သင်ခန်းစာ ၁၈
သင့်အဖြေများကို တိုးတက်စေခြင်း
၁၊ ၂။ ထိရောက်စွာ အဖြေပေးတတ်ရန် ကျွန်ုပ်တို့အဘယ်ကြောင့် ကြိုးစားသင့်သနည်း။
၁ ခရစ်ယာန်များသည် ထိရောက်စွာဖြေဆိုခြင်းစွမ်းရည်ကို မွေးမြူသင့်သည်။ တမန်တော်ပေါလုက ဤသို့ရေးသားသည်– “လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း သင်တို့စကားသည် ဆားအားဖြင့် ငန်သောအရသာနှင့်ပြည့်စုံလျက် အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ။” (ကော. ၄:၆) ကျွန်ုပ်တို့အဖြေများကို တိုးတက်စေရန် ကြိုးစားခြင်းသည် သဘာဝကျသည်။ ကောင်းစွာဖြေဆိုနိုင်သည့်အခါ တကယ်ပျော်ရွှင်မှုရရှိသည်– “လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။”—သု. ၁၅:၂၃။
၂ သင်သည် အဖြေပေးခြင်းကို တိုးတက်ဖို့လိုသည် ထင်သလော။ အသင်းတော်စည်းဝေးတွင် မိမိပါဝင်ဖြေဆိုပုံနှင့် ကျေနပ်သလော။ သို့မဟုတ် တိုးတက်ခဲ့မည်ဆိုလျှင် သင့်အား ပျော်ရွှင်မှုပိုရရှိစရာအကြောင်း ရှိပါသလော။ သင့်လယ်ကွင်းဓမ္မအမှုတွင် သာ၍ကောင်းသောအဖြေ မပေးလိုက်ရသဖြင့် မချင့်မရဲဖြစ်ခဲ့ဖူးသလော။ ကျွန်ုပ်တို့အားလုံး ဤသို့ဖြစ်တတ်ရာ တိုးတက်စရာလမ်းစရှာပြီး ဆွေးနွေးကြည့်ကြစို့။
၃၊ ၄။ စည်းဝေးတွင် မေးခွန်းတစ်ခုတည်းကို အဘယ်သို့ အဖြေအမျိုးမျိုးပေးနိုင်သနည်း။
၃ အသင်းတော်စည်းဝေးများ။ ယေဟောဝါသက်သေများ၏ အသင်းတော်အများတွင် ကင်းမျှော်စင်သင်တန်း၊ အသင်းတော်စာအုပ်ကြီးသင်တန်း သို့မဟုတ် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် နှုတ်တိုက်ပြန်လည်မေးမြန်းသည့်အခါ အဖြေပေးဖို့ အသင့်ရှိသူအချို့ကို သတိထားမိကြမည်။ ယင်းသို့ဖြစ်ခြင်းသည် အလိုလိုတတ်သောကြောင့် မဟုတ်ပါ။ ယေဟောဝါ၏လူများနှင့်အတူ နှစ်ရှည်လများ လေ့လာခဲ့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်; သို့သော် များသောအားဖြင့် ပြင်ဆင်မှုပြုလုပ်ခဲ့ခြင်းက အဓိကအချက်ဖြစ်သည်။ ပေါင်းသင်းခါစ လူသစ်များပင်လျှင် ကြိုတင်လေ့လာခြင်းအားဖြင့် အဖြေကောင်းစွာပေးနိုင်ကြမည်။—သု. ၁၅:၂၈။
