အထွတ်အမြတ်ထားရာနေရာတွေမှာ ခရစ်ယာန်တွေ ဝတ်ပြုကိုးကွယ်သင့်သလား
နှစ်စဉ်နှစ်တိုင်း လူခြောက်သန်းကျော်ဟာ ဂျပန်နိုင်ငံ၊ ရှီးမားကျွန်းဆွယ်ပေါ်က ဝေးလံခေါင်ဖျားတဲ့ ထင်ရှူးတောအုပ်ဆီ သွားကြတယ်။ နှစ်ပေါင်းနှစ်ထောင်နီးပါး ဝတ်ပြုကိုးကွယ်လာခဲ့တဲ့ ရှင်တိုနေနတ်ဘုရားမ အမာတဲရာဆူး အိုမီကာမီ စံမြန်းတဲ့ အီဆာဝတ်ကျောင်းဆီကို သွားတာဖြစ်တယ်။ ဝတ်ပြုကိုးကွယ်ဖို့လာသူတွေဟာ ပါးစပ်နဲ့ လက်တွေကို အရင်ဆုံး ဆေးကြောသန့်စင်ကြတယ်။ ပြီးနောက် ဝတ်ကျောင်းဆောင်ရဲ့ ဟေဒန် (ဝတ်ပြုရာနံရံ) ဘက်မျက်နှာမူ၊ မတ်တတ်ရပ်၊ အစဉ်အလာအတိုင်း ဦးညွှတ်၊ လက်ခုပ်တီးပြီး နတ်ဘုရားမဆီ ဆုတောင်းကြတယ်။a ရှင်တိုဘာသာဟာ သူ့ဘာသာဝင်တွေကို တခြားယုံကြည်ချက်တွေကို ပြုကျင့်ဖို့ ခွင့်ပြုတယ်၊ တချို့ဘာသာတွေနဲ့ အမည်ခံခရစ်ယာန်တွေလည်း အလားတူပါပဲ။ ဒီဝတ်ကျောင်းဆောင်မှာ ရှင်တိုထုံးစံအတိုင်း ဝတ်ပြုကိုးကွယ်တာက ကန့်ကွက်စရာအကြောင်း မရှိဘူးလို့ သူတို့ယူဆကြတယ်။
ကမ္ဘာ့အဓိကဘာသာကြီးတွေမှာလည်း အထွတ်အမြတ်ထားရာနေရာbတွေရှိပြီး သန်းနဲ့ချီတဲ့သူတွေဟာ အဲဒီနေရာတွေကို သွားရောက်ကြတယ်။ ခရစ်ယာန်နိုင်ငံတွေမှာတောင် ယေရှု၊ မာရိနဲ့ သူတော်စင်တွေအတွက် ရည်စူးပြီးဆောက်လုပ်ထားတဲ့ ချာ့ချ်တွေ၊ ဝတ်ကျောင်းဆောင်တွေ မနည်းမနောပဲ။ တချို့ကျောင်းဆောင်တွေကိုတော့ ကျမ်းစာရာဇဝင်ရှိတဲ့နေရာတွေ၊ “အံ့ဖွယ်အမှုတွေ” ဖြစ်ပျက်ခဲ့တယ်လို့ လူပြောများတဲ့နေရာတွေ၊ သူတော်စင်တွေရဲ့ ရုပ်ကြွင်းတွေရှိတဲ့နေရာတွေမှာ ဆောက်လုပ်ကြတယ်။ ဒီလိုမြင့်မြတ်တဲ့နေရာမှာ ဆုတောင်းရင် ဆုတောင်းပြည့်မယ်လို့ ယုံကြည်တဲ့အတွက် လူအတော်များများက ဝတ်ကျောင်းဆောင်တွေဆီ သွားကြတယ်။ တချို့ကျပြန်တော့ ဝေးလံတဲ့နေရာတွေဆီ ဘုရားဖူးသွားတာက ဘာသာတရားကိုင်းရှိုင်းကြောင်း ဖော်ပြရာရောက်တယ်လို့ ယူဆကြတယ်။
ဂျပန်နိုင်ငံက အီဆာဝတ်ကျောင်းနဲ့ ပြင်သစ်နိုင်ငံ၊ လောဒိစ်မြို့က မာစာဘီအယ်လ် ဥမင်လိုဏ်ဂူဆီ လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်များ
