ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၇/၁၅ စာ. ၂၇-၃၁
  • သာလွန်ထူးခြားသောမေတ္တာလမ်းစဉ်ကို လိုက်လျှောက်လေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သာလွန်ထူးခြားသောမေတ္တာလမ်းစဉ်ကို လိုက်လျှောက်လေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချစ်ခြင်းမေတ္တာမရှိလျှင် ကျွန်ုပ်တို့အချည်းနှီးဖြစ်
  • မေတ္တာကင်းမဲ့သောယဇ်တို့မှ အဘယ်အကျိုးမျှမရ
  • ကျွန်ုပ်တို့အားလှုံ့ဆော်ပေးသည့် မေတ္တာနည်းလမ်းအချို့
  • မလျောက်ပတ်စွာမကျင့်၊ အတ္တမဆန်၊ နာကြည်းစိတ်မရှိ
  • ဖြောင့်မတ်ခြင်းနှင့်သမ္မာတရားကိုမြတ်နိုး
  • ခပ်သိမ်းသောအရာတို့ကို မေတ္တာသည် မည်သို့စီရင်တတ်
  • ကွယ်ပျောက်လိမ့်မည်အရာများ
  • အမြတ်ဆုံးအရည်အချင်းတည်ရှိနေ
  • “မေတ္တာတရား၌ ကျင်လည်ကြလော့”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • မေတ္တာလမ်းစဉ်သည် ထာဝစဉ်တည်၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ချစ်ခြင်းမေတ္တာ (အဂါးပေး)—အဘယ်အရာမဟုတ်၍ အဘယ်အရာဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၇/၁၅ စာ. ၂၇-၃၁

သာလွန်ထူးခြားသောမေတ္တာလမ်းစဉ်ကို  လိုက်လျှောက်လေ

ယေဟောဝါဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၏ပြယုဂ်ဖြစ်သည်။ (၁ ယောဟန် ၄:၈) သားတော်ယေရှုခရစ်က ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်နှင့်စပ်ဆိုင်သူကိုလည်းကောင်း ချစ်ရမည်ဟု မှာကြားထားတော်မူသည်။ (မဿဲ ၂၂:၃၇-၄၀) ဘုရားသခင်သည် စကြဝဠာတစ်ခွင်အား ဤအရည်အချင်းကိုအခြေပြု၍ လည်ပတ်လှုပ်ရှားစေတော်မူ၏။ ထိုကြောင့် အဘယ်နေရာ၌ပင်ဖြစ်စေ ထာဝရအသက်ရရှိနိုင်ရန် ချစ်ခြင်းမေတ္တာလမ်းစဉ်ကိုလိုက်လျှောက်ရမည်။

ဣသရေလလူမျိုးကို ဘုရားသခင်မေတ္တာပြတော်မူ၏။ သို့သော် နောက်ပိုင်းတွင် သစ္စာမဲ့မှုကြောင့် ထိုအဖွဲ့အစည်းကိုငြင်းပယ်ခဲ့သည်။ ထိုအခါယေရှု၏တပည့်တော်များဖြင့်ဖွဲ့ထားသောအသင်းတော်ကို ကိုယ်တော်၏အဖွဲ့အစည်းသစ်အဖြစ် သတ်မှတ်တော်မူသည်။ မည်သို့အားဖြင့်နည်း။ ထူးခြားစွာ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပေးပြီး ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုစေခြင်း၊ ပရောဖက်ပြုစေခြင်းအားဖြင့်ဖြစ်သည်။ ဤသို့ဖြင့် စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဂျူးနှင့် ဘာသာဝင် ၃,၀၀၀ တို့ယုံကြည်သူများဖြစ်လာကြပြီး အဖွဲ့ဟောင်းမှ ဘုရားသခင့်အဖွဲ့အစည်းသစ်ထဲ ဝင်လာကြ၏။ (တမန်တော် ၂:၁-၄၁) ထိုနောက် ယေရှု၏တမန်တော်များမှတစ်ဆင့် ဝိညာဉ်တော်၏ ဆုကျေးဇူးများကို သွန်းလောင်းပေးတော်မူသဖြင့် သူတို့သေလွန်သွားသောအခါ ထိုသို့သောတန်ခိုး များကို မတွေ့ရှိရတော့ချေ။ (တမန်တော် ၈:၅-၁၈။ ၁၉:၁-၆) သို့သော် ဝိညာဏဣသရေလလူမျိုး အပေါ် ဘုရာသခင့်မျက်နှာသာရှိတော်မူကြောင်း ထိုဆုကျေးဇူးများကသက်သေထူသည်။—ဂလာတိ ၆:၁၆။

ဝိညာဉ်တော်ဆုကျေးဇူးများခံစားရ၍ ထင်ရှားသောအံ့ဖွယ်ရာများသည် အကျိုးပြုသည်။ သို့ရာတွင် မေတ္တာပြခြင်း၊ သို့မဟုတ်သူတစ်ပါး၏အကျိုးကိုလိုလားခြင်းကား ဝိညာဉ်ဆုကျေးဇူးများထက် အရေးကြီးသည်။ ကောရိန္သုပထမစာစောင် (စီအီး ၅၅ ခန့်က) တွင်တမန်တော်ပေါလု ထိုအတိုင်းဆိုသည်။ ချစ်ခြင်းမေတ္တာကို “သာ၍မြတ်သောလမ်း” ဟုခေါ်ဆိုသည်။ (၁ ကောရိန္သု ၁၂:၃၁) ထိုလမ်းစဉ်ကို ၁ ကောရိန္သု အခန်းကြီး ၁၃ တွင်ဆွေးနွေးတင်ပြထားသည်။