၄ သင်သည် မေးခွန်းတစ်ခုကို ဦးဆုံးဖြေဆိုသူဖြစ်လျှင် လိုရင်းကို ဖြေဆိုခြင်းသည် များသောအားဖြင့်ကောင်း၏။ သို့သော် အခြားတစ်ဦးဖြေဆိုနှင့်ပြီးပြီဆိုလျှင် ဆက်တင်ပြဆွေးနွေးစရာမရှိတော့ဟူ၍ မယူမှတ်ပါနှင့်။ မေးခွန်းတစ်ခုတည်းကို ထပ်ဆင့်ဖြေဆိုရန် ဤသို့ပြုလုပ်နိုင်သည်– အဖြေကို ချဲ့၍ဖြစ်စေ၊ အပိုဒ်ထဲပါ ကျမ်းချက်များသည် မည်သို့ဆက်စပ်သည်ကိုဖြစ်စေ၊ ကျွန်ုပ်တို့၏အသက်တာနှင့် မည်သို့အကျုံးဝင်သည်ကိုဖြစ်စေ ဖော်ပြနိုင်သည်။ အကြောင်းအရာသည် ကမ္ဘာ့အခြေအနေများအကြောင်း၊ သို့မဟုတ် မှောက်မှားသောဘာသာ၏အကျင့်များအကြောင်းဖြစ်ပါက အပိုဒ်တွင်ဖော်ပြထားသည့်စကားများ မှန်ကန်ကြောင်းကို ပေါ်လွင်စေရန် တွေ့ကြုံမှုတစ်ခု သို့မဟုတ် ဒေသခံအဖြစ်အပျက်တစ်ခုကို ထည့်ဖြေဆိုနိုင်သည်။ ယင်းသို့ပြုခြင်းက ဆွေးနွေးမှုကို ပိုအဓိပ္ပာယ်ကြွယ်ဝစေသည်။
၅။ ကိုယ်ပိုင်စကားဖြင့် အဘယ်ကြောင့်အဖြေတိုတိုပေးသင့်သနည်း။
၅ လိုရင်းတိုရှင်းအဖြေများသည် ပိုတာသွားရုံမက နားထောင်သူများ စွဲမှတ်လွယ်သည်။ များသောအားဖြင့် ဤကဲ့သို့သောအဖြေများသည် ပိုကောင်း၏။ တစ်ပိုဒ်လုံးပါ အချက်အလက်များကို တစ်ခုပြီးတစ်ခု တင်ပြသွားလျှင် အဘယ်အချက်မျှ ပေါ်လွင်မည်မဟုတ်ပါ။ နားထောင်သူများကလည်း မေးခွန်း၏ ရှင်းလင်းပြတ်သားသောအဖြေကို များသောအားဖြင့် မသိရှိကြပါ။ ထို့ပြင် ဖြေဆိုသူသည် ကိုယ်ပိုင်စကားဖြင့်ဖြေလျှင် အကျိုးအများဆုံးပြုတတ်သည်။ ဤသို့ဖြေဆိုခြင်းက ဖြေဆိုသူအတွက် ထိုအချက်အလက်များသည် ကိုယ်ပိုင်ဖြစ်သွားစေသည်။ သုံးနှုန်းသည့်စကားတို့ကလည်း ယခင်က သတိမထားမိသော သဘောကို အခြားသူတို့အား သိရှိနားလည်စေရန် အထောက်အကူဖြစ်သည်။ ဓမ္မအမှုကျောင်းတွင် သင့်ဟောပြောချက်များက ဤအရည်အချင်းကို တိုးတက်စေရန် အကူအညီပေးသည်။
၆။ မေးသည်နှင့်ဖြေဆိုရန် အသင့်ရှိသောအရည်အချင်းကို မည်သို့တိုးတက်စေနိုင်သနည်း။
၆ အဖြေပေးရန် အသင့်ဖြစ်ဖို့ တိုးတက်နိုင်သေးသလော။ ကြိုတင်ပြင်ဆင်ရန် လိုသည်။ သို့သော် အပိုဒ်ဖတ်နေစဉ်၊ သို့မဟုတ် အခြားသူများ အဖြေပေးနေစဉ် ထိုပြင်ဆင်မှုကို မပြုလုပ်ပါနှင့်။ အကြောင်းမူကား စည်းဝေးမှရရှိနိုင်သည့် အကျိုးများစွာကို လက်လွတ်သွားသည်။ အဖြေများကို ကြိုတင်ရေးမှတ်ထားသည့်အကျင့်လုပ်ပါ။ စာကြောင်းရှည်များအစား အဓိကစကားလုံးအနည်းငယ်ကိုသာ သင်မျဉ်းသားမည်ဆိုလျှင် ထိုအဓိကစကားလုံးများကို