ကျွန်ုပ်၏ကျောက်ကား ယေဟောဝါ
အမန္နဝဲလ် လီအိုနူဒါကိစ်ပြောပြသည်
အမေသည် မကျေမနပ်နှင့် ကျွန်တော့်ကို ဤသို့ပြောခဲ့သည်– “တကယ်လို့ မင်းရဲ့ဆုံးဖြတ်ချက်ကို မပြင်ဘူးဆိုရင် ဒီအိမ်ကနေ ဆင်းသွားရမယ်။” ဘုရားသခင့်နိုင်ငံတော်အကြောင်းအချိန်ပြည့်ဟောပြောဖို့ ကျွန်တော်ဆုံးဖြတ်ထားပါသည်။ သို့သော် ကျွန်တော့်မိသားစုသည် ကျွန်တော်ခဏခဏအဖမ်းခံရသည့်အတွက်မျက်နှာအပျက်မခံနိုင်တော့ချေ။
ကျွန်တော့်မိဘတွေက စိတ်နှိမ့်ချပြီး ဘုရားသခင်ကိုကြောက်ရွံ့သူတွေပါ။ ဂရိအနောက်ပိုင်း ခရိကျွန်းက ဒူးလီအာနားရွာမှာ သူတို့နေခဲ့ကြတယ်၊ အဲဒီမှာပဲ ကျွန်တော့်ကို ၁၉၀၈ မှာမွေးဖွားခဲ့တယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းက ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတတ်ဖို့ သူတို့သင်ပေးခဲ့တယ်။ ဆရာတွေ ဒါမှမဟုတ် ဂရိသြသဒေါက်စ်ဓမ္မဆရာတွေရဲ့လက်ထဲမှာ ကျမ်းစာကိုတစ်ခါမှမတွေ့ခဲ့ဖူးပေမဲ့ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်တော်မြတ်နိုးခဲ့တယ်။
အိမ်နီးချင်းတစ်ယောက်က စီ. တီ. ရပ်စယ်လ်ရေးတဲ့ ကျမ်းစာစောင်များမှလေ့လာစရာများစာအုပ်ခြောက်တွဲနဲ့ ဘုရားသခင်၏စောင်းတော်စာအုပ်ကို ဖတ်ပြီးတဲ့နောက်မှာ သမ္မာကျမ်းစာထဲက မျက်စိပွင့်လင်းစေတဲ့အချက်အလက်တွေကို အားရပါးရပြောပြခဲ့တယ်။ အဲဒီစာအုပ်တွေကို ဟိုတုန်းက ကျမ်းစာကျောင်းသားတွေလို့ခေါ်တဲ့ ယေဟောဝါသက်သေတွေက ထုတ်ဝေခဲ့တာ။ အေသင်မြို့က ကင်းမျှော်စင်အသင်းရုံးကနေ သမ္မာကျမ်းစာတစ်အုပ်နဲ့ တခြားစာအုပ်တွေကို ကျွန်တော်အားရဝမ်းသာရယူခဲ့တယ်။ အဲဒီအိမ်နီးချင်းနဲ့ ညဉ့်နက်တဲ့အထိမအိပ်ဘဲ ယေဟောဝါကိုဆုတောင်းပြီး ဖယောင်းတိုင်မီးနဲ့ အဲဒီစာအုပ်တွေအကူအညီနဲ့ ကျမ်းစာကို လေးလေးနက်နက်လေ့လာခဲ့တာတွေကို ကျွန်တော်ခုထိမှတ်မိနိုင်သေးတယ်။
တခြားသူတွေကို ကျွန်တော်တတ်သိခါစ ကျမ်းစာအသိပညာစပြောခဲ့တဲ့အချိန်မှာ အသက် ၂၀ ရှိပြီး အနီးအနားရွာမှာ ကျောင်းဆရာလုပ်နေတာ။ မကြာခင် ကျွန်တော်တို့လေးယောက်ဟာ ဒူးလီအာနားရွာမှာ ကျမ်းစာလေ့လာဖို့ စည်းဝေးမှန်မှန်ကျင်းပခဲ့ကြတယ်။ လူသားတွေအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို တခြားသူတွေသိဖို့ ဝေစာတွေ၊ စာအုပ်ငယ်တွေ၊ စာအုပ်ကြီးတွေနဲ့ သမ္မာကျမ်းစာတွေကိုလည်း ကျွန်တော်တို့ဝေငှခဲ့ကြတယ်။
