ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၉/၁ စာ. ၄-၇
  • ကျွန်ုပ်တို့ကို စာတန်ဖျားနာစေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့ကို စာတန်ဖျားနာစေသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာတန့်အခန်းကဏ္ဍ
  • စာတန်မည်သို့လုပ်ဆောင်သနည်း
  • ဖျားနာရသည့်အကြောင်းအမျိုးမျိုး
  • ရေရှည်ဖြေရှင်းချက်
  • ဖျားနာမှု၏လျှို့ဝှက်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • မိသားစုဝင်တစ်ဦး ဖျားနာသည့်အခါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ယောဘ ဘုရားသခင်ပေါ်မှာ သစ္စာရှိတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • အလွန်အရေးကြီးသော ပြဿနာတစ်ရပ်တွင် သင်ပတ်သက်နေ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၉/၁ စာ. ၄-၇

ကျွန်ုပ်တို့ကို စာတန်ဖျားနာစေသလော

ဖျားနာမှုသည် မည်သည့်အခါမျှ မရှိသင့်ချေ။ စုံလင်သည့်ကျန်းမာရေးနှင့် ထာဝစဉ်အသက်ရှင်ရန် ကျွန်ုပ်တို့ကိုဘုရားသခင်ဖန်ဆင်းထား၏။ ကျွန်ုပ်တို့၏ကနဦးမိဘ အာဒံနှင့်ဧဝတို့ကို အပြစ်ပြုစေသောအခါ လူ့မိသားစုအပေါ် ဖျားနာမှု၊ နာကျင်မှုနှင့် သေခြင်းတို့ကျရောက်စေခဲ့သူကား နာမ်ဝိညာဉ်သတ္တဝါတစ်ပါးဖြစ်သော စာတန်ဖြစ်သည်။—ကမ္ဘာဦး ၃:၁-၅၊ ၁၇-၁၉; ရောမ ၅:၁၂။

ယင်းကြောင့် ဖျားနာမှုအားလုံးသည် နာမ်ဝိညာဉ်လောကမှ တိုက်ရိုက်ကြားဝင်စွက်ဖက်မှုကြောင့်ဖြစ်သည်ဟု ဆိုလိုပါသလော။ ရှေ့ဆောင်းပါးတွင်ဖော်ပြထားသည့်အတိုင်း ယနေ့ လူအများက ထိုသို့ပင်ယူဆကြသည်။ အိုမားဂျီလေး၏အဘွားလည်း ထိုသို့ယူဆခဲ့သည်။ သို့ရာတွင် အိုမားဂျီဝမ်းလျှောခြင်း—တစ်ခါတစ်ရံ အပူပိုင်းဒေသရှိကလေးငယ်များအတွက် သေစေလောက်သည့်ရောဂါ—သည် မျက်မြင်မရနာမ်ဝိညာဉ်များကြောင့် အမှန်ပင်ဖြစ်သလော။

စာတန့်အခန်းကဏ္ဍ

သမ္မာကျမ်းစာက ဤမေးခွန်းကိုအလွန်ရှင်းလင်းစွာ ဖြေကြားထားသည်။ ဦးဆုံး၊ ကျွန်ုပ်တို့ဘိုးဘေးများ၏ နာမ်ဝိညာဉ်များသည် သက်ရှိများကိုဘေးမပြုနိုင်ကြောင်း ယင်းကဖော်ပြထား၏။ လူတို့သေဆုံးသောအခါ “အဘယ်အရာကိုမျှမသိ။” သေပြီးနောက်အသက်ရှင်ကျန်ရစ်သော နာမ်ဝိညာဉ်များ သူတို့၌မရှိချေ။ သူတို့သည် “လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိ” သည့် သင်္ချိုင်း၌အိပ်ပျော်နေကြသည်။ (ဒေ. ၉:၅၊ ၁၀) လူသေများသည် အသက်ရှင်သူများဖျားနာရန် မည်သည့်နည်းဖြင့်မျှမပြုနိုင်ပေ!

