ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အမြဲပြည့်စုံခဲ့တဲ့ ကြိုဟောချက်များ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁
    • မဟာအလက်ဇန္ဒား

      အမြဲပြည့်စုံခဲ့တဲ့ ကြိုဟောချက်များ

      ‘သင်တို့၏ဘုရားသခင် [ယေဟောဝါ] သည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံ၏။’ —ယောရှု ၂၃:၁၄။

      သမ္မာကျမ်းစာက ဘယ်လိုနည်းနဲ့ ထူးခြားသလဲ။ ရှေးခေတ်က ဟောစာတမ်းတွေဟာ မရေရာတဲ့အပြင် အားထားလို့မရဘူးဆိုတာ ထင်ရှားတယ်။ ကနေ့ခေတ် ဟောစာတမ်းတွေလည်း ထူးမခြားနားပါပဲ။ အနာဂတ်ဟောတဲ့ အတတ်ပညာ (Futurology) ဟာ ခေတ်ရေစီးကြောင်းကိုကြည့်ပြီးမှ ဟောတာဖြစ်တဲ့အပြင် တိကျတဲ့ ဖြစ်ရပ်တွေကို ရာစုနှစ်ချီ ကြိုတင်ဟောတာလည်း မရှိသလောက်ပါပဲ။ ဒါပေမဲ့ သမ္မာကျမ်းစာကြိုဟောချက်တွေဟာ အသေးစိတ်ကျပြီး အမြဲ ဖြစ်ပျက်လာပါတယ်၊ “ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကို” ကြိုပြောရင်တောင် မှန်ကန်ပါတယ်။—ဟေရှာယ ၄၆:၁၀။

      ဥပမာ– ခရစ်နှစ်မတိုင်ခင် ခြောက်ရာစုမှာ ပရောဖက် (ကြိုဟောသူ) ဒံယေလဟာ မီဒို-ပါးရှားကို ဂရိက လျှပ်တစ်ပြက်အတွင်း အနိုင်ယူမယ့်အကြောင်း ကြိုပြောတဲ့ အဆင်းအာရုံတစ်ခုကို မြင်တွေ့ခဲ့တယ်။ ဒါ့အပြင် အောင်ပွဲရ ဂရိဘုရင်ဟာ “ခွန်အားကြီး” လာတာနဲ့ ချက်ချင်းဆိုသလို သူ့ရဲ့အုပ်ချုပ်မှုက “ကျိုး” သွားသလိုမျိုး အဆုံးသတ်သွားမယ်လို့လည်း ကြိုဟောထားတယ်။ သူ့ရဲ့နေရာမှာ ဘယ်သူဆက်ခံမလဲ။ ဒံယေလက ဒီလိုရေးသားခဲ့တယ်– ‘၎င်းနေရာ၌ နိုင်ငံလေးပါး တည်ထောင်လိမ့်မည်။ သို့ရာတွင် အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။’—ဒံယေလ ၈:၅-၈၊ ၂၀-၂၂။

      သမိုင်းပညာရှင်တွေရဲ့စကား– ဒံယေလခေတ်နောက်ပိုင်း နှစ်ပေါင်း ၂၀၀ ကျော်အကြာမှာ မဟာအလက်ဇန္ဒားက ဂရိဘုရင်ဖြစ်လာပါတယ်။ အလက်ဇန္ဒားဟာ မီဒို-ပါးရှားအင်ပါယာကို ဆယ်နှစ်အတွင်းမှာပဲ အနိုင်ယူခဲ့ပြီး ဂရိအင်ပါယာကို အင်းဒပ်စ်မြစ် (မျက်မှောက်ခေတ် ပါကစ္စတန်နိုင်ငံထဲမှာရှိ) အထိ တိုးချဲ့ခဲ့တယ်။ ဒါပေမဲ့ သူဟာ အသက် ၃၂ နှစ်အရွယ်မှာ ရုတ်တရက် သေဆုံးသွားပါတယ်။ နောက်ပိုင်းမှာ အာရှမိုင်းနားမှာရှိတဲ့ အစ္စက်ရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ပွဲကြောင့် ဂရိအင်ပါယာ တစ်စစီ ပြိုကွဲသွားခဲ့ရတယ်။ အဲဒီတိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဗိုလ်ချုပ်ကြီးလေးယောက်က ဂရိအင်ပါယာကို လေးပိုင်း ပိုင်းလိုက်ပြီး ခွဲဝေယူလိုက်ကြတယ်။ ဒါပေမဲ့ သူတို့တစ်ယောက်ချင်းစီရဲ့ အာဏာက အလက်ဇန္ဒားရဲ့အာဏာလောက် မကြီးထွားလာခဲ့ပါဘူး။