၁၉၃၁ မှာကျမ်းစာအခြေခံတဲ့ ယေဟောဝါသက်သေဆိုတဲ့နာမည်ကိုခံယူတဲ့ ကမ္ဘာအနှံ့ကထောင်ချီတဲ့သူတွေထဲမှာ ကျွန်တော်တို့လည်းပါဝင်ခဲ့တယ်။ (ဟေရှာယ ၄၃:၁၀) နောက်နှစ်အတွင်းမှာ အာဏာပိုင်တွေကို ကျွန်တော်တို့ရဲ့နာမည်အသစ်နဲ့အဓိပ္ပာယ်ကိုရှင်းပြဖို့ လူသိရှင်ကြားလှုပ်ရှားမှုတစ်ခုမှာ ကျွန်တော်တို့ပါဝင်ခဲ့ကြတယ်။ အဲဒါကိုလုပ်ကိုင်ဖို့ ကျွန်တော်တို့ဒေသက ခရစ်ယာန်ဓမ္မဆရာ၊ တရားသူကြီး၊ ရဲအရာရှိနဲ့ စီးပွားရေးသမားတိုင်းကို အဲဒီအကြောင်းနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ်ဝေငှခဲ့ကြရတယ်။
ထင်တဲ့အတိုင်းပဲ ခရစ်ယာန်ဓမ္မဆရာတွေက စပြီးညှဉ်းဆဲနှိပ်စက်တော့တာပဲ။ ပထမဦးဆုံးအကြိမ် ကျွန်တော်အဖမ်းခံရတဲ့အခါမှာရက် ၂၀ ထောင်ကျခဲ့တယ်။ လွတ်လာပြီးမကြာခင်မှာ ပြန်အဖမ်းခံရပြီး ထောင်ဒဏ်တစ်လကျခဲ့တယ်။ တရားသူကြီးတစ်ယောက်က ဟောပြောတာကိုရပ်လိုက်ဖို့ပြောတဲ့အခါ တမန်တော် ၅:၂၉ က “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ” တယ်ဆိုပြီး ကျွန်တော်တို့ပြန်ပြောခဲ့ကြတယ်။ နောက်တော့ ၁၉၃၂ မှာကင်းမျှော်စင်ကိုယ်စားလှယ်တစ်ယောက် ဒူးလီအာနားရွာက ကျွန်တော်တို့ရဲ့အုပ်စုငယ်လေးကို လည်ပတ်လာတဲ့အချိန်မှာ ကျွန်တော်တို့လေးယောက်စလုံး နှစ်ခြင်းခံခဲ့တယ်။
ဝိညာဉ်ရေးမိသားစုတစ်စုကိုတွေ့ရှိခြင်း
ဟောပြောခြင်းလုပ်ငန်းကို ဒီထက်မကလုပ်ချင်တဲ့ကျွန်တော့်ဆန္ဒကြောင့် ကျောင်းဆရာအလုပ်ကနေ နုတ်ထွက်ခဲ့တယ်။ အဲဒါကြောင့် ကျွန်တော့်ကို အမေသည်းမခံနိုင်တော့တာ။ အိမ်ကနေထွက်သွားဖို့ ကျွန်တော့်ကို အမေပြောခဲ့တယ်။ အေသင်မြို့က ကင်းမျှော်စင်ဌာနခွဲရုံးရဲ့ခွင့်ပြုချက်နဲ့ ခရိကျွန်း၊ အိုင်ရကလီအောန်မြို့မှာနေတဲ့ စိတ်စေတနာကောင်းတဲ့ခရစ်ယာန်ညီအစ်ကိုတစ်ယောက်က သူ့အိမ်မှာ ကျွန်တော့်ကို ဝမ်းသာအားရလက်ခံခဲ့တယ်။ ဒါနဲ့ ၁၉၃၃၊ ဩဂုတ်လမှာ စိတ်ဝင်စားသူအချို့နဲ့အတူ ကျွန်တော့်ဇာတိရွာကညီအစ်ကိုတွေဟာ ကျွန်တော့်ကိုနှုတ်ဆက်ဖို့ ကားဂိတ်ကိုရောက်လာခဲ့ကြတယ်။ အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းခဲ့တယ်၊ ဘယ်တော့ပြန်တွေ့ကြမယ်ဆိုတာ အသေအချာမသိကြတဲ့အတွက် ကျွန်တော်တို့အားလုံးငိုခဲ့ကြတယ်။