အထွတ်အမြတ်ထားရာနေရာတစ်ခုခုမှာ သွားရောက်ဆုတောင်း၊ အသနားခံမှ ဆုတောင်းပြည့်မှာလား။ အထွတ်အမြတ်ထားရာနေရာဆီ သွားသူတွေရဲ့ ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင် နှစ်သက်ပါသလား။ ပိုအရေးကြီးတာက ခရစ်ယာန်တွေဟာ အထွတ်အမြတ်ထားရာနေရာတွေမှာ ဝတ်ပြုကိုးကွယ်သင့်သလား။ ဒီမေးခွန်းတွေရဲ့အဖြေက အထွတ်အမြတ်ထားရာနေရာတွေမှာ ဝတ်ပြုခြင်းကို ကျွန်ုပ်တို့ ဘယ်လိုရှုမြင်ရမလဲဆိုတာနဲ့ ဘုရားသခင် အမှန်တကယ်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေးအကြောင်း နားလည်သဘောပေါက်စေပါလိမ့်မယ်။
“စွမ်းအားတော်၏လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ” ကိုးကွယ်ပါ
“စွမ်းအားတော်၏လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ” ကိုးကွယ်ရမယ်ဆိုတဲ့ ယေရှုရဲ့စကားက ဘာအဓိပ္ပာယ်ရှိသလဲ
ရှမာရိအမျိုးသမီးနဲ့ ယေရှုတို့ အပြန်အလှန်စကားပြောခန်းက အထွတ်အမြတ်ထားရာနေရာဆီသွားပြီး ဝတ်ပြုကိုးကွယ်ခြင်းအပေါ် ဘုရားသခင့်ရှုမြင်ပုံကို ဖော်ပြပေးတယ်။ ယေရှုဟာ ရှမာရိနယ်ကိုဖြတ်ပြီးခရီးသွားခိုက် ရှုခါမြို့နားက ရေတွင်းတစ်တွင်းမှာ အနားယူဖို့ ရပ်နားလိုက်တယ်။ ရေလာခပ်တဲ့အမျိုးသမီးတစ်ဦးနဲ့ ကိုယ်တော်စကားလက်ဆုံပြောခဲ့တယ်။ စကားပြောရင်းနဲ့ အမျိုးသမီးက ဂျူးနဲ့ရှမာရိအကြားက ဘာသာရေးအမြင်ကွဲလွဲမှုအကြောင်း ပြောလာတယ်။ သူပြောတာက “ကျွန်မတို့ဘိုးဘေးများသည် ဤတောင်ပေါ်တွင် ကိုးကွယ်လေ့ရှိကြပါ၏။ သင်တို့မူကား ဂျေရုဆလင်မြို့တွင်သာ ကိုးကွယ်ရမည်ဟု ဆိုကြ၏။”—ယောဟန် ၄:၅-၉၊ ၂၀။
ဒီအမျိုးသမီးပြောနေတဲ့တောင်က ဂျေရုဆလင်မြို့မြောက်ဘက် မိုင် ၃၀ အကွာ (၅၀ ကီလိုမီတာ) မှာရှိတဲ့ ဂေရဇိမ်တောင်ဖြစ်တယ်။ တစ်ချိန်က ရှမာရိလူတွေဟာ အဲဒီနေရာက ကျောင်းဆောင်တစ်ခုမှာ ပသခါပွဲလိုမျိုး ပွဲတော်တွေကျင်းပခဲ့ကြတယ်။ ဒါပေမဲ့ ယေရှုက ဒီကွဲလွဲချက်အကြောင်း ဆက်မပြောဘဲ အမျိုးသမီးကို ခုလိုပြောခဲ့တယ်– “အချင်းမိန်းမ၊ ငါ့ကို ယုံလော့။ ဤတောင်သို့မလာ၊ ဂျေရုဆလင်မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန်ကာလ ရောက်လာတော့မည်။” (ယောဟန် ၄:၂၁) ဒီစကားဟာ ဂျူးတစ်ယောက်ရဲ့နှုတ်က ထွက်လာတဲ့စကားဖြစ်လို့ သိပ်အံ့အားသင့်ဖို့ကောင်းတယ်။ ဂျေရုဆလင်မြို့က ဘုရားသခင့်ဗိမာန်တော်ကိုသွားပြီး ဝတ်ပြုကိုးကွယ်တာဟာ ဘာကြောင့် အဆုံးတိုင်မှာလဲ။
ယေရှု ခုလိုဆက်ပြောတယ်– “စစ်မှန်သောကိုးကွယ်သူတို့သည် စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအချိန်သည် ယခုပင် ရောက်နေ၏။ အကြောင်းမူကား ထိုသို့ကိုးကွယ်မည့်သူတို့ကို ခမည်းတော်ရှာတော်မူ၏။” (ယောဟန် ၄:၂၃) ဂျေရုဆလင်က ခမ်းနားကြီးကျယ်တဲ့ဗိမာန်တော်ကို ဝတ်ပြုရေးဗဟိုအဖြစ် ဂျူးတွေ လက်ခံထားတာ နှစ်ရာနဲ့ချီရှိနေပြီ။ သူတို့ရဲ့ဘုရားသခင် ယေဟောဝါကိုယဇ်ပူဇော်ဖို့ တစ်နှစ်ကို သုံးကြိမ် ဂျေရုဆလင်ကို သူတို့ခရီးထွက်ကြတယ်။ (ထွက်မြောက်ရာ ၂၃:၁၄-၁၇) ဒါပေမဲ့ ဒီအရာအားလုံး ပြောင်းလဲသွားမယ်၊ “စစ်မှန်သောကိုးကွယ်သူတို့” ဟာ “စွမ်းအားတော်၏လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ” ကိုးကွယ်ရမယ်လို့ ယေရှု ပြောခဲ့တယ်။
ဂျူးတွေရဲ့ဗိမာန်တော်ဟာ နေရာဒေသတစ်ခုက ထိတွေ့ကိုင်တွယ်နိုင်တဲ့ အဆောက်အဦတစ်ခုဖြစ်တယ်။ ဒါပေမဲ့ စွမ်းအားတော်နဲ့ အမှန်တရားက ထိတွေ့နိုင်တဲ့အရာမဟုတ်သလို သတ်သတ်မှတ်မှတ်နေရာတစ်ခုလည်း မဟုတ်ဘူး။ ဒါကြောင့် ယေရှု ရှင်းပြချင်တာက ခရစ်ယာန်စစ်တွေဟာ သတ်မှတ်ချက်နေရာတစ်ခုဖြစ်တဲ့ ဂေရဇိမ်တောင်ပေါ်၊ ဂျေရုဆလင်မြို့က ဗိမာန်တော် ဒါမှမဟုတ် တခြားမြင့်မြတ်တဲ့ဘယ်နေရာမှာမှ ဝတ်ပြုမှာမဟုတ်ဘူးဆိုတာ ဖြစ်တယ်။၊
ရှမာရိအမျိုးသမီးကို ကိုယ်တော်ပြောတဲ့စကားထဲမှာ ဘုရားသခင်ကိုဝတ်ပြုခြင်းနဲ့ပတ်သက်လို့ ပြောင်းလဲမှုရှိမယ့် “အချိန်” “ရောက်လာလိမ့်မည်” ဆိုတာကိုလည်း ထည့်ပြောသွားတယ်။ ဘယ်အချိန်ကို ပြောတာဖြစ်မလဲ။ ယေရှု အသက်ပေးဆက်ပြီး ပူဇော်ရာယဇ်အဖြစ်ဆက်သလိုက်တာကြောင့် မောရှေပညတ်အပေါ်အခြေခံတဲ့ ဂျူးတွေရဲ့ဝတ်ပြုရေးစနစ် အဆုံးသတ်သွားတဲ့အချိန်ကို ပြောနေတာ ဖြစ်တယ်။ (ရောမ ၁၀:၄) ဒါပေမဲ့ “ထိုအချိန်သည် ယခုပင် ရောက်နေ၏” လို့လည်း ယေရှုပြောခဲ့တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကိုးကွယ်သောသူတို့သည် စွမ်းအားတော်၏လမ်းပြမှုကိုခံယူ၍ အမှန်တရားနှင့်အညီ ကိုးကွယ်ရမည်” ဆိုတဲ့အမိန့်ကို နာခံမယ့်တပည့်တွေကို မေရှိယဖြစ်တဲ့ကိုယ်တော် စတင်စုရုံးနေလို့ပါပဲ။ (ယောဟန် ၄:၂၄) ဒါဆို စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ကိုးကွယ်ရမည်ဆိုတာ ဘာကို ပြောတာလဲ။
စွမ်းအားတော်နဲ့ကိုးကွယ်ရမယ်လို့ ယေရှုပြောတာက ကျမ်းစာအမှန်တရားကို နားလည်စေတဲ့ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းပြမှုခံယူတာကို ဆိုလိုတယ်။ (၁ ကောရိန္သု ၂:၉-၁၂) ယေရှုပြောတဲ့အမှန်တရားက တိကျမှန်ကန်တဲ့ ကျမ်းစာသွန်သင်ချက်တွေ ဖြစ်တယ်။ ဒါကြောင့် အထွတ်အမြတ်ထားရာနေရာတစ်ခုခုဆီ သွားပြီးဝတ်ပြုမယ့်အစား သန့်ရှင်းသောစွမ်းအားတော်ရဲ့လမ်းပြမှုခံယူပြီး ကျမ်းစာသွန်သင်ချက်အတိုင်း နေထိုင်ရင် ကျွန်ုပ်တို့ရဲ့ဝတ်ပြုမှုကို ဘုရားသခင်လက်ခံမှာဖြစ်တယ်။
အထွတ်အမြတ်ထားရာနေရာတွေအပေါ် ခရစ်ယာန်အမြင်
ဝတ်ကျောင်းဆောင်တွေဆီ သွားတာ၊ အဲဒီမှာဝတ်ပြုကိုးကွယ်တာကို ခရစ်ယာန်တွေ ဘယ်လိုရှုမြင်သင့်သလဲ။ စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ စွမ်းအားတော်လမ်းပြမှုခံယူပြီး အမှန်တရားနဲ့အညီ ဘုရားကိုဝတ်ပြုကိုးကွယ်ရမယ်ဆိုတဲ့ ယေရှုအမိန့်ကိုသုံးသပ်ကြည့်တော့ အထွတ်အမြတ်ထားရာနေရာတစ်ခုခုဆီ သွားရောက်ကိုးကွယ်တာက ဘုရားသခင်အတွက် ပိုနှစ်သက်စရာမဟုတ်မှန်း သိရတယ်။ ဒါ့အပြင် ဝတ်ပြုရေးမှာ ရုပ်တုသုံးတာနဲ့ပတ်သက်လို့ ဘုရားသခင့်အမြင်ကို ကျမ်းစာမှာ ခုလိုဖော်ပြထားတယ်– “ရုပ်တုကိုးကွယ်ခြင်းကို ဝေးဝေးရှောင်ကြလော့။” “ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။” (၁ ကောရိန္သု ၁၀:၁၄; ၁ ယောဟန် ၅:၂၁) ဒါကြောင့် ခရစ်ယာန်စစ်တစ်ဦးဟာ သန့်ရှင်းမြင့်မြတ်ရာအဖြစ် သတ်မှတ်ထားတဲ့ ဒါမှမဟုတ် ရုပ်တုကိုးကွယ်မှုကို ထောက်ခံတဲ့ နေရာတစ်ခုခုမှာ ဝတ်ပြုကိုးကွယ်မှာမဟုတ်ဘူး။ ဝတ်ကျောင်းဆောင်တွေရဲ့ သဘောသဘာဝကြောင့် ခရစ်ယာန်စစ်တွေဟာ အဲဒီနေရာတွေမှာ ဝတ်ပြုကိုးကွယ်တာမျိုး မလုပ်ကြဘူး။