သို့ရာတွင် ဆိုးသွမ်းသည့်နတ်ဆိုးများရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြပါသည်။ စကြဝဠာတစ်ခုလုံးတွင် ပထမဦးဆုံးပုန်ကန်သူမှာ ယခုစာတန်ဟုသိကြသည့် နာမ်ဝိညာဉ်သတ္တဝါဖြစ်သည်။ အခြားနာမ်ဝိညာဉ်များလည်း သူနှင့်ပူးပေါင်းခဲ့ကြပြီး နတ်ဆိုးများဟုအခေါ်ခံခဲ့ကြရသည်။ စာတန်နှင့် နတ်ဆိုးများသည် ဖျားနာစေနိုင်သလော။ ဖျားနာစေခဲ့ဖူးသည်။ ယေရှု၏အံ့ဖွယ်နည်းဖြင့်ကုသမှုအချို့တွင် နတ်ဆိုးများကိုနှင်ထုတ်ခြင်းပါဝင်ခဲ့၏။ (လုကာ ၉:၃၇-၄၃; ၁၃:၁၀-၁၆) သို့သော် ယေရှုကုသပေးခဲ့သည့် ဖျားနာမှုအများစုမှာ နတ်ဆိုးများကြောင့်မဟုတ်ပါ။ (မဿဲ ၁၂:၁၅; ၁၄:၁၄; ၁၉:၂) အလားတူ ယနေ့ဖျားနာကြခြင်းမှာ သာမန်ထက်ထူးခြားရာများကြောင့်မဟုတ်ဘဲ သဘာဝအကြောင်းများကြောင့်ဖြစ်သည်။

မှော်အတတ်ပညာကော။ နယပုံပြင်ကျမ်း ၁၈:၁၀ က “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏” ဟုအာမခံထားသည်။ ယာကုပ် ၄:၇ က “[စာတန်] ကိုဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံကပြေးသွားလိမ့်မည်” ဟုဆိုသည်။ မှန်ပါ၏၊ ဘုရားသခင်သည် မိမိ၏သစ္စာရှိသူများကို မှော်အတတ်ပညာနှင့် အခြားထူးဆန်းသောတန်ခိုးတို့မှ ကာကွယ်ပေးနိုင်ပါသည်။ ဤသည်ကား “[အမှန်] တရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟူသော ယေရှုစကား၏ ဆိုလိုရင်းတစ်ခုဖြစ်သည်။—ယောဟန် ၈:၃၂။

‘ယောဘကျတော့ကော၊ သူ့ကိုဖျားနာစေခဲ့တာ နတ်ဆိုးမဟုတ်ဘူးလား’ ဟုအချို့မေးကြမည်။ မှန်ပါသည်၊ စာတန်ကြောင့်ယောဘဖျားနာခဲ့သည်ဟု ကျမ်းစာကဆို၏။ သို့သော် ယောဘ၏အဖြစ်သည် သာမန်ထက်ထူးခြားသည်။ နတ်ဆိုး၏တိုက်ရိုက်တိုက်ခိုက်မှုမှ ယောဘကို ဘုရားသခင်ကာကွယ်ထားခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ ယခု စာတန်က ယောဘကိုထိခိုက်ဖို့ ယေဟောဝါအားစိန်ခေါ်ခဲ့ပြီး ကြီးမားသောအရေးကိစ္စများ ပတ်သက်နေခြင်းကြောင့် ယေဟောဝါသည် ဤတစ်ခုတည်းသောအဖြစ်တွင် မိမိအားဝတ်ပြုသူထံမှ ကိုယ်တော်၏ကာကွယ်မှု တစ်စိတ်တစ်ဒေသကို ရုပ်သိမ်းခဲ့သည်။

သို့သော် ဘုရားသခင်သည် ကန့်သတ်ချက်များ ချမှတ်ထား၏။ ယောဘအားထိခိုက်ဖို့ စာတန်ကိုခွင့်ပြုခဲ့သည့်အခါ စာတန်သည် ယောဘကို အတန်ကြာဖျားနာစေနိုင်ခဲ့သော်လည်း သူ့ကိုမသတ်နိုင်ခဲ့ချေ။ (ယောဘ ၂:၅၊ ၆) နောက်ဆုံးတွင် ယောဘဆင်းရဲခံရချိန်သည် အဆုံးတိုင်ခဲ့ပြီး သူ၏သမာဓိအတွက် ယေဟောဝါသည် ကြွယ်ဝစွာကောင်းချီးပေးခဲ့သည်။ (ယောဘ ၄၂:၁၀-၁၇) ယောဘ၏သမာဓိကသက်သေထူခဲ့သောမူများကို ထိုအချိန်ကတည်းက သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားခဲ့ပြီဖြစ်ရာ လူအားလုံးအတွက် အထင်အရှားဖြစ်သည်။ ထိုသို့တစ်ဖန်ပြန်စမ်းသပ်ဖို့ မလိုတော့ပါ။

