ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ နိုဝင်ဘာ စာ. ၃၀-၃၂
  • အသင်းတော်သစ်မှာ နေသားကျအောင် ဘယ်လို လုပ်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော်သစ်မှာ နေသားကျအောင် ဘယ်လို လုပ်နိုင်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နေသားကျပြီး ပျော်ရွှင်အောင် ဘယ်လို လုပ်နိုင်သလဲ
  • နေသားကျအောင် အချိန်ယူပါ
  • လူသစ်တွေကို လက်ခံကြိုဆိုပါ
  • နေသားကျအောင် ကြိုးစားရကျိုး နပ်
  • အသင်းတော် ပြောင်းတဲ့အခါ နေသားကျဖို့ ဘာက ကူညီပေးမလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • သင်ပြောင်းရွှေ့မည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • အသင်းတော်မှာ သင် ကူညီပေးနိုင်မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အသင်းတော်မှာ ကိုယ့်နေရာကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ နိုဝင်ဘာ စာ. ၃၀-၃၂
မိသားတစ်စု နိုင်ငံတော်ခန်းမထဲ ဝင်သွား

အသင်းတော်သစ်မှာ နေသားကျအောင် ဘယ်လို လုပ်နိုင်သလဲ

“ဒီကို ပြောင်းလာဖို့ စိုးရိမ်တယ်။ မိတ်ဆွေတွေ ရပါ့မလား။ လက်ခံကြိုဆိုကြပါ့မလား မသိဘူး”a လို့ အယ်လင် ပြောတယ်။ အိမ်နဲ့ မိုင် ၉၀၀ နီးပါး (ကီလိုမီတာ ၁,၄၀၀ ကျော်) ဝေးတဲ့ အသင်းတော်သစ်မှာ နေသားကျအောင် အယ်လင် ကြိုးစားနေတယ်။

တခြားအသင်းတော်ကို ပြောင်းရမယ်ဆိုရင် အဲဒီလိုပဲ စိုးရွံ့မိနိုင်တယ်။ နေသားကျအောင် ဘာက ကူညီပေးနိုင်သလဲ။ အပြောင်းအလဲ လုပ်ဖို့ ထင်တာထက် ပိုခက်နေရင် ဘာလုပ်နိုင်သလဲ။ သင် မပြောင်းရွှေ့ရင်တောင် အသစ်ပြောင်းလာသူတွေ ပိုအဆင်ပြေအောင် ဘယ်လို ကူညီပေးနိုင်သလဲ။

နေသားကျပြီး ပျော်ရွှင်အောင် ဘယ်လို လုပ်နိုင်သလဲ

ဒီဥပမာကို စဉ်းစားကြည့်ပါ– သစ်ပင်တွေကို နေရာပြောင်းရင် ဖိစီးမှု ကြုံရတယ်။ မြေကြီးထဲကနေ တူးထုတ်တဲ့အခါ သယ်ရလွယ်အောင် အမြစ်အများစုကို ဖြတ်ပစ်ရတယ်။ ပြန်စိုက်ပြီးတာနဲ့ အမြစ်သစ်တွေ ချက်ချင်း ပြန်ထွက်လာရမယ်။ အလားတူပဲ တခြားအသင်းတော်ကို ပြောင်းရွှေ့ခြင်းက ဖိစီးမှု ခံစားရစေနိုင်တယ်။ အရင်အသင်းတော်မှာ ချစ်ခင်ရတဲ့မိတ်ဆွေတွေ၊ နေသားကျပြီးသား ခရစ်ယာန်လုပ်ဆောင်မှုတွေနဲ့ “အမြစ်” စွဲနေပြီ။ အခုတော့ ဝန်းကျင်သစ်မှာ ပျော်ရွှင်ဖို့ အမြစ်သစ်တွေ ပေါက်ရတော့မယ်။ ဘာက ကူညီပေးမလဲ။ ကျမ်းစာမူတွေ ကျင့်သုံးခြင်းပါပဲ။ တချို့ကို သုံးသပ်ကြည့်ကြစို့။

ကျမ်းစာကို ပုံမှန် ဖတ်ရှုသူဟာ “ရာသီအလိုက် အသီးသီးပြီး မညှိုးနွမ်းတဲ့ သစ်ပင်၊ စမ်းချောင်းနား စိုက်ထားတဲ့ သစ်ပင်နဲ့ တူလိမ့်မယ်။ လုပ်သမျှ အောင်မြင်လိမ့်မယ်။”—ဆာ. ၁:၁-၃။