အဲဒီလိုပြောတဲ့အတွက် ဆုတောင်း၊ လေ့လာ၊ တွေးတောဆင်ခြင်ဖို့ သတ်သတ်မှတ်မှတ်နေရာတစ်ခုထားရှိတာကို ကျမ်းစာက တားမြစ်နေတာမဟုတ်ပါဘူး။ စည်းစနစ်တကျ၊ သိက္ခာရှိရှိ စုဆုံနိုင်တဲ့နေရာတစ်ခုဟာ ဘုရားသခင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လေ့လာဆွေးနွေးနိုင်အောင် ထောက်ကူပေးတယ်။ ကွယ်လွန်သူအတွက် ကမ္ဗည်းတိုင်စိုက်ထူတာကလည်း မမှားပါဘူး။ ဒါက ကွယ်လွန်သူကို အမှတ်ရကြောင်း၊ ချစ်ကြောင်း ဖော်ပြချက်သက်သက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာကို သန့်ရှင်းမြင့်မြတ်ရာနေရာအဖြစ်၊ ကြည်ညိုစရာ ရုပ်တု၊ ရုပ်ကြွင်းအဖြစ် ရှုမြင်မယ်ဆိုရင်တော့ ယေရှုရဲ့စကားကို လုံးဝဆန့်ကျင်ရာရောက်ပါတယ်။
ဒါကြောင့် ဆုတောင်းတာကို ဘုရားနားထောင်ပေးမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ဝတ်ကျောင်းဆောင်တွေဆီ သွားတာမျိုး လုပ်ဖို့မလိုပါဘူး။ အဲဒီလိုလုပ်တာကို ဘုရားသခင်မနှစ်သက်သလို သင့်ကို အထူးတလည် ကောင်းချီးပေးမှာလည်း မဟုတ်ဘူး။ ယေဟောဝါဘုရားသခင်ဟာ “ကောင်းကင်နှင့် မြေကြီးပိုင်သရှင်ဖြစ်တော်မူ၍ လက်ဖြင့်လုပ်သော ဗိမာန်များတွင် စံမြန်းတော်မမူ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကျွန်ုပ်တို့နဲ့အလှမ်းဝေးသွားတာ မဟုတ်ဘူး။ “ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” လို့ဖော်ပြထားတဲ့အတွက် ကျွန်ုပ်တို့ဘယ်မှာပဲရှိရှိ ကိုယ်တော့်ဆီဆုတောင်းနိုင်ပြီး ဘုရားသခင် နားထောင်ပေးမှာဖြစ်တယ်။—တမန်တော် ၁၇:၂၄-၂၇။
a ဝတ်ပြုရေးထုံးစံတွေဟာ ရှင်တိုဝတ်ကျောင်းဆောင်တွေအလိုက် ကွဲပြားနိုင်တယ်။
b “အထွတ်အမြတ်ထားရာနေရာဆိုတာ ဘာလဲ” ဆိုတဲ့ လေးထောင့်ကွက်ကိုကြည့်ပါ။