စာရှုသူများ အမေး
ခရစ္စမတ်နဲ့ပတ်သက်တဲ့ အမှန်တရားတွေက ဘာလဲ
ကမ္ဘာအနှံ့က လူသန်းပေါင်းများစွာဟာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ခရစ္စမတ်ပွဲကို ကျင်းပကြတယ်။ တချို့က အဲဒီပွဲနေ့မှာ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ ပျော်ရွှင်ကြတယ်။ တချို့ကျတော့ ဘုရားနဲ့ပတ်သက်ပြီး တွေးတောဆင်ခြင်ကြတယ် ဒါမှမဟုတ် ဆင်းရဲချို့ငဲ့တဲ့သူတွေကို ကူညီပေးကြတယ်။ အဲဒါတွေက ကောင်းတဲ့လုပ်ရပ်တွေပဲဆိုပြီး သူတို့ယူမှတ်နေကြတယ်။ တကယ်တော့ အဲဒီလုပ်ရပ်တွေဟာ ပွဲနေ့ရဲ့ မကောင်းတဲ့ဇာစ်မြစ်တွေနဲ့ ဆက်နွှယ်နေတယ်ဆိုတာကို သူတို့ မသိကြဘူး။
ပထမ၊ ခရစ္စမတ်ပွဲဆိုတာ ယေရှုရဲ့ မွေးနေ့ပွဲဖြစ်တယ်လို့ လူအတော်များများက ယုံကြည်ကြတယ်။ ဒါပေမဲ့ ယေရှုမွေးတဲ့နေ့ကို မသိဘူးလို့ သမိုင်းပညာရှင်များစွာက လက်ခံထားကြတယ်။ စာအုပ်တစ်အုပ် (The Christian Book of Why) မှာ ဒီလိုရေးထားတယ်– “အစောပိုင်းခရစ်ယာန်တွေဟာ ယေရှုမွေးနေ့ကို မကျင်းပကြဘူး။” အကြောင်းကတော့ “အယူမှားဓလေ့ထုံးစံတွေနဲ့ မပတ်သက်ချင်လို့ဖြစ်တယ်။” ယေရှုဟာ ကိုယ့်ရဲ့မွေးနေ့ပွဲ ဒါမှမဟုတ် တခြားသူတွေရဲ့ မွေးနေ့ပွဲကို ကျင်းပပေးခဲ့တယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ အဲဒီအစား၊ မိမိရဲ့သေခြင်းကို အောက်မေ့တဲ့ပွဲကျင်းပပေးဖို့ တပည့်တွေကို မိန့်မှာခဲ့တယ်။—လုကာ ၂၂:၁၉။
ဒုတိယ၊ ခရစ္စမတ်ပွဲရဲ့ ဓလေ့ထုံးစံအများစုဟာ အယူမှားဘာသာတွေရဲ့ ထုံးတမ်းစဉ်လာတွေဆီကနေ မြစ်ဖျားခံတယ်လို့ ကျမ်းပညာရှင်အများစု ထောက်ခံကြတယ်။ အဲဒီထုံးတမ်းစဉ်လာတွေထဲမှာ ခရစ္စမတ်ဘိုးဘိုးကြီးအပြင် ကျီးပေါင်းပင်နဲ့ ခရစ္စမတ်သစ်ပင်တွေကို အသုံးပြုတာ၊ လက်ဆောင်တွေလဲလှယ်တာ၊ ဖယောင်းတိုင်ထွန်းတာ၊ ခရစ္စမတ်မီးပုံပွဲကျင်းပတာ၊ အလှပန်းခွေတွေကို ချိတ်ဆွဲတာ၊ ခရစ္စမတ်သီချင်းတွေကို လှည့်လည်ဆိုတာ စတဲ့အရာတွေ ပါဝင်တယ်။ ဒီဓလေ့ထုံးစံတွေနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ် (The Externals of the Catholic Church) မှာ ဒီလိုဖော်ပြထားတယ်– “ခရစ္စမတ်လက်ဆောင်တွေကို အပြန်အလှန်ပေးတာ၊ သစ်ရွက်စိမ်း ပန်းခွေတွေကို အိမ်တွေ၊ ဘုရားကျောင်းတွေမှာ ချိတ်ဆွဲတာတွေက အယူမှားဓလေ့တွေဖြစ်နေမှန်း ဘယ်နှစ်ယောက်ကများ သိသလဲ။”