သစ်ပင်ဟာ သန်စွမ်းနေဖို့ ရေ ပုံမှန် စုပ်ယူရသလို ခရစ်ယာန်တစ်ယောက်လည်း ဘုရားရေးရာမှာ သန်စွမ်းနေဖို့ ကျမ်းစာ ပုံမှန် ဖတ်ရမယ်။ ဒါကြောင့် ကျမ်းစာကို နေ့တိုင်း ဆက်ဖတ်ပါ။ ခရစ်ယာန်အစည်းအဝေးတွေကို ပုံမှန် တက်ရောက်ပါ။ မိသားစုဝတ်ပြုမှု၊ ကိုယ်ပိုင်လေ့လာမှု အလေ့အထကောင်း ထိန်းသိမ်းထားပါ။ အရင်အသင်းတော်မှာ လိုအပ်ခဲ့တဲ့ ဘုရားရေးရာတွေကို အသင်းတော်သစ်မှာလည်း လိုအပ်တယ်။

“သူတစ်ပါးကို လန်းဆန်းစေတဲ့သူဟာ ကိုယ်တိုင် လန်းဆန်းရလိမ့်မယ်။”—ပညာ. ၁၁:၂၅။

အမှုဆောင်လုပ်ငန်းမှာ အပြည့်အဝ ပါဝင်ရင် လန်းဆန်းတက်ကြွပြီး မြန်မြန်ဆန်ဆန် နေသားကျလာမယ်။ “ကျွန်တော်တို့ ဇနီးမောင်နှံကို အများဆုံး ကူညီပေးတာကတော့ အသင်းတော်သစ်ကို ရောက်ပြီး မကြာခင်မှာ အရန်ရှေ့ဆောင် လုပ်ခြင်းပဲ။ ညီအစ်ကိုတွေ၊ ရှေ့ဆောင်တွေ၊ ရပ်ကွက်တွေအကြောင်း အမြန် သိလာတယ်” လို့ ခရစ်ယာန် အကြီးအကဲ ကေဗင် ပြောတယ်။ မိုင် ၁,၀၀၀ (ကီလိုမီတာ ၁,၆၀၀) ကျော်ဝေးတဲ့ ဒေသကို ပြောင်းရွှေ့သွားတဲ့ ရော်ဂျာက “အသင်းတော်သစ်မှာ နေသားကျနိုင်ဖို့ အကောင်းဆုံးနည်းကတော့ အမှုဆောင်လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ခြင်းပါပဲ။ နိုင်ငံတော်ခန်းမ သန့်ရှင်းရေးလုပ်ခြင်း၊ အစည်းအဝေးမှာ အစားထိုးပေးခြင်း၊ အစည်းအဝေး အကြိုအပို့ လုပ်ပေးခြင်း စတဲ့ ဘယ်နည်းနဲ့မဆို ကူညီပေးဖို့ အသင့်ရှိကြောင်း အကြီးအကဲတွေကို အသိပေးထားပါ။ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိတဲ့ လူသစ်တစ်ယောက်ကို ညီအစ်ကို/မတွေ တွေ့တဲ့အခါ လက်ခံကြိုဆိုတတ်ကြတယ်။”

“တကယ်ချစ်မြတ်နိုးကြပါ။”—၂ ကော. ၆:၁၃။

ညီရင်းအစ်ကိုမေတ္တာ တိုးများစေပါ။ မယ်လီဆာနဲ့ မိသားစု အသင်းတော်သစ်ကို ပြောင်းရွှေ့ပြီးနောက် မိတ်ဆွေသစ် ဖွဲ့ဖို့ ကြိုးစားခဲ့ကြတယ်။ “အစည်းအဝေး မစမီနဲ့ ပြီးနောက် နိုင်ငံတော်ခန်းမမှာ ရောရောနှောနှော နေလိုက်တယ်။ ဒါက ရိုးရိုးနှုတ်ဆက်တာထက် ပိုစကားပြောဖို့ အချိန်ရစေတယ်။” နာမည်သစ်တွေကိုလည်း အမြန်မှတ်မိစေတယ်။ ဧည့်ဝတ်ပြုခြင်းကလည်း မိတ်ဆွေနှောင်ကြိုး ခိုင်မာစေတယ်။ “ဖုန်းနံပါတ်တွေ အပြန်အလှန် ပေးကြလို့ ဘုရားရေးရာနဲ့ တခြားကိစ္စတွေမှာ ပါဝင်နိုင်တယ်။”

