ကိုယ်ချင်းစာနာစိတ်—ကြင်နာသနားဖို့ စေ့ဆော်ပေး
တစ်ပါး၏ကြေကွဲမှုကို သက်သာစေနိုင်သရွေ့ ဘဝသည် အကျိုးရှိမည်” ဟုဟယ်လင်ကယ်လာ ရေးသားခဲ့သည်။ စိတ်ကြေကွဲမှုကို ကယ်လာ အမှန်နားလည်ခဲ့သည်။ သူသည် ၁၉ လအရွယ်တွင် အကြီးအကျယ်ဖျားပြီး လုံးလုံးမျက်စိကွယ်၊ နားပင်းသွားခဲ့၏။ သို့သော် ကြင်နာမှုရှိသောဆရာမတစ်ဦးက ဟယ်လင်ကို မျက်မမြင်စာ ဖတ်တတ်၊ ရေးတတ်ဖို့ရော နောက်ပိုင်း စကားပြောနိုင်ဖို့ပါ သင်ပေးခဲ့သည်။
ကယ်လာ၏ဆရာမ အဲန်း စလေဗန်းသည်လည်း မသန်မစွမ်းမှုကြောင့် စိတ်ဓာတ်ကျခြင်းကို ကောင်းစွာနားလည်သည်။ သူကိုယ်တိုင် မျက်စိကွယ်လုနီးပါးဖြစ်ခဲ့ရ၏။ သို့သော် အဲန်းသည် ဟယ်လင်၏လက်ပေါ်တွင် စကားလုံးများကို “စာလုံးပေါင်းရေးပေးခြင်း” ဖြင့်ဟယ်လင်နှင့်ဆက်သွယ်နည်းကို စိတ်ရှည်ရှည်တီထွင်ခဲ့သည်။ ဆရာမ၏ကိုယ်ချင်းစာနာစိတ်က ဟယ်လင်ကို စေ့ဆော်ပေးသောကြောင့် မျက်မမြင်၊ နားမကြားသူများကို ကူညီပေးရန် မိမိ၏ဘဝကိုမြှုပ်နှံဖို့ သူဆုံးဖြတ်လိုက်သည်။ အကြီးအကျယ်ကြိုးစားခဲ့၍ မိမိကိုယ်တိုင်၏ မသန်မစွမ်းမှုကို အောင်မြင်ပြီးနောက် အလားတူမသန်မစွမ်းဖြစ်နေကြသူများကို ကိုယ်ချင်းစာနာမိသည်။ သူတို့ကို ကူညီပေးလို၏။
ကိုယ်ကျိုးရှာ ဤလောကတွင် “သနားခြင်း . . . စိတ်ကိုချုပ်တည်း” ရန်လွယ်ကူသည်ကို သင်သတိပြုမိပေမည်။ (၁ ယောဟန် ၃:၁၇) သို့သော် မိမိတို့၏အိမ်နီးချင်းကိုချစ်ရန်နှင့် တစ်ဦးကိုတစ်ဦး အားကြီးသောမေတ္တာနှင့်ချစ်ကြရန် ခရစ်ယာန်များကို မိန့်မှာထားသည်။ (မဿဲ ၂၂:၃၉; ၁ ပေတရု ၄:၈) သို့တိုင် အချင်းချင်း အပြည့်အဝချစ်လိုကြသော်လည်း သူတစ်ပါး၏ကြေကွဲမှု သက်သာစေရန် လုပ်ဆောင်နိုင်သည့်အခွင့်အရေးများကို မျက်စိလျှမ်းသွားတတ်သော ဖြစ်ရပ်မှန်ကို သင်သတိထားမိကောင်းထားမိပေမည်။ ယင်းသို့ဖြစ်ရခြင်းမှာ သူတို့၏လိုအပ်ရာများကို ကျွန်ုပ်တို့သတိမပြုမိသောကြောင့်သာဖြစ်ပေမည်။ ကိုယ်ချင်းစာနာစိတ်သည် ကြင်နာသနားဖို့ စေ့ဆော်ချက်ပင်ဖြစ်၏။
ကိုယ်ချင်းစာနာစိတ်ဟူသည် အဘယ်နည်း