      သင် ဘယ်လိုယူဆသလဲ။ တခြားစာအုပ်တွေထဲမှာပါတဲ့ ကြိုဟောချက်တွေ အမြဲ ပြည့်စုံခဲ့တယ်လို့ ပြောနိုင်သလား။ ဒါမှမဟုတ် သမ္မာကျမ်းစာကြိုဟောချက်တွေက အမြဲ ပြည့်စုံခဲ့တယ်လို့ ပြောနိုင်သလား။

      “သမ္မာကျမ်းစာထဲမှာ ကြိုဟောချက်တွေ အများကြီးပါရှိတယ်။ အဲဒီကြိုဟောချက်တွေ မတော်တဆ ပြည့်စုံလာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ရှုမြင်ရမယ်။”—A LAWYER EXAMINES THE BIBLE, BY IRWIN H. LINTON

  • ဒဏ္ဍာရီမဟုတ်တဲ့ သမိုင်းမှတ်တမ်းများ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁
    • ဒဏ္ဍာရီမဟုတ်တဲ့ သမိုင်းမှတ်တမ်းများ

      ‘ကျွန်ုပ်သည်လည်း ထိုအကြောင်းအရာအလုံးစုံကို အစမှ သေချာစွာ လေ့လာစိစစ်ထားပါ၏။’—လုကာ ၁:၃။

      သမ္မာကျမ်းစာက ဘယ်လိုနည်းနဲ့ ထူးခြားသလဲ။ ပုံပြင်ဒဏ္ဍာရီတွေထဲက အကြောင်းအရာတွေဟာ ဖတ်လို့ကောင်းပေမဲ့ တည်နေရာ၊ ရက်စွဲနဲ့ သမိုင်းဝင်ဇာတ်ကောင်တွေရဲ့ နာမည်တွေကို အတိအကျ မဖော်ပြပေးပါဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာထဲမှာတော့ အသေးစိတ်ကျတဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေ မရေမတွက်နိုင်အောင် ပါရှိတဲ့အတွက် ‘စကားတော်အလုံးစုံတို့သည် အလွန်တရာ မှန်ကန်’ တယ်ဆိုတာ စာဖတ်သူတွေ စိတ်ချနိုင်ပါတယ်။—ဆာလံ ၁၁၉:၁၆၀၊ The Psalms for Today, by R. K. Harrison.

      ဥပမာ– ‘ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် [ယုဒရှင်ဘုရင်] ယေခေါနိကို ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏’ လို့ကျမ်းစာမှာ ဆိုထားပါတယ်။ နောက်ပိုင်းမှာ “ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရောဒက် နန်းစံစက ယုဒရှင်ဘုရင် ယေခေါနိကို ထောင်ထဲကနုတ်၍ ချမ်းသာပေးလေ၏။” ဒါ့အပြင် “အသက်ရှည်သမျှ နေ့ရက်အစဉ်မပြတ် သူစားစရာဖို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။”—၄ ဓမ္မရာဇဝင် ၂၄:၁၁၊ ၁၅၊ ၁၆; ၂၅:၂၇-၃၀။