စာတန်မည်သို့လုပ်ဆောင်သနည်း

အားလုံးနီးပါးတွင် လူတို့ဖျားနာရခြင်းနှင့် စာတန် မည်သို့ဆက်စပ်ကြောင်း ဖော်ပြစရာအချက်တစ်ခုတည်းမှာ ပထမလူသားမောင်နှံကို စာတန်သွေးဆောင်ခဲ့ပြီး သူတို့သည်အပြစ်တွင်းသို့ကျဆင်းခဲ့ခြင်းဖြစ်သည်။ စာတန်နှင့်သူ၏နတ်ဆိုးများသည် အဖျားအနာရှိသမျှကို တိုက်ရိုက်ဖြစ်စေသူများမဟုတ်ပါ။ သို့ရာတွင် စာတန်သည် ကျွန်ုပ်တို့၏ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ပညာမဲ့သောဆုံးဖြတ်ချက်များချဖို့နှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အလျှော့ပေးလိုက်လျောစေရန် ကြိုးစားလွှမ်းမိုးဖို့ဝန်မလေးပေ။ သူသည် အာဒံနှင့်ဧဝတို့ကို ဖျားနာမှုဖြင့်ပြုစားခြင်း၊ သတ်ဖြတ်ခြင်း သို့မဟုတ် ထိခိုက်ခြင်းမပြုခဲ့ချေ။ ဘုရားသခင်အားမနာခံရန် ဧဝကိုသူသွေးဆောင်ခဲ့ပြီး အာဒံသည်လည်း ဧဝ၏မနာခံမှုလမ်းစဉ်ကိုလိုက်ခဲ့သည်။ ရလဒ်အချို့မှာ ဖျားနာမှုနှင့်သေခြင်းတို့ဖြစ်သည်။—ရောမ ၅:၁၉။

တစ်ချိန်က မောဘဘုရင်သည် မောဘနယ်စပ်တွင် စိုးရိမ်ဖွယ်တပ်ချလျက်ရှိသည့် ဣသရေလလူမျိုးကိုကျိန်ဆဲရန် ဗာလမ်အမည်ရှိ သစ္စာမဲ့ပရောဖက်တစ်ဦးကို ငှားရမ်းခဲ့သည်။ ဗာလမ်သည် ဣသရေလလူမျိုးကို ကျိန်ဆဲရန်ကြိုးစားခဲ့သော်လည်း ထိုလူမျိုးမှာ ယေဟောဝါ၏ကာကွယ်မှုအောက်ရှိသောကြောင့် သူမအောင်မြင်ခဲ့ချေ။ ထိုအခါ မောဘလူမျိုးတို့သည် ရုပ်ပုံကိုးကွယ်ခြင်းနှင့် လိင်အကျင့်ယိုယွင်းခြင်းပြုကျင့်ရန် ဣသရေလလူမျိုးကို သွေးဆောင်ခဲ့ကြ၏။ ဤနည်းဗျူဟာအောင်မြင်ခဲ့ပြီး ဣသရေလလူမျိုးတို့သည် ယေဟောဝါ၏ကာကွယ်မှုကို ဆုံးရှုံးခဲ့ကြသည်။—တောလည်ရာ ၂၂:၅၊ ၆၊ ၁၂၊ ၃၅; ၂၄:၁၀; ၂၅:၁-၉; ဗျာဒိတ် ၂:၁၄။

