အခန်း နှစ်ဆယ့်တစ်
ယေဟောဝါ၏ ရည်ရွယ်ချက် ခမ်းနားထည်ဝါစွာ အောင်မြင်ပြည့်စုံခြင်း
၁၊ ၂။ (က) အသိဉာဏ်ရှိသော မိမိ၏ ဖန်ဆင်းခံ သတ္တဝါများအတွက် ယေဟောဝါ၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ (ခ) ဘုရားသခင်၏ စည်းလုံးသော ကိုးကွယ်ဝတ်ပြုသူများ မိသားစုတွင် မည်သူတို့ ပါဝင်ကြသနည်း။
အသိဉာဏ်ရှိသော ဖန်ဆင်းခံ သတ္တဝါခပ်သိမ်း စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်အား စည်းလုံးစွာ ကိုးကွယ်ဝတ်ပြုခြင်း၊ ၎င်းတို့အားလုံး ဘုရားသခင့် သားသမီးများအဖြစ် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော လွတ်လပ်မှုကို မွေ့လျော်ခြင်း—ဤသည်တို့မှာ ယေဟောဝါ၏ မေတ္တာပြည့်ဝသော ရည်ရွယ်ချက်ပင်ဖြစ်သည်။ ဖြောင့်မတ်ခြင်းတရား မြတ်နိုးသူတို့ စိတ်ပြင်းပြစွာ တောင့်တကြသည့်အရာလည်း ဖြစ်ပေသည်။
၂ ယေဟောဝါသည် ဖန်ဆင်းခြင်းလုပ်ငန်း စတင်စဉ်ကတည်းက ဤခံ့ညားထည်ဝါသော ရည်ရွယ်ချက်ကို စတင် ဖော်ဆောင်တော်မူခဲ့သည်။ ကိုယ်တော်၏ ပထမဦးဆုံး ဖန်ဆင်းခံ သတ္တဝါမှာ သားတော်တစ်ပါးဖြစ်ပြီး ထိုသားတော်သည် ရှင်ပြန်ထမြောက်ပြီးချိန်မှစ၍ “[ဘုရားသခင့်] ဘုန်းတော်၏ ပုံရိပ်နှင့် ဇာတိအဖြစ်တော်၏ တိကျသော ပုံသဏ္ဌာန်” ဖြစ်လာသည်။ (ဟေဗြဲ ၁:၁-၃၊ ကဘ) ဤသားတော်သည် ဘုရားသခင် တစ်ပါးတည်း၏ ဖန်ဆင်းခြင်းခံရသူ ဖြစ်သောကြောင့် တစ်မူထူးခြား၏။ နောက်ပိုင်း၌ ဤသားတော်အားဖြင့် အခြားအရာခပ်သိမ်း ဖြစ်တည်လာကြသည်၊ ဦးဆုံး ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များ၊ ၎င်းနောက် မြေကြီးပေါ်ရှိ လူသားများ ဖြစ်လာကြသည်။ (ယောဘ ၃၈:၇; လုကာ ၃:၃၈) ဤသားများအားလုံးသည် စကြဝဠာ မိသားစုကြီးတစ်ခု ဖြစ်လာသည်။ သူတို့အားလုံးအတွက် ယေဟောဝါသည် ဘုရားသခင်၊ စကြဝဠာ အချုပ်အခြာ အာဏာပိုင်နှင့် သူတို့၏ မေတ္တာရှင် ခမည်းတော် ဖြစ်တော်မူ၏။
၃။ (က) ကျွန်ုပ်တို့သည် ကနဦး မိဘများထံမှ အဘယ်အရာကို အမွေရရှိခဲ့ကြသနည်း။ (ခ) အာဒံ၏ သားမြေးများအတွက် အဘယ် မေတ္တာပြည့်ဝသည့် အစီအမံကို ယေဟောဝါ စီစဉ်ပေးခဲ့သနည်း။
