ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၂
  • အနိုင်ကျင့်ခံနေရရင် ဘာလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အနိုင်ကျင့်ခံနေရရင် ဘာလုပ်ရမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ။
  • လူတွေ ဘာကြောင့် အနိုင်ကျင့်ကြတာလဲ။
  • ဘယ်သူတွေက အများဆုံး အနိုင်ကျင့်ခံရတတ်သလဲ။
  • အနိုင်ကျင့်ခံနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။
  • ကျောင်းမှာ အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ငါ့ကလေး အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ
    မိသားစုအတွက် အကူအညီ
  • အနိုင်ကျင့်ခံရတဲ့အခါ ယေဟောဝါကို မှီခိုအားကိုးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ဆိုက်ဘာအနိုင်ကျင့်မှု ခံရရင် ဘယ်လိုလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၂

လူငယ်များအမေး

အနိုင်ကျင့်ခံနေရရင် ဘာလုပ်ရမလဲ

  • အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ။

  • လူတွေဘာကြောင့် အနိုင်ကျင့်ကြတာလဲ။

  • ဘယ်သူတွေက အများဆုံး အနိုင်ကျင့်ခံရတတ်သလဲ။

  • အနိုင်ကျင့်ခံနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

အနိုင်ကျင့်ခြင်းကိစ္စနဲ့ပတ်သက်ပြီး ရွယ်တူတွေထံမှ အကြံပြုချက်များ နဲ့ ဆရာမတစ်ဦးထံမှ မှတ်ချက် ကိုလည်း ဖတ်ပါ။ အနိုင်ကျင့်ခြင်းနဲ့သက်ဆိုင်တဲ့ မေးခွန်းများကိုလည်း ဖြေကြည့်ပါ။

အနိုင်ကျင့်မှုဆိုတာ အသေးအဖွဲကိစ္စ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ လူငယ်တွေထဲက ၄၀ ရာခိုင်နှုန်းကျော်ဟာ အနိုင်ကျင့်ခံရခြင်းကြောင့်လည်း ဖြစ်ပုံရတယ်လို့ ဗြိတိန်နိုင်ငံ သတင်းဌာနက ထုတ်ပြန်တယ်။

အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ။

အနိုင်ကျင့်တယ်ဆိုတာ ကာယပိုင်း နာကျင်အောင် လုပ်တာလောက်ပဲ မဟုတ်ဘူး။ အောက်ပါလုပ်ရပ်တွေလည်း ပါဝင်နိုင်တယ်။

  • စကားနဲ့ အနိုင်ကျင့်ခြင်း။ အခု အသက် ၂၀ ရှိပြီ ဖြစ်တဲ့ စေလင်း ငယ်စဉ်က ကြုံခဲ့တဲ့ အဖြစ်ကို အခုလိုပြောပြတယ်– “ကောင်မလေးတွေက စကားလုံးတွေနဲ့ လူမဆန်အောင် ရက်စက်တတ်ကြတယ်။ ကျွန်မကို ခေါ်တဲ့ နာမည်ပြောင်တွေ၊ ပြောတဲ့စကားတွေကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး။ အသုံးမကျတဲ့သူ၊ အပယ်ခံ၊ အရည်မရအဖတ်မရသူ တစ်ယောက်လို့ ခံစားခဲ့ရတယ်။ အဲဒီလိုပြောဆိုခံရတာက အသားနာတာထက်ပို ခံရခက်တယ်။”

  • ဖယ်ကြဉ်ထားခြင်း။ အခုအသက် ၁၈ နှစ် ရှိပြီ ဖြစ်တဲ့ ဟယ်လေး ငယ်စဉ်က အဖြစ်ကို ခုလိုပြန်ပြောပြတယ်– “ကျောင်းနေဖက်တွေက ကျွန်မကို အဖက်မလုပ်ကြဘူး။ နေ့လယ်စာ စားတဲ့အခါ ကျွန်မကို နေရာမပေးတဲ့အတွက် သူတို့နဲ့အတူ ထိုင်လို့မရဘူး။ မျက်ရည်စက်လက်နဲ့ တစ်နှစ်လုံး တစ်ယောက်ထဲ စားခဲ့ရတယ်။”