ချစ်ခြင်းမေတ္တာမရှိလျှင် ကျွန်ုပ်တို့အချည်းနှီးဖြစ်

ပေါလုဤသို့ဆင်ခြင်စေသည်။ “ငါသည် လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန် ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သောတံပိုးခရာကဲ့သို့ လည်းကောင်း၊ တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်းဖြစ်၏။” (၁ ကောရိန္သု ၁၃:၁) ဝိညာဉ်တော်တန်ခိုးဖြင့် လူ့ဘာသာစကားတစ်မျိုးမျိုး၊ သို့မဟုတ် ကောင်းကင်တမန်၏ ဘာသာစကားကိုပင် ပြောဆိုဦးတော့ မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်သည်။ လူတို့နားမလည်သောစကားတစ်သောင်းကိုပြောဆိုခြင်းထက် သွန်သင်မှုဖြစ်စေသောစကားငါးခွန်းကို ပေါလုပြောလိုပါသည်။ (၁ ကောရိန္သု ၁၄:၁၉) မေတ္တာမရှိသူသည် ဆူညံနားငြီးဖွယ်ဖြစ်သည့် “အသံမြည်သောတံပိုးခရာ” ကဲ့သို့လည်းကောင်း၊ စည်းဝါးမကျသော “လင်းကွင်း” ကဲ့သို့လည်းကောင်းဖြစ်၏။ ချစ်ခြင်းမေတ္တာကင်းမဲ့သော ဘာသာစကားအမျိုးမျိုးပြောဆိုခြင်းသည် ဘုရားသခင့်ဘုန်းတော်ကိုချီးမွမ်းပြီး လူတို့အားအကူအညီပေးသည့် စိတ်သက်သာစေ၍ဝိညာဉ်ရေးအရ တည်ဆောက်မှုပေးသောလမ်းစဉ်မဟုတ်ပါ။ နားလည်နိုင်သောဘာသာစကားကိုအသုံးပြုခြင်းအားဖြင့် ယနေ့ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့မေတ္တာပြသကြသည်။

ဆက်၍တမန်တော်ဤသို့ဆိုသည်။ “ပရောဖက်ဉာဏ်ကိုငါရ၍ နက်နဲသောအရာရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကိုတတ်သော်လည်းကောင်း၊ တောင်များကိုရွေ့နိုင်သောယုံကြည်ခြင်းအမျိုးမျိုးနှင့်ပြည့်စုံသော်လည်းကောင်း မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏။” (၁ ကောရိန္သု ၁၃:၂) အံ့ဖွယ်နည်းဖြင့်ပရောဖက်ပြုခြင်း၊ မြင့်မြတ်သောနက်နဲရာတို့ကို ထူးကဲစွာနားလည်ခြင်း၊ ဝိညာဉ်တော်တန်ခိုးဖြင့်အသိပညာရရှိခြင်းတို့သည် အခြားသူတို့ကိုအကျိုးပြုနိုင်သည်မှန်သော်လည်း ဤဆုကျေးဇူးကိုခံစားရသူတို့သည် မေတ္တာမရှိလျှင် မိမိတို့အဖို့အချည်းနှီးသက်သက်ဖြစ်သည်။ သူတစ်ပါးကိုကူညီပေးခြင်းငှာ မြင့်မြတ်သောနက်နဲရာတို့ကို ထူးကဲစွာနားလည်ထားသည့်အရည်အချင်းကို ပေါလုအသုံးပြုခဲ့သည်။ သင်္ဘောပျက်ခြင်းဘေးကိုရင်ဆိုင်ရသူတို့သည် အသက်ချမ်းသာရမည်အကြောင်း ကြိုတင်ပြောပြနိုင်သည့်အသိပညာကို သူအသုံးပြုခဲ့သည်။ (တမန်တော် ၂၇:၂၀-၄၄။ (၁ ကောရိန္သု ၄:၁၊ ၂) သို့ဖြစ်စေကာမူ၊ ‘သိပ္ပံအတတ်အမျိုးမျိုးနှင့် ယုံကြည်ခြင်းအမျိုးမျိုး’ ရှိသည့်တိုင် မေတ္တာမရှိလျှင် ယေဟောဝါ၏မျက်မှောက်တော်တွင် အချည်းနှီးသက်သက်ဖြစ်၏။

