သင်သည် ရည်ရွယ်ချက်တစ်ခုဖြင့် လုပ်ဆောင်နေပါသလော
၁ ယေဟောဝါသည် ရည်ရွယ်ချက်ရှိသောဘုရားဖြစ်၏။ (ဟေရှာ. ၅၅:၁၀၊ ၁၁) ကျွန်ုပ်တို့သည် ကိုယ်တော်ကိုတုပရန် တိုက်တွန်းခံရကြသည်။ (ဧ. ၅:၁) ကျွန်ုပ်တို့၏ဓမ္မအမှုကိုထမ်းဆောင်ရာတွင် ယင်းသို့အမှန်တကယ်ဖြစ်သင့်သည်။ ထို့ကြောင့် ဤမေးခွန်းသည် သင့်လျော်သည်– “သင်သည် ရည်ရွယ်ချက်တစ်ခုဖြင့် လုပ်ဆောင်နေပါသလော။”
၂ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်း၊ အလွတ်သဘောသက်သေခံခြင်းနှင့် စာပေဝေငှခြင်းတို့သည် ရည်ရွယ်ချက်ရှိသောဓမ္မအမှု၏အစိတ်အပိုင်းများဖြစ်ကြသည်။ သို့သော် ကျွန်ုပ်တို့၏တာဝန်တွင် ဟောပြောခြင်းသာမက တပည့်ဖြစ်စေခြင်းလည်းပါဝင်ကြောင်း သတိရပါ။ (မ. ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့သည် နိုင်ငံတော်သမ္မာတရားမျိုးစေ့များကိုကြဲပြီးနောက် တိုးတက်ကြီးထွားလာစေရန် ယေဟောဝါကိုမျှော်ကိုးရင်း ၎င်းတို့အား ရေလောင်းရန်နှင့် မှန်မှန်ဂရုစိုက်ပြုစုရန် ပြန်သွားဖို့လိုသည်။ (၁ ကော. ၃:၆) ကျွန်ုပ်တို့သည် ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၊ ကျမ်းစာသင်အံမှုများစခြင်းတို့နှင့်ပတ်သက်၍ တာဝန်သိတတ်ဖို့လိုသည်။
၃ သင့်ဓမ္မအမှုကိုတိုးချဲ့လော့– လုပ်ငန်းတော်တွင် သင်လုပ်ဆောင်ခဲ့သည့်အရာများကို ပြန်သုံးသပ်ကြည့်နိုင်ကာ “လုပ်ဖို့ရည်ရွယ်ထားတဲ့အရာကို ငါလုပ်ပြီးပြီ” ဟုသင့်ကိုယ်သင်ပြောနိုင်သည့်အခါ အမြဲပင် စိတ်ကိုကျေနပ်စေသည်။ ၂ တိမောသေ ၄:၅ (ကဘ) တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ပေါလုက “သင့်ဓမ္မအမှုကို ပြည့်ပြည့်ဝဝပြီးမြောက်စေလော့” ဟုတိုက်တွန်းခဲ့သည်။ ၎င်းတွင် တွေ့ခဲ့ရသောစိတ်ဝင်စားသူအားလုံးထံပြန်သွားရန် သင့်ကြိုးစားအားထုတ်မှုများကို တိုးချဲ့ခြင်းပါဝင်သည်။ သင့်ပတ်စဉ်လုပ်ငန်းတော်ဇယားတွင် ပြန်လည်ပတ်မှုများလုပ်ရန် တိကျသောအချိန်တစ်ချိန်ကိုစီစဉ်ပါ။ ဖြောင့်မတ်ခြင်းကိုလိုလားသူများနှင့် ကျမ်းစာသင်အံမှုများစရန် ကြိုးစားရသည့်ပန်းတိုင်အတွက် လုပ်ဆောင်ပါ။ ဓမ္မအမှုတွင်ပါဝင်သည့်အခါ ယင်းသည် သင့်ရည်ရွယ်ချက်ဖြစ်သင့်သည်။
၄ အစည်းအဝေးတစ်ခုတွင် မိမိတို့၏ကျမ်းစာသင်သားများနှစ်ခြင်းခံသည်ကို တွေ့ရသောအခါ မည်သို့ခံစားခဲ့ရကြောင်း ကြေညာသူများကိုမေးကြည့်ပါ။ သူတို့သည် နှစ်ခြင်းခံသူများကဲ့သို့ပင် ဝမ်းမြောက်ကြဖွယ်ရှိသည်။ သူတို့သည် ထူးမြတ်သောရည်ရွယ်ချက်တစ်ခုကို ပြီးမြောက်စေခဲ့ကြပြီ! တပည့်ဖြစ်စေသူတစ်ဦးက ဤသို့ဖွင့်ဟပြောဆိုခဲ့သည်– “တပည့်ဖြစ်စေခြင်းဆိုတာ ယေဟောဝါကိုချီးမွမ်းတဲ့သူ ပိုများအောင်လုပ်ခြင်းကိုဆိုလိုတယ်။ သမ္မာတရားကိုလက်ခံတဲ့သူတွေအတွက် အသက်ရှင်ခြင်းကိုဆိုလိုပါတယ်။ အခြားသူတွေကို သမ္မာတရားသင်ပေးရတာကို ကျွန်မသိပ်ကိုမြတ်နိုးတယ်—သိပ်ကိုထူးခြားတယ်! . . . ယေဟောဝါကိုချစ်မြတ်နိုးလာတဲ့သူအများဟာ ကျွန်မသိပ်ချစ်မြတ်နိုးရတဲ့မိတ်ဆွေတွေဖြစ်လာကြပြီ။”
၅ လူတစ်ဦးကို ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်တစ်ဦးဖြစ်လာရန် ကူညီပေးနိုင်သည်ကို မြင်ယောင်ကြည့်ပါလေ! မည်မျှပျော်ရွှင်စရာပါတကား! ထိုကဲ့သို့သောအသီးအပွင့်သည် ဓမ္မအမှုတွင် ရည်ရွယ်ချက်တစ်ခုဖြင့် လုပ်ဆောင်ခဲ့ခြင်းမှရရှိသောအသီးဖြစ်သည်။—ကော. ၄:၁၇။