သင်တွေ့သည်နှင့် သဘောတရားကို ပြန်သတိရပြီး ဖြေဆိုရန် အသင့်ရှိပေမည်။ အပိုဒ်တစ်ခု၏မေးခွန်းကို “က” နှင့် “ခ” သို့ပိုင်းခြားထားလျှင် အဘယ်အပိုင်းသည် “က” အဖြေ၊ အဘယ်အပိုင်းမူ “ခ” အဖြေဖြစ်ကြောင်း မျဉ်းဘေးအကွက်တွင် ရေးမှတ်ထားပါက သင်တန်းကိုင်သူကိုဦးပြီး သင်ကျော်ဖြေဆိုမိမည်မဟုတ်ပါ။ ဆောင်းပါး၌ အသင့်ပြင်ထားသောမေးခွန်းများမရှိသော်လည်း ပရိသတ်နှင့်ဆွေးနွေးမည့်အကြောင်းတွင် အဓိကအချက်များဟု သင်ယူမှတ်သည့်အချက်တို့ကို မှတ်သားထားလျှင် ကောင်း၏။ သို့ပြုခြင်းဖြင့် အလိုလိုဖြေဆိုနိုင်စေမည်။ ထိုအခါ တက်ကြွသောဆွေးနွေးခန်း ဖြစ်လိမ့်မည်။ အစည်းအဝေးတွင် တစ်ခါဖြေဆိုပြီးသည့်အတွက် ကျန်အဖြေများကို အခြားသူများပေးလိမ့်မည်ဟု သဘောထားကာ တွန့်ဆုတ်မနေပါနှင့်။ လွတ်လပ်စွာဖြေဆိုလိုစိတ် ရှိပါ။
၇။ ကျွန်ုပ်တို့အားလုံး စည်းဝေးတွင်အဖြေပေးရန် တာဝန်ရှိကြောင်း အဘယ်ကြောင့်ခံစားသင့်သနည်း။
၇ အခြားသူများသည် မိမိထက်ပိုဖြေဆိုတတ်သည်ဟု သဘောထားကာ အဖြေပေးဖို့ အချို့ရှက်ကြသည်။ သို့သော် ပါဝင်ဖြေဆိုရန် လူအသီးသီး၏တာဝန်ဖြစ်သည်ကို သဘောပေါက်ရန် သမ္မာကျမ်းစာက တိုက်တွန်းထားသည်– “မျှော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ . . . ထိုမှတစ်ပါး မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။” (ဟေဗြဲ ၁၀:၂၃-၂၅) အဖြေပေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် သူတစ်ပါးကို မေတ္တာစိတ်ရှိစေရန်၊ ကောင်းသောအကျင့်ကိုကျင့်စေရန် တိုက်တွန်းနှိုးဆော်ပေးသူများ ဖြစ်လာသည်။ သူတို့နှလုံးကို အေးမြစေပြီး ဆောက်တည်ပေးသည်။ ထို့ပြင် ကျွန်ုပ်တို့ကိုယ်တိုင်လည်း ပေးကမ်းခြင်း၏ပျော်ရွှင်မှုကို ခံစားရပြီး ကိုယ်တိုင်လှုံ့ဆော်မှုခံရ၏။
၈–၁၂။ လယ်ကွင်းဓမ္မအမှုတွင် ကန့်ကွက်ချက်များကို မည်သို့ဖြေဆိုနိုင်ကြောင်း အကြံပြုချက်အချို့ကို တင်ပြပါ။
၈ လယ်ကွင်းဓမ္မအမှုတွင် ကန့်ကွက်ချက်များကို ဖြေဆိုခြင်း။ ကိုယ်ပိုင်လေ့လာမှု မှန်မှန်လုပ်ပြီး စည်းဝေးများကို မှန်မှန်တက်ပါက တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် မေးခွန်းများမေးခံရသည့်အခါ အဖြေပေးရန် အခက်အခဲတွေ့မည်မဟုတ်ပါ။ သို့သော် မဖြေတတ်သောမေးခွန်းဖြစ်လျှင် ဝန်ခံပါ။ ထို့နောက် အဖြေကိုရှာဖွေပြီး ပြန်လာမည်ဟု ပြောပြပါ။ ထိုသူသည် စိတ်ရင်းမှန်ပါက ထိုသို့ပြုလုပ်စေလိုပါလိမ့်မည်။