အိုင်ရကလီအောန်မြို့မှာ ကျွန်တော်ဟာ ချစ်ခင်တဲ့ဝိညာဉ်ရေးမိသားစုဝင်တစ်ယောက်ဖြစ်လာခဲ့တယ်။ အဲဒီကခရစ်ယာန်ညီအစ်ကိုသုံးယောက်ရယ် ညီအစ်မတစ်ယောက်နဲ့အတူ ဝတ်ပြုလေ့လာဖို့အတွက် ကျွန်တော်တို့မှန်မှန်တွေ့ဆုံခဲ့ကြတယ်။ “အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်းခံရလတ္တံ့” ဆိုတဲ့ ယေရှုရဲ့ကတိတော်ပြည့်စုံတာကို ကိုယ်တိုင်တွေ့မြင်ခဲ့တယ်။ (မာကု ၁၀:၂၉၊ ၃၀) ကျွန်တော့်ရဲ့တာဝန်က ဒီမြို့နဲ့အနီးအနားရွာတွေမှာ ဟောပြောဖို့ဖြစ်တယ်။ မြို့ထဲမှာ နှံ့အောင်ဟောပြီးတဲ့နောက် အိုင်ရကလီအောန်မြို့နဲ့ လာစီသီအောန်မြို့ပိုင် နယ်မြေတွေမှာ ဆက်ဟောခဲ့တယ်။
တစ်ကိုယ်တော်ရှေ့ဆောင်
တစ်ရွာကနေတစ်ရွာ နာရီအတော်ကြာလမ်းလျှောက်ခဲ့ရတယ်။ အဲဒီအပြင် စာအုပ်စာတမ်းတွေတင်ပို့မှုခဲယဉ်းတဲ့အတွက် ပေါင်ချိန်များစွာလေးတဲ့ စာအုပ်တွေသယ်ခဲ့ရတယ်။ အိပ်စရာနေရာမရှိတဲ့အတွက် ရွာထဲကလက်ဖက်ရည်ဆိုင်ထဲဝင်ပြီး နောက်ဆုံးဖောက်သည်ပြန်တဲ့—အမြဲလိုလို သန်းခေါင်ကျော်—အထိစောင့်ပြီး ကွပ်ပျစ်တစ်ခုပေါ်မှာအိပ်ရတယ်။ ပိုင်ရှင်လုပ်ငန်းမစခင် နောက်တစ်နေ့မနက်အစောကြီး အိပ်ရာထခဲ့ရတယ်။ အဲဒီကွပ်ပျစ်တွေမှာ ရေတွက်လို့မရတဲ့ ဖြုတ်ကောင်တွေနဲ့ အတူအိပ်ခဲ့ရတယ်။
လူတွေက အေးတိအေးစက်တုံ့ပြန်ပေမဲ့ ယေဟောဝါကို ကျွန်တော့်ရဲ့လူငယ့်ခွန်အားတွေ ပေးဆက်နိုင်တဲ့အတွက် ကျွန်တော်ပျော်ရွှင်ခဲ့တယ်။ ကျမ်းစာအမှန်တရားကို စိတ်ဝင်စားတဲ့လူတစ်ယောက်ကိုတွေ့တဲ့အခါ ဒီအသက်ကယ်ခရစ်ယာန်ဓမ္မအမှုကို ဆက်လုပ်ကိုင်ဖို့ ကျွန်တော့်ဆုံးဖြတ်ချက်က ပြန်အားတက်လာခဲ့တယ်။ ဝိညာဉ်ရေးညီအစ်ကိုတွေနဲ့ပေါင်းသင်းရတာကလည်း တကယ်အားရှိစရာပဲ။ အိုင်ရကလီအောန်မြို့ကနေ ဘယ်လောက်အဝေးကြီးသွားဟောပြောခဲ့တဲ့အပေါ်မူတည်ပြီးရက် ၂၀ ကနေရက် ၅၀ လောက်ကြာမှ သူတို့နဲ့ပြန်ဆုံခဲ့ရတယ်။
အိုင်ရကလီအောန်မြို့က ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေ အဲဒီညနေပိုင်းမှာ သူတို့ရဲ့ပုံမှန်စည်းဝေးလုပ်ကြမှာကို အထူးသတိရပြီး အထီးကျန်စိတ်ပေါ်ခဲ့တဲ့နေ့ခင်းပိုင်းတစ်ခုကို ကျွန်တော်ခုထိကွင်းကွင်းကွက်ကွက်မှတ်မိနေတုန်းပဲ။ သူတို့နဲ့တွေ့ချင်ဇောနဲ့ ၁၅ မိုင်ကျော်ဝေးတဲ့ခရီးကို လမ်းလျှောက်သွားဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ တစ်ခါမှ အဲဒီလောက်မြန်မြန်မလျှောက်ခဲ့ဖူးဘူး။ အဲဒီညနေမှာ ညီအစ်ကိုတွေနဲ့ပေါင်းသင်းရတာ တကယ့်ကိုပျော်စရာကောင်းပြီး ကျွန်တော့်ဝိညာဉ်ရေးခွန်အားပြန်ပြည့်လာသလိုပဲ!