၃ ကျွန်ုပ်တို့၏ ကနဦး မိဘများသည် တမင်တကာ အပြစ်ကျူးလွန်သူများအဖြစ် သေဒဏ် ချမှတ်ခံရချိန်တွင် ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံရပြီး ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရလေသည်။ သူတို့သည် ကိုယ်တော်၏ စကြဝဠာ မိသားစုကြီးအဝင် မဟုတ်တော့ပေ။ (ကမ္ဘာဦး ၃:၂၂-၂၄; တရားဟောရာ ၃၂:၄၊ ၅) ကျွန်ုပ်တို့အားလုံးသည် သူတို့၏ သားမြေးများ ဖြစ်ကြသောကြောင့် အပြစ်ဘက် ယိမ်းယိုင်သည့်သဘောများနှင့် မွေးဖွားလာကြသည်။ သို့သော်လည်း အာဒံနှင့် ဧဝတို့၏ သားမြေးများအထဲမှ အချို့တို့သည် ဖြောင့်မတ်ခြင်းတရားကို မြတ်နိုးကြမည့်အကြောင်း ယေဟောဝါ သိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင့် သားသမီးတို့၏ ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော လွတ်လပ်မှု” ကို ထိုသူတို့ ရယူခံစားနိုင်ရန် အစီအမံတစ်ရပ်ကို ဘုရားသခင် မေတ္တာဖြင့် စီမံတော်မူခဲ့၏။—ရောမ ၈:၂၀၊ ၂၁၊ ကဘ။
ဣသရေလလူမျိုး အခွင့်အရေးရသောအနေအထား ဆုံးရှုံးခြင်း
၄။ ရှေးဣသရေလလူမျိုးအား အဘယ်အခွင့်ထူးကို ယေဟောဝါ ပေးကမ်းတော်မူခဲ့သနည်း။
၄ အာဒံကို ဖန်ဆင်းပြီးနောက် နှစ်ပေါင်း ၂,၅၀၀ ခန့်တွင် ယေဟောဝါသည် မိမိနှင့် အထူးဆက်ဆံရသော အခွင့်ထူးကို လူသားအချို့အား ကမ်းလှမ်းတော်မူခဲ့သည်။ ရှေးဣသရေလလူမျိုးကို မိမိ၏ လူမျိုးတော်အဖြစ် ရွေးချယ်၍ ပညတ်တရားကို ပေးတော်မူခဲ့၏။ (ကမ္ဘာဦး ၁၂:၁၊ ၂) သူတို့ကို လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်း၍ မိမိ၏ ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ သူတို့ကို အသုံးပြုတော်မူ၏။ (တရားဟောရာ ၁၄:၁၊ ၂; ဟေရှာယ ၄၃:၁) သို့သော်လည်း သူတို့သည် အပြစ်နှင့် သေခြင်းတို့၏ ကျွန်ဘဝ၌ ရှိနေကြသေးသဖြင့် အာဒံနှင့်ဧဝ မူလက မွေ့လျော်ခဲ့သော ဂုဏ်ကျက်သရေနှင့် ပြည့်စုံသည့် လွတ်လပ်မှုမျိုးကို မခံစားခဲ့ရပေ။
၅။ ဣသရေလလူမျိုးသည် ဘုရားသခင်ထံမှ အထူး အနေအထားကို မည်သို့ လက်လွှတ်ဆုံးရှုံးခဲ့သနည်း။