၉ ဤသို့သောမေးခွန်းများအပြင် တစ်ခါတစ်ရံ ကန့်ကွက်ပြောဆိုသူများတွေ့တတ်၏။ မည်သို့ပြုမည်နည်း။ ကန့်ကွက်ချက်များကိုမဖြေဆိုမီ သူ၏သဘောကိုသိရန်လို၏။ အဘယ်ကြောင့် သူကန့်ကွက်ရသနည်းဟု မေးကြည့်နိုင်မည်။ ဥပမာ၊ သင်သည် ခရစ်တော်ကိုမယုံကြည်ဟုသူကြားဖူး၍ ကန့်ကွက်မည်ဖြစ်သော်လည်း အမှန်မှာ သုံးပါးတစ်ဆူအယူကြောင့် သူစိတ်ရှုပ်ထွေးနေခြင်းဖြစ်မည်။ ဤအထင်လွဲမှားမှုကြောင့် ကန့်ကွက်ချက်မြောက်မြားစွာ ဖြစ်ပေါ်ခဲ့ပြီ။ အဓိကအတွေးအခေါ်များ၏အဓိပ္ပာယ်ကို နှစ်ဦးနှစ်ဖက်သဘောတူနိုင်ပြီးမှ ဆက်ဆွေးနွေးနှီးနှောခြင်းသည် ကောင်း၏။ ဤသို့ပြုပြီးနောက် ရှေ့ဆက်ဆွေးနွေးစရာပင် မလိုတော့ဘဲ ဖြစ်နိုင်သည်။
၁၀ ဤသို့ဆန့်ကျင်သည်ကို အတိုက်အခံပြုသည်ဟု သဘောမထားဘဲ ဖြစ်နိုင်သည့်အခါတိုင်း နှစ်ဦးနှစ်ဖက်အကျိုးပြုရာအဖြစ်သဘောထားလျှင် ကောင်း၏။ ထို့ကြောင့် ကန့်ကွက်ချက်တစ်ခုကို မနှစ်မြို့ဖွယ်ရာဟုသဘောမထားဘဲ အိမ်ရှင်အတွက် အရေးကြီးသည့်ကိစ္စဟုယူမှတ်ပါ။ ယင်းကိုစွဲမှတ်ထားကာ ထိုသို့ထုတ်ဖော်ပြောဆိုသည့်အတွက် သင်ဝမ်းသာကြောင်း ပြောဆိုပါ။ ရှေ့ဆက်ဆွေးနွေးရန်၊ သမ္မာတရားကို ထိုသူလက်ခံနိုင်ရန် လမ်းစဖွင့်ပေးသည်ဟု ယူဆပါ။ ယင်းကို ဓမ္မအမှုကျောင်းတွင် လေ့ကျင့်ပေးပါ။ ကန့်ကွက်ချက်များကို ဖြေရှင်းသည့်အခြေအနေမျိုးအသုံးပြုကာ သင့်ဟောပြောချက်ကိုတင်ဆက်ပါ။
၁၁ စိတ်ဝင်စားသူတစ်ဦးနှင့် စကားပြောနေစဉ် သင့်ဆွေးနွေးခန်းကို ဖျက်လိုဖျက်ငြားပြုလိုပြီး ဘေးလူတစ်ဦးက ကန့်ကွက်ပြောဆိုတတ်သည်။ ဤသို့သောအခြေအနေမျိုးတွင် ကန့်ကွက်ပြောဆိုသူကို သက်သေအထင်အရှားပြရန် တာဝန်ယူဖြေဆိုစေပါ။ ယေရှုသည် မိမိ၏ဟောပြောခြင်းကို နှောင့်ယှက်သော အတိုက်အခံပြုသူများကို တန်ပြန်မေးခွန်းမေးတော်မူခဲ့သည်။ (မ. ၂၂:၄၁-၄၆) ထို့ကြောင့် အကြောင်းတစ်ခုမှန်ကန်သည်ဟု ဆိုသူကိုယ်တိုင် သက်သေအထင်အရှားပြရန် တာဝန်ယူရှင်းပြစေခြင်းသည် ကောင်း၏။ ဥပမာ၊ အိမ်ရှင်က ခရစ်ယာန်မည်သည် သုံးပါးတစ်ဆူအယူကို