သင်ခန်းစာ ၈
ဘုရားသခင့်အလိုတော်နှင့်တွေ့သော မိသားစုဘဝ
မိသားစုအတွင်း၌ လင်ယောက်ျား၏ရာထူးကား အဘယ်နည်း။ (၁)
လင်ယောက်ျားတစ်ဦးသည် မိမိ၏ဇနီးသည်ကို မည်သို့ ပြုမူဆက်ဆံသင့်သနည်း။ (၂)
ဖခင်တစ်ဦး၌ မည်သည့်တာဝန်များရှိသနည်း။ (၃)
မိသားစုအတွင်း၌ ဇနီးသည်၏ကဏ္ဍကား အဘယ်နည်း။ (၄)
မိဘများနှင့် သားသမီးများထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုထားတော်မူသနည်း။ (၅)
ခွဲနေခြင်း၊ ကွာရှင်းခြင်းတို့နှင့်ပတ်သက်သော ကျမ်းစာ၏ရှုထောင့်ကား အဘယ်နည်း။ (၆၊ ၇)
၁။ လင်ယောက်ျားသည် မိသားစု၏ဦးခေါင်းဖြစ်သည်ဟု သမ္မာကျမ်းစာက ဆိုထား၏။ (၁ ကောရိန္သု ၁၁:၃) လင်ယောက်ျားတစ်ဦးသည် ဇနီးတစ်ဦးတည်းသာရှိရမည်။ သူတို့သည် တရားဥပဒေသဘောအရ လျောက်ပတ်စွာထိမ်းမြားထားသင့်၏။—၁ တိမောသေ ၃:၂; တိတု ၃:၁။
၂။ လင်ယောက်ျားတစ်ဦးသည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိ၏ဇနီးသည်ကိုချစ်သင့်၏။ သူသည် မိမိ၏နောက်တော်လိုက်များကို ယေရှုပြုမူဆက်ဆံသကဲ့သို့ သူမကိုပြုမူဆက်ဆံသင့်သည်။ (ဧဖက် ၅:၂၅၊ ၂၈၊ ၂၉) မိမိ၏ဇနီးသည်ကို ရိုက်နှက်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် သူမအားမတော်မတရားပြုကျင့်ခြင်းကို သူဘယ်တော့မျှမပြုသင့်ပေ။ သို့အစား သူမအားဂုဏ်တင်၍ လေးစားမှုတင်ပြသင့်၏။—ကောလောသဲ ၃:၁၉; ၁ ပေတရု ၃:၇။
၃။ ဖခင်တစ်ဦးသည် မိသားစုကို ပြုစုစောင့်ရှောက်ရန်အတွက် ကြိုးစားလုပ်ကိုင်သင့်၏။ မိမိ၏ဇနီးသည်နှင့် သားသမီးများအတွက် စားဝတ်နေရေးကို စီမံပေးရမည်။ ဖခင်တစ်ဦးသည် မိသားစု၏ ဝိညာဏလိုအပ်ရာများကိုလည်း စီမံပေးရမည်။ (၁ တိမောသေ ၅:၈) ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်များအကြောင်းကိုသိရှိရန် မိသားစုကိုကူညီပေးရာ၌ ဦးစီးဦးဆောင်ပြုရမည်။—တရားဟောရာ ၆:၄-၉; ဧဖက် ၆:၄။
၄။ ဇနီးသည်တစ်ဦးသည် မိမိလင်ယောက်ျားအတွက် ကောင်းသောအထောက်အမဖြစ်သင့်၏။ (ကမ္ဘာဦး ၂:၁၈) သားသမီးများကို သွန်သင်၊ လေ့ကျင့်ပေးရာ၌ လင်ယောက်ျားအား သူမကူညီပေးသင့်၏။ (သု. ၁:၈) ဇနီးသည်တစ်ဦးသည် မိမိ၏မိသားစုကို ချစ်ခင်ကြင်နာစွာပြုစုစောင့်ရှောက်ရန် ယေဟောဝါတောင်းဆိုထားတော်မူ၏။ (သု. ၃၁:၁၀၊ ၁၅၊ ၂၆၊ ၂၇; တိတု ၂:၄၊ ၅) သူမသည် ကိုယ့်လင်ယောက်ျားကို အလွန်ရိုသေလေးစားသင့်ပေသည်။—ဧဖက် ၅:၂၂၊ ၂၃၊ ၃၃။