ယနေ့ယေဟောဝါ၏ဝိညာဉ်တော်သည် ကိုယ်တော်၏သက်သေခံများအား သမ္မာကျမ်းစာ ပရောဖက်ပြုချက်များနှင့် မြင့်မြတ်သောနက်နဲရာတို့ကိုနားလည်ရန်အကူအညီပေးပြီး ဤအသိပညာကို သူတစ်ပါးအားလက်ဆင့်ကမ်းပေးရန် လမ်းပြညွှန်ကြားပေးသည်။ (ယောလ ၂:၂၈၊ ၂၉) တောင်ကြီးများပမာကြီးမားသောပြဿနာများကိုကျော်လွှားနိုင်သည့် ယုံကြည်ခြင်းရှိရန်လည်း ဝိညာဉ်တော်ပြုလုပ်ပေးတော်မူသည်။ (မဿဲ ၁၇:၂၀) ဤအမှုများကိုဝိညာဉ်တော်က ပြုပေးတော်မူသည့်အတွက် ယင်းတို့ဖြင့်မိမိကိုယ်ကိုဂုဏ်တင်ရန်ကြိုးပမ်းခြင်းသည် အလွန်မှားပါသည်။ ဘုရားသခင့်ဘုန်းတော်အတွက် ကိုယ်တော်ကိုလည်းကောင်း၊ လူလူချင်းကိုလည်းကောင်းချစ်ခြင်းမေတ္တာဖြင့် အမှုကိစ္စအဝဝကိုမပြုလျှင် ကျွန်ုပ်တို့အချည်းနှီးသက်သက်ဖြစ်ပါသည်။—ဂလာတိ ၅:၆။

မေတ္တာကင်းမဲ့သောယဇ်တို့မှ အဘယ်အကျိုးမျှမရ

ပေါလုကဤသို့ဆိုသည်။ “သူတစ်ပါးကို ငါကျွေးမွေး၍ဥစ္စာရှိသမျှကိုစွန့်ကြဲသည်သာမက ကိုယ်ခန္ဓာကိုမီးရှို့စေခြင်းငှာအပ်သော်လည်း မေတ္တာမရှိလျှင် ငါ၌အကျိုးမရှိ။” (၁ ကောရိန္သု ၁၃:၃) မိမိပိုင်ဆိုင်သမျှဖြင့် သူတစ်ပါးကိုကျွေးမွေးသော်လည်း မေတ္တာမရှိလျှင် ပေါလုအဘယ်အကျိုးမျှခံစားရမည်မဟုတ်ပါ။ ပစ္စည်း၏တန်ဖိုး၊ သို့မဟုတ် အာနနိနှင့်ရှဖိရေတို့ကဲ့သို့ ပေးကမ်းစွန့်ကြဲသူအဖြစ်ချီးမွမ်းခံလိုသည့်အတွက်မဟုတ်၊ မေတ္တာဖြင့်လက်ဆောင်ပေးခြင်းကို ဘုရားသခင်ဆုချပါသည်။ (တမန်တော် ၅:၁-၁၁) ယုဒနယ်ရှိယုံကြည်သူများကို ကူညီထောက်ပံ့ခြင်းအမှုတွင် ပေါလုသည် ကိုယ်ကျိုးစွန့်သည့်ပုံသက်သေကောင်းကိုတင်ပြခဲ့ပါသည်။—၁ ကောရိန္သု ၁၆:၁-၄။ ၂ ကောရိန္သု ၈:၁-၂၄၊ ၉:၇။

သမ္မာတရားအတွက်သက်သေခံရန် မေတ္တာမပါဘဲအသေခံခြင်းပင်လျှင် ဘုရားရှေ့အချည်းနှီးသက်သက်ဖြစ်သည်။ (သု၊ ၂၅:၂၇) မိမိ၏ယဇ်ပူဇော်သက္ကာအကြောင်း ယေရှုပြောဆိုခဲ့သည်မှန်သော်လည်း ကြွားလုံးထုတ်ပြောဆိုခြင်းမဟုတ်ပါ။ ကြွားဝါမည့်အစား မေတ္တာဖြင့်ကိုယ်အသက်ကိုစွန့်တော်မူခဲ့သည်။ (မာကု ၁၀:၄၅။ ဧဖက် ၅:၂။ ဟေဗြဲ ၁၀:၅-၁၀) ကိုယ်တော်၏ဝိညာဏညီတော်များသည် ဘုရားသခင့်လုပ်ငန်းတော်တွင် ကိုယ်ဂုဏ်ဖော်ကျူးခြင်းငှာ အသေခံခြင်းဖြင့် ‘သူတို့ကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်’ ကြသည်မဟုတ်ဘဲ ယေဟောဝါ၏ဘုန်းကိုထင်ရှားစေသော သာမန်နည်းအမျိုးမျိုးဖြင့် ကိုယ်တော်ကိုချစ်မြတ်နိုးကြောင်း တင်ပြကြသည်။—ရောမ ၁၂:၁၊ ၂။

ကျွန်ုပ်တို့အားလှုံ့ဆော်ပေးသည့် မေတ္တာနည်းလမ်းအချို့

ပေါလုဤသို့ရေးသားခဲ့သည်။ “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။” (၁ ကောရိန္သု ၁၃:၄က) များစွာသောသူတို့အတွက် အာဒံအပြစ်လုပ်ကတည်းက ဘုရားသခင်စိတ်ရှည်မှုပြခဲ့ခြင်းကြောင့် ကယ်တင်ခြင်းသို့ပို့ဆောင်ပေးသောနောင်တရရှိစေခဲ့ပြီ။ (၂ ပေတရု ၃:၉၊ ၁၅) ချစ်ခြင်းမေတ္တာသာရှိလျှင် သမ္မာတရားကို စိတ်ရှည်ရှည်ဖြင့်သွန်သင်ပေးမည်။ ဒေါသပေါက်ကွဲခြင်းကိုရှောင်မည်။ ကိုယ်ချင်းစာနာ၍ ခွင့်လွှတ်လိမ့်မည်။ (မဿဲ ၁၈:၂၁၊ ၂၂) မေတ္တာသည် ကြင်နာတတ်၏။ ဘုရားသခင့်ကြင်နာခြင်းကြောင့် ကိုယ်တော်ကိုကျွန်ုပ်တို့ချစ်မြတ်နိုးတတ်လာကြပြီ။ ကိုယ်တော်၏ကြင်နာခြင်းဆိုင်ရာဝိညာဉ်အသီးက ကျွန်ုပ်တို့ထံမှဘုရားသခင်တောင်းဆိုသည်ထက် သူတစ်ပါးထံမှမတောင်းဆိုမိရန် အကူအညီဖြစ်စေးသည်။ (ဧဖက် ၄:၃၂) ကျေးဇူးကန်းသူများကိုပင် မေတ္တာသည် ကြင်နာစေ၏။—လုကာ ၆:၃၅။

