုံကိုသတိရကြပါလိမ့်မည်– “မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။”—သု. ၁၆:၁၈။

ချစ်ခြင်းမေတ္တာက ငြိမ်းချမ်းသောဆက်ဆံရေးရှိစေ

၁၁။ (က) ကြင်နာပြီး လျောက်ပတ်စွာကျင့်တတ်သည့် ချစ်ခြင်းမေတ္တာကို အဘယ်နည်းများဖြင့်တင်ပြနိုင်သနည်း။ (ခ) မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိကြောင်း မည်သို့တင်ပြနိုင်သနည်း။

၁၁ ချစ်ခြင်းမေတ္တာသည် ‘ကြင်နာတတ်’ ပြီး “မလျောက်ပတ်စွာမကျင့်တတ်” ဟုလည်း ပေါလုကရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၃:၄၊ ၅) မှန်ပါသည်၊ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကို ရိုင်းစိုင်း၊ ကြမ်းတမ်း၊ သို့မဟုတ် မလေးမစား ပြုမူစေမည်မဟုတ်ချေ။ ယင်းအစား အခြားသူများ၏ခံစားချက်များကို စာနာထောက်ထားပါလိမ့်မည်။ ဥပမာ၊ ချစ်ခြင်းမေတ္တာရှိသူတစ်ဦးသည် သူတစ်ပါး၏ကိုယ်ကိုကိုယ်သိသောစိတ်ကို အနှောင့်အယှက်ဖြစ်စေမည့်အရာများကိုရှောင်ပါလိမ့်မည်။ (၁ ကောရိန္သု ၈:၁၃ နှိုင်းယှဉ်။) ချစ်ခြင်းမေတ္တာသည် “မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။” (၁ ကောရိန္သု ၁၃:၆) ကျွန်ုပ်တို့သည် ယေဟောဝါ၏ပညတ်တော်ကိုချစ်မြတ်နိုးကြမည်ဆိုလျှင် အကျင့်ယိုယွင်းမှုကို အရေးမကြီးသယောင်ပြုမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်မုန်းသောအရာများနှင့် အပန်းဖြေကြမည်မဟုတ်ချေ။ (ဆာလံ ၁၁၉:၉၇) ချစ်ခြင်းမေတ္တာသည် ဖြိုဖျက်သည့်အရာများ၌မဟုတ်ဘဲ တည်ဆောက်သောအရာများ၌ ရွှင်လန်းရန်ထောက်ကူပါလိမ့်မည်။—ရောမ ၁၅:၂; ၁ ကောရိန္သု ၁၀:၂၃၊ ၂၄; ၁၄:၂၆။

၁၂၊ ၁၃။ (က) တစ်ဦးတစ်ယောက်က ကျွန်ုပ်တို့ကိုစိတ်နာစေသောအခါ မည်သို့တုံ့ပြန်သင့်သနည်း။ (ခ) တရားသည့်ဒေါသသည်ပင် ကျွန်ုပ်တို့ကိုပညာမဲ့စွာပြုမူစေနိုင်ကြောင်း သမ္မာကျမ်းစာဥပမာများကိုကိုးကားဖော်ပြပါ။

၁၂ ချစ်ခြင်းမေတ္တာသည် “ဒေါသအမျက်မထွက်တတ်” (“အကဲမဆတ်၊” ဖိလစ်)။ (၁ ကောရိန္သု ၁၃:၅) မှန်ပါသည်၊ တစ်ဦးတစ်ယောက်က စိတ်နာစရာပြုသောအခါ မစုံလင်သူများအနေနှင့် စိတ်တိုခြင်း၊ သို့မဟုတ် ဒေါသအနည်းအကျဉ်းထွက်ခြင်းသည် အဆန်းမဟုတ်ပေ။ သို့ရာတွင် ကြာရှည်အငြိုးထားခြင်း သို့မဟုတ် ဒေါသအမျက်ဆက်ထွက်နေခြင်းတို့သည် မှားပါလိမ့်မည်။ (ဆာလံ ၄:၄; ဧဖက် ၄:၂၆) ယင်းကိုမချုပ်တည်းလျှင် တရားသောဒေါသပင်ဖြစ်ပါစေ ယင်းကပညာကင်းမဲ့စွာပြုမူစေပြီး ယေဟောဝါသည် ယင်းအတွက်ကျွန်ုပ်တို့ကို တာဝန်ရှိသူအဖြစ်ယူမှတ်နိုင်သည်။—ကမ္ဘာဦး ၃၄:၁-၃၁; ၄၉:၅-၇; တောလည်ရာ ၁၂:၃; ၂၀:၁၀-၁၂; ဆာလံ ၁၀၆:၃၂၊ ၃၃။