လူသစ်တွေနဲ့ တွေ့ဆုံရမှာကို စိုးရိမ်နေရင် တစ်ဆင့်ချင်း စနိုင်တယ်။ ဥပမာ၊ ပြုံးပါ။ မပြုံးချင်ရင်တောင် ပြုံးပြပါ။ အပြုံးက လူတွေကို ဆွဲဆောင်နိုင်တယ်။ “တောက်ပတဲ့မျက်လုံးက စိတ်ကို ရွှင်လန်းစေတယ်။” (ပညာ. ၁၅:၃၀) “ကျွန်မက ပင်ကိုအရ ကိုယ့်ဘာသာကိုယ်ပဲ နေတတ်တယ်။ အသင်းတော်သစ်မှာ ညီအစ်ကို/မတွေကို စကားပြောဖို့ တစ်ခါတလေ မနည်းအားယူရတယ်။ နိုင်ငံတော်ခန်းမမှာ ဘယ်သူ့ကိုမှ စကားမပြောဘဲ ထိုင်နေသူတစ်ယောက်ကို လိုက်ရှာတယ်။ သူလည်း ကိုယ့်လိုပဲ ရှက်နေတာဖြစ်မယ်” လို့ ကြီးပြင်းလာရာဒေသကနေ ရပ်ဝေးကို ပြောင်းရွှေ့သွားတဲ့ ရေချယ် ပြောတယ်။ အစည်းအဝေးတိုင်း မစမီနဲ့ ပြီးနောက် လူသစ်တွေနဲ့ စကားပြောဖို့ ပန်းတိုင်ထားပါ။

ပထမအပတ်အနည်းငယ်မှာ လူသစ်တွေကို တွေ့ဖို့ စိတ်လှုပ်ရှားနေနိုင်တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ “အသစ်” တွေ ဟောင်းသွားတတ်တယ်။ အဲဒီအချိန်မှာ မိတ်ဆွေသစ် ဆက်ဖွဲ့နေဖို့ ကြိုးစားနေရမယ်။

မိသားတစ်စု နိုင်ငံတော်ခန်းမထဲ ဝင်သွား

ပြောင်းရွှေ့ခံရတဲ့ သစ်ပင်တွေ ဖိစီးမှု ကြုံရတယ်။ ဒါပေမဲ့ ပြန်စိုက်ပြီးတာနဲ့ အမြစ်သစ်တွေ ပြန်ပေါက်လာတယ်

နေသားကျအောင် အချိန်ယူပါ

သစ်ပင်တချို့ဟာ ဝန်းကျင်သစ်မှာ အမြစ်စွဲဖို့ တခြားသစ်ပင်တွေထက် ပိုကြာတတ်တယ်။ အလားတူပဲ လူတိုင်း အသင်းတော်သစ်မှာ တစ်ညီတည်း နေသားကျမှာ မဟုတ်ဘူး။ ပြောင်းရွှေ့လာတာ နည်းနည်းကြာနေပြီ ဖြစ်ပေမဲ့ နေသားကျဖို့ ကြိုးစားနေရတုန်းပဲဆိုရင် ဒီကျမ်းစာမူတွေကို ကျင့်သုံးခြင်းက ကူညီပေးနိုင်တယ်–

“မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြစို့။ လက်မလျှော့ဘူးဆိုရင် အချိန်တန်တဲ့အခါ အသီးအပွင့်တွေကို ရိတ်သိမ်းရလိမ့်မယ်။”—ဂလ. ၆:၉။

နေသားကျဖို့ နဂိုထင်ထားတာထက် အချိန်ပိုပေးပါ။ ဥပမာ၊ ဂိလဒ်သင်တန်းဆင်း သာသနာပြုများစွာဟာ တာဝန်ကျရာမှာ နေထိုင်ပြီး နှစ်ပေါင်းများစွာကြာမှ နေရင်းတိုင်းပြည်ကို ပြန်လည်ပတ်ကြတယ်။ အဲဒါက ဒေသခံညီအစ်ကိုတွေနဲ့ ရင်းနှီးစေတယ်။ မတူညီတဲ့ ယဉ်ကျေးမှုမှာ နေသားကျစေတယ်။