  • အွန်လိုင်းသုံးပြီးအနိုင်ကျင့်ခြင်း။ အသက် ၁၄ နှစ်ရှိသူ ဒံနီယယ် အခုလိုပြောတယ်– “ကွန်ပျူတာခလုတ် နည်းနည်း သုံးလိုက်ရုံနဲ့ တစ်ယောက်ယောက်ကို နာမည်ပျက်သွားအောင်၊ သူ့ဘဝတစ်ခုလုံးကိုပါ ထိခိုက်သွားအောင် လုပ်နိုင်တယ်။ ပိုတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ဒါတကယ် ဖြစ်နိုင်တယ်။” အွန်လိုင်း သုံးပြီး အနိုင်ကျင့်ခြင်းထဲမှာ ဆဲလ်ဖုန်းကို သုံးပြီး မတော်မလျော် ဓာတ်ပုံတွေ၊ စာတွေ ပို့ခြင်းလည်း ပါဝင်တယ်။

လူတွေ ဘာကြောင့် အနိုင်ကျင့်ကြတာလဲ။

ဒါတွေက အကြောင်းရင်းတချို့ ဖြစ်ပါတယ်။

  • ကိုယ်တိုင် အနိုင်ကျင့်ခံနေရခြင်း။ “ရွယ်တူတွေရဲ့ အနိုင်ကျင့်မှုကို မခံနိုင်တော့တဲ့အဆုံး ကျွန်တော်လည်းသူတို့နဲ့ ပေါင်းလို့ရအောင် တခြားသူတွေအပေါ် အနိုင်ကျင့်တတ်လာတယ်။ ပြန်စဉ်းစားကြည့်လိုက်ရင် အဲဒီလိုလုပ်ခဲ့တာ အရမ်းမှားတယ်ဆိုတာ သိခဲ့ရတယ်” လို့ လူငယ်တစ်ယောက် ဖြစ်တဲ့ အန်တိုနီယို ပြောတယ်။

  • အတုယူစရာ စံနမူနာကောင်းမရှိခြင်း။ “တခြားသူတွေအပေါ် အနိုင်ကျင့်တတ်တဲ့ လူငယ်တွေဟာ များသောအားဖြင့် သူတို့ရဲ့မိဘတွေ၊ အစ်ကိုအစ်မတွေ၊ မိသားစုဝင်တွေက တခြားသူတွေကို ဆက်ဆံပုံအတိုင်း ပြုမူကြတာဖြစ်တယ်” လို့ ဂျေ မက်ဂရိုက သူရေးတဲ့ စာအုပ်မှာဖော်ပြထားတယ်။—Life Strategies for Dealing With Bullies.

  • ကိုယ်တိုင်က စိတ်အားငယ်နေပေမဲ့ သူများထက်သာသယောင်ပြခြင်း။ “အနိုင်ကျင့်တတ်တဲ့ ကလေးတွေဟာ သူတို့ရဲ့ စိတ်ထိခိုက်နာကျင်မှုတွေ၊ အရည်အချင်းမရှိဘူးဆိုတဲ့ ခံစားချက်တွေကို ဖုံးအုပ်တဲ့အနေနဲ့ သူများထက်သာကြောင်း ပြကြတယ်” လို့ ဘာဘရာ ကော်လိုရိုဆိုက သူ့ရဲ့ စာအုပ်မှာ ဖော်ပြထားတယ်။—The Bully, the Bullied, and the Bystander.

ဘယ်သူတွေက အများဆုံး အနိုင်ကျင့်ခံရတတ်သလဲ။

  • အပေါင်းအဖော် မရှိသူများ။ တခြားသူတွေနဲ့ အပေါင်းအဖော် မလုပ်ဘဲ သူတို့ဘာသာသူတို့နေတဲ့ လူငယ်တွေက အနိုင်ကျင့်ခံရတတ်တယ်။

  • တခြားသူတွေနဲ့မတူ တစ်မူထူးနေတဲ့ လူငယ်များ။ တချို့လူငယ်တွေ အနိုင်ကျင့်ခံရတာဟာ ရုပ်အသွင်အပြင်၊ လူမျိုး၊ ကိုးကွယ်တဲ့ဘာသာ၊ မသန်မစွမ်းဖြစ်မှုစတဲ့ တစ်မူထူးနေတဲ့ အရာတွေကြောင့် ဖြစ်တယ်။