ပေါလုဤသို့ဆက်ပြောသေးသည်။ “မေတ္တာသည်မနာလိုခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။” (၁ ကောရိန္သု ၁၃:၄ခ၊ ကဘ) မနာလိုခြင်းသည် ဇာတိပကတိအကျင့်ဖြစ်၍ ယင်းကြောင့် ဘုရားသခင့်နိုင်ငံတော်ထဲဝင်ခွင့်ရမည်မဟုတ်ပါ။ (ဂလာတိ ၅:၁၉-၂၁) သူတစ်ထူး၏စည်းစိမ်၊ အခွင့်သာခြင်း အစရှိသည်ကို မေတ္တာရှိလျှင် မနာလိုမဖြစ်တတ်ပါ။ မိမိတမ်းတသည့်လုပ်ငန်းတော်အခွင့်အရေးကို သူတစ်ဦးတစ်ယောက်ရရှိခဲ့သော် မေတ္တာသည် သူနှင့်အတူဝမ်းမြောက်စေမည်။ သူ့အားထောက်မပေး၍ အသင်းတော်အကျိုးအတွက် ဘုရားသခင့်သူ့ကိုအသုံးပြုခြင်းကို ကျေးဇူးတင်မည်။

မေတ္တာသည် “ဝါကြွားခြင်းမရှိ” သည့်အတွက် လုပ်ငန်းတော်တွင် ဘုရားသခင်ပြုလုပ်နိုင်စေသည့်အမှုကို ဝါကြွားမည်မဟုတ်ပါ။ ဝိညာဉ်တော်ဆုကျေးဇူးကို မိမိတို့မှအရင်းခံဘိသကဲ့သို့ ကောရိန္သုအသင်းသားအချို့ ဝါကြွားခဲ့သည်။ အမှန်မှာ မျက်မှောက်ခေတ်အဖွဲ့အစည်းတွင် ရရှိသောအခွင့်အရေးများကဲ့သို့ပင် ယင်းတို့သည် ဘုရားသခင့်ထံတော်မှရရှိခဲ့ပါသည်။ ထိုကြောင့် ဘုရားသခင့်အဖွဲ့အစည်းတွင်ရရှိထားသည့်အခွင့်အရေးအတွက် ဝါကြားမည့်အစား မလဲကျသွားရန်သတိပြုနေကြစို့။ ((၁ ကောရိန္သု ၁:၃၁။ ၄:၇။ ၁၀:၁၂) မေတ္တာသည် “မာန်မာနမရှိ” သော်လည်း မေတ္တာကင်းမဲ့သူမူကား ပလွှားစိတ်ဖြင့်ဝင့်ဝါနေမည်။ မေတ္တာရှိသူများသည် သူတစ်ထူးထက်မိမိသာသည်ဟူသောစိတ်မျိုးမရှိချေ။—၁ ကောရိန္သု ၄:၁၈၊ ၁၉။ ဂလာတိ ၆:၃။

မလျောက်ပတ်စွာမကျင့်၊ အတ္တမဆန်၊ နာကြည်းစိတ်မရှိ

မေတ္တာသည် “မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်။” (၁ ကောရိန္သု ၁၃:၅က) မေတ္တာသည်ကောင်းသောအမူအကျင့်၊ ဘုရားတရားအကျင့်အကြံများ၊ အာဏာတန်ခိုးကိုလေးစားမှု၊ ခရစ်ယာန်စည်းဝေးများတွင် လျောက်ပတ်စွာကျင့်ခြင်းကိုဖြစ်ပွားစေသည်။ (ဧဖက် ၅:၃-၅။ (၁ ကောရိန္သု ၁၁:၁၇-၃၄၊ ၁၄:၄၀။ ယုဒ ၄၊ ၈-၁၀ နှင့်နှိုင်းယှဉ်။) လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကဲ့သို့ပင် လူတိုင်းအား မေတ္တာသည်မရှိမဖြစ်စိတ်ထားပေါ်စေသည့်အတွက် မေတ္တာလွှမ်းမိုးသောအသင်းတော်သည် ငြိမ်သက်ရာ၊ ခိုလှုံရာအရပ်ဖြစ်သည်။ (၁ ကောရိန္သု ၁၂:၂၂-၂၅) အတ္တဆန်ဆန် ‘ကိုယ်အကျိုးကိုရှာ’ နေမည့်အစား တစ်ခါတစ်ရံမိမိအခွင့်အရေးကိုစွန့်လွှတ်ရန်၊ သူတစ်ထူးအကျိုး၊ သူတို့၏ကောင်းစားရေးကိုစိတ်ဝင်စားကြောင်း ဖော်ပြစေမည်။ (ဖိလိပ္ပိ ၂:၁-၄) ကျွန်ုပ်တို့၏ဓမ္မအမှုအားဖြင့် ‘အချို့သောသူတို့ကို ကယ်တင်ခြင်းအလိုငှာ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်’ စေရန် မေတ္တာကလှုံ့ဆော်ပေးပါလိမ့်မည်။—၁ ကောရိန္သု ၉:၂၂၊ ၂၃။