      ရှေးဟောင်းသုတေသနပညာရှင်များ တွေ့ရှိခဲ့ရာ– ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ဒုတိယမြောက် နေဗုခဒ်နေဇာဘုရင် အုပ်စိုးချိန်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာတွေကို ဗာဗုလုန်မြို့ဟောင်း အပျက်အယွင်းတွေကြားထဲမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲဒီမှတ်တမ်းတွေထဲမှာ အကျဉ်းသားတွေနဲ့ နန်းတွင်းသူနန်းတွင်းသားတွေကိုပေးတဲ့ ရိက္ခာခွဲတမ်းစာရင်း ပါရှိတယ်။ “ယာဟဒ်ပြည် (ယုဒ) ရဲ့ရှင်ဘုရင် ယောခင် [ယေခေါနိ]” နဲ့ သူ့မိသားစုဝင်တွေရဲ့ နာမည်စာရင်းလည်း ပါတယ်။ နေဗုခဒ်နေဇာရဲ့နေရာကို ဆက်ခံသူ ဧဝိလမေရောဒက် တကယ်ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီးတော့ကော။ စူဆာမြို့အနီးမှာ တွေ့ရှိခဲ့တဲ့ မြေအိုးတစ်အိုးပေါ် ဒီလိုရေးထိုးထားတယ်– “ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာရဲ့သား ဗာဗုလုန်ရှင်ဘုရင် အေမယ်လ်-မာဒွတ် [ဧဝိလမေရောဒက်] ရဲ့နန်းတော်။”

      သင် ဘယ်လိုယူဆသလဲ။ ဒီလိုမျိုး အသေးစိတ်ကျပြီး တိကျမှန်ကန်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို တခြားကျမ်းဂန်တွေမှာ တွေ့ရပါသလား။ ဒါမှမဟုတ် သမ္မာကျမ်းစာမှာ တွေ့ရပါသလား။

      [စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

      “သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ဖြစ်ရပ်တွေရဲ့ အချိန်ကာလနဲ့ နေရာဒေသတွေဟာ တခြားရှေးဟောင်း မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြထားရာတွေထက် ပိုတိကျပြီး ပိုယုံကြည်စိတ်ချရတယ်။”—A SCIENTIFIC INVESTIGATION OF THE OLD TESTAMENT, BY ROBERT D. WILSON

      [စာမျက်နှာ ၅ ပါ ရုပ်ပုံ]

      ယုဒဘုရင် ယေခေါနိရဲ့ နာမည်ပါရှိတဲ့ ဘေဘီလုန်မှတ်တမ်းမှတ်ရာ

      [Credit Line]

      © bpk, Berlin/Vorderasiatisches Museum, SMB/Olaf M. Tessmer/Art Resource, NY

  • ဆေးဘက်ဆိုင်ရာ တိကျမှန်ကန်မှု
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁
    • လက်ဆေးနေ

      ဆေးဘက်ဆိုင်ရာ တိကျမှန်ကန်မှု

      ‘[အကြံဉာဏ်] နှင့် [အသိပညာ] တို့ကိုရစေခြင်းငှာ သင့်အား ရေးပေးလိုက်၏။ မေးမြန်းသောသူအား အဘယ်သို့ပြန်ပြောရမည်ကို သိစေခြင်းငှာလည်း [အမှန်တရား] ကိုငါပြသ၏။’—သုတ္တံ ၂၂:၂၀၊ ၂၁၊ သမ္မာ။

      သမ္မာကျမ်းစာက ဘယ်လိုနည်းနဲ့ ထူးခြားသလဲ။ ရှေးခေတ်စာပေတွေမှာ ဖော်ပြထားတဲ့ ယူဆချက်တွေက ခေတ်သစ် ဆေးပညာနဲ့မကိုက်ညီတဲ့အပြင် အန္တရာယ်လည်းရှိတယ်။ ကနေ့ခေတ်မှာတောင် စာရေးဆရာတွေဟာ အသစ်တွေ့ရှိတဲ့ ရှာဖွေတွေ့ရှိမှုတွေနဲ့အညီ ပြင်ဆင်ရေးသားရပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာရဲ့ အာဘော်ရှင်က ဖန်ဆင်းရှင်ဖြစ်ပြီး ကိုယ်တော်ရဲ့စကားတွေက “ထာဝစဉ်တည်မြဲ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ပေတရု ၁:၂၅။