၅။ သားသမီးများသည် မိမိတို့၏မိဘများကို နာခံရန် ဘုရားသခင်တောင်းဆိုထားတော်မူ၏။ (ဧဖက် ၆:၁-၃) မိဘများသည် မိမိတို့၏သားသမီးများကို ပဲ့ပြင်ဆုံးမပေးရန် ကိုယ်တော်မျှော်လင့်တော်မူ၏။ မိဘများသည် သားသမီးများကိုအချိန်ပေးပြီး သူတို့နှင့်အတူတကွကျမ်းစာလေ့လာကာ၊ သူတို့၏ဝိညာဏနှင့် စိတ္တလိုအပ်ရာများကို ပြုစုပျိုးထောင်ပေးရန် လို၏။ (တရားဟောရာ ၁၁:၁၈၊ ၁၉; သု. ၂၂:၆၊ ၁၅) မိဘများသည် သားသမီးများကို ခက်ထန်စွာ၊ အကြင်နာကင်းမဲ့စွာ ဘယ်တော့မျှမဆုံးမသင့်ပေ။—ကောလောသဲ ၃:၂၁။
၆။ လင်မယားတို့သည် အသင့်အတင့်မနေထိုင်နိုင်ပါက သမ္မာကျမ်းစာသြဝါဒကို ကြိုးစားလိုက်လျှောက်သင့်၏။ သမ္မာကျမ်းစာက မေတ္တာပြ၍ခွင့်လွှတ်တတ်ရန် ကျွန်ုပ်တို့ကိုတိုက်တွန်းထားသည်။ (ကောလောသဲ ၃:၁၂-၁၄) ပြဿနာငယ်လေးများကို ဖြေရှင်းနည်းအဖြစ် ခွဲနေခြင်းကို ဘုရားသခင့်နှုတ်ကပါဌ်တော်က အားမပေးပါ။ သို့သော် ဇနီးသည်တစ်ဦးသည် လင်ယောက်ျားက (၁) မိမိ၏မိသားစုကို ထောက်ပံ့ရန် ခေါင်းမာမာနှင့်ငြင်းဆန်နေမည်၊ (၂) သူမ၏ကျန်းမာရေးနှင့် အသက်ပင် အန္တရာယ်ရှိလောက်သည့်အထိ အလွန်ခက်ထန်ကြမ်းတမ်းနေမည်၊ (၃) သူမသည် ယေဟောဝါကိုဝတ်ပြုကိုးကွယ်ရန်အတွက် မဖြစ်နိုင်လောက်သည့်အထိ ပြင်းပြင်းထန်ထန်ဆန့်ကျင်နေမည်ဆိုလျှင် ခွဲနေရန် ရွေးချယ်နိုင်၏။—၁ ကောရိန္သု ၇:၁၂၊ ၁၃။
၇။ လင်မယားတို့သည် တစ်ဦးကိုတစ်ဦး သစ္စာစောင့်သိရကြမည်။ သူ့သားအိမ်ရာပြစ်မှားခြင်းသည် ဘုရားသခင်နှင့် မိမိ၏အဖော်အဖက်ကို ပြစ်မှားခြင်းပင်ဖြစ်၏။ (ဟေဗြဲ ၁၃:၄) သူ့သားအိမ်ရာပြစ်မှားခြင်းသည် ခရစ်ယာန်တစ်ဦးအား မိမိအဖော်အဖက်ကိုကွာရှင်းနိုင်ရန်နှင့် လွတ်လပ်စွာနောက်အိမ်ထောင်ပြုနိုင်ရန် တစ်ခုတည်းသော အကြောင်းရင်းဖြစ်သည်။ (မဿဲ ၁၉:၆-၉; ရောမ ၇:၂၊ ၃) ကျမ်းစာကိုအခြေခံသည့် ခိုင်လုံသောအကြောင်းရင်းမရှိဘဲ လင်မယားကွာရှင်းကာ အခြားသူတစ်ဦးနှင့် ထိမ်းမြားခြင်းကို ယေဟောဝါအလွန်ရွံမုန်းတော်မူသည်။—မာလခိ ၂:၁၄-၁၆။
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
ဘုရားသခင်သည် မိဘများက မိမိတို့၏သားသမီးများကို ပဲ့ပြင်သွန်သင်ပေးရန် မျှော်လင့်တော်မူ၏
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
မေတ္တာရှိသောဖခင်တစ်ဦးသည် မိသားစုအတွက် ကာယနှင့်ဝိညာဏရေးရာများကို စီမံပေးပါမည်