၅ သို့ပင်ငြားလည်း ဣသရေလလူမျိုးသည် ဘုရားသခင်ထံမှ အခွင့်ထူးရသော အနေအထားတွင် ရှိခဲ့သည်။ သူတို့သည် ယေဟောဝါအား သူတို့၏ အဖခမည်းတော်အဖြစ် ရိုသေလေးစားရန်၊ ကိုယ်တော်၏ ရည်ရွယ်ချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် တာဝန်လည်း ရရှိထားကြသည်။ ထိုတာဝန်ကို ကျေပွန်ရန် အရေးကြီးကြောင်း ယေရှုက အလေးပေး မိန့်ကြားခဲ့သည်။ (မဿဲ ၅:၄၃-၄၈) သို့ရာတွင် ဣသရေလလူမျိုးသည် ထိုသို့ပြုရန် ပျက်ကွက်ခဲ့သည်။ ဂျူးတို့က “ဘုရားသခင် တည်းဟူသော ငါတို့အဘ တစ်ပါးတည်း ရှိတော်မူသည်” ဟုဆိုကြသော်လည်း သူတို့၏ လုပ်ရပ်များနှင့် စိတ်ဓာတ်တို့က ထိုအဆိုနှင့် ကွာခြားလှသည်။ (ယောဟန် ၈:၄၁၊ ၄၄၊ ၄၇) စီ.အီး. ၃၃ ခုနှစ်တွင် ပညတ်တရားကို ဘုရားသခင် ဆုံးခန်းတိုင်စေလိုက်သဖြင့် ကိုယ်တော်နှင့် သူတို့၏ အထူးဆက်ဆံရေးမှာလည်း အဆုံးသတ်သွားလေသည်။ သို့သော် ဤအဖြစ်က လူတို့သည် ဘုရားသခင်နှင့် ကောင်းသော ဆက်ဆံရေး မည်သည့်အခါမျှ ရရှိနိုင်မည်မဟုတ်ဟု ဆိုလိုပါသလော။
“ကောင်းကင်ပေါ်ရှိ အရာများ” ကို စုစည်းခြင်း
၆။ ဧဖက် ၁:၉၊ ၁၀ တွင် ပေါလု ဖော်ပြသည့် “အုပ်ချုပ်ရေး” ၏ရည်ရွယ်ချက်ကား အဘယ်နည်း။
၆ လူသတ္တဝါများထဲမှ အချို့တို့သည် ဘုရားသခင်နှင့် အထူးဆက်ဆံရေး ရရှိနိုင်ကြောင်း တမန်တော် ပေါလုက ဖော်ပြခဲ့သည်။ သာဓကအနေဖြင့် ယုံကြည်ခြင်း ကျင့်သုံးသူတို့အား ကိုယ်တော့် အိမ်ထောင်စုကြီး၏ အိမ်သူအိမ်သား ဖြစ်စေနိုင်သည့် ယေဟောဝါ၏ အစီအစဉ်နှင့် ပတ်သက်၍ ပေါလုက ဤသို့ရေးသားခဲ့၏– “[ဘုရားသခင်သည်] မိမိအလိုတော်၏ အထွတ်အမြတ် လျှို့ဝှက်ချက်ကို ငါတို့အား သိစေတော်မူ၏။ ၎င်းလျှို့ဝှက်ချက်မှာ ရည်ရွယ်တော်မူသော သဘောတော်မြတ်နှင့်အညီ ချိန်းချက်သော အချိန်ကာလများ ပြည့်စုံသည့်အခါ အုပ်ချုပ်ရေးတစ်ရပ်ကို ထူထောင်ခြင်းပင် ဖြစ်သည်။ တစ်နည်းဆိုရသော် ကောင်းကင်ပေါ်ရှိ အရာများ၊ မြေကြီးပေါ်ရှိ အရာများ ခပ်သိမ်းကို ခရစ်တော်၌ ပြန်လည် စုစည်းစေခြင်းပင် ဖြစ်သတည်း။” (ဧဖက် ၁:၉၊ ၁၀၊ ကဘ) ဤ “အုပ်ချုပ်ရေး” သည် ယေရှုခရစ်ကို အဓိက ဗဟိုပြုထားသည်။ ကိုယ်တော်အားဖြင့် လူသားများသည် ဘုရားသခင့် ရှေ့တော်တွင် နှစ်သက်လက်ခံဖွယ် အခြေအနေ ရရှိကြသည်။ ၎င်းတို့အနက်မှ အကန့်အသတ်ရှိသော အရေအတွက်သည် ကောင်းကင်ဘုံ၌ ရောက်ရှိမည့် အလားအလာ ရှိကြသည်။ ပို၍များပြားသော အရေအတွက်သည် ကမ္ဘာပေါ်တွင် ထာဝစဉ် နေထိုင်ရကြလိမ့်မည်။