      ဥပမာ– မောရှေပညတ်အရ ရှေးခေတ်အစ္စရေးလူတွေဟာ “တပ်ပြင်” မှာ တွင်းတူးပြီး ကျင်ကြီးကျင်ငယ်စွန့်၊ ပြီးနောက် ပြန်ဖုံးအုပ်ခဲ့ရပါတယ်။ (တရားဟောရာ ၂၃:၁၂၊ ၁၃) တိရစ္ဆာန်အသေကောင် ဒါမှမဟုတ် လူသေကောင်ကို တို့ထိမိတယ်ဆိုရင် ဆေးကြောသန့်စင်ခဲ့ရတယ်။ (ဝတ်ပြုရာ ၁၁:၂၇၊ ၂၈; တောလည်ရာ ၁၉:၁၄-၁၆) အနာကြီးရောဂါသည်တွေကို သူတို့ရဲ့အနာပျောက်ကင်းတဲ့အထိ လူတွေနဲ့ဝေးရာမှာ သီးသန့်ထားတယ်။—ဝတ်ပြုရာ ၁၃:၁-၈။

      ခေတ်သစ်ဆေးလောကရဲ့ ပြောပြချက်– ယင်လုံအိမ်သာ ဆောက်ခြင်း၊ လက်ဆေးခြင်း၊ လူနာကို တသီးတခြား ထားရှိခြင်းတွေဟာ ရောဂါကို နှိမ်နင်းရာမှာ ထိရောက်တဲ့နည်းတွေ ဖြစ်နေတုန်းပါပဲ။ တကယ်လို့ ယင်လုံအိမ်သာ ဒါမှမဟုတ် အညစ်အကြေး စွန့်ပစ်တဲ့စနစ်တွေ မရှိဘူးဆိုရင် အမေရိကန်နိုင်ငံက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက အခုလိုဖော်ပြပါတယ်– “ရေနဲ့ အနည်းဆုံး မီတာ ၃၀ [ပေ ၁၀၀] ဝေးတဲ့နေရာမှာ တွင်းတူးပြီး အညစ်အကြေးစွန့်ပါ၊ ပြီးတော့ ပြန်ဖုံးအုပ်လိုက်ပါ။” လူနေတဲ့ရပ်ကွက်တွေမှာ အညစ်အကြေးတွေကို သေသေချာချာ စွန့်ပစ်တဲ့အခါ ဝမ်းပျက်ဝမ်းလျှောရောဂါကို ၃၆ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀၀ နီးပါးလောက်က ဆရာဝန်တွေဟာ လူသေအလောင်းတွေကို ကိုင်တွယ်ပြီးတဲ့နောက် လက်မဆေးဘဲနေတဲ့အခါ လူနာအတော်များများကို ရောဂါကူးစက်စေခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ကြတယ်။ လက်ဆေးခြင်းက “ရောဂါကူးစက်ခြင်းကို တားဆီးရာမှာ အထိရောက်ဆုံးသောနည်း” ဖြစ်နေတုန်းပဲလို့ အမေရိကန်နိုင်ငံက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ဆိုပါတယ်။ အနာကြီးရောဂါသည် ဒါမှမဟုတ် တခြားရောဂါသည်တွေကို သီးသန့်ထားရှိခြင်းကကော။ မကြာသေးခင်က အာရပ်ဂျာနယ် (Saudi Medical Journal) တစ်စောင်မှာ ဒီလိုဖော်ပြထားပါတယ်– “ရောဂါကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်တဲ့နည်းက ရောဂါစပြန့်ပွားချိန်မှာ လူနာကို တသီးတခြား ထားရှိခြင်းကပဲ အထိရောက်ဆုံးသော နည်းလမ်းဖြစ်နိုင်တယ်။”