၁၃ လူအချို့သည် အခြားသူများ၏မစုံလင်မှုများကိုထောက်ပြီး ခရစ်ယာန်အစည်းအဝေးများကိုတက်ဖို့ သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ဖို့ မိမိတို့၏ဆုံးဖြတ်ချက်များကိုထိခိုက်စေခဲ့ကြပြီ။ ယခင်က ဤသူများစွာသည် ယုံကြည်ခြင်းအတွက် မိသားစုဆန့်ကျင်မှု၊ အလုပ်ဖော်များ၏ကဲ့ရဲ့မှုစသည်တို့ကို ခံရပ်ခဲ့၍ ကြိုးစားတိုက်လှန်ခဲ့ကြသည်။ သူတို့သည် ယင်းအတားအဆီးများအား တည်ကြည်မှုကိုစမ်းသပ်ရာများဟု ရှုမြင်ခဲ့ကြသောကြောင့်ခံရပ်ခဲ့ရာ ယင်းသည် မှန်ကန်သည်။ သို့သော် ခရစ်ယာန်ချင်းတစ်ဦးသည် မေတ္တာမဲ့စွာပြောဆိုပြုမူသောအခါ မည်သို့ဖြစ်မည်နည်း။ ယင်းသည်လည်း တည်ကြည်မှုကိုစမ်းသပ်ခြင်း မဟုတ်ပေလော။ ဟုတ်ပါသည်၊ အကြောင်းမှာ အမျက်ဆက်ထွက်နေမည်ဆိုလျှင် “မာရ်နတ်ကိုအခွင့်” ပေးမိသွားနိုင်မည်ဖြစ်သောကြောင့်တည်း။—ဧဖက် ၄:၂၇။

၁၄၊ ၁၅။ (က) “နစ်နာမှုကိုစာရင်း” ထားသည်ဟူသည့် အဓိပ္ပာယ်ကားအဘယ်နည်း။ (ခ) ခွင့်လွှတ်ခြင်းနှင့်ပတ်သက်၍ ယေဟောဝါအား မည်သို့တုပနိုင်သနည်း။

၁၄ အကြောင်းရှိ၍ပင် ပေါလုက ချစ်ခြင်းမေတ္တာသည် “အပြစ်ရှိသည်ဟုမထင် [“နစ်နာမှုကို စာရင်းမထားတတ်၊” ကဘ] တတ်” ဟုထပ်ဆင့်ခဲ့၏။ (၁ ကောရိန္သု ၁၃:၅) ဤတွင် စာရင်းဝေါဟာရကို အသုံးပြုထားရာ မမေ့ဖို့လယ်ဂျာတွင် ပြစ်မှားသူအား ရေးမှတ်ခြင်းကိုဆိုလိုကြောင်း ထင်ရှားသည်။ နောင်တစ်ချိန်ချိန်တွင် ပြန်ရည်ညွှန်းဖို့လိုအပ်မည့်အလား ထိခိုက်နစ်နာသောစကား သို့မဟုတ် အပြုအမူကို စိတ်ထဲအစဉ်မှတ်သားထားခြင်းသည် မေတ္တာရှိပါသလော။ ယေဟောဝါသည် ထိုသို့ကရုဏာကင်းမဲ့စွာ ကျွန်ုပ်တို့ကိုနှိုက်နှိုက်ချွတ်ချွတ်မစစ်ဆေးသည့်အတွက် မည်မျှဝမ်းမြောက်စရာပါတကား! (ဆာလံ ၁၃၀:၃) မှန်ပါသည်၊ ကျွန်ုပ်တို့နောင်တရသောအခါ ကျွန်ုပ်တို့၏အမှားများကိုကိုယ်တော်ပယ်ဖျက်ပစ်သည်။—တမန်တော် ၃:၁၉။