မကြာခင်မှာ ပင်ပင်ပန်းပန်းကြိုးစားဟောပြောခဲ့တဲ့အတွက် အသီးတွေစသီးလာတယ်။ တမန်တော်တွေခေတ်ကလိုပဲ ‘ကယ်တင်ခြင်းသို့ရောက်သူတို့ကိုလည်း နေ့စဉ်မပြတ် ယေဟောဝါသည် သင်းဝင်စေ’ ခဲ့တယ်။ (တမန်တော် ၂:၄၇) ခရိကျွန်းမှာ ယေဟောဝါကိုဝတ်ပြုသူတွေအရေအတွက် စပြီးတိုးများလာခဲ့တယ်။ တခြားသူတွေပါ ကျွန်တော်နဲ့ခရစ်ယာန်ဓမ္မအမှုလုပ်ကိုင်လာတဲ့အခါ ကျွန်တော့်မှာ အထီးကျန်စိတ်မရှိတော့ဘူး။ ကာယရေးအခက်အခဲနဲ့ ပြင်းထန်တဲ့ဆန့်ကျင်မှုတွေကို ကျွန်တော်တို့ခံခဲ့ကြရတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်အစာက ပေါင်မုန့်နဲ့ ကျွန်တော်တို့ရဲ့စာအုပ်တွေယူဖို့အတွက်ပေးကြတဲ့ ကြက်ဥ၊ သံလွင်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တွေပဲ။
ခရိကျွန်းရဲ့အရှေ့တောင်ပိုင်းက အီရားပီတရားမြို့မှာ အထည်အလိပ်ကုန်သည် မီနော့စ် ကိုကီနာကိစ်ကို ကျွန်တော်သက်သေခံခဲ့တယ်။ သူနဲ့ကျမ်းစာသင်အံမှုစဖို့ အဆက်မပြတ်ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့အလုပ်များတဲ့ဘဝပုံစံကြောင့် အချိန်မပေးခဲ့ဘူး။ ဒါပေမဲ့ သူဟာ သင်အံမှုကိုအလေးအနက်ထားဖို့ နောက်ဆုံးဆုံးဖြတ်ချက်ချပြီးတဲ့နောက် သူ့ဘဝမှာ အကြီးအကျယ်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။ သူလည်းပဲ အတော်ဇွဲရှိတဲ့သတင်းကောင်းကြွေးကြော်သူတစ်ယောက် ဖြစ်လာခဲ့တယ်။ ကိုကီနာကိစ်ရဲ့အလုပ်သမား ၁၈ နှစ်အရွယ် အမန္နဝဲလ် ပတဲကီစ်လည်း အဲဒီပြောင်းလဲမှုတွေကြောင့် အတော်အံ့သြပြီး မကြာခင်မှာ ကျမ်းစာစာပေတွေကို သူတောင်းယူခဲ့တယ်။ ဝိညာဉ်ရေးမှာ သူဟာ မှန်မှန်တိုးတက်လာပြီး နောက်ဆုံး ခရစ်ယာန်သာသနာပြုတစ်ယောက်ဖြစ်လာခဲ့တဲ့အတွက် တကယ့်ကိုဝမ်းသာလိုက်တာ!a
အဲဒီအချိန်အတွင်းမှာ ကျွန်တော့်ရွာကအသင်းတော်ဟာ တိုးတက်လာခဲ့ပြီး ကြေညာသူ ၁၄ ယောက်ရှိနေပြီ။ ကျွန်တော့်ညီမဒီစပီနားဆီက သူနဲ့ကျွန်တော့်မိဘတွေဟာ အမှန်တရားကိုလက်ခံခဲ့ကြပြီး အခုဆိုရင်နှစ်ခြင်းခံပြီးတဲ့ ယေဟောဝါကိုဝတ်ပြုသူတွေဖြစ်နေပြီဆိုတဲ့စာကို ကျွန်တော်ဖတ်ရတဲ့အချိန်ကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး!