လက်ခံရမည်ဟူသောသဘောမျိုးဖြင့် “မင်းတို့သုံးပါးတစ်ဆူ မယုံကြဘူး” ဟုဆိုလျှင် သင်က “ကျမ်းစာသွန်သင်သမျှကို ကျွန်ုပ်တို့ယုံကြည်လက်ခံသည်။ ထိုယူဆချက်ကို ကျွန်ုပ်တို့အဘယ်ကြောင့်ယုံကြည်သင့်ကြောင်း ကျေးဇူးပြု၍ ကျမ်းစာအထောက်အထားပြပါ” ဟုပြန်ပြောဆိုနိုင်သည်။ ဤနည်းဖြင့် မှန်သည်ဟု ဆိုသူကိုယ်တိုင်အား သက်သေအထင်အရှားပြရန် တာဝန်ယူရှင်းပြစေပါ။
၁၂ ကျမ်းစာကို ယုံကြည်လက်ခံသည်ဟု ဆိုသူအတွက် ဘုရားသခင့်နှုတ်ကပါဌ်တော်မှအဖြေသည် အခိုင်လုံဆုံးအဖြေဖြစ်မည်။ ယင်းသည် မိမိကိုယ်တိုင်ပြောဆိုသော မည်သည့်စကားထက်မဆို သာ၍ယုံနိုင်ဖွယ်ရာဖြစ်သည်။ မေးမြန်းသူ၏သဘောထားသည် မည်သို့ပင်ရှိစေကာမူ သင်အဖြေပေးတိုင်း ဘုရားသခင့်ဓမ္မအမှုဆောင်တစ်ဦးပီသစွာ တည်ငြိမ်မှုရှိရှိနှင့် ယဉ်ကျေးသိမ်မွေ့မှုတင်ပြပါ။
၁၃၊ ၁၄။ အိမ်တွင်းကျမ်းစာသင်အံမှုများတွင် သင်သားမေးသောမေးခွန်းများကို မည်သို့ဖြေဆိုပေးနိုင်သနည်း။
၁၃ ကျမ်းစာသင်အံမှုများ၌။ ကျမ်းစာသင်အံမှုများတွင် ခင်မင်ရင်းနှီး သက်သောင့်သက်သာရှိသော စဉ်းစားဆင်ခြင်စေသည့် အခြေအနေ များသောအားဖြင့်ရှိသည်။ ထို့ကြောင့် သင်သားတစ်ဦး၏မေးခွန်းကို ဖြေဆိုပြီးတိုင်း ကျေနပ်မှုရှိမရှိ မေးခြင်းသည် ကောင်း၏။ သူ၏စိတ်ထဲတွင် မရှင်းမလင်းဖြစ်နေသေးသောအချက်များ ရှိနေပေမည်။ မေးခွန်းတစ်ခု၏အဖြေကို မသေချာပါက အဖြေရှာဖွေပေးမည်ဟု ပြောပြပါ။ ထပ်ဆင့်အကူအညီလိုအပ်လျှင် အတွေ့အကြုံရှိသောကြေညာသူတစ်ဦးထံမှ အကူအညီတောင်းဆိုပါ။ ဧဝံဂေလိသတင်းဟောသူ ဖိလိပ္ပုသည် အဲသယောပိအမတ်၏မေးခွန်းများကို ဖြေဆိုပေးခြင်းအားဖြင့် အသက်ရှင်ခြင်းလမ်းပေါ်သို့ရောက်ရန် ကူညီပေးခဲ့သကဲ့သို့ သင်သည် ကျမ်းစာသတင်းတရားကို သူတစ်ပါးအား လေးလေးနက်နက်သဘောပေါက်စေခြင်းအားဖြင့် ထို့အတူကူညီနေကြောင်း သတိရပါ။—တ. ၈:၂၆-၃၉။
၁၄ ကျမ်းစာသင်အံမှုပြုချိန်တွင် မေးသမျှမေးခွန်းများ၏အဖြေကို ချက်ချင်းမပေးဘဲ ဆက်လက်လေ့လာမည့်အကြောင်းတွင် အဖြေပေါ်သွားဖို့ရန် လျာထားလျှင် ကောင်းသည်။ ထို့ပြင် သင်သားသည် တိုးတက်မှုရှိစေရန် အဖြေကို သူကိုယ်တိုင် မည်သို့ဆည်းပူးရှာဖွေနိုင်ကြောင်းကို တင်ပြထားပါ။ အသင်းမစာပေများ၌ရှာဖွေရန် ကျမ်းစာလေ့လာမှုအတွက် အထောက်အကူပြုသော မာတိကာကိုလည်းကောင်း၊ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်မှ သက်ဆိုင်ရာအခန်းကိုလည်းကောင်းပြပြီး လေ့လာစေပါ။ ထို့နောက် အဘယ်အချက်အလက်များကို သိရှိပြီး မည်သို့သဘောပေါက်ကြောင်း မေးမြန်းပါ။ မေးခွန်းများကို ဖြေဆိုပေးရုံအတွက်သာ မဟုတ်ဘဲ သူ၏ဝိညာဏတိုးတက်မှုကို စိတ်စွဲမှတ်ပါ။
၁၅–၁၈။ အရာရှိများရှေ့ အဖြေပေးစရာအကြောင်းပေါ်သည့်အခါ အဘယ်သဘောထား ရှိအပ်သနည်း။
၁၅ အရာရှိများရှေ့ ရောက်ရှိခွင့်ရသောအခါ။ နှိပ်စက်ညှဉ်းပန်းခြင်းအကြောင်း ဆွေးနွေးစဉ် တမန်တော်ပေတရုက ဤသို့ဆိုသည်– “ခရစ်တော်ကိုအရှင်သခင်အဖြစ် သင်တို့စိတ်နှလုံးတွင် ရိုသေကြလော့။ သင်တို့၌တည်ရှိသောမျှော်လင့်ခြင်းအကြောင်း မေးမြန်းသူတိုင်းအား ဖြေဆိုရန် အခါခပ်သိမ်း အသင့်ရှိနေကြလော့။ သို့ရာတွင် နူးညံ့သိမ်မွေ့၊ ရိုသေလေးစားစွာ ဖြေကြားကြလော့။” (၁ ပေ. ၃:၁၄၊ ၁၅၊ ကဘ) ကျွန်ုပ်တို့အဘယ်အရာယုံကြည်သည်၊ အဘယ်ကြောင့်ယုံကြည်သည်ကို မေးမြန်းကြသော တရားရုံး၌ သို့မဟုတ် ဥပဒေထုတ်သူများရှေ့ ဖြေရှင်းတင်ပြခွင့်ရမည့်အချိန်များ ရှိပေမည်။ တမန်တော်က “ခရစ်တော်ကိုအရှင်သခင်အဖြစ် သင်တို့စိတ်နှလုံးတွင် ရိုသေကြလော့” ဟုဆိုသည်။ သင့်စိတ်နှလုံးထဲတွင် သခင်ယေရှုခရစ်တော်ကို အဘယ်နည်းဖြင့်မျှ မပြစ်မှားဘဲ အမြင့်မြတ်ဆုံးသောရိုသေသမှုဝတ်ကိုပြုပါ။ ဤနည်းဖြင့် စိုးရိမ်စရာအကြောင်း လုံးဝရှိမည်မဟုတ်ပေ။ ကမ္ဘာကိုအစိုးရသောဘုရင်အဖြစ် ဘုရားသခင်ဘိသိက်ပေးထားသူ၏အလိုတော်နှင့်အညီ ပြုမူနေမည်ဆိုလျှင် အခွင့်အာဏာရှိသူများသည် မည်သို့တုံ့ပြန်မည်ကို စိုးရိမ်နေစရာအကြောင်းမရှိပါ။
၁၆ သို့တိုင်ရောမ ၁၃:၁-၇ တွင်တင်ပြထားသည့် ဩဝါဒနှင့်အညီ အခွင့်အာဏာပိုင်များရှေ့ ရိုသေစွာပြုပါ။ သင့်အားမေးမြန်းသူသည် သင့်ကိုယိုးစွပ်မည်၊ သို့မဟုတ် ယေဟောဝါသက်သေများကို ရန်လိုမုန်းထားမည်ဖြစ်ဦးတော့ သူ့အား ခက်ထန်စွာ ပြန်မတုံ့ပါနှင့်။ (ရော. ၁၂:၁၇၊ ၂၁; ၁ ပေ. ၂:၂၁-၂၃) သင်သည် သက်သေဖြစ်ဖို့ရန် ထိုတွင်ရောက်ရှိနေသည်ကို စွဲမှတ်ထားပါ။ ဤအရာရှိတို့အနက် တစ်ဦးတစ်ယောက် ယုံကြည်သူဖြစ်နိုင်မည်လော။ အနည်းဆုံး ဟောပြောခြင်းလုပ်ငန်းကို ပိုမျက်နှာသာပေးလိမ့်မည်လော။ သင့်အမူအကျင့်နှင့် အပြောအဆိုသည် သမ္မာတရားလမ်းစဉ်ကို ဂုဏ်တင်ပါလေစေ။—မ. ၁၀:၁၈-၂၀။