ကိုယ်ချင်းစာနာစိတ်ဟူသည် “သူတစ်ပါး၏အခြေအနေ၊ ခံစားချက်များနှင့် အကြောင်းရင်းများကို ခွဲခြားသိရှိနားလည်သဘောပေါက်ခြင်း” ဖြစ်သည်ဟု အဘိဓာန်တစ်အုပ်ကဆို၏။ အခြားသူ၏အခြေအနေတွင် ကိုယ်တိုင်အစားထိုး ခံစားနိုင်စွမ်းရှိခြင်းဖြစ်သည်ဟူ၍လည်း ဆိုသည်။ သို့ဖြစ်၍ ကိုယ်ချင်းစာနာတတ်ရန် ဦးဆုံးအနေနှင့် အခြားသူတစ်ဦး၏အခြေအနေများကို နားလည်သဘောပေါက်ပြီး ဒုတိယအနေနှင့် ထိုအခြေအနေများကို မျှဝေခံစားဖို့ လိုအပ်သည်။ မှန်သည်၊ ကိုယ်ချင်းစာနာစိတ်တွင် ကျွန်ုပ်တို့၏နှလုံးမှ အခြားသူ၏ကြေကွဲမှုကို ခံစားခြင်းပါဝင်၏။
ဤတွင် ဆွေးနွေးနေသည့် အရည်အသွေးကို ကျမ်းစာက နည်းအမျိုးမျိုးဖြင့် ရည်ညွှန်းသည်။ တမန်တော်ပေတရုက ‘ကိုယ်ချင်းစာနာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း’ ရှိကြရန် ခရစ်ယာန်များအား ဆုံးမခဲ့၏။ (၁ ပေတရု ၃:၈) ‘ကိုယ်ချင်းစာနာခြင်း’ ဟုဘာသာပြန်ဆိုသော ဂရိစကားလုံးသည် စာသားအရ “အခြားသူနှင့်အတူ ခံစားရန်” သို့မဟုတ် “ကြင်နာမှုပြရန်” ဟူ၍အဓိပ္ပာယ်ရှိသည်။ တမန်တော်ပေါလုက “ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်း ပြုကြ” ရန် ခရစ်ယာန်ချင်းများအား တိုက်တွန်းသောအခါ အလားတူခံစားချက်မျိုးရှိဖို့ အားပေးခဲ့သည်။ “အချင်းချင်း စိတ်သဘော တညီတညွတ်တည်း ရှိကြလော့” ဟူ၍လည်း ပေါလုထပ်ဆင့်ဆိုသည်။ (ရောမ ၁၂:၁၅၊ ၁၆) ကျွန်ုပ်တို့နှင့်စပ်ဆိုင်သူ၏နေရာတွင် ဝင်၍နေကြည့်ခြင်းမရှိလျှင် ကိုယ်ကိုကိုယ်ချစ်သကဲ့သို့ သူ့ကိုချစ်ရန် မဖြစ်နိုင်ဟု သင်သဘောတူမည် မဟုတ်လော။
လူတိုင်းတွင် ပင်ကိုအရ အတိုင်းအတာတစ်ခုအထိ ကိုယ်ချင်းစာနာစိတ်ရှိကြ၏။ အစာငတ်ပြတ်နေသောကလေးများ သို့မဟုတ် ပူပင်သောကရောက်နေသော ခိုလှုံရာမဲ့သူများ၏ ကြေကွဲဖွယ်မြင်ကွင်းများကို တွေ့ရသောအခါ မည်သူသည် မကြင်နာမိဘဲနေမည်နည်း။ မေတ္တာရှိသောမိခင်သည် ရှိုက်ကြီးတငင်ငိုကြွေးနေသော သူ၏ကလေးကို မည်သို့လျစ်လျူရှုနိုင်မည်နည်း။ သို့သော် ဆင်းရဲခြင်းရှိသမျှကို အလွယ်တကူသိရှိနိုင်မည်မဟုတ်ချေ။ စိတ်ဓာတ်ကျခြင်း၊ မသန်မစွမ်းမှုကို ဖုံးကွယ်ထားခြင်း၊ အစားအသောက်မူမမှန်ခြင်း ပြဿနာများကို ကျွန်ုပ်တို့တစ်ခါမျှ မခံစားဖူးလျှင် ထိုအခက်အခဲများရှိသူ၏ ခံစားချက်များကို နားလည်သဘောပေါက်ရန် မည်မျှခက်ခဲမည်တကား! မည်သို့ဆိုစေ၊ ကျွန်ုပ်တို့နှင့် အခြေအနေမတူသူများအပေါ် စာနာစိတ်တင်ပြနိုင်သည်၊ တင်ပြသင့်သည်ဟု သမ္မာကျမ်းစာကဖော်ပြသည်။
ကျမ်းစာပါ ကိုယ်ချင်းစာနာစိတ်ရှိသူများ၏ ပုံသက်သေများ
ယေဟောဝါသည် ကိုယ်ချင်းစာနာရာတွင် အကောင်းဆုံးပုံသက်သေဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် စုံလင်သော်လည်း ကျွန်ုပ်တို့ကို စုံလင်ရန် ကိုယ်တော်မမျှော်လင့်ချေ၊ “အကြောင်းမူကား ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” (ဆာလံ ၁၀၃:၁၄; ရောမ ၅:၁၂) ထို့ပြင် ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို ကိုယ်တော်သိရှိရာ ‘ကျွန်ုပ်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ကျွန်ုပ်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ’ ချေ။ (၁ ကောရိန္သု ၁၀:၁၃) ကိုယ်တော်သည် မိမိ၏ကျေးကျွန်များအားဖြင့်လည်းကောင်း၊ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ထွက်မြောက်ရာလမ်းကိုရှာတွေ့ရန် ကျွန်ုပ်တို့ကို ထောက်ကူပေးသည်။—ယေရမိ ၂၅:၄၊ ၅; တမန်တော် ၅:၃၂။
ယေဟောဝါသည် မိမိ၏လူမျိုးတော် ခံစားရသည့် ဝမ်းနည်းကြေကွဲမှုကို ကိုယ်တိုင်ခံစားရ၏။ ဗာဗုလုန်မြို့မှပြန်လာကြသော ဂျူးများကို ကိုယ်တော်က “သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏” ဟုမိန့်ဆိုခဲ့သည်။ (ဇာခရိ ၂:၈) ဘုရားသခင်၏ကိုယ်ချင်းစာနာစိတ်ကို ကောင်းစွာသတိပြုမိသော ကျမ်းရေးသူဒါဝိဒ်က ကိုယ်တော်အား “အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ။ စာရင်းတော်၌ ရှိပါသည်မဟုတ်လော” ဟုပြောခဲ့သည်။ (ဆာလံ ၅၆:၈) ယေဟောဝါသည် မိမိ၏ကျေးကျွန်များ သမာဓိစောင့်သိရန် ကြိုးစားအားထုတ်သောအခါ သူတို့ကျခဲ့ရသည့်မျက်ရည်များကို စာအုပ်ထဲတွင် ရေးမှတ်ထားသည့်အလား သတိရတော်မူသည်ဟု သိရှိရခြင်းသည် တကယ်စိတ်သက်သာစေပါသည်!