နှိပ်စက်ညှဉ်းပန်းမှု နှင့်ပြည်နှင်ဒဏ်ကိုခံရပ်ခြင်း
ဂရိသြသဒေါက်စ်ချာ့ချ်က ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို အကြီးအကျယ်ဖျက်ဆီးတတ်တဲ့ကျိုင်းကောင်ဘေးတစ်ခုလို့ စရှုမြင်ပြီး ကျွန်တော်တို့ကိုနှိပ်ကွပ်ဖို့ သူတို့ဆုံးဖြတ်ခဲ့ကြတယ်။ ၁၉၃၈၊ မတ်လမှာ ကျွန်တော့်ကို အဲဒီဒေသကနေချက်ချင်းထွက်သွားခိုင်းတဲ့ အစိုးရအရာရှိရှေ့ရောက်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းဟာ တကယ့်ကိုအကျိုးရှိကြောင်း၊ ကျွန်တော်တို့ရဲ့အလုပ်ကို အထက်အာဏာပိုင်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ရှင်ဘုရင်ယေရှုခရစ်စေခိုင်းတာဖြစ်ကြောင်း ပြန်ပြောပြခဲ့တယ်။—မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၁:၈။
နောက်တစ်နေ့မှာ ဒေသခံရဲဌာနက ကျွန်တော့်ကိုဆင့်ခေါ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော့်ကို မလိုလားအပ်သူလို့ သတ်မှတ်ခဲ့ပြီး အေဂျင်ပင်လယ် အေမော်ဂေါ့စ်ကျွန်းမှာ ပြည်နှင်ဒဏ်တစ်နှစ်ခံရမယ်လို့ ကြားသိခဲ့ရတယ်။ တစ်ရက်နှစ်ရက်ကြာတော့ ကျွန်တော့်ကိုလက်ထိတ်ခတ်ပြီး အဲဒီကျွန်းပေါ်ကို လှေနဲ့ပို့ခဲ့တယ်။ အေမော်ဂေါ့စ်ကျွန်းပေါ်မှာ ယေဟောဝါသက်သေတစ်ယောက်မှမရှိဘူး။ နောက်ခြောက်လလောက်မှာ ဒီကျွန်းပေါ်ကို နောက်သက်သေခံတစ်ယောက်ကို ပြည်နှင်ဒဏ်ချခဲ့တယ်လို့သိရတဲ့အခါ ကျွန်တော်တကယ်အံ့သြခဲ့တယ်! ဘယ်သူပါလိမ့်။ ခရိကျွန်းက ကျွန်တော့်ရဲ့ကျမ်းစာကျောင်းသား မီနော့စ် ကိုကီနာကိစ်ပါပဲ။ ဝိညာဉ်ရေးအဖော်တစ်ယောက်ရရှိခဲ့တဲ့အတွက် ဝမ်းသာလိုက်တာ! အဲဒီနောက်ပိုင်း အေမော်ဂေါ့စ်ကျွန်းမှာ သူ့ကိုကျွန်တော်နှစ်ခြင်းပေးခွင့်ရခဲ့တယ်။b
ခရိကျွန်းကိုပြန်ရောက်လာပြီး မကြာခင်မှာ ပြန်အဖမ်းခံခဲ့ရတယ်၊ ဒီအကြိမ်တော့ အဲဒီကျွန်းပေါ်က နီအပလစ္စစ်မြို့ငယ်လေးမှာ ခြောက်လပြည်နှင်ဒဏ်ခံခဲ့ရတယ်။ ခြောက်လပြည်နှင်ဒဏ်ကုန်သွားတော့ ကျွန်တော့်ကိုဖမ်းပြီး ဆယ်ရက်ထောင်ချခဲ့တယ်၊ ပြီးတော့ ကွန်မြူနစ်တွေကို ပြည်နှင်ဒဏ်ပေးတဲ့ သီးသန့်ကျွန်းတစ်ခုကို လေးလပို့ခဲ့တယ်။ တမန်တော်ပေါလုက “ယေရှုခရစ်၏တရားတော်နှင့်အညီ၊ ဘုရားဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်” ဆိုတဲ့စကားဟာ တကယ့်ကိုမှန်ကန်တယ်ဆိုတာ ကျွန်တော်သဘောပေါက်ခဲ့တယ်။—၂ တိမောသေ ၃:၁၂။