      သင် ဘယ်လိုယူဆသလဲ။ တခြားရှေးခေတ်ကျမ်းဂန်က ခေတ်သစ်ဆေးပညာနဲ့ ကိုက်ညီပါသလား။ ဒါမှမဟုတ် သမ္မာကျမ်းစာက ကိုက်ညီပါသလား။

      “တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ပတ်သက်ပြီး မောရှေခေတ်က စေ့စပ်သေချာတဲ့ ကြိုတင်ကာကွယ်မှုတွေက မှတ်သားစရာကောင်းတယ်။”​—MANUAL OF TROPICAL MEDICINE, BY DRS. ALDO CASTELLANI AND ALBERT J. CHALMERS

  • ရှေ့နောက်ညီညွတ်မှုရှိတဲ့ မှတ်တမ်းများ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁
    • ကျမ်းရေးသူ

      ရှေ့နောက်ညီညွတ်မှုရှိတဲ့ မှတ်တမ်းများ

      “ပရောဖက်ပြုချက်မည်သည် လူ့အလိုအားဖြင့် မည်သည့်အခါမျှ ဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို လူတို့ ပရောဖက်ပြုခြင်းဖြစ်၏။”—၂ ပေတရု ၁:၂၁။

      သမ္မာကျမ်းစာက ဘယ်လိုနည်းနဲ့ ထူးခြားသလဲ။ ရှေးခေတ်က မှတ်တမ်းမှတ်ရာတွေဟာ ခေတ်တစ်ခေတ်တည်းမှာပဲ ရေးသားရင်တောင် တစ်ခုနဲ့တစ်ခု ဆန့်ကျင်ကွဲလွဲနေတတ်ပါတယ်။ လူအမျိုးမျိုး၊ နေရာအမျိုးမျိုးနဲ့ အချိန်ကာလအမျိုးမျိုးမှာ ရေးသားခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေဟာ တစ်ခုနဲ့တစ်ခု ကိုက်ညီဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သမ္မာကျမ်းစာကတော့ ကျမ်းစောင်ရေ ၆၆ စောင်နဲ့ ဖွဲ့စည်းထားပေမဲ့ အာဘော်ရှင်က တစ်ဦးတည်းဖြစ်ပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာပါတဲ့ မှတ်တမ်းတွေက တစ်ပေါင်းတစ်စည်းတည်းဖြစ်ပြီး ရှေ့နောက်ညီညွတ်မှုရှိတယ်။—၂ တိမောသေ ၃:၁၆။

      ဥပမာ–ခရစ်နှစ်မတိုင်ခင် ၁၆ ရာစုက သိုးထိန်းတစ်ဦးဖြစ်တဲ့ မောရှေဟာ လူသားထုကို ကယ်တင်မယ့် “အမျိုးအနွယ်” ပေါ်ထွန်းမယ့်အကြောင်း သမ္မာကျမ်းစာရဲ့ ဦးဆုံးကျမ်းစောင်ထဲမှာ ရေးသားဖော်ပြခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီအမျိုးအနွယ်ဟာ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့ကနေ ဆင်းသက်လာမယ်ဆိုပြီး အဲဒီကျမ်းစောင်ထဲမှာပဲ ကြိုပြောထားတယ်။ (ကမ္ဘာဦး ၃:၁၅; ၂၂:၁၇၊ ၁၈; ၂၆:၂၄; ၂၈:၁၄) အနှစ် ၅၀၀ နီးပါးကြာပြီးတဲ့နောက်ပိုင်းမှာ အဲဒီအမျိုးအနွယ်ဟာ ဒါဝိဒ်မင်းမျိုးမင်းနွယ် ဖြစ်လိမ့်မယ်ဆိုပြီး ပရောဖက် (ကြိုပြောသူ) နာသန်က ဖော်ပြခဲ့တယ်။ (၂ ဓမ္မရာဇဝင် ၇:၁၂) အဲဒီလိုဖော်ပြပြီးတဲ့နောက် အနှစ်တစ်ထောင်အကြာမှာ၊ အဲဒီအမျိုးအနွယ်ကို ယေရှုနဲ့ သူ့နောက်လိုက် အုပ်စုတစ်စုနဲ့ ဖွဲ့စည်းထားတယ်ဆိုပြီး တမန်တော်ပေါလုက ရှင်းပြခဲ့တယ်။ (ရောမ ၁:၁-၄; ဂလာတိ ၃:၁၆၊ ၂၉) ခရစ်နှစ်ပထမရာစု အကုန်ပိုင်းမှာ အဲဒီအမျိုးအနွယ်ရဲ့ အဖွဲ့ဝင်တွေဟာ မြေကြီးပေါ်မှာ ယေရှုအကြောင်း သက်သေခံမယ်၊ ကောင်းကင်ကို ထမြောက်သွားမယ်၊ ပြီးရင် ယေရှုနဲ့အတူ အနှစ်တစ်ထောင် အုပ်ချုပ်ကြမယ်ဆိုပြီး သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းစောင်မှာ ကြိုဟောထားတယ်။ အဲဒီအမျိုးအနွယ်ဟာ စာတန်ကို ဖျက်ဆီးပြီး လူသားထုကို ကယ်တင်မှာဖြစ်တယ်။—ဗျာဒိတ် ၁၂:၁၇; ၂၀:၆-၁၀။