ယေရှုခရစ်သည်လည်း မိမိ၏ကောင်းကင်ခမည်းတော်ကဲ့သို့ပင် အခြားသူများ၏ ခံစားချက်များကို အကင်းပါးပါးသိရှိတော်မူသည်။ ကိုယ်တော်သည် နားပင်းသူကို အံ့ဖွယ်နည်းဖြင့် ကုသပေးသောအခါ သူ့ကို လွန်စွာစိတ်အနှောင့်အယှက်မဖြစ်စေရန် သို့မဟုတ် မထိတ်လန့်စေရန် လူအစုအဝေးထဲက ခေါ်ထုတ်သွားသည်။ (မာကု ၇:၃၂-၃၅) နောက်တစ်ကြိမ်တွင် တစ်ဦးတည်းသောသားကို သင်္ဂြိုဟ်တော့မည့် မုဆိုးမတစ်ဦးကို ယေရှုတွေ့ခဲ့၏။ ကိုယ်တော်သည် မုဆိုးမခံစားနေရသော ဝမ်းနည်းကြေကွဲမှုကို ချက်ချင်းခံစားမိ၍ ဈာပနအခမ်းအနားသို့သွားကာ ထိုလူငယ်ကို ထမြောက်ပေးခဲ့သည်။—လုကာ ၇:၁၁-၁၆။
ယေရှုထမြောက်ပြီးနောက် ဒမာသက်မြို့သွားရာလမ်းပေါ်တွင် ရှောလုထံ ကိုယ်တော်ထင်ရှားပြ၍ တပည့်တော်များကို သူ၏ရက်ရက်စက်စက်ညှဉ်းပန်းမှုက မိမိအားထိခိုက်ပုံကို ရှောလုအား သိရှိစေ၏။ “ငါကား သင်ညှဉ်းဆဲသောယေရှုဖြစ်သတည်း” ဟုသူ့ကို ကိုယ်တော်မိန့်ဆို၏။ (တမန်တော် ၉:၃-၅) ဖျားနေသော မိမိကလေး၏ နာကျင်မှုကို ခံစားရသည့် မိခင်တစ်ဦးကဲ့သို့ပင် ယေရှုသည် မိမိ၏တပည့်တော်များ ခံစားနေရသော ဝမ်းနည်းကြေကွဲမှုကို ကိုယ်တော်တိုင်ခံစားခဲ့ရသည်။ ထိုနည်းတူ ကောင်းကင်ယဇ်ပုရောဟိတ်မင်းအနေနှင့် ယေရှုသည် “ငါတို့ခံရသောဆင်းရဲ . . . များကြောင့် မကြင်နာနိုင်သောသူမဟုတ်”၊ ရောသဟမ်၏ဘာသာပြန်ဆိုချက်အရ “ငါတို့အားနည်းချက်များကို စာနာတတ်” သည်။—ဟေဗြဲ ၄:၁၅။
တမန်တော်ပေါလုသည် အခြားသူများ၏ ဆင်းရဲခြင်းများနှင့် ခံစားချက်များကို အကင်းပါးပါးသိရှိခဲ့၏။ “ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူဖောက်ပြန်သနည်း” ဟုသူမေးခဲ့သည်။ (၂ ကောရိန္သု ၁၁:၂၉) ဖိလိပ္ပိမြို့ရှိထောင်တွင် ချုပ်နှောင်ခံနေရသော ပေါလုနှင့်သိလတို့ကို ကောင်းကင်တမန်တစ်ပါးက အံ့ဖွယ်နည်းဖြင့် လွှတ်ပေးလိုက်သောအခါ မည်သူမျှထွက်မပြေးပါဟု ထောင်မှူးအားအသိပေးရန် ပေါလုဦးဆုံးစဉ်းစားခဲ့သည်။ ထိုထောင်မှူးသည် ကိုယ့်ကိုယ်ကိုသတ်သေပေလိမ့်မည်ကို ကိုယ်ချင်းစာနာစွာ ပေါလုသိရှိခဲ့၏။ ရောမထုံးစံအရ အထူးသဖြင့် သေချာစွာစောင့်ကြပ်ရန် ညွှန်ကြားထားသော အကျဉ်းသားတစ်ဦး လွတ်သွားလျှင် ထောင်မှူးအား ပြင်းထန်စွာအပြစ်ပေးမည်ကို ပေါလုသိထားသည်။ (တမန်တော် ၁၆:၂၄-၂၈) ပေါလု၏ကြင်နာမှုရှိ အသက်ကယ်တင်ခြင်းလုပ်ရပ်က ထောင်မှူး၏စိတ်ထဲ စွဲမှတ်စရာဖြစ်သွားပြီး သူနှင့်သူ၏အိမ်သူအိမ်သားများအား ခရစ်ယာန်များဖြစ်လာစေ၏။—တမန်တော် ၁၆:၃၀-၃၄။