အတိုက်အခံကြားမှတိုးတက်
ဂရိနိုင်ငံကို ဂျာမနီသိမ်းပိုက်ထားခဲ့တဲ့ ၁၉၄၀-၄၄ အတွင်းမှာ ဟောပြောခြင်းလုပ်ငန်း ရပ်သွားတော့မလိုဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဂရိမှာရှိတဲ့ယေဟောဝါသက်သေတွေဟာ ချက်ချင်းပြန်စုစည်းခဲ့ပြီး ဟောပြောခြင်းလုပ်ငန်းကို ပြန်စခဲ့ကြတယ်။ ဆုံးရှုံးသွားတဲ့အချိန်ကိုကာမိအောင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို တက်တက်ကြွကြွဇွဲနပဲနဲ့ ကျွန်တော်တို့ဆက်လုပ်ကိုင်ခဲ့ကြတယ်။
ထင်ထားတဲ့အတိုင်း ဘာသာရေးအတိုက်အခံ ပြန်စလာခဲ့တယ်။ ဂရိသြသဒေါက်စ်ဓမ္မဆရာတွေဟာ ဥပဒေကို သူတို့ကြိုက်သလိုလုပ်ခဲ့ကြတယ်။ ရွာတစ်ရွာက ခရစ်ယာန်ဓမ္မဆရာတစ်ယောက်ဟာ ကျွန်တော်တို့ကိုတိုက်ခိုက်ဖို့ လူအုပ်ကို သွေးထိုးပေးခဲ့တယ်။ ခရစ်ယာန်ဓမ္မဆရာကိုယ်တိုင် ကျွန်တော့်ကို ရိုက်နေတုန်းမှာ သူ့သားလည်းနောက်ကနေ ရိုက်ခဲ့တယ်။ ကျွန်တော့်ရဲ့ဟောပြောခြင်းလုပ်ငန်းဖော်ကို ရွာရဲ့ပြည်သူ့ရင်ပြင်ထဲ ဒရွတ်တိုက်ဆွဲခေါ်နေကြတုန်းမှာ အကာအကွယ်ရဖို့အနီးအနားကအိမ်ထဲ ကျွန်တော်တစ်ရှိန်ထိုးဝင်ပြေးသွားခဲ့တယ်။ အဲဒီမှာ လူအုပ်က သူ့ရဲ့စာပေတွေကို ဖြဲပစ်လိုက်တယ်၊ အမျိုးသမီးတစ်ယောက်က သူ့ရဲ့လေသာဆောင်ကနေ “သူ့ကိုသတ်ပစ်လိုက်!” ဆိုပြီးအော်ပြောခဲ့တယ်။ နောက်ဆုံးမှာတော့ ဆရာဝန်တစ်ယောက်နဲ့ ပတ္တရောင်ရဲတစ်ယောက်က ကျွန်တော်တို့ကို ကယ်ခဲ့တယ်။
နောက်ပိုင်း ၁၉၅၂ မှာကျွန်တော်ပြန်အဖမ်းခံရပြီး ခရိကျွန်း၊ ကာစတဲလ်အီ ကစ္စမောစ်မှာ လေးလပြည်နှင်ဒဏ်ခံခဲ့ရတယ်။ အဲဒါပြီးတော့ ချက်ချင်းပဲ အသင်းတော်တွေဆီ လည်ပတ်ပြီး ဝိညာဉ်ရေးအရတည်ဆောက်ပေးဖို့ သင်တန်းယူခဲ့ရတယ်။ ဒီနယ်လှည့်လုပ်ငန်းကို နှစ်နှစ်လုပ်ပြီးတဲ့နောက်မှာ အခုထိယေဟောဝါကိုသစ္စာရှိပြီး ကျွန်တော့်ညီမနဲ့နာမည်တူတဲ့ သစ္စာရှိခရစ်ယာန်ညီအစ်မဒီစပီနားနဲ့ ကျွန်တော်လက်ထပ်ခဲ့တယ်။ လက်ထပ်ပြီးတဲ့နောက်မှာ ကျွန်တော်အမှုဆောင်နေဆဲဖြစ်တဲ့ ခရိကျွန်း၊ ဟာနီအာမြို့မှာ အထူးရှေ့ဆောင်အနေနဲ့ တာဝန်ရခဲ့တယ်။