၇။ “ကောင်းကင်ပေါ်ရှိ အရာများ” ကား မည်သူတို့နည်း။
၇ ဦးဆုံးအနေနှင့် စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့တွင် “ကောင်းကင်ပေါ်ရှိ အရာများ” ဖြစ်ကြသည့် ကောင်းကင် နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ အမွေခံဖက် ဖြစ်ကြမည့်သူတို့ကို အထူးဂရုပြုခဲ့သည်။ ယေရှု၏ ယဇ်သကာတန်ဖိုးကို ယုံကြည်ခြင်းအပေါ် အခြေပြု၍ ထိုသူတို့ကို ဖြောင့်မတ်သည်ဟု ဘုရားသခင်က ကြေညာတော်မူ၏။ (ရောမ ၅:၁၊ ၂၊ ကဘ) အချိန်တန်သော် ဂျူးနှင့် လူမျိုးခြားတို့ ပါဝင်လာကြသဖြင့် “ကောင်းကင်ပေါ်ရှိအရာများ” သည်အရေအတွက် ၁၄၄,၀၀၀ ဖြစ်လာလိမ့်မည်။ (ဂလာတိ ၃:၂၆-၂၉; ဗျာဒိတ် ၁၄:၁) ထိုသူတို့အနက် အကြွင်းအကျန်မျှသာ ကမ္ဘာပေါ်၌ ကျန်ရှိတော့သည်။
“မြေကြီးပေါ်ရှိ အရာများ” ကို စုစည်းခြင်း
၈။ “မြေကြီးပေါ်ရှိ အရာများ” ကား မည်သူတို့နည်း။ ယေဟောဝါနှင့် သူတို့၏ ဆက်ဆံရေး မည်သို့ရှိသနည်း။
၈ ထိုတစ်ခုတည်းသော အုပ်ချုပ်ရေးက “မြေကြီးပေါ်ရှိ အရာများ” ကိုပါ စုစည်းလျက်ရှိသည်။ သန်းနှင့်ချီသော လူတို့သည် ကမ္ဘာပေါ်တွင် ထာဝစဉ် အသက်ရှင်ခြင်း အလားအလာနှင့်အတူ ယခုအခါ စုစည်းခြင်း ခံရလျက်ရှိကြသည်။ ဤသူတို့သည် နိုင်ငံတော် အမွေခံ အကြွင်းအကျန်တို့နှင့်အတူ ယေဟောဝါ၏ နာမတော်ကို စည်းလုံးညီညွတ်စွာ ချီးကျူးလျက်၊ ကိုယ်တော့် ကိုးကွယ်မှုကို မြှင့်တင်လျက် ရှိကြသည်။ (ဟေရှာယ ၂:၂၊ ၃; ဇေဖနိ ၃:၉) သူတို့သည် ယေဟောဝါအား အသက်၏ အရင်းအမြစ်အဖြစ် အသိအမှတ် ပြုသောကြောင့် ကိုယ်တော်အား “အဖ” ဟူ၍လည်း ခေါ်ကြသည်။ ယေရှု သွန်းခဲ့သည့် အသွေးတော်ကို ယုံကြည်ခြင်းအပေါ် အခြေပြု၍ သူတို့သည် ရှေ့တော်မှောက်တွင် နှစ်သက်လက်ခံဖွယ် အနေအထား ရရှိကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၄) သို့သော် မစုံလင်သောသူများ ဖြစ်နေသေးသည့်အတွက် နောင်အနာဂတ်၌သာ ဘုရားသခင့် သားသမီးများအဖြစ် အပြည့်အဝ အသိအမှတ်ပြုခြင်း ခံရမည်ဖြစ်သည်။
၉။ ရောမ ၈:၂၁ ၌ လူသားများအတွက် အဘယ်ကတိတော် ပေးထားသနည်း။