ကိုယ်ချင်းစာနာစိတ်ကို ပျိုးထောင်နိုင်ပုံ
ကိုယ်ချင်းစာနာစိတ်သည် ကျွန်ုပ်တို့မွေးမြူဖို့လိုအပ်သော အရည်အသွေးတစ်ခုဖြစ်ရာ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့ကို တုပရန် သမ္မာကျမ်းစာက ထပ်ခါတလဲလဲ အားပေးတိုက်တွန်းသည်။ ယင်းကို မည်သို့မွေးမြူနိုင်မည်နည်း။ သူတစ်ပါး၏လိုအပ်ရာများနှင့် ခံစားချက်များကို အကင်းပါးပါးသိရှိနိုင်သည့် အဓိကနည်းသုံးနည်းရှိသည်၊ ၎င်းတို့ကား နားထောင်ခြင်း၊ အကဲခတ်ခြင်း၊ မှန်းဆခြင်းဖြစ်၏။
နားထောင်ပါ။ ဂရုတစိုက်နားထောင်ခြင်းအားဖြင့် အခြားသူရင်ဆိုင်နေရသော ပြဿနာများကို ကျွန်ုပ်တို့သိရှိရသည်။ ကျွန်ုပ်တို့နားထောင်လေလေ၊ သူတို့၏စိတ်နှလုံးကိုဖွင့်၍ သူတို့၏ခံစားချက်များကို ပို၍ပြောပြလေလေဖြစ်ပေမည်။ “အကြီးအကဲတစ်ယောက်ဟာ ကျွန်မပြောတာကိုနားထောင်ပေးမယ်လို့ သိထားရင် သူ့ကို ကျွန်မရင်ဖွင့်ပြောဆိုနိုင်တယ်” ဟုမီရီအာမ်က ပြောပြသည်။ “ကျွန်မရဲ့ပြဿနာကို သူတကယ်ပဲနားလည်တယ်ဆိုတာ ကျွန်မသိချင်တယ်။ ဒါကြောင့် ကျွန်မပြောပြသမျှကို သူအသေအချာ နားထောင်နေတယ်ဆိုတာကို ဖော်ပြတဲ့ သူရဲ့နှိုက်နှိုက်ချွတ်ချွတ် ကျွန်မကိုမေးတဲ့မေးခွန်းတွေက သူ့အပေါ် ယုံကြည်စိတ်ချမှုတိုးများလာစေတယ်။”
အကဲခတ်ပါ။ လူတိုင်းက သူတို့၏ခံစားချက်များ၊ သို့မဟုတ် သူတို့၏အခက်အခဲကို ကျွန်ုပ်တို့အား ပွင့်ပွင့်လင်းလင်းပြောပြမည်မဟုတ်ချေ။ အကဲခတ်လျင်သူတစ်ဦးမူကား ခရစ်ယာန်ချင်းတစ်ဦး စိတ်ဓာတ်ကျနေပုံပေါက်သည့်အခါ၊ ဆယ်ကျော်သက်တစ်ဦး ဘာသိဘာသာနေလာသည့်အခါ၊ ဇွဲရှိသောအမှုဆောင်တစ်ဦး သူ၏စိတ်အားထက်သန်မှု လျော့နည်းလာသည့်အခါတို့ကို သတိပြုမိပါလိမ့်မည်။ မိဘများသည် ပြဿနာဖြစ်ပေါ်ခါစအခြေအနေကို သိရှိနိုင်စွမ်းရှိဖို့ အရေးကြီးသည်။ “အမေ့ကို မပြောပြခင် ကျွန်မဘယ်လိုခံစားနေရတယ်ဆိုတာ တစ်နည်းနည်းနဲ့ အမေသိပုံရတယ်၊ ဒါကြောင့် ကျွန်မရဲ့ပြဿနာတွေကို အမေ့ကို ပွင့်ပွင့်လင်းလင်းပြောပြဖို့ အရမ်းလွယ်ကူတယ်” ဟုမာရီက ပြောပြ၏။
သင်၏မှန်းဆချက်ကိုအသုံးပြုပါ။ ‘ဒီအခြေအနေမျိုးမှာ ငါရှိနေရင် ဘယ်လိုခံစားရမလဲ။ ဘယ်လိုတုံ့ပြန်မလဲ။ ဘာလိုနေမလဲ’ ဟူသော မေးခွန်းများကို သင့်ကိုယ်သင်မေးခြင်းအားဖြင့် ကိုယ်ချင်းစာနာစိတ်ကို စေ့ဆော်ပေးနိုင်သည့် တန်ခိုးအပါဆုံးနည်းဖြစ်သည်။ ယောဘအား နှစ်သိမ့်ပေးဟန်ဆောင်သူသုံးဦးသည် ယောဘ၏အခြေအနေမျိုးတွင် အစားထိုးမခံစားနိုင်ခဲ့ကြချေ။ သို့ဖြစ်၍ ယောဘသည် အပြစ်ကျူးလွန်ခဲ့ရမည်ဟု သူတို့ပြစ်တင်ဝေဖန်ခဲ့ကြ၏။