အချိန်ပြည့်လုပ်ငန်းတော်ရဲ့အနှစ် ၇၀ နီးပါးအတွင်းမှာမိုင် ၁၅၀ ခန့်ရှည်လျားပြီး စတုရန်းမိုင်ပေါင်း ၃,၂၀၀ ကျယ်ပြန့်တဲ့ ခရိကျွန်းတစ်ကျွန်းလုံးနီးပါးအထိ ကျွန်တော်ရောက်ခဲ့တယ်။ ၁၉၃၀ ပြည့်နှစ်မှာ ဒီကျွန်းပေါ်က လက်တစ်ဆုပ်စာသက်သေခံတွေဟာ ဒီနေ့ဆိုရင် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၁,၁၀၀ ကျော်ရှိနေတာကိုမြင်ရတာ ကျွန်တော့်ရဲ့အကြီးမားဆုံးပျော်ရွှင်မှုပဲ။ အဲဒီလူတွေကို သမ္မာကျမ်းစာရဲ့ တိကျတဲ့အသိပညာနဲ့ အနာဂတ်အတွက် တကယ်ဝမ်းသာစရာမျှော်လင့်ချက်ရရှိဖို့ ကူညီပေးခွင့်ရခဲ့တာတွေအတွက် ယေဟောဝါကို ကျွန်တော်ကျေးဇူးတင်ပါတယ်။
“ငါ့ကိုကယ်လွှတ်သောသခင်” ယေဟောဝါ
စစ်မှန်တဲ့ဘုရားသခင်ကို လူတွေသိရှိဖို့ ကူညီပေးတဲ့အခါ ခံနိုင်ရည်ရှိဖို့နဲ့စိတ်ရှည်ဖို့ လိုတယ်ဆိုတာကို ကိုယ်ပိုင်အတွေ့အကြုံက သင်ပေးခဲ့တယ်။ အတော်လေးလိုအပ်တဲ့ ဒီအရည်အသွေးတွေကို ယေဟောဝါရက်ရက်ရောရောပေးထားတယ်။ ကျွန်တော့်ရဲ့အချိန်ပြည့်လုပ်ငန်း ၆၇ နှစ်အတွင်းမှာ တမန်တော်ပေါလုရဲ့ဒီစကားတွေကို ကျွန်တော်ထပ်ခါထပ်ခါဆင်ခြင်သုံးသပ်မိခဲ့တယ်– “ညှဉ်းဆဲခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သောဘေးဥပဒ်နှင့်တွေ့ခြင်း၊ အရိုက်အပုတ်ခံခြင်း၊ ထောင်ထဲ၌နေခြင်း၊ သူတစ်ပါးရုန်းရင်းခတ်ပြုခြင်း၊ အမှုကိုလုပ်ဆောင်ခြင်း၊ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်းကို အလွန်သည်းခံလျက် . . . ဘုရားသခင်ခန့်ထားတော်မူသော [ခရစ်ယာန်] ဓမ္မဆရာမှန်ကြောင်းကို အရာရာ၌ထင်ရှားစွာပြကြ၏။” (၂ ကောရိန္သု ၆:၄၊ ၅၊ ၁၀) အထူးသဖြင့် ကျွန်တော့်ရဲ့လုပ်ငန်းအစောပိုင်းနှစ်တွေမှာ အရမ်းဆင်းရဲခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ကျွန်တော့်မိသားစုကို ယေဟောဝါဘယ်တော့မှမစွန့်ခဲ့ပါဘူး။ ကိုယ်တော်ဟာ အစဉ်တန်ခိုးကြီးမားပြီး မှန်မှန်ထောက်ပံ့တဲ့အရှင်ဖြစ်တယ်ဆိုတာကိုပြခဲ့ပါပြီ။ (ဟေဗြဲ ၁၃:၅၊ ၆) ကိုယ်တော်ရဲ့သိုးတွေကို စုသိမ်းတာနဲ့ ကျွန်တော်တို့ရဲ့လိုအပ်ရာတွေကို ထောက်ပံ့ပေးတဲ့နေရာမှာ ကိုယ်တော်ရဲ့မေတ္တာပါအကူအညီကို အမြဲခံစားခဲ့ရတယ်။