မေတ္တာသည် “ဒေါသအမျက်မထွက်တတ်။” ဒေါသအမျက်ဟုန်းဟုန်းထွက်ခြင်းသည် ဇာတိပကတိအကျင့်ဖြစ်၍ မေတ္တာမူကား “အမျက်ထွက်ခြင်းငှာနှေး” စေသည်။ (ယာကုပ် ၁:၁၉။ ဂလာတိ ၅:၁၉၊ ၂၀) တရားသဖြင့်အမျက်ထွက်သည်တိုင် မေတ္တာသည် မာရ်နတ်ကိုအခွင့်ပေးရန် အမျက်မပြေဘဲမနေစေပါ။ (ဧဖက် ၄:၂၆၊ ၂၇) ယုံကြည်သူချင်းတို့သည် အကြံပြုသည်အတိုင်းမပြုလုပ်ကြလျှင် အထူးသဖြင့်အကြီးအကဲများသည် အမျက်ထွက်ခြင်းကိုရှောင်ကြဉ်ရမည်။

မေတ္တာအကြောင်းပေါလုဤသို့လည်းဆိုသည်။ “အပြစ်ရှိသည်ဟုမထင်တတ်။” (၁ ကောရိန္သု ၁၃:၅ခ) မေတ္တာသည် အပြစ်များကိုစာရင်းတင်ရေးမှတ်ထားခြင်းမပြုပါ။ ယုံကြည်သူချင်းတို့၌အကောင်းကိုမြင်တတ်ပြီး တကယ်ပြုမိသော၊ သို့မဟုတ် ထင်လိုက်သည့်အမှားများအတွက် ကလဲ့စားမချေတတ်ပါ။ (သု၊ ၂၀:၂၂။ ၂၄:၂၉။ ၂၅:၂၁၊ ၂၂) မေတ္တာသည် “ငြိမ်သက်ခြင်းနှင့် . . . ယှဉ်သောအရာတို့ကို မီအောင်လိုက်” ရန်ကူညီပေးသည်။ (ရောမ ၁၄:၁၉) ပေါလုနှင့်ဗာနဗတို့သည် အငြင်းအခုံဖြစ်ပြီးနောက် လမ်းခွဲပြီး ဘုရားသခင့်လုပ်ငန်းကိုဆက်ဆောင်ရွက်ကြသည်။ သို့သော် မေတ္တာသည် သူတို့အားအာဃာတစိတ်မထားစေဘဲ ပြန်ပေါင်းစေသည်။—ဝတ်ပြုရာ ၁၉:၁၇၊ ၁၈။ တမန်တော် ၁၅:၃၆-၄၁။

ဖြောင့်မတ်ခြင်းနှင့်သမ္မာတရားကိုမြတ်နိုး

မေတ္တာအကြောင်း ပေါလုဤသို့ဆက်ပြောသေးသည်။ “မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ (၁ ကောရိန္သု ၁၃:၆) အချို့သူများသည် “အပြစ်မပြုရလျှင် မအိပ်တတ်” သည်တိုင်မတရားသောအမှု၌ပျော်မွေ့တတ်ကြသည်။ (သု၊ ၄:၁၆) သို့သော် ဘုရားသခင့်အဖွဲ့အစည်းတွင် အချင်းချင်းရန်မတွေ့ပါ။ အပြစ်ပို့ဆောင်ရာသို့ တစ်ဦးတစ်ယောက်ရောက်သွားလျှင်လည်း မပျော်ရွှင်ပါ။ (သု၊ ၁၇:၅။ ၂၄:၁၇၊ ၁၈) ကောရိန္သုအသင်းတော်တွင် ဘုရားသခင်နှင့်ဖြောင့်မတ်ခြင်းတရားကိုသာ အလုံအလောက်မြတ်နိုးကြမည်ဆိုလျှင် စာရိတ္တယိုယွင်းခြင်းကို ခွင့်ပြုခဲ့မည်မဟုတ်ပါ။ (၁ ကောရိန္သု ၅:၁-၁၃) အခြားအရာများအပြင် ဖြောင့်မတ်ခြင်းတရားကိုမြတ်နိုးသည့်အတွက် မတရားမှုကိုဖော်ကျူးတင်ပြသည့်ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ သို့မဟုတ် ဇာတ်ကွက်များရှုစားခြင်းကို ရှောင်ကြဉ်စေသည်။