မစုံလင်သောလူသားများသည် ခံစားချက်များကို နားလည်သဘောပေါက်ပေးရန်ထက် အမှားများကို အလွယ်တကူပြစ်တင်ဝေဖန်တတ်ကြ၏။ သို့သော် ပူပင်သောကရောက်နေသူတစ်ဦး၏ခံစားချက်ကို ကြိုးစားမှန်းဆကြည့်မည်ဆိုလျှင် ပြစ်တင်ဝေဖန်မည့်အစား စာနာတတ်ရန် ထောက်ကူပေးပါလိမ့်မည်။ “အကြံဉာဏ်မပေးခင် အခြေအနေတစ်ရပ်လုံးကို အသေအချာနားထောင်ပြီး နားလည်ဖို့ကြိုးစားတဲ့အခါ ပိုကောင်းတဲ့အကြံဉာဏ်ကို ကျွန်တော်ပေးလို့ရတယ်” ဟုအတွေ့အကြုံရှိအကြီးအကဲဖြစ်သူ ဂဝမ်ကပြောပြသည်။
ယင်းနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ ထုတ်ဝေသော စာအုပ်စာတမ်းများသည် လူများစွာကို ထောက်ကူပေးခဲ့ပြီ။ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများတွင် စိတ်ဓာတ်ကျခြင်းနှင့် ကလေးကိုမတော်မတရားပြုမူခြင်းစသော အရှုပ်တော်ပုံပြဿနာများကို ဆွေးနွေးဖော်ပြခဲ့ပြီ။ ဤအချိန်တန် သိသင့်သိအပ်ရာအကြောင်းများသည် ထိုသို့သောပြဿနာများ ကြုံနေရကြသည့် ဝမ်းနည်းကြေကွဲနေသူများ၏ ခံစားချက်များကို ပိုမိုအကင်းပါးပါးသိရှိရန် စာဖတ်သူများအား ထောက်ကူပေးသည်။ ထိုနည်းတူ၊ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်သည်လည်း မိမိတို့ကလေးများ၏ပြဿနာများကို ဖြေရှင်းပေးရန် မိဘများစွာကို ကူညီပေးခဲ့ပြီ။
ကိုယ်ချင်းစာနာစိတ်သည် ခရစ်ယာန်လုပ်ငန်းဆောင်တာများကို ထောက်ကူပေး
ဝေမျှစားသုံးနိုင်မည့်အစာ ကျွန်ုပ်တို့တွင်ရှိလျှင် ငတ်ပြတ်နေသော ကလေးတစ်ဦးအား လျစ်လျူရှုမည့်သူနည်းသည်။ ကျွန်ုပ်တို့တွင် ကိုယ်ချင်းစာနာစိတ်ရှိလျှင် လူတစ်ဦး၏ဝိညာဉ်ရေးအခြေအနေကိုလည်း သတိပြုမိပါလိမ့်မည်။ သမ္မာကျမ်းစာက ယေရှုအကြောင်း ဤသို့ဆိုသည်– “ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏။” (မဿဲ ၉:၃၆) ယနေ့ သန်းပေါင်းများစွာတို့သည် အလားတူဝိညာဉ်ရေးအခြေအနေမျိုးတွင် ရှိနေကြပြီး သူတို့ အကူအညီလိုလျက်ရှိကြ၏။