၁၅ ဤကိစ္စတွင် ယေဟောဝါအား ကျွန်ုပ်တို့တုပနိုင်သည်။ ကျွန်ုပ်တို့ကို တစ်ဦးတစ်ယောက်က မထီမဲ့မြင်ပြုသောအခါ အကဲဆတ်မလွန်သင့်ချေ။ ချက်ချင်းစိတ်ထိခိုက်လိုက်မည်ဆိုလျှင် ကျွန်ုပ်တို့ကိုစိတ်ထိခိုက်စေခဲ့သူထက် ကိုယ့်ကိုယ်ကိုပို၍ထိခိုက်နစ်နာစေနိုင်ပေသည်။ (ဒေ. ၇:၉၊ ၂၂) ယင်းအစား ချစ်ခြင်းမေတ္တာသည် “ခပ်သိမ်းသောအရာကိုယုံတတ်” ကြောင်းသတိရဖို့လိုသည်။ (၁ ကောရိန္သု ၁၃:၇) ကျွန်ုပ်တို့တစ်ယောက်မျှ လှည့်ဖြားရလွယ်သူများ မဖြစ်လိုကြပါ၊ သို့သော် ညီအစ်ကိုများ၏စိတ်ရင်းကို လွန်ကျွံစွာလည်းသံသယမရှိသင့်ချေ။ ဖြစ်နိုင်သရွေ့ တစ်ဦးအပေါ်တစ်ဦး သံသယဖြစ်မနေကြစို့နှင့်။—ကောလောသဲ ၃:၁၃။

ချစ်ခြင်းမေတ္တာသည် ခံနိုင်ရည်ရှိစေ

၁၆။ ချစ်ခြင်းမေတ္တာသည် အဘယ်အခြေအနေများတွင် စိတ်ရှည်ဖို့ကူညီပေးနိုင်သနည်း။

၁၆ “ချစ်ခြင်းမေတ္တာသည် စိတ်ရှည်တတ်၏” ဟုပေါလုဆိုသည်။ (၁ ကောရိန္သု ၁၃:၄) ယင်းသည် အချိန်အတန်ကြာ စုံစမ်းနှောင့်ယှက်မှုများကိုသည်းခံနိုင်စေသည်။ ဥပမာ၊ ခရစ်ယာန်များစွာသည် ဘာသာရေးအရကွဲပြားသောအိမ်ထောင်စုတွင် နှစ်နှင့်ချီနေထိုင်ခဲ့ကြပြီ။ အခြားသူများသည် နေလို၍မဟုတ်ဘဲ “သခင်ဘုရား၌” သင့်တော်သောအဖော်မွန်ကို ရှာမတွေ့သေးသောကြောင့် တစ်ကိုယ်ရေနေကြသည်။ (၁ ကောရိန္သု ၇:၃၉; ၂ ကောရိန္သု ၆:၁၄) ထို့အပြင် ကျန်းမာရေးအခက်အခဲများကိုရင်ဆိုင်နေကြရသူများရှိသည်။ (ဂလာတိ ၄:၁၃၊ ၁၄; ဖိလိပ္ပိ ၂:၂၅-၃၀) ဤမစုံလင်သောစနစ်တွင် ခံနိုင်ရည်တစ်မျိုးမျိုးရှိရန်မလိုသည့် အခြေအနေဘဝမရှိပါ။—မဿဲ ၁၀:၂၂; ယာကုပ် ၁:၁၂။