မေတ္တာသည် “သမ္မာတရား၌ဝမ်းမြောက်တတ်၏။” ဤတွင်သမ္မာတရားသည် မတရားမှုနှင့်ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။ ယင်းကြောင့်သမ္မာတရားသည် လူတို့အားတရားသဖြင့်ပြုရန် လွှမ်းမိုးတိုက်တွန်းပေးသည့်အတွက် မေတ္တာစိတ်ကရွှင်လန်းစေကြောင်းကိုဆိုလိုသည်။ လူတို့အားတည်ဆောက်မှုပေးသည့်အရာတို့တွင်လည်းကောင်း၊ သမ္မာတရားနှင့်ဖြောင့်မတ်ခြင်းတရားအတွက် အကျိုးဆောင်ခြင်း၌လည်းကောင်း ပျော်ရွှင်မှုရှိသည်။ မေတ္တာသည် မုသာမသုံးစေ။ တရားသဖြင့်ပြုသောသူသည် အပြစ်မရှိကြောင်းထင်ရှားလာသောအခါ ဝမ်းမြောက်၏။ ဘုရားသခင့်သမ္မာတရားအောင်ပွဲခံသော် ရွှင်လန်း၏။—ဆာလံ ၄၅:၄။

ခပ်သိမ်းသောအရာတို့ကို မေတ္တာသည် မည်သို့စီရင်တတ်

ချစ်ခြင်းမေတ္တာအကြောင်း ဆက်ဖော်ပြရာတွင် ပေါလုဤသို့ရေးသားသည်။ “ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။” (၁ ကောရိန္သု ၁၃:၇) “ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်” သည့်အတွက်မေတ္တာသည် မိုးရေမဝင်စေသောအိမ်ခေါင်မိုးကဲ့သို့ ငြူစူခြင်းကို ပယ်ထုတ်ထားသည်။ တစ်ဦးတစ်ယောက်သည် မိမိအားစိတ်ထိခိုက်စေပြီးနောက် တောင်းပန်မည်ဆိုလျှင် မေတ္တာသည် အပြစ်ရှိသည်ဟုမထင်တော့ဘဲ ယင်းအကြောင်းကိုအတင်းပြောဆိုမည့်အစား ပြစ်မှားသူအား ခွင့်လွှတ်ပါသည်။ မေတ္တာအားဖြင့် ‘ညီအစ်ကိုကိုရရန်’ ကြိုးစားလိမ့်မည်။—မဿဲ ၁၈:၁၅-၁၇။ ကောလောသဲ ၃:၁၃။

မေတ္တာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်၌ပါလေသမျှကို “ယုံတတ်၏။” “သစ္စာသတိပညာရှိကျေးကျွန်” မှတစ်ဆင့်ရရှိသော ဝိညာဉ်ဏအစာအတွက် ကျေးဇူးတင်တတ်ပါသည်။ (မဿဲ ၂၄:၄၅-၄၇) လှည့်စားရလွယ်သူများမဟုတ်ကြသော်လည်း မေတ္တာသည် မယုံကြည်နိုင်သောနှလုံးမရှိစေဘဲ ယုံကြည်သူချင်းတို့သည် ရည်ရွယ်ချက်မမှန်ကန်ဟူ၍မထင်နေစေပါ။ (ဒေသနာ ၇:၂၁၊ ၂၂) မေတ္တာသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း အစရှိသည့် ကျမ်းစာတွင်မှတ်တမ်းတင်ထားသောသမ္မာတရားတို့၌ “မျှော်လင့်တတ်၏။” မေတ္တာတိုက်တွန်းမှုအားဖြင့် ခက်ခဲသောအခြေအနေများသည် အကောင်းဆုံးဖြစ်လာစေရန် မျှော်လင့်၍ဆုတောင်းနေတတ်သည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက်အကြောင်းကို မေတ္တာက သူတစ်ပါးအားအသိပေးစေသည်။ (၁ ပေတရု ၃:၁၅) ထို့ပြင် မေတ္တာသည် ကျွန်ုပ်တို့အားပြုသောအပြစ်များပါအပါအဝင် “ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။” (သု၊ ၁၀:၁၂) ဘုရားသခင်ကိုချစ်ခြင်းက ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်အခြားအခြားသောစုံစမ်းခြင်းများကို သည်းခံနိုင်ရန်လည်း အထောက်အကူပြုသည်။

ပေါလုဆက်ပြောသေးသည်ကား “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။” (၁ ကောရိန္သု ၁၃:၈က) ယေဟောဝါသည် ဖောက်ပြန်ခြင်း၊ ပျက်ကွက်ခြင်းမရှိနိုင်သည်နည်းတူ မေတ္တာလည်းဖြစ်သည်။ ကျွန်ုပ်တို့၏ထာဝရဘုရားသခင်သည် မေတ္တာ၏အချုပ်အခြာဖြစ်သည့်အတွက် ဤအရည်အချင်းသည် ဘယ်သောအခါမျှပပျောက်လိမ့်မည်မဟုတ်။ (၁ တိမောသေ ၁:၁၇။ ၁ ယောဟန် ၄:၁၆) စကြဝဠာကို မေတ္တာဖြင့်အမြဲထိန်းချုပ်ထားလိမ့်မည်။ ထိုကြောင့် အတ္တသဘော၏ထူးခြားချက်များကို အနိုင်ယူနိုင်ရန် ဘုရားသခင်ကူညီပေးဖို့နှင့် ကိုယ်တော်၏ဖောက်ပြန်ခြင်းမရှိသော ဤဝိညာဉ်အသီးကို တင်ပြနိုင်ရန် ဆုတောင်းကြစို့လေ။—လုကာ ၁၁:၁၃။