၉ မြေကြီးဆိုင်ရာ မျှော်လင့်ချက် ရှိကြသည့် ဤသူတို့သည် ‘ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ လူသတ္တဝါများ လွတ်မြောက်’ မည့်အချိန်ကို ယခု စိတ်ထက်သန်စွာ စောင့်မျှော်လျက် ရှိကြသည်။ (ရောမ ၈:၂၁) အဆိုပါ လွတ်မြောက်ခြင်းသည် ခရစ်တော်နှင့် ကောင်းကင်ဗိုလ်ခြေတို့က ဆင်းရဲဒုက္ခကြီးကို အာမဂေဒုန် အထွတ်အထိပ်အားဖြင့် အဆုံးသတ်ပြီးနောက်၌သာ စတင်မည်ဖြစ်သည်။ ဤကား စာတန်၏ ဆိုးယုတ်သည့် အစီအစဉ်စနစ် တစ်ရပ်လုံး ပျက်စီး၍ နိုင်ငံတော် တန်ခိုးဖြင့် ခရစ်တော် အနှစ်တစ်ထောင် စိုးစံခြင်း၏ ကောင်းချီးများ လိုက်ပါလာမည်ကို ဆိုလိုသည်။—ဗျာဒိတ် ၁၉:၁၇-၂၁; ၂၀:၆။
၁၀။ ယေဟောဝါ၏ အစေခံများသည် အဘယ် ချီးမွမ်းသီချင်းကို သီဆိုကြမည်နည်း။
၁၀ “အနန္တတန်ခိုးရှင် ယေဟောဝါ ဘုရားသခင်၊ ကိုယ်တော်၏ အမှုတော်တို့သည် ကြီးမြတ်၍ အံ့သြဖွယ် ကောင်းလှပါ၏။ ထာဝရဘုရင်၊ ကိုယ်တော်၏ နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍ ဟုတ်မှန်ပါ၏။ ယေဟောဝါ၊ ကိုယ်တော် တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူသောကြောင့် အဘယ်သူသည် ကိုယ်တော်အား တကယ်မကြောက်ရွံ့၊ နာမတော်ကို ဂုဏ်မတင်ဘဲ နေမည်နည်း။ အကြောင်းမှာ၊ ကိုယ်တော်၏ ဖြောင့်မတ်သော အမိန့်တော်များသည် ထင်ရှားပြီဖြစ်၍ လူမျိုးအပေါင်းတို့သည် ရှေ့တော်သို့လာ၍ ကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ရွှင်လန်းစွာ ကြွေးကြော်ကြသည့် ကောင်းကင်ပေါ်ရှိ ယေဟောဝါ၏ အစေခံများ၏ ခံစားချက်ကို မြေကြီးပေါ်ရှိ ကိုယ်တော်၏ အစေခံများက စည်းလုံးစွာ ပဲ့တင်ထပ်ကြသည့်အခါ မည်မျှ ပျော်စရာ ကောင်းလိုက်မည်ဖြစ်ခြင်း။ (ဗျာဒိတ် ၁၅:၃၊ ၄၊ ကဘ) မှန်ပေသည်၊ ယေဟောဝါ၏ အစေခံရှိသမျှတို့သည် စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို စည်းလုံးစွာ ကိုးကွယ်ကြလိမ့်မည်။ သေလွန်သူများပင် ရှင်ပြန်ထမြောက်၍ ယေဟောဝါအား ချီးမွမ်းခြင်းတွင် ပူးပေါင်းပါဝင်ခွင့် ရကြလိမ့်မည်။—တမန်တော် ၂၄:၁၅။
ရှေ့တွင်ရှိသည့် အံ့ဖွယ်ကောင်းသော လွတ်လပ်မှု
၁၁။ ဆင်းရဲဒုက္ခကြီးကို ကပ်ကျော်သူတို့သည် အဘယ် ထူးမြတ်သော လွတ်လပ်မှုကို ခံစားရကြမည်နည်း။