“ခရစ္စမတ်လက်ဆောင်တွေကို အပြန်အလှန်ပေးတာ၊ သစ်ရွက်စိမ်း ပန်းခွေတွေကို အိမ်တွေ၊ ဘုရားကျောင်း တွေမှာ ချိတ်ဆွဲတာတွေက အယူမှားဓလေ့တွေဖြစ်နေမှန်း ဘယ်နှစ်ယောက်ကများ သိသလဲ။” —The Externals of the Catholic Church
သင့်အနေနဲ့ မှန်ကန်ပုံရတဲ့ ဒီဓလေ့တွေကို လုပ်တာက ဘာများမှားလို့လဲဆိုပြီး စဉ်းစားမိနိုင်တယ်။ အဖြေရနိုင်ဖို့ တတိယအချက်ကို သုံးသပ်ကြည့်ပါ။ ဘုရားက စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ အယူမှားဝတ်ပြုရေး ရောနှောတာကို လက်မခံဘူး။ ကြိုဟောသူ အာမုတ်ကနေတစ်ဆင့် ရှေးအစ္စရေးလူတွေကို ယေဟောဝါဘုရား ဒီလိုပြောခဲ့တယ်– “သင်တို့စောင့်သော ပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ . . . သင်တို့ သီချင်းဆိုသံကို ပယ်ရှားကြလော့။”—အာမုတ် ၅:၂၁၊ ၂၃။
ဘာကြောင့် အဲဒီလောက် ပြင်းပြင်းထန်ထန် ပြောရတာလဲ။ ရှေးခေတ်မြောက်ပိုင်း အစ္စရေးပြည်သားတွေ ဘာလုပ်ခဲ့ကြသလဲဆိုတာ သုံးသပ်ကြည့်ပါ။ သူတို့ရဲ့ပထမဆုံးဘုရင် ယေရောဗောင်ဟာ ဒန်မြို့နဲ့ ဗေသလမြို့မှာ ရွှေနွားရုပ်တွေကို တည်ထားပေးတယ်။ ဗိဗာန်တော်ရှိတဲ့ ဂျေရုဆလင်မြို့ဆီသွားပြီး ယေဟောဝါဘုရားကို ဝတ်ပြုမယ့်အစား အဲဒီမြို့တွေမှာပဲ နွားရုပ်တွေကိုဝတ်ပြုဖို့ ပြည်သားတွေကို သွေးဆောင်ခဲ့တယ်။ ဒါ့အပြင် ပွဲတော်တွေကို သတ်မှတ်ပေးပြီး အဲဒီပွဲတွေကျင်းပပေးနိုင်ဖို့ ပုရောဟိတ်တွေကို ခန့်အပ်ပေးခဲ့တယ်။—၃ ဓမ္မရာဇဝင် ၁၂:၂၆-၃၃။
အစ္စရေးလူတွေအတွက်တော့ သူတို့ရဲ့လုပ်ရပ်က မှန်နေပုံပေါက်တယ်။ သူတို့ဟာ ဘုရားကို ဝတ်ပြုနေတာ၊ စိတ်တော်နဲ့ တွေ့အောင် လုပ်နေတာလို့ ထင်နေပုံရတယ်။ ဒါပေမဲ့ အာမုတ်နဲ့တခြားသူတွေကနေတစ်ဆင့် ပြောခဲ့တဲ့ ဘုရားရဲ့ပြင်းထန်တဲ့ စကားတွေကိုကြည့်ရင် အစ္စရေးလူတွေရဲ့လုပ်ရပ်တွေကို ကိုယ်တော် ဘယ်လိုသဘောထားသလဲဆိုတာ သိနိုင်ပါတယ်။ ကြိုဟောသူ မာလခိကနေတစ်ဆင့် ဘုရားက “ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ” လို့ပြောခဲ့တယ်။ (မာလခိ ၃:၆) ဒါကြောင့် ဒီနေ့ခေတ် ခရစ္စမတ်ပွဲ ကျင်းပတာနဲ့ပတ်သက်ပြီးတော့လည်း ဘုရားသခင်ရဲ့သဘောထားကို သိမြင်စေတယ်။
ဒီအကြောင်းရင်းတွေကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ ခရစ္စမတ်ပွဲနေ့ကို မကျင်းပကြဘူး။ အဲဒီအစား၊ သူတို့ဟာ တစ်နှစ်ပတ်လုံးရဲ့ ဘယ်အချိန်မှာမဆို မိသားစု၊ မိတ်ဆွေတွေနဲ့ အချိန်ပေးပြီး၊ ဆင်းရဲချို့ငဲ့တဲ့သူတွေကို ကူညီပေးပြီး ပျော်ရွှင်မှုနဲ့ စစ်မှန်တဲ့ကျေနပ်မှုကို ရရှိနေကြပါတယ်။