ကွယ်ပျောက်လိမ့်မည်အရာများ

ရှေ့ရေးကိုညွှန်ကာ ပေါလုဤသို့ရေးသားသည်။ “ပရောဖက်ဉာဏ်ကိုလည်းကောင်း၊ အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်သော်လည်းကောင်း၊ သိပ္ပံအတတ်သော်လည်းကောင်း ကွယ်ပျောက်လိမ့်မည်။” (၁ ကောရိန္သု ၁၃:၈ခ) ‘ပရောဖက်ပြုနိုင်သည့်ဆုကျေးဇူးများ’ ကြောင့်ယင်းတို့ကိုပိုင်ဆိုင်သူများသည် ပရောဖက်ပြုချက်အသစ်များကို ပြောဆိုစေသည်။ ဘုရားသခင့်အဖွဲ့အစည်းအဖြစ် ခရစ်ယာန်အသင်းတော်တည်ထောင်လာပြီးနောက် ဤဆုကျေးဇူးများ ပပျောက်သွားသည်မှန်သော်လည်း ကိုယ်တော်၏ပရောဖက်ပြုခြင်းတန်ခိုးမူကား မပပျောက်သွားချေ။ ကိုယ်တော့်နှုတ်ကပါဌ်တော်တွင် ယခုကျွန်ုပ်တို့လိုအပ်သမျှပရောဖက်ပြုချက်များ ပါရှိပါသည်။ ဘာသာစကားအမျိုးမျိုးဖြင့် ဝိညာဉ်ဆုကျေးဇူးကြောင့်ပြောဆိုနိုင်ခြင်းလည်းပပျောက်သွား၏။ ကြိုတင်ပြောထားသည့်အတိုင်းပင် ထူးကဲသောအသိပညာလည်း ပပျောက်သွားသည်။ သို့သော် ကယ်တင်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သိသင့်သိအပ်သမျှကို ယေဟောဝါ၏ပြည့်စုံသောနှုတ်ကပါဌ်တော်က ပေးထားပါသည်။ (ရောမ ၁၀:၈-၁၀) ထို့ပြင် ဘုရားသခင့်လူမျိုးသည် ကိုယ်တော်၏ဝိညာဉ်ခံစားရသည့်အတွက် ယင်း၏အသီးတို့ကိုသီးနိုင်ကြသည်။

ပေါလုဆက်ပြောသည်ကား ဤသို့။ “ယခုမူကား၊ ငါတို့သည် မစုံမလင်သိတတ်ကြ၏။ ပရောဖက်ဉာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။ စုံလင်ခြင်းသို့ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။” (၁ ကောရိန္သု ၁၃:၉၊ ၁၀) အသိဉာဏ်နှင့်ပရောဖက်ဉာဏ်တို့သည် မစုံမလင်ခဲ့ပါ။ ယင်းပရောဖက်ပြုချက်တို့သည် အသေးစိတ်အချက်အလက်ကိုမဖော်ပြပါ။ ပရောဖက်တစ်ဦးစီတို့သည်လည်း အနာဂတ်ကိုဖော်ပြရာတွင် မိမိဖော်ပြချက်အကြောင်း အပြည့်အစုံသိရှိပုံမရှိခဲ့ကြချေ။ ယခုမူကား၊ ပရောဖက်ပြုချက်ကိုနားလည်ခြင်းသည် တဖြည်းဖြည်း ပြည့်စုံလာပြီဖြစ်သည်။ ဥပမာအားဖြင့်၊ သမ္မာကျမ်းပရောဖက်ပြုချက်ကိုပြည့်စုံစေသည့် အချက်အလက်တို့က ယေရှုသည် မင်းရိုက်ရာအာဏာကို ၁၉၁၄ ခုနှစ်တွင်ရရှိကြောင်းထောက်ခံပါသည်။ ထိုအချိန်ကတည်းက ကျွန်ုပ်တို့သည် “နောက်ဆုံးကာလ” တွင်ရောက်နေပြီဖြစ်၍ ဝိညာဏအသိပညာနှင့် သမ္မာကျမ်းစာဆိုင်ရာပရောဖက်ပြုချက်ကိုနားလည်ခြင်းဘက် တိုးတက်မြဲတိုးတက်နေပါသည်။ (ဒံယေလ ၁၂:၄) သို့ဖြစ်၍ ကျွန်ုပ်တို့သည် စုံလင်သောအသိပညာသို့ဦးတည်နေပြီး “စုံလင်ခြင်း” သည်ရောက်လုနီးပါးဖြစ်နေရမည်။