      ကျမ်းစာအနက်ဖွင့်သူများ ပြောဆိုရာ– သမ္မာကျမ်းစာကို နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်လေ့လာပြီးတဲ့နောက် လူဝီ ဂိုစန်က “အနှစ် တစ်ထောင့်ငါးရာကာလအတွင်းမှာ များပြားလှတဲ့ ကျမ်းရေးသူတွေ ရေးသားခဲ့တဲ့ သမ္မာကျမ်းစာဟာ ရှေ့နောက်ညီညွတ်မှုရှိတယ်။ . . . သူတို့တွေဟာ ဒီလောကကို ဘုရားသခင့်သားတော် ကယ်နုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အပြည့်အဝ နားမလည်ပေမဲ့လည်း အဲဒီရည်ရွယ်ချက် အထမြောက်အောင် တစ်စိုက်မတ်မတ် ကြိုးစားပြီး ရေးသားခဲ့ကြ” တာကို အရမ်းအံ့သြရတယ်လို့ ရေးသားဖော်ပြခဲ့တယ်။—Theopneusty—The Plenary Inspiration of the Holy Scriptures.

      သင် ဘယ်လိုယူဆသလဲ။ အနှစ် ၁,၅၀၀ ကျော်ကာလအတွင်းမှာ လူအယောက် ၄၀ လောက် ရေးသားခဲ့ပေမဲ့ ရှေ့နောက်ညီညွတ်မှုရှိတဲ့ တခြားစာအုပ်ရှိပါသေးသလား။ ဒါမှမဟုတ် သမ္မာကျမ်းစာတစ်အုပ်ပဲ ရှိသလား။

      “ကျမ်းစောင်တွေကို တစ်စုတစ်ဝေးတည်း စုစည်းလိုက်တဲ့အခါ ဖွဲ့စည်းတည်ဆောက်ပုံအရ တစ်အုပ်တည်း ဖြစ်သွားတယ်။ . . . ဒီစာအုပ်နဲ့တူတဲ့ စာပေဆိုလို့ ဒီလောကမှာ တစ်အုပ်တလေမှ မရှိဘူး။”—THE PROBLEM OF THE OLD TESTAMENT, BY JAMES ORR

  • ဒီနေ့ထက်ထိ လက်တွေ့ကျ
    ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁
    • ဒီနေ့ထက်ထိ လက်တွေ့ကျ

      ‘နှုတ်မြွက်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။’—ဆာလံ ၁၁၉:၁၀၅။

      သမ္မာကျမ်းစာက ဘယ်လိုနည်းနဲ့ ထူးခြားသလဲ။ စာပေတချို့ဟာ အရေးအသားပြောင်မြောက်တဲ့ စာကောင်းပေမွန်အဖြစ် ရှုမြင်ခံရပေမဲ့ လူတစ်ယောက်ရဲ့ဘဝကိုတော့ လမ်းညွှန် မပေးနိုင်ပါဘူး။ ကနေ့ခေတ် ဘဝလမ်းညွှန်လက်စွဲစာအုပ်တွေဟာ မကြာခဏ ပြန်လည်တည်းဖြတ်ဖို့ လိုအပ်နေပါတယ်။ သမ္မာကျမ်းစာထဲမှာ “ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်” ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။—ရောမ ၁၅:၄။