မကြာခဏ ပြောင်းရွှေ့တဲ့ အလက်ဇန်ဒရိုဟာ နေသားကျအောင် အလောတကြီး လုပ်လို့မရကြောင်း သိထားတယ်။ သူ ဒီလိုပြောတယ်– “နောက်ဆုံးတစ်ကြိမ် ပြောင်းရွှေ့ပြီးတဲ့နောက် ဇနီးက ‘မိတ်ဆွေအားလုံး အရင်အသင်းတော်မှာ’ လို့ပြောတယ်။” ဒါနဲ့ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း ဒီလိုပဲ ပြောခဲ့တာပဲလို့ သတိပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီနှစ်နှစ်တုန်းက တခြားသူတွေကို စိတ်ဝင်စားမှု ပြလို့ သူစိမ်းတွေဟာ ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်လာတယ်။

“‘အရင်ခေတ်က အခုခေတ်ထက် ပိုကောင်းတယ်’ လို့မပြောပါနဲ့။ အဲဒီလိုပြောတာက ဉာဏ်ပညာရှိရာ မရောက်ဘူး။”—ဒေ. ၇:၁၀။

အသင်းတော်သစ်နဲ့ အရင်အသင်းတော်ကို မနှိုင်းယှဉ်ပါနဲ့။ ဥပမာ၊ အသင်းတော်သစ်မှာရှိတဲ့ ညီအစ်ကို/မတွေဟာ ကိုယ့်ဘာသာကိုယ် ပိုနေတတ်တာ၊ ပိုပွင့်လင်းတာ ဖြစ်နိုင်တယ်။ ကိုယ့်ကောင်းကွက်တွေကို အာရုံစိုက်စေချင်သလို သူတို့ရဲ့ ကောင်းကွက်တွေကိုလည်း အာရုံစိုက်ပေးပါ။ နေရာသစ်ကို ပြောင်းရွှေ့သူတွေဟာ ‘“ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို” ငါတကယ်ချစ်သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးဖို့ လှုံ့ဆော်ခံရတာကို တအံ့တဩ သိလိုက်ကြရတယ်။—၁ ပေ. ၂:၁၇။

“တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။”—လု. ၁၁:၉။

အကူအညီ ရဖို့ ဆက်ဆုတောင်းနေပါ။ “တစ်ယောက်တည်း ရင်မဆိုင်ပါနဲ့။ ယေဟောဝါရဲ့ အကူအညီနဲ့သာ အရာများစွာကို လုပ်နိုင်တာပါ။ ဆုတောင်းပါ” လို့ အကြီးအကဲဒေးဗစ် ပြောတယ်။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ရေချယ်လည်း သဘောတူတယ်။ “အသင်းတော်နဲ့ နည်းနည်း စိမ်းနေတယ်လို့ ခံစားရတဲ့အခါ ‘တခြားသူတွေ မချဉ်းကပ်ရဲအောင် တစ်ခုခု လုပ်နေမိသလားဆိုတာ သိအောင် ကူညီပေးပါ’ လို့ ယေဟောဝါဆီ သတ်သတ်မှတ်မှတ် ဆုတောင်းခဲ့တယ်။ ပြီးတဲ့နောက် ညီအစ်ကို/မတွေနဲ့ ပိုအချိန်ပေးပေါင်းသင်းတယ်” လို့ပြောတယ်။

မိဘတို့၊ သားသမီးတွေ လူပေါင်းဆံ့ဖို့ ခက်နေရင် သူတို့နဲ့အတူ ဆုတောင်းပါ။ တည်ဆောက်မှု ဖြစ်စေတဲ့ ပေါင်းသင်းမှုတွေ စီစဉ်ပေးခြင်းအားဖြင့် မိတ်ဆွေသစ်တွေ ရရှိအောင် ကူညီပေးပါ။

လူသစ်တွေကို လက်ခံကြိုဆိုပါ

သင့်အသင်းတော်ကို ပြောင်းရွှေ့လာတဲ့ လူသစ်တွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ တွေ့တွေ့ချင်း မိတ်ဆွေစစ် ဖြစ်ဖို့ ကြိုးစားပါ။ ကိုယ်သာ လူသစ်ဖြစ်ရင် ဘာလုပ်ပေးစေချင်မလဲဆိုတာ စဉ်းစားပြီး လုပ်ပေးပါ။ (မ. ၇:၁၂) မိသားစုဝတ်ပြုမှုမှာ ပါဝင်စေနိုင်မလား။ လစဉ် JW ရုပ်သံအစီအစဉ်ကို အတူကြည့်နိုင်မလား။ အမှုဆောင်လုပ်ငန်းမှာ အတူလုပ်ဆောင်ဖို့ ဖိတ်ခေါ်နိုင်မလား။ ရိုးရှင်းတဲ့ အစားအစာ ဖြစ်ရင်တောင် သင့်ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို သတိရနေကြပါလိမ့်မယ်။ လူသစ်တွေကို တခြားဘယ်နည်းတွေနဲ့ လက်တွေ့ကျကျ ကူညီပေးနိုင်သေးသလဲ။