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိတဲ့ လူငယ်များ။ ကိုယ့်ကိုယ်ကိုယ် အကောင်းမမြင်တဲ့သူတွေကို အနိုင်ကျင့်တဲ့သူတွေက သိမြင်နိုင်ကြတယ်။ သူတို့က ပြန်လုပ်မယ့်ပုံမပေါ်တဲ့အတွက် အလွယ်တကူ အနိုင်ကျင့်ခံရတတ်ကြတယ်။

အနိုင်ကျင့်ခံနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

  • ပြန်မတုံ့ပြန်ပါနဲ့။ “အနိုင်ကျင့်တဲ့သူတွေက သူတို့ သင့်ကို စိတ်ဒုက္ခပေးတာ အောင်မြင်မှုရမရဆိုတာ သိချင်ကြတယ်။ သင်က ပြန်ပြီးမတုံ့ပြန်ဘူးဆိုရင် သူတို့ သင့်ကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး” လို့ ကယ်လီအမည်ရှိတဲ့ မိန်းမငယ်က ပြောတယ်။ “ပညာရှိသူကတော့ အေးဆေးတည်ငြိမ်စွာ မျိုသိပ်ထားတတ်တယ်”လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—သုတ္တံ ၂၉:၁၁၊ ကဘ။

  • လက်စားမချေပါနဲ့။ ပြန်လက်တုံ့ပြန်တာက ပြဿနာ ပြေလည်သွားစေမယ့်အစား ပိုဆိုးစေပါတယ်။ “မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်” လို့ သမ္မာကျမ်းစာက ဆိုထားတယ်။—ရောမ ၁၂:၁၇; သုတ္တံ ၂၄:၁၉။

  • ပြဿနာထဲ မဝင်ပါနဲ့။ အနိုင်ကျင့်နိုင်ခြေရှိတဲ့ လူတွေ၊ အနိုင်ကျင့်ခံရနိုင်ခြေရှိတဲ့ အခြေအနေတွေကို ဖြစ်နိုင်တဲ့အခါတိုင်း ရှောင်ပါ။—သုတ္တံ ၂၂:၃။

  • သူတို့ မျှော်လင့်မထားတဲ့နည်းနဲ့ တုံ့ပြန်ပါ။ သမ္မာကျမ်းစာက ဒီလိုပြောတယ်– “ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။”—သုတ္တံ ၁၅:၁။

  • ဟာသလုပ်လိုက်ပါ။ ဥပမာ၊ အနိုင်ကျင့်တဲ့သူက သင် အရပ်ပုတာကို နောက်ပြောင်တယ်ဆိုရင် သိပ်အလေးအနက်မထားတဲ့ ပုံမျိုးနဲ့ “ပုတော့ ဘယ်သူမှ မော်မကြည့်ရဲဘူးပေါ့” လို့ ပြောနိုင်တယ်။

  • ရှောင်ထွက်ပါ။ “နှုတ်ပိတ်နေတာက သင့်ကို အနှောင့်အယှက်ပေးတဲ့သူတွေထက် သင်ဟာ ပိုပြီး တည်ငြိမ်ရင့်ကျက်ကြောင်း၊ ပိုသန်မာကြောင်း ပြရာရောက်တယ်။ အနိုင်ကျင့်တဲ့သူတွေဆီမှာ မရှိတဲ့ စိတ်ချုပ်တည်းမှုကို တင်ပြနေခြင်း ဖြစ်တယ်” လို့ ၁၉ နှစ်အရွယ် နိုရာက ပြောတယ်။

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိအောင် လုပ်ပါ။ “ကြောက်နေသလိုလို၊ ရွံ့နေသလိုလိုဆိုရင် အနိုင်ကျင့်သူတွေက အဲဒါကိုသိပြီး သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိတော့အောင် လုပ်မှာဖြစ်တယ်” လို့ ရီတာဆိုတဲ့ မိန်းကလေးက ပြောတယ်။