      ဥပမာ– သမ္မာကျမ်းစာဟာ ဆေးပညာဆိုင်ရာလမ်းညွှန်စာအုပ် မဟုတ်ပေမဲ့လည်း ကျမ်းစာမှာပါတဲ့ လက်တွေ့ကျ အကြံဉာဏ်တွေက ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေပါတယ်။ ဥပမာ၊ “စိတ်အေးချမ်းစွာ နေတတ်သူသည် မိမိ၏ကိုယ်ခန္ဓာကို ကျန်းမာစေ၏” လို့ဆိုထားပါတယ်။ (သုတ္တံ ၁၄:၃၀၊ ခမ) ဒီလိုလည်း သတိပေးထားပါတယ်– “သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာ ရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။” (သုတ္တံ ၁၈:၁၊ သမ္မာ) နောက်တစ်မျိုး ပြောထားတာကတော့ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” ဆိုတာပါပဲ။—တမန်တော် ၂၀:၃၅။

      သုတေသီတွေရဲ့တွေ့ရှိချက်– စိတ်ငြိမ်သက်မှု၊ ခိုင်မြဲတဲ့ မိတ်ဆွေဖွဲ့မှုနဲ့ ရက်ရောမှုတို့က သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အမေရိကန်ဂျာနယ် (The Journal of the American Medical Association) တစ်စောင်မှာ ဒီလိုဖော်ပြထားတယ်– “ဒေါသပေါက်ကွဲတတ်တဲ့ အမျိုးသားတွေဟာ ဒေါသကို ထိန်းချုပ်တတ်တဲ့ အမျိုးသားတွေထက် လေဖြတ်နိုင်ခြေ နှစ်ဆရှိတယ်။” “ကိုယ်ရေးကိုယ်တာကိစ္စတွေ အပြန်အလှန်ပြောဆိုနိုင်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံ” တဲ့သက်ကြီးရွယ်အိုတွေဟာ ပိုပြီးအသက်ရှည်နိုင်တာကို ဩစတြေးလျနိုင်ငံမှာ ဆယ်နှစ်ကြာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်က ဖော်ပြတယ်။ “တခြားသူတွေအတွက် ငွေကြေးသုံးစွဲခြင်းက ကိုယ့်အတွက် ငွေကြေးသုံးစွဲခြင်းထက် ပျော်ရွှင်မှုပိုရစေတယ်” ဆိုတာကို ၂၀၀၈ ခုနှစ်မှာ၊ ကနေဒါနဲ့အမေရိကန် သုတေသီတွေ သိမြင်ခဲ့ကြတယ်။

      သင် ဘယ်လိုယူဆသလဲ။ ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်လာရင် လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ နီးပါးက ရေးသားပြီးစီးခဲ့တဲ့ တခြားစာအုပ်ထဲက အကြံဉာဏ်တွေကို သင် ယုံကြည်စိတ်ချမလား။ ဒါမှမဟုတ် သမ္မာကျမ်းစာရဲ့ အကြံဉာဏ်တွေကို ယုံကြည်စိတ်ချမလား။

      [စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

      “သမ္မာကျမ်းစာကို ကျွန်တော် အရမ်းနှစ်သက်တယ်။ . . . ဘာကြောင့်လဲဆိုတော့ အင်မတန်ကောင်းတဲ့ ဆေးပညာဆိုင်ရာအကြံပြုချက်တွေ ပါနေလို့ပဲ။”​—HOWARD KELLY, M.D., FOUNDING FACULTY MEMBER OF THE JOHNS HOPKINS UNIVERSITY SCHOOL OF MEDICINE

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