အမြတ်ဆုံးအရည်အချင်းတည်ရှိနေ

အသင်းတော်၏တိုးတက်ရေးကိုရည်ညွှန်းကာ ပေါလုဤသို့ရေးသားသည်။ “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏အရာများကိုငါပယ်ရှား၏။” (၁ ကောရိန္သု ၁၃:၁၁) သူငယ်သည် အကန့်အသတ်ရှိအသိဉာဏ်နှင့်ကာယဖွံ့ဖြိုးမှုအနည်းအကျဉ်းအရ ပြုမူသည့်အတွက် ပုခက်လွှဲခံနေရဘိသကဲ့သို့ ဟိုဟိုဒီဒီယိမ်းယိုင်တိမ်းစောင်းနိုင်ပါသည်။ သို့သော် လူကြီးတစ်ဦးမူကား ကိုယ်ကာယဘက်ရင့်ကျက်ကြီးထွားမှုပိုရှိသဖြင့် အသိဉာဏ်ပိုရှိပြီး လွယ်ကူစွာယိမ်းယိုင်မခံရပါ။ သူငယ်နှင့်ဆိုင်သည့်အကြံအစည်၊ စိတ်နေသဘောထားနှင့်နည်းလမ်းတို့ကို စွန့်ပစ်ခဲ့ပေပြီ။ ထိုနည်းတူစွာ ဘုရားသခင်၏မြေကြီးဆိုင်ရာအဖွဲ့အစည်းသည် သူငယ်အဖြစ်မှကြီးပြင်းလာပြီးနောက် ဝိညာဉ်ဆုကျေးဇူးများဖြစ်သည့်ပရောဖက်ပြုခြင်း၊ ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်း၊ အသိဉာဏ်တို့ကိုမလိုတော့ဟု ဘုရားသခင်ဆုံးဖြတ်တော်မူသည်။ ယခုရင့်ကျက်နေသောအသင်းတော်၏မျက်မှောက်အသင်းဝင်များသည် ဤကဲ့သို့သောဆုကျေးဇူးများလိုအပ်သည်ဟု မထင်မှတ်ကြသော်လည်း ဘုရားသခင်၏ဝိညာဉ်တော်လမ်းပြမှုအရ ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်ရန် ပျော်ရွှင်ကြပါသည်။

ပေါလုဆက်ပြောဆိုသည်။ “ယခုတွင် ငါတို့သည် မှန်အားဖြင့်ရိပ်မိလျက်သာနေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင်ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတစ်ပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်။” (၁ ကောရိန္သု ၁၃:၁၂) အသင်းတော်ငယ်စဉ်အချိန်က အကြောင်းအရာအချို့ကို ဘုရားသခင်ဖော်ပြန်ရန် အချိန်မတိုင်သေးချေ။ သို့ဖြစ်၍ ရောင်ပြန်ဟပ်သောမျက်နှာပြင်မရှိသည့် မှန်တစ်ချပ်ထဲသို့ ခရစ်ယာန်များကြည့်နေကြသည်နှင့်တူသည်။ (တမန်တော် ၁:၆၊ ၇) သို့သော် ကျွန်ုပ်တို့သည် မသဲမကွဲမြင်ရသည့်အဖြစ်ကိုလွန်လေပြီ။ ယခုအချိန်သည် ဗျာဒိတ်တော်ပြရန် ဘုရားသခင့်အချိန်အခါဖြစ်သည့်အတွက် ပြည့်စုံချက်တို့ကို ကွင်းကွင်းကွက်ကွက်ထင်ထင်ရှားရှားမြင်နေကြရသည်။ (ဆာလံ ၉၇:၁၁။ ဒံယေလ ၂:၂၈) ပေါလုကိုယ်တိုင်ဘုရားသခင်ကိုသိသည်မှန်သော်လည်း ယေဟောဝါကိုသိခြင်းအထွတ်အထိပ်သို့ရောက်၍ ကိုယ်တော်နှင့်အရင်းနှီးဆုံးရှိမည့်အချိန်ကား ကောင်းကင်အသက်တာသို့ရှင်ပြန်ထမြောက်သွားသည့်အချိန်၌သာဖြစ်သည်။ ထိုသို့အားဖြင့် သူ၏ခရစ်ယာန်လမ်းစဉ်လိုက်လျှောက်ခြင်းဆုကျေးဇူးအပြည့် ရမည်တည်း။

မေတ္တာကိုအကျဉ်းချုပ်ဖော်ပြချက်၏နိဂုံးတွင် ပေါလုဤသို့ရေးသားသည်။ “ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။” (၁ ကောရိန္သု ၁၃:၁၃) ဝိညာဉ်တော်၏အံ့ဖွယ်ရာဆုကျေးဇူးများမရှိငြား ယခုအသင်းတော်တွင် သာ၍ကြွယ်ဝသောယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့်မေတ္တာရှိရန် သာ၍စုံလင်သောအသိပညာနှင့်အကြောင်းပြချက်များရှိပါသည်။ ဘုရားသခင်ကတိထားတော်မူသမျှတို့သည် ပြည့်စုံသလောက်ရှိပြီဟူ၍ ယုံကြည်နိုင်ပေပြီ။ (ဟေဗြဲ ၁၁:၁) ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ကြိုတင်ဟောထားသည့်အရာများပြည့်စုံလာသည့်အခါ ယုံကြည်ခြင်းဆိုင်ရာလက္ခဏာများ ပြီးပြည့်သွားမည်။ စောင့်ခဲ့သမျှမျှော်လင့်ရာများကို ရှေ့မှောက်တွင်မြင်နေရသည့်အခါ မျှော်လင့်ခြင်းနှင့်ဆိုင်သောကဏ္ဍများ ကွယ်ပျောက်သွားပါမည်။ သို့သော် မေတ္တာမူကား အစဉ်တည်ရှိလိမ့်မည်။ သို့ဖြစ်သောကြောင့် ယေဟောဝါသက်သေအားလုံး သာလွန်ထူးခြားသောမေတ္တာလမ်းစဉ်ကို လိုက်လျှောက်ကြစို့လေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