  • တစ်ယောက်ယောက်ကို ပြောပြပါ။ စစ်တမ်းတစ်ခုအရ အွန်လိုင်းကနေ အနိုင်ကျင့်ခံနေရသူတွေထဲက တစ်ဝက်ကျော်ဟာ ပြန်လက်စားချေမှာကို ကြောက်တဲ့အတွက်၊ (အထူးသဖြင့် ယောက်ျားလေးတွေဆိုရင်) ရှက်တဲ့အတွက် အနိုင်ကျင့်ခံနေရတယ်ဆိုတာကို ထုတ်ဖော်မပြောကြဘူး။ ဒါပေမဲ့ သတိရပါ၊ အနိုင်ကျင့်သူတွေဟာ သူတို့အကြောင်း လူတွေသိမှာကို ကြောက်ကြတယ်။ ထုတ်ပြောလိုက်ခြင်းက အနိုင်ကျင့်ခံရခြင်းဆိုတဲ့ အိပ်မက်ဆိုးကနေ လွတ်မြောက်စေမယ့် ဦးဆုံးခြေလှမ်း ဖြစ်တယ်။

ရွယ်တူတွေထံမှ အကြံပြုချက်များ

“အလွယ်တကူ အနိုင်ကျင့်ခံရနိုင်တဲ့ နေရာတွေ၊ အခြေအနေတွေကို ရှောင်ပါ။ အနိုင်ကျင့်တဲ့သူတွေဆီမှာလည်း သူတို့ပြဿနာနဲ့သူတို့ ရှိတယ်ဆိုတာသိထားပါ။ အဲဒါကို သိထားတဲ့အခါ သူတို့ရဲ့ စကားတွေကြောင့် သိပ်မနာတော့ဘူး။”—အန်တိုနီယို။

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိပါ။ ကိုယ့်ရဲ့ ရှုမြင်ချက်ကို ကာကွယ်ပြောဆိုဖို့ မကြောက်ပါနဲ့။ သင့်ကို ဖိအားပေးလို့မရဘူး၊ သင် မကြောက်ဘူးဆိုတာကို သိသွားရင် အနိုင်ကျင့်သူများစွာဟာ နောက်ဆုတ်သွားတတ်ကြတယ်။”—ဂျက်စီကာ။

ဆရာမတစ်ဦးရဲ့ မှတ်ချက်

“အနိုင်ကျင့်ခြင်းကိစ္စဟာ အလေးအနက်ထားသင့်တဲ့ ပြဿနာတစ်ခု ဖြစ်တယ်။ ကျွန်မ စာသင်တဲ့ ကျောင်းမှာ စာသင်ခန်းထဲမှာ ရန်ဖြစ်တာတွေတောင် ရှိတယ်။ အဲဒါတောင် ရှစ်နှစ်ကိုးနှစ်ကလေးတွေ။ တချို့ကလေးတွေက ထင်ပေါ်ချင်တဲ့အတွက်၊ တခြားသူတွေကို ထိန်းချုပ်ချင်တဲ့အတွက် အနိုင်ကျင့်ကြတာ ဖြစ်တယ်။

“များသောအားဖြင့် အနိုင်ကျင့်ခံရသူတွေက တိုင်ပြောရမှာကို တွန့်ဆုတ်တတ်ကြတယ်။ အနိုင်ကျင့်တဲ့သူတွေ သူတို့ကို ပြန်လက်စားချေမှာ၊ အတန်းဖော်တွေက သူတို့ကို သစ္စာဖောက်လို့မြင်မှာ ကြောက်လို့ ဖြစ်တယ်။ အနိုင်ကျင့်တာကို ဘယ်သူကမှ တားဆီးပေးနိုင်မှာ မဟုတ်ဘူးဆိုပြီး ထင်လို့လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘယ်သူမဆို အနိုင်ကျင့်ခံရပြီဆိုရင် တိုင်ပြောဖို့ အားပေးတယ်။ ဒါက လုပ်သင့်တဲ့ အလုပ် ဖြစ်တယ်။ တခြားသူတွေကို ဆက်အနိုင်မကျင့်အောင်လည်း တားဆီးပေးရာရောက်တယ်။”—အမေရိကန်ပြည်ထောင်စုမှ ဆရာမ ဖြစ်ခဲ့ဖူးသူ ဂျနီးလာ။

အနိုင်ကျင့်ခြင်းနဲ့သက်ဆိုင်တဲ့ မေးခွန်းများ

မှန်သလား၊ မှားသလား

  1. ၁။ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီကျော်ကာလကတည်းက အနိုင်ကျင့်တာတွေ ရှိခဲ့တယ်။

