ကျွန်ုပ်တို့သည် ယေဟောဝါ၏သွန်သင်ခြင်းကိုခံရ
၁ ဘုရားသခင့်ညွှန်ကြားမှုအောက်၌ အပြည်ပြည်ဆိုင်ရာပညာပေးအစီအစဉ်သည် ၂၃၃ နိုင်ငံတွင် ယခုလုပ်ဆောင်နေပါသည်။ ယင်းသည် ဤလောကမှပေးသောမည်သည့်အရာနှင့်မဆို နှိုင်းယှဉ်၍မရနိုင်ပါ။ ကျွန်ုပ်တို့၏မြင့်မြတ်သောသွန်သင်ရှင် ယေဟောဝါသည် ထာဝရအသက်အတွက် ကျွန်ုပ်တို့ကိုသွန်သင်ပေးနေစဉ် ယခုပင် အကျိုးခံစားနိုင်ပုံကိုပါ သင်ကြားပေးတော်မူ၏။—ဟေရှာ. ၃၀:၂၀; ၄၈:၁၇။
၂ မင့်မြတ်သောပညာရေးဆိုင်ရာကျောင်းများ– ယေဟောဝါ၏လူမျိုးအကျိုးအတွက် လက်ရှိသင်ကြားပေးနေသည့်ကျောင်းများကို သုံးသပ်ကြည့်ပါ။ အသင်းတော် ၈၇,၀၀၀ ခန့်တွင် ပတ်စဉ်ကျင်းပသည့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် သန်းပေါင်းများစွာသောနိုင်ငံတော်ကြေညာသူများကို သတင်းကောင်း၏ ထိရောက်သောဓမ္မအမှုဆောင်များဖြစ်ရန် လေ့ကျင့်ပေးသည်။ ထိုကျောင်းတွင် သင် စာရင်းသွင်းထားပြီလော။ နှစ်ပတ်ကြာ ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းကိုတက်ခဲ့သည့် ထောင်နှင့်ချီသောသူတို့တွင် သင် ပါဝင်သလော။ မှန်မှန်ရှေ့ဆောင်များအတွက် တောင်းဆိုသည့်နာရီကို လျှော့ထားပေးခြင်းက နောက်ထပ်များစွာသောသူတို့အား ရှေ့ဆောင်လုပ်နိုင်စေပြီး ဤကျောင်းကိုတက်ဖို့ အရည်အချင်းပြည့်မီနိုင်စေပါမည်။ ယခု ကမ္ဘာတစ်ဝန်းတွင် အဓိကဘာသာစကားများဖြင့်ကျင်းပနေသည့် နှစ်လကြာ ဓမ္မအမှုထမ်းသင်တန်းကျောင်းသည် တစ်ကိုယ်ရေသမားအကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအား သာ၍ကြီးမားသော သီအိုကရက်တစ်တာဝန်များကိုထမ်းဆောင်ရန် ပြင်ဆင်ပေးနေပါသည်။ အခါအားလျော်စွာ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအားလုံးသည် နိုင်ငံတော်ဓမ္မအမှုကျောင်းတွင် အထူးသင်ကြားပို့ချမှုကို ရရှိကြသည်။
၃ နယူးယောက်မြို့၊ ပက်တာစင်ရှိ ကင်းမျှော်စင်ပညာပေးဌာနအဆောက်အဦများကို အဆင့်မြင့်သီအိုကရက်တစ်လေ့ကျင့်မှုကိုပေးသည့် အထူးကျောင်းသုံးကျောင်းအတွက် အသုံးပြုပါသည်။ ငါးလကြာ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာသင်တန်းကျောင်းက နိုင်ငံခြားလယ်ကွင်းများတွင် သာသနာပြုလုပ်ငန်းအတွက် ဓမ္မအမှုဆောင်များကို ပြင်ဆင်ပေးသည်။ ကမ္ဘာတစ်ဝန်းမှ ဌာနခွဲကော်မတီဝင်များသည် ဌာနခွဲဖွဲ့စည်းမှုဆိုင်ရာ နှစ်လကြာသင်တန်းကို တက်ကြရသည်။ ၁၉၉၉ မေလတွင် နယ်လှည့်ကြီးကြပ်မှူးများအတွက် နှစ်လကြာသင်တန်းအသစ်တစ်ခုကို အမေရိကန်ပြည်ထောင်စုနှင့်ကနေဒါမှ သင်တန်းသား ၄၈ ယောက်ဖြင့်စတင်ခဲ့သည်။ ယေဟောဝါ၏ကျေးကျွန်အားလုံးသည် ဤကျောင်းအသီးသီးအားဖြင့် ယေဟောဝါစီမံပေးသည့်လေ့ကျင့်မှုမှ အကျိုးကျေးဇူးကောင်းများကို အကြီးအကျယ်ခံစားနေရပါသည်။
၄ မည်သည့်ရည်ရွယ်ချက်အတွက် သွန်သင်ခံရသနည်း။ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “ကျွန်တော်တို့ရဲ့လက်ရှိပညာပေးအစီအစဉ်ဟာ နေရာတိုင်းမှာရှိတဲ့ ယေဟောဝါရဲ့လူမျိုးအားလုံးကို သုတ္တံကျမ်း ၁:၁-၄ မှာဖော်ပြထားတဲ့ ရင့်ကျက်ကောင်းမွန်တဲ့အခြေအနေအတွင်းကို ခေါ်ဆောင်လာပေးဖို့ဖြစ်တယ်” ဟူ၍ထုတ်ဖော်ပြောဆိုခဲ့သည်။ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးစီအား “လူတတ်၏နှုတ်သတ္တိ” ကိုဆက်၍ပေးပါလေစေ။—ဟေရှာ. ၅၀:၄။