၁၇။ ခပ်သိမ်းသောအရာကိုသည်းခံနိုင်ရန် အဘယ်အရာကကူညီပေးမည်နည်း။

၁၇ ချစ်ခြင်းမေတ္တာသည် “ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။ . . . ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏။ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။” (၁ ကောရိန္သု ၁၃: ၇) ယေဟောဝါအားချစ်မြတ်နိုးခြင်းက ဖြောင့်မတ်ခြင်းတရားအတွက်မည်သည့်အခြေအနေကိုမဆိုခံရပ်နိုင်စေပါလိမ့်မည်။ (မဿဲ ၁၆:၂၄;၁ ကောရိန္သု ၁၀:၁၃) အာဇာနည်ဖြစ်ဖို့ ထိုသို့ကျွန်ုပ်တို့ရှာကြံပြုမူနေခြင်းမဟုတ်ပါ။ ယင်းအစား ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ သင့်တင့်ငြိမ်သက်စွာနေထိုင်ဖို့ဖြစ်သည်။ (ရောမ ၁၂:၁၈; ၁ သက်သာလောနိတ် ၄:၁၁၊ ၁၂) သို့သော်ငြားလည်း ယုံကြည်ခြင်းစမ်းသပ်မှုများပေါ်ပေါက်သောအခါ ခရစ်ယာန်တပည့်ဖြစ်ခြင်း၏အကုန်အကျအဖြစ် ယင်းတို့ကိုဝမ်းမြောက်စွာခံရပ်ကြသည်။ (လုကာ ၁၄:၂၈-၃၃) ကျွန်ုပ်တို့ခံရပ်ကြစဉ် အပြုသဘောပါသောအမြင်ကိုကြိုးစားထိန်းသိမ်းကြပြီး ခဲယဉ်းသောအခြေအနေများကြားတွင် အကောင်းဆုံးဖြစ်လာစေရန်မျှော်လင့်ကြသည်။

၁၈။ အချိန်အခါကောင်းနေစဉ်အခါပင် ခံနိုင်ရည်ရှိဖို့လိုကြောင်းရှင်းပြပါ။

၁၈ ဆင်းရဲခံရမှသာ ခံနိုင်ရည်ရှိဖို့လိုသည်မဟုတ်ပါ။ တစ်ခါတစ်ရံ ခံနိုင်ရည်ဟူသည် အဆုံးအထိ၊ ခဲယဉ်းသောအခြေအနေများရှိမရှိ သတ်မှတ်ထားရာလမ်းပေါ်ဆက်လျှောက်ခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ ခံနိုင်ရည်တွင် ကောင်းသောဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်ကို ထိန်းသိမ်းထားခြင်းပါဝင်သည်။ ဥပမာ၊ သင့်အခြေအနေများနှင့်အညီ ဓမ္မအမှုတွင်အဓိပ္ပာယ်ရှိရှိပါဝင်နေသလော။ ဘုရားသခင့်နှုတ်မြွက်စကားကို ဖတ်ရှုဆင်ခြင်ပြီး ဆုတောင်းခြင်းအားဖြင့် သင့်ကောင်းကင်ခမည်းတော်နှင့်ဆက်သွယ်နေပါသလော။ အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ရောက်နေပါသလော၊ သင့်ယုံကြည်သူချင်းများနှင့် အပြန်အလှန်အားပေးမှုပြုခြင်းမှ အကျိုးခံစားနေရပါသလော။ သို့ဆိုလျှင် သင်သည် ယခုတွင် အချိန်အခါကောင်း၌ရှိသည်ဖြစ်စေ၊ ခက်ခဲသောအချိန်အခါ၌ရှိသည်ဖြစ်စေ ခံနိုင်ရည်ရှိနေပါသည်။ “ကျွန်ုပ်တို့သည် ပန်းလျနွမ်းနယ်မှုမရှိပါက ရာသီချိန်ရောက်လျှင် အသီးအနှံကိုရိတ်သိမ်းရမည်ဖြစ်သောကြောင့်” လက်မလျှော့ကြနှင့်။—ဂလာတိ ၆:၉၊ ကဘ။

ချစ်ခြင်းမေတ္တာ—“သာ၍မြတ်သောလမ်း”