  2. ၂။ အနိုင်ကျင့်ခြင်းဟာ အန္တရာယ်ကင်းတဲ့ ကျီစားမှုသာ ဖြစ်တယ်။ ပြဿနာကြီးကြီးမားမား မဟုတ်ဘူး။

  3. ၃။ အနိုင်ကျင့်မှုကို ဖြေရှင်းတဲ့ အကောင်းဆုံးနည်းက ပြန်တိုက်ခိုက်ခြင်း ဖြစ်တယ်။

  4. ၄။ အနိုင်ကျင့်ခံရတာက သင့်ကြောင့် ဖြစ်တယ်။

  5. ၅။ အနိုင်ကျင့်ခံရသူတချို့ဟာ အနိုင်ကျင့်သူတွေ ဖြစ်လာတယ်။

  6. ၆။ အနိုင်ကျင့်နေတာကို တွေ့တယ်ဆိုရင် မသိသလိုနေတာ အကောင်းဆုံးပဲ။

  7. ၇။ အနိုင်ကျင့်သူတွေဟာ စကားကြီးစကားကျယ်တွေ ပြောနေပေမဲ့လည်း စိတ်အားငယ်တဲ့သူတွေ ဖြစ်လေ့ရှိတယ်။

  8. ၈။ အနိုင်ကျင့်သူတွေဟာ ပြောင်းလဲနိုင်ပါတယ်။

အဖြေများ

  1. ၁။ မှန်။ ဥပမာ၊ “အခြားသူများကို လဲကျစေသူများ” လို့အဓိပ္ပာယ်ရှိတဲ့ နက်ဖလင်အုပ်စုတစ်စုအကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—ကမ္ဘာဦး ၆:၄။

  2. ၂။ မှား။ အနိုင်ကျင့်ခြင်းဟာ အသက်အန္တရာယ် ရှိနိုင်တယ်။ ဝမ်းနည်းစရာက တစ်ချိန်လုံး အနိုင်ကျင့်ခံနေရသူ တချို့ဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြတယ်။

  3. ၃။ မှား။ အနိုင်ကျင့်သူတွေဟာ အနိုင်ကျင့်ခံရသူတွေထက် ခွန်အားဗလ ပိုကြီးလေ့ရှိတဲ့အတွက် ပြန်တိုက်ခိုက်ဖို့ ကြိုးစားတာက အချည်းနှီးပါပဲ။

  4. ၄။ မှား။ အနိုင်ကျင့်ခံထိုက်သူဆိုတာ မရှိပါဘူး။ အနိုင်ကျင့်သူသာ အမှားကျူးလွန်သူ ဖြစ်တယ်။

  5. ၅။ မှန်။ ဝမ်းနည်းစရာက တခြားသူတွေရဲ့ အနိုင်ကျင့်မှုကို ကိုယ်တိုင်ခံရသူတချို့ဟာ သူတို့ ခံရတဲ့ပုံစံအတိုင်း တခြားသူကို ဆက်ဆံတတ်ကြတယ်။

  6. ၆။ မှား။ မသိသလိုနေတာက အပြစ်မကင်းဘူး။ အနိုင်ကျင့်နေတာကို တွေ့လျက်နဲ့ မသိသလိုနေမယ်ဆိုရင် သူတို့နဲ့ အလိုတူအလိုပါ ဖြစ်တယ်လို့ ယူဆနိုင်တယ်။

  7. ၇။ မှန်။ အနိုင်ကျင့်တဲ့သူတချို့ဟာ အတ္တကြီးသူတွေ ဖြစ်ကြပေမဲ့လည်း အနိုင်ကျင့်တတ်သူများစွာက စိတ်အားငယ်တဲ့သူတွေ ဖြစ်ပြီး သူတို့ရဲ့ခံစားချက်ကို ဖြေတဲ့အနေနဲ့ အနိုင်ကျင့်တာ ဖြစ်တယ်။

  8. ၈။ မှန်။ အကူအညီရမယ်ဆိုရင် အနိုင်ကျင့်သူတွေဟာ သူတို့ရဲ့ အမူအကျင့်တွေကို ပြောင်းလဲနိုင်ပါတယ်။—ဧဖက် ၄:၂၃၊ ၂၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