၁၁ ဆင်းရဲဒုက္ခကြီးနှင့် ယင်း၏ အာမဂေဒုန် အထွတ်အထိပ်တို့က ဆိုးယုတ်မှုများကို ကမ္ဘာမြေပြင်မှ သန့်စင်ပြီးနောက်တွင် စာတန်မာရ်နတ်သည် “ဤအစီအစဉ် စနစ်၏ ဘုရား” ဖြစ်တော့မည်မဟုတ်။ ယေဟောဝါအား ကိုးကွယ်သူတို့သည် စာတန်၏ ဆိုးညစ်သော ဩဇာကို တိုက်လှန်နေစရာ လိုတော့မည်မဟုတ်။ (၂ ကောရိန္သု ၄:၄၊ ကဘ; ဗျာဒိတ် ၂၀:၁၊ ၂) မိစ္ဆာဘာသာသည် ယေဟောဝါအား မှားယွင်းစွာ ဖော်ပြတော့မည် မဟုတ်သကဲ့သို့ လူ့ဘောင်အဖွဲ့အစည်းကို သွေးကွဲစေသည့် ဩဇာအဖြစ်လည်း ဆက်၍ရှိနေတော့မည် မဟုတ်ပေ။ စစ်မှန်သော ဘုရားသခင်၏ အစေခံများသည် လူ့အာဏာပိုင်များ၏ လက်ထဲတွင် မတရားသဖြင့် ပြုမူခြင်း၊ ခေါင်းပုံဖြတ်ခြင်းလည်း ခံရတော့မည် မဟုတ်တော့ပေ။ ထူးကဲလှသော လွတ်လပ်မှု ခံစားရကြမည်ဖြစ်သည်။
၁၂။ အပြစ်နှင့် ၎င်း၏ ဆိုးကျိုးများမှ လူအားလုံး မည်သို့ လွတ်မြောက်ကြမည်နည်း။
၁၂ “ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်” အနေနှင့် ယေရှုသည် မိမိ၏ ယဇ်သကာ၏ အာနိသင်ကို အသုံးပြု၍ လူသားတို့၏ အပြစ်များကို ပယ်ဖျက်တော်မူမည်။ (ယောဟန် ၁:၂၉) ယေရှု ကမ္ဘာပေါ်ရှိစဉ်က လူတစ်ဦး၏ အပြစ်များကို ဖြေလွှတ်သည့်အခါ သက်သေအဖြစ် အပြစ်ဖြေလွှတ်ခံရသူ၏ အနာရောဂါကို ပျောက်ကင်းစေတော်မူ၏။ (မဿဲ ၉:၁-၇; ၁၅:၃၀၊ ၃၁) ထိုနည်းတူ ခရစ်တော်ယေရှုသည် ဘုရားသခင့် နိုင်ငံတော်၏ ကောင်းကင် ဘုရင်အနေနှင့် မျက်မမြင်သူများ၊ ဆွံ့အသူများ၊ နားမကြားသူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ၊ စိတ်ဝေဒနာရှင်များနှင့် အခြားအခြား အနာရောဂါ စွဲကပ်သူများ၏ ရောဂါဝေဒနာများကို အံ့သြလောက်အောင် ပျောက်ကင်းစေတော်မူမည်။ (ဗျာဒိတ် ၂၁:၃၊ ၄) “အပြစ်တရား” ချေဖျက်ခံရပြီဖြစ်ရာ နာခံမှုရှိသူ အားလုံးတို့၏ အကြံအစည်များနှင့် အပြုအမူများသည် သူတို့ကိုယ်တိုင် အတွက်ကော၊ ဘုရားသခင် အတွက်ပါ နှစ်လိုဖွယ် ဖြစ်လာပေမည်။ (ရောမ ၇:၂၁-၂၃) အနှစ်တစ်ထောင် အကုန်တွင် သူတို့သည် စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်၏ “ရုပ်သွင်နှင့် ပုံသဏ္ဌာန်” ဖြင့် လူ့စုံလင်ခြင်းအဖြစ်သို့ ဆိုက်ရောက်ပြီးဖြစ်မည်။—ကမ္ဘာဦး ၁:၂၆၊ ကဘ။
