စိတ်နှလုံးလှိုက်လှဲစွာ ယေဟောဝါအမှုတော်ဆောင်ရွက်ရန် သားသမီးများအား ကူညီလော့
၁ “သားသမီးတို့သည် ယေဟောဝါဆုချ၍ပေးသနားတော်မူသော အမွေဥစ္စာဖြစ်” သည်ဟု ရှောလမုန်ဆင့်ဆိုခဲ့သည်။ (ဆာ၊ ၁၂၇:၃-၅) သူတို့သည် တန်ဖိုးမဖြတ်နိုင်သော အမွေဥစ္စာဖြစ်သည်ကား အမှန်တကယ်ပင်။ ထိုကြောင့် မိမိတို့သားသမီးများကို လေ့ကျင့်သွန်သင်၊ ဆုံးမပဲ့ပြင်ပေးရန်တာဝန်ကို မိဘများအား ဘုရားသခင်ပေးထားတော်မူသည်။ ယင်း၌ ဓမ္မအမှုအတွက် လေ့ကျင့်ပေးခြင်း၊ ယေဟောဝါနှင့် နိုင်ငံတော်အကြောင်း နှလုံးလှိုက်လှဲစွာ ပြောဆိုရန် တိုက်တွန်းပေးခြင်း ပါဝင်ပါသည်။—ဧ၊ ၆:၄။
၂ ဤလေ့ကျင့်မှုကို အဘယ်အသက်အရွယ်တွင် မိဘများစတင်ပေးမည်နည်း။ နို့စို့အရွယ်မှ စတင်ရမည်အကြောင်း ကျမ်းစာ၏အဖြေက ရှင်းနေပါသည်။ (၂ တိ၊ ၃:၁၄၊ ၁၅) လေ့ကျင့်မှုစောလေ သမ္မာတရား၌အုတ်မြစ် ပိုခိုင်ခံ့စရာအကြောင်း များပါလိမ့်မည်။ ထိုအခါ ဓမ္မအမှုသည် သူတို့ရွေးချယ်ရာလုပ်ငန်း ဖြစ်လာပါလိမ့်မည်။ ဤသို့စောစီးစွာလေ့ကျင့်ပေးမှုကြောင့် လောကဆန်သောတွေးတောဆင်ခြင်မှု၊ သဘောထားများမှ ကာကွယ်မှုဖြစ်မည်။
၃ စာသင်ကျောင်းမတက်မီပင် အချို့ကလေးငယ်များသည် ကျွမ်းကျင်လိမ္မာရာများဘက်တွင် ထူးချွန်ကြသည်။ ငယ်စဉ်အခါ သင်ယူတတ်သိနိုင်စွမ်းကို ယေဟောဝါအလိုတော်နှင့်တွေ့သည့် ကျွမ်းကျင်မှုများသို့ လမ်းကြောင်းပေးသင့်ပါသည်။ (က၈၉ ၈/၁ စ၊ ၁၅။ က၉၀ ၁၂/၁ စ၊ ၈) နုနယ်သောအသက်အရွယ်၌ပင် နှစ်ခြင်းမယူရသေးသည့် ကြေညာသူများအဖြစ်သို့ တိုးတက်ခဲ့သောကလေးများရှိပါသည်။ အချို့ကလေးငယ်များသည် ဆယ်ကျော်သက်မတိုင်မီ ဆက်ကပ်အပ်နှံနှစ်ခြင်းခံယူကြပါသည်။ ဤသို့ပြုခြင်းအားဖြင့် ကျောင်းပညာမပြီးဆုံးမီ သူတို့သည် အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင်များအဖြစ်ပင် အမှုထမ်းဆောင်ခွင့် ရရှိကြပါသည်။ ဤပန်းတိုင်များကိုမီနိုင်ဖို့ရန် ကျမ်းစာအကြောင်း မြောက်မြားစွာကို လူတို့နှင့်ဆွေးနွေးတတ်ရန် သူတို့အားသွန်သင်ပေးရန်လိုပါသည်။
၄ ခေတ်လူငယ်များသည် ရိုင်းစိုင်း၍ လေးစားမှုမရှိကြဟုယူမှတ်သည့် လူကြီးအချို့သည် မိမိတို့အိမ်ပေါက်ဝသို့ရောက်လာသော လူငယ်တစ်ဦးနှင့် စကားပြောလိုမည်မဟုတ်ပါ။ ဤအတားအဆီးမျိုးကို ကျော်လွှားနိုင်ရန် ကြေညာသူငယ်တစ်ဦး မည်သို့ပြောဆိုခြင်းအားဖြင့် လူကြီးဖြစ်သောအိမ်ရှင်၏အာရုံကို ဆွဲဆောင်နိုင်မည်နည်း။ ကြေညာသူငယ်တစ်ဦး ဤသို့ပြောဖူးသည်။ “မင်္ဂလာပါ၊ ကျွန်တော့်နာမည် ________ ဖြစ်ပါတယ်။ နောင်ရေးအတွက် စိုးရိမ်နေကြတဲ့ ကျွန်တော့်အိမ်နီးချင်းများထံ ဒီနေ့ လည်ပတ်သွားနေပါတယ်။ လူကြီးတစ်ယောက်ဆိုတော့ ဘဝအကြောင်းကို ကျွန်တော့်ထက် ပိုသိနားလည်မှာပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့အားလုံးကို ဒီကျမ်းချက်လေးဟာ အတော်နှစ်သိမ့်မှုပေးတယ်။” ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပြီးနောက် ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ ဝေစာကိုအာရုံပြု စကားစမြည်ဆက်ပြောဆိုနိုင်ပါသည်။
၅ အခြားတစ်နည်းကား “မင်္ဂလာပါ။ ကျွန်တော့်နာမည် ________ ဖြစ်ပါတယ်။ လူငယ်များဦးတည်နေတဲ့လမ်းစဉ်အတွက် လူကြီးအများစိုးရိမ်နေကြတဲ့အကြောင်းကိုသိလို့ ကျွန်တော်ဒီကနေ့ ဒီရပ်ကွက်မှာ တစ်အိမ်မှတစ်အိမ်သွားနေပါတယ်။ တစ်ခါတစ်ရံ လူငယ်များဟာ မရိုမသေပြုတတ်ကြတယ်။ ကလန်ကဆန်တောင်ပြုတာကို တွေ့ကြရတယ်။ ဒါပေမယ့် တစ်နေ့ကျရင် လူအပေါင်း ဘယ်လိုသင့်သင့်တင့်တင့်နေထိုင်တတ်လာမယ့်အကြောင်း ဖော်ပြတဲ့ကျမ်းချက်ကို ဆွေးနွေးနေပါတယ်။” ထိုနောက် ဆာလံ ၃၇:၁၁ ကိုဖတ်ပြီး သင့်တော်စွာအနက်ဖော်ပြပါ။ သက်ကြီးသူအိမ်ရှင်များသည် ကြေညာသူငယ်များထံမှ ဤကဲ့သို့စကားများကို ကြားနာကြသည့်အခါ သူတို့အများမှာ သဘောကျနှစ်သက်သွားမည်အမှန်ပါ။
၆ ကြေညာသူငယ် ထောင်ပေါင်းများစွာတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောသွန်သင်ခြင်းလုပ်ငန်းတွင် ချီးကျူးခံထိုက်သည်တိုင် ဆက်ပါဝင်နေကြပါသည်။ သူတို့အား အမှန်ချီးမွမ်းရမည်။ ဘုရားဝတ်၌မွေ့လျော်သောမိဘများ၏ လေ့ကျင့်မှုကို နို့စို့အရွယ်ကတည်းက ခံယူထားသော လူငယ်များသည် ဓမ္မအမှုဆောင်လုပ်ငန်းရပ်အသီးသီးတွင် ပါဝင်ရန်တိုက်တွန်းမှုကို ချက်ချင်းလက်ခံကြပါသည်။ ကျောင်းနေရွယ်များအနေနှင့် ကျောင်းသူကျောင်းသားချင်း၊ ဆရာဆရာမများအား သက်သေခံခွင့်ထူးများ ရရှိပါသည်။ ဤထူးခြားသောရပ်ကွက်တွင် သက်သေခံခြင်းအားဖြင့် အားရှိဖွယ်တွေ့ကြုံမှုများစွာကို လူငယ်အများခံစားခဲ့ကြရပြီ။
၇ ထိုကြောင့်သင့်အသင်းတော်ရှိ ကြေညာသူငယ်များသည် လူငယ့်ခွန်အားဖြင့် ယေဟောဝါအမှုတော်ကိုဆောင်ရွက်ကာ စိတ်နှလုံးလှိုက်လှဲစွာဖြင့် ကိုယ်တော်ကိုချီးမွမ်းရန်အခွင့်အရေးကို ရယူနိုင်ကြရန် ကူညီပေးပါလေ။—ဒေ၊ ၁၂:၁။