ရှေးခေတ်ထိုအဖြစ်အပျက်မှ အရေးကြီးသည့်သင်ခန်းစာတစ်ခုကို ကျွန်ုပ်တို့သိရှိနိုင်သည်။ ဘုရားသခင့်အကူအညီသည် ဘုရားသခင်အားသစ္စာရှိရှိဝတ်ပြုသူများကို နတ်ဆိုးများ၏တိုက်ရိုက်တိုက်ခိုက်မှုမှ ကာကွယ်ပေးသည်။ သို့ရာတွင် တစ်ဦးချင်းစီသည် သူတို့၏ယုံကြည်ခြင်းကို အလျှော့ပေးရန် စာတန်ကြိုးစားပေမည်။ အကျင့်ယိုယွင်းရန် သူတို့ကိုသွေးဆောင်ပေမည်။ သို့မဟုတ် ဘုရားသခင့်ကာကွယ်မှု မရနိုင်စေသည့်လမ်းစဉ်ကို ကြောက်ရွံ့၍ပြုမူမိဖို့ ဟောက်သောခြင်္သေ့ကဲ့သို့ ခြောက်လှန့်ပေမည်။ (၁ ပေတရု ၅:၈) ယင်းကြောင့် တမန်တော်ပေါလုက “သေခြင်းတရားကိုအစိုးရသောသူ” ဟုစာတန်ကိုခေါ်ဆိုခြင်းဖြစ်သည်။—ဟေဗြဲ ၂:၁၅။

အိုမားဂျီ၏အဘွားသည် ဖျားနာမှုမှအကာအကွယ်ရဖို့ အဆောင်လက်ဖွဲ့များကိုအသုံးပြုရန် ဟာဝါးကိုကြိုးစားတိုက်တွန်းခဲ့သည်။ ဟာဝါးလက်လျှော့အရှုံးပေးလိုက်ပါက မည်သို့ဖြစ်မည်နည်း။ သူသည် ယေဟောဝါဘုရားသခင်၌ အကြွင်းမဲ့ယုံကြည်အားထားမှုကင်းမဲ့ကြောင်း တင်ပြရာရောက်မည်ဖြစ်ရာ ကိုယ်တော်၏ကာကွယ်မှုရမည်ဟု စိတ်ချလက်ချရှိနိုင်တော့မည်မဟုတ်ပါ။—ထွက်မြောက်ရာ ၂၀:၅; မဿဲ ၄:၁၀; ၁ ကောရိန္သု ၁၀:၂၁။

ယောဘကိုလည်း သွေးဆောင်ဖို့ စာတန်ကြိုးစားခဲ့သေးသည်။ သူ၏မိသားစု၊ စည်းစိမ်ဥစ္စာနှင့် ကျန်းမာရေးတို့ကို ဆုံးရှုံးစေရုံနှင့်မကျေနပ်ခဲ့ပေ။ “ဘုရားသခင်ကိုစွန့်ပယ်၍သေလော့” ဟူသော အလွန်ဆိုးသည့်အကြံပေးချက်ကိုလည်း သူ၏ဇနီးထံမှရရှိခဲ့၏။ (ယောဘ ၂:၉) ထို့နောက် သူ့အပြစ်နှင့်သူ ဖျားနာရသည်ကိုလက်ခံစေရန် ပူးပေါင်းကြိုးစားခဲ့ကြသည့် “မိတ်ဆွေ” သုံးဦးသည် သူ့ထံလာရောက်လည်ပတ်ခဲ့သည်။ (ယောဘ ၁၉:၁-၃) ဤနည်းဖြင့် စာတန်သည် ယောဘ၏အားနည်းနေသောအခြေအနေကို အခွင့်အရေးယူကာ သူ့ကိုစိတ်ပျက်အားလျော့စေ၍ ယေဟောဝါ၏ဖြောင့်မတ်ခြင်းအပေါ် ယုံကြည်အားထားမှုလျော့သွားစေရန် ကြိုးစားပြုလုပ်ခဲ့သည်။ သို့တိုင် ယောဘသည် သူ၏တစ်ခုတည်းသောမျှော်လင့်ရာအဖြစ် ယေဟောဝါအပေါ် ဆက်၍မှီခိုအားထားခဲ့သည်။—ဆာလံ ၅၅:၂၂ နှိုင်းယှဉ်။