၁၉။ ချစ်ခြင်းမေတ္တာသည် “သာ၍မြတ်သောလမ်း” မည်သို့ဖြစ်သနည်း။

၁၉ ပေါလုသည် ဤဘုရားသခင်ရေးရာအရည်အချင်းကို “သာ၍မြတ်သောလမ်း” ဟုခေါ်ခြင်းဖြင့် ချစ်ခြင်းမေတ္တာတင်ပြခြင်း၏အရေးကြီးမှုကိုအလေးပေးခဲ့သည်။ (၁ ကောရိန္သု ၁၂:၃၁) အဘယ်သဘောဖြင့် “သာ၍မြတ်” သနည်း။ ပေါလုသည် ပထမရာစုရှိခရစ်ယာန်များတွင် တွေ့လေ့တွေ့ထရှိသော ဝိညာဉ်တော်ဆုကျေးဇူးများကို တစ်ခုချင်းစီ ရေတွက်ပြပြီးခါစသာရှိသေးသည်။ တချို့သည် ပရောဖက်ပြုနိုင်ခဲ့ကြသည်၊ အခြားသူများသည် ဖျားနာမှုများကိုကုသနိုင်စွမ်းရှိခဲ့ကြ၏၊ လူများစွာသည် ဘာသာစကားများစွာပြောနိုင်စွမ်း ပေးအပ်ခံခဲ့ကြရသည်။ အမှန်အံ့အားသင့်ဖွယ်ကောင်းသော ဆုကျေးဇူးများပါတကား! သို့တိုင် ပေါလုက ကောရိန္သုမြို့သားများကို ဤသို့ပြောဆိုခဲ့သည်– “ငါသည် လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန်ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သောတံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်းဖြစ်၏။ ပရောဖက်ဉာဏ်ကိုငါရ၍၊ နက်နဲသောအရာရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကိုတတ်သော်လည်းကောင်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်လည်းကောင်း မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏။” (၁ ကောရိန္သု ၁၃:၁၊ ၂) မှန်ပါ၏၊ ကျွန်ုပ်တို့၏အလုပ်များသည် အကျိုးပင်ရှိပါလေစေ ဘုရားသခင်နှင့် အိမ်နီးချင်းများကိုချစ်ခြင်းကြောင့်မဟုတ်လျှင် ထိုအကျင့်များသည် “သေခြင်းနှင့်စပ်ဆိုင်သောအကျင့်” များဖြစ်လာပေမည်။—ဟေဗြဲ ၆:၁။

၂၀။ ချစ်ခြင်းမေတ္တာကိုပျိုးထောင်နိုင်ဖို့ဆိုလျှင် အဆက်မပြတ်အားထုတ်မှု အဘယ်ကြောင့်လိုအပ်သနည်း။

၂၀ ဘုရားသခင်ရေးရာအရည်အသွေးဖြစ်သော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ပျိုးထောင်သင့်သည့် အခြားအကြောင်းရင်းတစ်ခုကို ယေရှုဖော်ပြပေးခဲ့သည်။ ကိုယ်တော်က “သင်တို့သည်အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုဆိုခဲ့သည်။ (ယောဟန် ၁၃:၃၅) “လျှင်” ဟူသောစကားလုံးသည် ချစ်ခြင်းမေတ္တာတင်ပြရန်သင်ယူမယူ ခရစ်ယာန်တစ်ဦးချင်းစီ၏သဘောအရရှိစေသည်။ အမှန်မှာ တိုင်းတစ်ပါးတွင်နေထိုင်ရုံမျှနှင့် ထိုနိုင်ငံ၏ဘာသာစကားကိုပြောဆိုတတ်ရန် မသင်မနေရမဟုတ်ချေ။ ထို့အတူ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများကိုတက်ရောက်ရုံမျှဖြင့် သို့မဟုတ် ခရစ်ယာန်ချင်းတို့နှင့်ပေါင်းသင်းရုံမျှဖြင့် ချစ်ခြင်းမေတ္တာတင်ပြဖို့ အလိုလိုတတ်လာသည်မဟုတ်ပါ။ ဤ “ဘာသာစကား” ကိုသင်ယူရန် အဆက်မပြတ်အားထုတ်မှုလိုပါသည်။