၁၃။ အနှစ်တစ်ထောင် အုပ်ချုပ်မှု အကုန်တွင် ခရစ်တော်သည် အဘယ်အရာ လုပ်ဆောင်တော်မူမည်နည်း။ အဘယ် အကျိုးရလဒ် ဖြစ်ထွန်းမည်နည်း။
၁၃ ခရစ်တော်သည် လူသားများကို စုံလင်ခြင်းသို့ ရောက်ရှိစေပြီးသည့်အခါ ဤလုပ်ငန်းအတွက် အပ်နှင်းခံရသည့် အခွင့်အာဏာကို ခမည်းတော်အား ပြန်အပ်မည်ဖြစ်သည်– “ထိုအခါ ခရစ်တော်သည် အုပ်ချုပ်ခြင်း ရှိသမျှ၊ အာဏာတန်ခိုး ရှိသမျှကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပေးတော်မူ . . . လတ္တံ့။ ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မူသည်တိုင်အောင် အုပ်စိုးတော်မူရမည်။” (၁ ကောရိန္သု ၁၅:၂၄၊ ၂၅၊ သမ္မာ) နိုင်ငံတော် အနှစ်တစ်ထောင် အုပ်စိုးခြင်းသည် ၎င်း၏ရည်ရွယ်ချက်ကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်မည်ဖြစ်ရာ ယေဟောဝါနှင့် လူတို့စပ်ကြားတွင် အကူအပံ့ဖြစ်သော ဤအစိုးရ ရှိစရာ လိုတော့မည်မဟုတ်ပေ။ အပြစ်နှင့်သေခြင်း လုံးလုံး ပယ်ရှားခံရပြီး လူသားများလည်း ရွေးနုတ်ခံရပြီးဖြစ်သဖြင့် ရွေးနုတ်ရှင်အဖြစ် ယေရှုကို လိုအပ်တော့မည်မဟုတ်။ သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်– “ခပ်သိမ်းသောအရာများကို ကိုယ်တော့်အောက်၌ ချထားတော်မူသောအရှင်၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင် ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ၌ အလုံးစုံ ဖြစ်တော်မူမည်။”—၁ ကောရိန္သု ၁၅:၂၈၊ သမ္မာ။
၁၄။ စုံလင်သော လူသားများသည် အဘယ်အရာကို ခံရကြမည်နည်း။ အဘယ်ကြောင့်နည်း။
၁၄ ၎င်းနောက် စုံလင်သော လူသားတို့သည် စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်အား ထာဝစဉ် ဝတ်ပြုသွားရန် ရွေးချယ်ကြောင်း လက်တွေ့ပြသခွင့် ရရှိမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ကို မိမိ၏ သားသမီးများအဖြစ် အပြည့်အဝ မွေးစားခြင်းမပြုမီ ယေဟောဝါသည် ထိုစုံလင်ပြီးသော လူသားအားလုံးကို နောက်ဆုံးစမ်းသပ်ခြင်း ခံစေတော်မူမည်။ စာတန်နှင့် သူ၏နတ်ဆိုးတို့သည် တွင်းနက်ထဲမှ လွတ်လာလိမ့်မည်။ ဤသို့လွတ်လာခြင်းသည် ယေဟောဝါအား အမှန်ချစ်သောသူတို့အတွက် ထိခိုက်နစ်နာစရာ ဖြစ်မည်မဟုတ်။ သို့သော်လည်း သစ္စာမဲ့စွာ ယေဟောဝါအား နာမခံရန်သိမ်းသွင်းခံရသူတို့မူကား ကနဦး သူပုန်ကြီးနှင့် သူ၏နတ်ဆိုးတို့နှင့်အတူ ထာဝစဉ် ဖျက်ဆီးခံရမည်ဖြစ်သည်။—ဗျာဒိတ် ၂၀:၇-၁၀။