ယေရှုခေတ်ကကဲ့သို့ပင် လူအချို့၏နှလုံးကိုထိမိရန် စိတ်စွန်းကွက်မှု သို့မဟုတ် အမြစ်စွဲနေပြီဖြစ်သော ဓလေ့ထုံးစံတို့ကို ကျွန်ုပ်တို့ကျော်လွှားရကြပေမည်။ ကိုယ်ချင်းစာနာစိတ်ရှိသောအမှုဆောင်သည် မိမိ၏သတင်းတရားကို ပို၍နှစ်သက်စရာဖြစ်စေရန် နှစ်ဦးနှစ်ဖက်သဘောတူနိုင်သော အကြောင်းအရာရှာတွေ့ရန် သို့မဟုတ် လူတို့စိတ်ထဲရှိနှင့်ပြီးသော အကြောင်းကိုအခြေပြုပြောဆိုရန် ကြိုးစား၏။ (တမန်တော် ၁၇:၂၂၊ ၂၃; ၁ ကောရိန္သု ၉:၂၀-၂၃) ကိုယ်ချင်းစာနာစိတ်၏ စေ့ဆော်ပေးမှုဖြင့် ကြင်နာမှုလုပ်ရပ်များကလည်း ဖိလိပ္ပိထောင်မှူး၏အဖြစ်တွင်ကဲ့သို့ပင် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ကြားနာသူများအား ၎င်းကိုလက်ခံရန် လွယ်ကူစေ၏။
အသင်းတော်ရှိ အခြားသူများ၏အားနည်းချက်များကို ဗွေမယူဖို့ ပံ့ပိုးပေးရာတွင်လည်း ကိုယ်ချင်းစာနာစိတ်က အလွန်တန်ဖိုးရှိလှ၏။ ကျွန်ုပ်တို့ကိုပြစ်မှားသည့် ညီအစ်ကိုတစ်ဦး၏ ခံစားချက်များကို သဘောပေါက်နားလည်ရန် ကြိုးစားလျှင် သူ့ကို အလွယ်တကူခွင့်လွှတ်နိုင်မည်မှာ သေချာသည်။ ကျွန်ုပ်တို့သည် ထိုအခြေအနေမျိုးတွင်ရောက်ပြီး သူ၏နောက်ခံမျိုး ရှိမည်ဆိုလျှင် အလားတူတုံ့ပြန်ခဲ့ပေမည်။ ယေဟောဝါ၏ကိုယ်ချင်းစာနာစိတ်က ကိုယ်တော်အား ‘ကျွန်ုပ်တို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့’ စေရာ ကျွန်ုပ်တို့၏ကိုယ်ချင်းစာနာစိတ်ကလည်း သူတစ်ပါး၏အပြစ်များကို ထည့်သွင်းစဉ်းစားပေးပြီး ‘သူတို့၏အပြစ်ကိုခွင့်လွှတ်’ ရန်ကျွန်ုပ်တို့အား စေ့ဆော်ပေးသင့်သည်မဟုတ်လော။—ဆာလံ ၁၀၃:၁၄; ကောလောသဲ ၃:၁၃။
အကြံဉာဏ်ပေးဖို့လိုအပ်လျှင် အပြစ်လုပ်သူ၏ခံစားချက်များနှင့် ထိခိုက်လွယ်တတ်သောသဘောကို ကျွန်ုပ်တို့သိနားလည်ထားပါက ပို၍သနားကြင်နာစွာဖြင့် အကြံပေးလိမ့်မည်။ ကိုယ်ချင်းစာနာတတ်သော ခရစ်ယာန်အကြီးအကဲသည် သူ့ကိုယ်သူ ဤသို့သတိပေး၏– ‘ဒီလိုအမှားမျိုး ငါလည်းလုပ်မိနိုင်တယ်။ သူ့လို ငါလည်းဖြစ်နိုင်တယ်။’ ထို့ကြောင့် ပေါလုက “အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့” ဟုအားပေးသည်။—ဂလာတိ ၆:၁။
ခရစ်ယာန်ချင်းတစ်ဦးက အကူအညီမတောင်းဝံ့သော်လည်း ကျွန်ုပ်တို့တွင် ကူညီနိုင်စွမ်းရှိလျှင် ကိုယ်ချင်းစာနာစိတ်က လက်တွေ့ကျအကူအညီပေးဖို့ စေ့ဆော်ပေးနိုင်၏။ တမန်တော်ယောဟန်က ဤသို့စာရေးသည်– “အကြင်သူသည် လော[က]စည်းစိမ်ဥစ္စာရှိလျက်ပင် မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍ သနားခြင်း . . . စိတ်ကိုချုပ်တည်း၏၊ ထိုသူ၌ ဘုရားသခင်၏မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။ . . . ငါတို့သည် စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ စိတ်ပါကိုယ်ရောက် ဧကန်အမှန်ချစ်ကြကုန်အံ့။”—၁ ယောဟန် ၃:၁၇၊ ၁၈။