ဝိညာဉ်ရေးသဘောအရ၊ ကန္တာရဟာ ပန်းတွေနဲ့ဝေဆာလာတာကို ပြန်ပြောင်းကြည့်လိုက်တဲ့အခါမှာ ကျွန်တော့်အလုပ်ဟာ သဲထဲရေသွန်မဖြစ်ခဲ့ဘူးဆိုတာကို ကျွန်တော်စိတ်ချယုံကြည်တယ်။ ကျွန်တော့်လူငယ့်ခွန်အားကို အကျိုးအရှိဆုံးနည်းနဲ့အသုံးပြုခဲ့တယ်။ ကျွန်တော့်ရဲ့အချိန်ပြည့်အမှုဆောင်လုပ်ငန်းဟာ တခြားဘယ်လုပ်ငန်းတွေထက်မဆို ပိုပြီးတော့ အဓိပ္ပာယ်ရှိခဲ့တယ်။ အခုအိုမင်းနေပြီဖြစ်တဲ့ ကျွန်တော်ဟာ ‘အသက်ပျိုစဉ်အခါပင်၊ သင်တို့၏ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့’ ပါလို့ လူငယ်တွေကို နှလုံးအကြွင်းမဲ့အားပေးနိုင်ပါတယ်။—ဒေ. ၁၂:၁။
ကျွန်တော့်အသက် ၉၁ နှစ်ရှိပေမဲ့ လတိုင်း ဟောပြောခြင်းလုပ်ငန်းမှာနာရီ ၁၂၀ ကျော်သွင်းနိုင်တုန်းပဲ။ မနက်တိုင်း ၇:၃၀ အိပ်ရာထပြီး လမ်းပေါ်၊ ဆိုင်၊ ပန်းခြံထဲကလူတွေကို သက်သေခံတယ်။ လတိုင်း ပျမ်းမျှမဂ္ဂဇင်း ၁၅၀ ဝေငှရတယ်။ အခုတော့ နားလေးပြီးမှတ်ဉာဏ်အားနည်းတာတွေဟာ ကျွန်တော့်ဘဝကို အခက်အခဲဖြစ်စေပေမဲ့ ကျွန်တော့်သမီးနှစ်ယောက်ရဲ့မိသားစုတွေအပြင် ခင်မင်စရာကောင်းတဲ့ ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မတွေ—ကျွန်တော့်ဝိညာဉ်ရေးမိသားစုကြီး—ကလည်း ကျွန်တော့်ကို ထောက်ပံ့ကူညီပေးပါတယ်။
ပိုပြီးအရေးကြီးတာက ယေဟောဝါကိုကျွန်တော်ယုံကြည်ကိုးစားတတ်လာတာဖြစ်တယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ကိုယ်တော်ဟာ “ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်” ဖြစ်တယ်ဆိုတာကို တွေ့ကြုံခဲ့ရပါပြီ။—ဆာလံ ၁၈:၂။
[အောက်ခြေမှတ်ချက်များ]
a အမန္နဝဲလ် ပတဲကီစ်၏ဘဝအတ္ထုပ္ပတ္တိကို နိုဝင်ဘာ ၁၊ ၁၉၉၆ ခုနှစ်ထုတ် ကင်းမျှော်စင်စာမျက်နှာ ၂၂-၇ ရှု။
b မီနော့စ် ကိုကီနာကိစ်၏ ဥပဒေဆိုင်ရာအောင်ပွဲအကြောင်းကို စက်တင်ဘာ ၁၊ ၁၉၉၃ ခုနှစ်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၇-၃၁ ရှု။ ၁၉၉၉၊ ဇန်နဝါရီလတွင် မီနော့စ် ကိုကီနာကိစ်ကွယ်လွန်ခဲ့သည်။
[စာမျက်နှာ ၂၆၊ ၂၇ ပါ ရုပ်ပုံ]
အောက်– ကျွန်တော့်ဇနီးနှင့်အတူ;လက်ဝဲ– ၁၉၂၇ ခုနှစ်၌; တစ်ဖက်စာမျက်နှာ– ၁၉၃၉၊ ပြည်နှင်ဒဏ်ခံရပြီးအပြန် မကြာမီတွင် အခရော်ပလပ်စ်၌ မီနော့စ် ကိုကီနာကိစ် (လက်ဝဲ) နှင့်အခြားသက်သေခံတစ်ဦးနှင့်အတူ