၂၁၊ ၂၂။ (က) ပေါလုဆွေးနွေးတင်ပြခဲ့သော ချစ်ခြင်းမေတ္တာအသွင်အပြင်တစ်ခုခုကိုမပြည့်မီလျှင် မည်သို့တုံ့ပြန်သင့်သနည်း။ (ခ) “ချစ်ခြင်းမေတ္တာသည် ထာဝစဉ်တည်၏” ဟုအဘယ်နည်းဖြင့်ဆိုနိုင်သနည်း။

၂၁ ပေါလုဆွေးနွေးတင်ပြခဲ့သော ချစ်ခြင်းမေတ္တာအသွင်အပြင်တစ်ခုခုကို သင်မပြည့်မီသောအခါများရှိမည်။ သို့သော် စိတ်မပျက်ပါနှင့်။ စိတ်ရှည်ရှည်ကျင့်သုံးသွားပါ။ သမ္မာကျမ်းစာကိုဆက်ဆင်ခြင်သုံးသပ်ပြီး အခြားသူများနှင့်ဆက်ဆံရာတွင် ယင်း၏မူများကို ကျင့်သုံးပါ။ ယေဟောဝါကိုယ်တော်တိုင် ကျွန်ုပ်တို့အတွက် ချမှတ်ထားသောပုံသက်သေကို ဘယ်တော့မျှမမေ့လိုက်လေနှင့်။ ပေါလုက ဧဖက်မြို့သားများကို ဤသို့သတိပေးခဲ့သည်– “အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်ကိုလွှတ်ခြင်းရှိကြလော့။”—ဧဖက် ၄:၃၂။

၂၂ ဘာသာစကားအသစ်တစ်မျိုးကိုပြောဆိုဖို့သင်ယူရာတွင် တဖြည်းဖြည်းလွယ်ကူလာသကဲ့သို့ပင် အချိန်တန်သောအခါ ချစ်ခြင်းမေတ္တာတင်ပြခြင်းသည် ပိုလွယ်ကူလာကြောင်းသိရှိလာပါလိမ့်မည်။ “ချစ်ခြင်းမေတ္တာသည် ထာဝစဉ်တည်၏” ဟုပေါလုအာမခံခဲ့သည်။ (၁ ကောရိန္သု ၁၃:၈၊ ကဘ) အံ့သြဖွယ်ကောင်းသောဝိညာဉ်တော်ဆုကျေးဇူးများနှင့်မတူဘဲ ချစ်ခြင်းမေတ္တာသည် ဘယ်တော့မျှပျောက်ပျက်သွားလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ဤဘုရားသခင်ရေးရာအရည်အချင်းကိုတင်ပြဖို့ ဆက်သင်ယူနေပါ။ ယင်းသည် ပေါလုပြောသကဲ့သို့ “သာ၍မြတ်သောလမ်း” ဖြစ်သည်။

သင်ရှင်းပြနိုင်သလော

◻ ချစ်ခြင်းမေတ္တာသည် ထောင်လွှားခြင်းကိုအနိုင်ယူရန် မည်သို့ကူညီပေးနိုင်သနည်း။

◻ ချစ်ခြင်းမေတ္တာသည် အဘယ်နည်းများဖြင့် အသင်းတော်တွင် ငြိမ်သက်ခြင်းကိုတိုးပွားစေဖို့ ကူညီပေးနိုင်သနည်း။

◻ ချစ်ခြင်းမေတ္တာသည် ခံနိုင်ရည်ရှိဖို့မည်သို့ကူညီပေးနိုင်သနည်း။

◻ ချစ်ခြင်းမေတ္တာသည် မည်သို့ “သာ၍မြတ်သောလမ်း” ဖြစ်သနည်း။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ချစ်ခြင်းမေတ္တာသည် ယုံကြည်သူချင်းများ၏အပြစ်များကို ဗွေမယူဖို့ကူညီပေး

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခံနိုင်ရည်ဟူသည် ကျွန်ုပ်တို့၏သီအိုကရက်တစ်လုပ်ရိုးလုပ်စဉ်ကိုထိန်းသိမ်းထားခြင်းဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