“စိတ်ပါကိုယ်ရောက်” ချစ်ရန် ပထမဦးစွာ ကျွန်ုပ်တို့ညီအစ်ကို၏ အဓိကလိုအပ်ရာများကို မြင်တတ်ဖို့လိုသည်။ ကူညီပေးဖို့ရည်ရွယ်ချက်ဖြင့် အခြားသူများ၏လိုအပ်ရာများကို သေချာစွာဂရုစိုက်သလော။ ၎င်းက ကိုယ်ချင်းစာနာစိတ်ပင်ဖြစ်၏။
ကိုယ်ချင်းစာနာစိတ်ကို ပျိုးထောင်လော့
ကျွန်ုပ်တို့သည် ပင်ကိုသဘောအရ ကိုယ်ချင်းစာနာစိတ် ရှိချင်မှရှိမည်၊ သို့တိုင် ဤစာနာစိတ်ကို ကျွန်ုပ်တို့ပျိုးထောင်ပေးနိုင်၏။ ကျွန်ုပ်သည် ဂရုတစိုက်နားထောင်မည်၊ အကဲခတ်လျင်မြန်မည်၊ သူတစ်ပါး၏အခြေအနေမျိုးတွင် မိမိကိုယ်ကို မကြာခဏ အစားထိုးနေကြည့်မည်ဆိုလျှင် ကျွန်ုပ်တို့၏ကိုယ်ချင်းစာနာစိတ် ရှင်သန်လာပါလိမ့်မည်။ သို့ပြုခြင်းဖြင့် ကျွန်ုပ်တို့၏ကလေးများ၊ အခြားခရစ်ယာန်များနှင့် အိမ်နီးချင်းများအား ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုနှင့် သနားခြင်းကို ပိုမိုပြသရန် စေ့ဆော်ခံရပါလိမ့်မည်။
တစ်ကိုယ်ကောင်းစိတ်ကြောင့် သင်၏ကိုယ်ချင်းစာနာစိတ် ဖုံးဖိလွှမ်းအုပ်မသွားစေပါနှင့်။ ပေါလုက “ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့” ဟုရေးသားခဲ့သည်။ (ဖိလိပ္ပိ ၂:၄) ကျွန်ုပ်တို့၏ထာဝရအနာဂတ်သည် ယေဟောဝါနှင့် ကိုယ်တော်၏ယဇ်ပုရောဟိတ်မင်းကြီး ယေရှုခရစ်တို့၏ ကိုယ်ချင်းစာနာစိတ်အပေါ် မူတည်၏။ သို့ဖြစ်၍ ကျွန်ုပ်တို့တွင် ဤအရည်အသွေးကို ပြုစုပျိုးထောင်ရန် ကျင့်ဝတ်တရားရှိပါသည်။ ကျွန်ုပ်တို့၏ကိုယ်ချင်းစာနာစိတ်သည် သာ၍ကောင်းသော အမှုဆောင်များနှင့် သာ၍ကောင်းသော မိဘများ ဖြစ်လာစေနိုင်၏။ ထိုထက်ကား ကိုယ်ချင်းစာနာစိတ်သည် “ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိစေသည်” ဟုသိမြင်လာစေပါလိမ့်မည်။—တမန်တော် ၂၀:၃၅၊ ကဘ။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ကိုယ်ချင်းစာနာစိတ်တွင် ကူညီပေးရန်ရည်ရွယ်ချက်ဖြင့် အခြားသူများ၏လိုအပ်ရာများကို အသေအချာဂရုစိုက်ခြင်းပါဝင်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
မေတ္တာရှိမိခင်တစ်ဦး သူ၏ကလေးအပေါ် ပင်ကိုသဘာဝဖြစ်ပေါ်လာသည့် ကိုယ်ချင်း စာနာစိတ်မျိုး ကျွန်ုပ်တို့ပြသရန် သင်ယူမည်လော