“အသင်းတော်သစ်ကို ရောက်တဲ့အခါ ညီအစ်မတစ်ယောက်က ဈေးချိုတဲ့ စတိုးဆိုင်စာရင်းတစ်ခု ပေးတယ်။ တော်တော် အထောက်အကူ ပြုတယ်” လို့ ကာလို့စ် ပြောတယ်။ ရာသီဥတု မတူတဲ့ဒေသက ရောက်ရှိလာသူတွေကို နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် ဘယ်လို ဝတ်ဆင်ရမလဲဆိုတာ ပြောပြမယ်ဆိုရင် ကျေးဇူးတင်ကြပါလိမ့်မယ်။ ဒေသရဲ့ နောက်ခံသမိုင်းအကြောင်း၊ ဒေသခံ ဘာသာရေး ယုံကြည်ချက်တွေအကြောင်း ပြောပြခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းမှာ ပိုထိရောက်ဖို့ ကူညီပေးနိုင်တယ်။

နေသားကျအောင် ကြိုးစားရကျိုး နပ်

အစပိုင်းမှာ ဖော်ပြခဲ့တဲ့ အယ်လင်ဟာ အသင်းတော်သစ်ကို ရောက်နေတာ တစ်နှစ်ကျော် ကြာပြီ။ “အစကတော့ ညီအစ်ကို/မတွေကို သိကျွမ်းလာဖို့ မနည်းကြိုးစားရတယ်။ အခုတော့ မိသားစုလို ဖြစ်နေပြီ။ ပျော်နေပြီ” လို့ ပြောတယ်။ ပြောင်းရွှေ့လို့ ဘယ်မိတ်ဆွေကိုမှ မဆုံးရှုံးကြောင်း သဘောပေါက်သွားတယ်။ တစ်သက်တာလုံး ရင်းနှီးနိုင်မယ့် မိတ်ဆွေသစ်တွေ ရရှိလာပြီ။

a နာမည်တချို့ ပြောင်းထားပါတယ်။

အကြီးအကဲတွေ ကူညီပေးနိုင်ပုံ

အကြီးအကဲတွေ သင့်ကို အသင်းတော်သစ်မှာ ပျော်ရွှင်စေချင်ကြတယ်။ ကူညီပေးဖို့ အသင့်ရှိကြတယ်။

  • အသင်းတော် လုပ်ငန်းတော် ကော်မတီက ဘယ်လယ်ကွင်းလုပ်ငန်းအုပ်စုနဲ့ ပူးပေါင်းရမယ်ဆိုတာ ချက်ချင်း စီစဉ်ပေးသင့်တယ်။

  • အတွင်းရေးမှူးက အရင်အသင်းတော်နဲ့ ဆက်သွယ်ရမယ့် လိပ်စာ တောင်းပါလိမ့်မယ်။ ဒါမှ သင့်ရဲ့ အသင်းတော် ကြေညာသူမှတ်တမ်း ကတ်ပြားကို ရယူနိုင်မယ်။

  • သင်ရောက်တာနဲ့ လယ်ကွင်းလုပ်ငန်း အုပ်စုကြီးကြပ်မှူးသစ်က သင်နဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ကြိုးစားသင့်တယ်။ သင့်မိသားစုဆီ ရင်းရင်းနှီးနှီး သိုးထိန်းလည်ပတ်မှု လုပ်သင့်တယ်။

  • အကြီးအကဲတွေက အရေးပေါ် ဆက်သွယ်ရမယ့် အချက်အလက်တွေကို တောင်းထားသင့်တယ်။ ဒါမှ သဘာဝဘေး ကျရောက်တဲ့အခါ သင်နဲ့ ဆက်သွယ်နိုင်မယ်။

  • ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်ကတ်ပြား လဲပေးဖို့ လိုမလို အကြီးအကဲတွေ စစ်ဆေးသင့်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