၁၅။ ယေဟောဝါ၏ အသိဉာဏ်ရှိသော ဖန်ဆင်းခံ သတ္တဝါ ခပ်သိမ်းတို့တွင် အဘယ် အခြေအနေ ပြန်လည် ဖြစ်တည်လာမည်နည်း။
၁၅ ၎င်းနောက် ထိုအပြီးသတ် စမ်းသပ်ခြင်းအတွင်း ဘုရားသခင့် အချုပ်အခြာ အာဏာတော်ကို ထောက်ခံကြသည့် စုံလင်သော လူသားအပေါင်းတို့ကို မိမိ၏ သားသမီးများအဖြစ် ယေဟောဝါ လက်ခံမွေးစားတော်မူမည်။ ထိုအချိန်မှစ၍ သူတို့သည် ဘုရားသခင့် စကြဝဠာ မိသားစုကြီး၏ အစိတ်အပိုင်းအနေနှင့် ဘုရားသခင့် သားသမီးတို့၏ ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော လွတ်လပ်မှုကို အပြည့်အဝ ခံစားကြရမည်ဖြစ်သည်။ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှ အသိဉာဏ်ရှိသော သတ္တဝါ ခပ်သိမ်းတို့သည် ကိုယ်တော်အား စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်အဖြစ် စည်းလုံးညီညွတ်စွာ တစ်ဖန်ပြန်လည် ကိုးကွယ်ဝတ်ပြုကြပေမည်။ ယေဟောဝါ၏ ရည်ရွယ်ချက်သည် ခမ်းနားထည်ဝါစွာ ပြည့်စုံလာလတ္တံ့! သင့်အနေဖြင့် ထာဝရတည်မြဲ၍ ပျော်ရွှင်ချမ်းမြေ့သည့် စကြဝဠာ မိသားစုကြီးတွင် ပါဝင်လိုသလော။ ပါဝင်လိုသည်ရှိသော် “ဤလောကမှစ၍ ဆိုင်ရာတပ်မက်ခြင်းသည် ပျောက်လွင့်ဆဲဖြစ်၏။ ဘုရားသခင့် အလိုတော်ကို ဆောင်ရွက်သူမူကား ကာလအစဉ် တည်နေ၏” ဟူသော ၁ ယောဟန် ၂:၁၇ [သမ] မှ သမ္မာကျမ်းစာ၏ ဖော်ပြချက်ကို နှလုံးသွင်းရန် တိုက်တွန်းအားပေးလိုပါသည်။
ပြန်လည်သုံးသပ်ဆွေးနွေးခြင်း
• ဧဒင်ဥယျာဉ်တွင် ပုန်ကန်မှု မဖြစ်မီက ယေဟောဝါအား ကိုးကွယ်ဝတ်ပြုသူ အားလုံးသည် ကိုယ်တော်နှင့် မည်သို့သော ဆက်ဆံရေး ရှိခဲ့ကြသနည်း။
• ဘုရားသခင့် အစေခံ ဖြစ်သူတို့၌ အဘယ်တာဝန် ရှိသနည်း။
• မည်သူတို့သည် ဘုရားသခင့် သားသမီးများ ဖြစ်လာကြဦးမည်နည်း။ ၎င်းသည် စည်းလုံးသော ကိုးကွယ်ဝတ်ပြုမှုအတွက် ယေဟောဝါ၏ ရည်ရွယ်ချက်နှင့် မည်သို့ ဆက်စပ်နေသနည်း။