၁၇ အနည်းငယ်သာ ပြောဆိုသင့်သောအချိန်မျိုးလည်း ရှိ၏။ တမန်တော်ပေါလုသည် စစ်ဆေးခံရချိန်တွင် အတိုက်အခံပြုသူများအပေါ် သက်သေအထင်အရှားပြရာတာဝန်ကို လွှဲလိုက်သည့်နည်းတူ သင်ပြုလုပ်လိုပေမည်။ (တ. ၂၄:၁၀-၁၃) သို့မဟုတ် တိတ်ဆိတ်စွာနေရန် စိတ်ပိုင်းဖြတ်ပေမည်။ မေးခွန်း၏အဖြေကို တကယ်သိလို၍မဟုတ်ဘဲ ကောက်ကျစ်သောသဘောထားဖြင့် သင့်အားစကားမှားစေရန်၊ သို့မဟုတ် ပြောင်လှောင်ရန် သဘောရှိသည့်အခါ တိတ်ဆိတ်စွာနေခြင်းသည် အကောင်းဆုံးလမ်းစဉ်ဖြစ်မည်။ (လု. ၂၃:၈၊ ၉) အသင်မှတစ်ဆင့် သက်သေခံချင်းတို့ကို ရှာကြံဒုက္ခပေးလိုသူများရှေ့ ဆိတ်ငြိမ်စွာနေခြင်းသည် ပညာရှိ၏။ ဆာလံဆရာဒါဝိဒ်က ဤသို့ဆိုသည်– “မတရားသောသူသည် ငါ့ရှေ့ မှာရှိစဉ် ငါသည် ကိုယ်နှုတ်ကို ချည်နှောင်မည်။” (ဆာ. ၃၉:၁၊ ၂) အထူးသဖြင့် ခရစ်ယာန်ဘာသာတရားစစ်ကို အပြင်းအထန်အတိုက်အခံပြုသောနေရာဒေသများတွင် “တိတ်ဆိတ်စွာနေရသောအချိန်” နှင့် “စကားပြောရသောအချိန်” တို့ကို ခွဲခြားသိမြင်တတ်ရန်လိုသည်။—ဒေ. ၃:၇။
၁၈ ယေဟောဝါကျေးကျွန်များ၏ အဖြေပေးခြင်းစွမ်းရည်နှင့်ပတ်သက်၍ ဗြိတိသျှသတင်းစာတစ်စောင်က ဤသို့ဆိုသည်– “သက်သေခံတစ်ဦး ပြုမူသမျှနောက်ဝယ်တွင် ကျမ်းစာဆိုင်ရာအကြောင်းပြချက်ရှိသည်။ သူတို့၏အဓိကအခြေခံမူဝါဒမှာ သမ္မာကျမ်းစာတစ်အုပ်လုံးကို ခြွင်းချက်မရှိ မှန်ကန်ကြောင်း ခံယူထားခြင်းဖြစ်သည်။ သူတို့၏ ဒုတိယစွမ်းပကားသည် ယင်းအပေါ် အခြေခံ၏; မေးခွန်းအားလုံးကို သူတို့ဖြေဆိုပေးနိုင်သည်။” လူတို့၏ရှုပ်ထွေးပွေလီသောမေးခွန်းများကို ကျွန်ုပ်တို့ဖြေဆိုနိုင်ခြင်းသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်နှင့် ယင်းကိုမှီခိုအားထားခြင်းကြောင့်ဖြစ်သည်။ ကိုယ်တော်ကိုသာ ဂုဏ်တင်ချီးမွမ်းထိုက်သည်။ သို့သော် မိမိအဖြေများကို တိုးတက်စေရန် ကြိုးစားခြင်းအားဖြင့် ယေဟောဝါ၏ဘုန်းတော်ကိုပိုမိုချီးမွမ်းပြီး ကိုယ်တိုင် ပျော်ရွှင်မှုပိုရရှိရုံမက အခြားသူတို့ကို ဘုရားသခင်၏ငြိမ်သက်ခြင်းခံစားစေသည့်လမ်းစဉ်သို့ ပို့ဆောင်ပေးပါသည်။