ကျွန်ုပ်တို့လည်း ဖျားနာသည့်အခါ စိတ်ဓာတ်ကျလာပေမည်။ ထိုအခြေအနေမျိုးတွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တစ်နည်းနည်းဖြင့်ချိုးဖျက်ရန် စာတန်ကြိုးစားပြုလုပ်ဖို့အသင့်ရှိသည်။ ထို့ကြောင့် ဖျားနာသည့်အခါ ကျွန်ုပ်တို့ဝေဒနာ၏ အခြေခံအကြောင်းရင်းမှာ သဘာဝလွန်သြဇာလွှမ်းမှုတစ်ခုခုကြောင့်ဖြစ်သည်ထက် အမွေခံရသည့် မစုံလင်မှုကြောင့်ဖြစ်ကြောင်း စိတ်စွဲမှတ်ထားဖို့အရေးကြီးသည်။ သစ္စာရှိသူဣဇာက်သည် မသေဆုံးမီနှစ်အနည်းငယ် မျက်စိကွယ်ခဲ့ကြောင်းသတိရပါ။ (ကမ္ဘာဦး ၂၇:၁) နတ်ဆိုးတို့ကြောင့်မဟုတ်ဘဲ အသက်အရွယ်ကြီးခြင်းကြောင့် ထိုသို့ဖြစ်ခဲ့ရသည်။ ရာခေလသည် စာတန်ကြောင့်မဟုတ်ဘဲ သွေးသားအားနည်းမှုကြောင့် မီးဖွားစဉ်သေဆုံးခဲ့ရခြင်းဖြစ်သည်။ (ကမ္ဘာဦး ၃၅:၁၇-၁၉) နောက်ဆုံးတွင် ရှေးခေတ်သစ္စာရှိသူအားလုံးတို့သည် ပြုစားခံရခြင်း သို့မဟုတ် ကျိန်စာတို့ကြောင့်မဟုတ်ဘဲ အမွေခံခဲ့ရသည့် မစုံလင်မှုကြောင့် သေဆုံးခဲ့ကြရသည်။

ကျွန်ုပ်တို့ဖျားနာသည့်အခါတိုင်း နာမ်ဝိညာဉ်များကြောင့်ဟု ယူဆခြင်းသည် ထောင်ချောက်တစ်ခုဖြစ်သည်။ ယင်းက နာမ်ဝိညာဉ်များအပေါ် အလွန်ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေနိုင်သည်။ ထိုအခါ ကျွန်ုပ်တို့ဖျားနာလျှင် နတ်ဆိုးများမှဝေးဝေးနေမည့်အစား ၎င်းတို့ကိုပူဇော်ပသရန် သွေးဆောင်ခံရပေမည်။ နတ်ဝိဇ္ဇာအတတ်များကိုအသုံးပြုရန် ကျွန်ုပ်တို့ကိုစာတန်ခြောက်လှန့်နိုင်သည်။ သို့ပြုခြင်းသည် စစ်မှန်သည့်ဘုရားသခင်ယေဟောဝါအား သစ္စာဖောက်ခြင်းဖြစ်သည်။ (၂ ကောရိန္သု ၆:၁၅) ကျွန်ုပ်တို့သည် ဘုရားသခင်၏ရန်သူကို အယူသီးစွာကြောက်ရွံ့ခြင်းဖြင့်မဟုတ်ဘဲ ကိုယ်တော်အား ကြောက်ရွံ့ရိုသေခြင်းဖြင့် လမ်းညွှန်ခံသင့်သည်။—ဗျာဒိတ် ၁၄:၇။

အိုမားဂျီလေးတွင် နတ်ဆိုးများ၏တိုက်ခိုက်မှုမှ အကောင်းဆုံးအကာအကွယ်ရရှိထားနှင့်ပြီးဖြစ်သည်။ တမန်တော်ပေါလု၏အဆိုအရ သူ့ကို “စင်ကြယ်” သည်ဟု ဘုရားသခင်ယူမှတ်သည်၊ အကြောင်းမှာ သူ၏ယုံကြည်သူမိခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မိမိ၏သမီးနှင့်အတူရှိရန် ဘုရားသခင်ထံ ဆုတောင်းနိုင်သောကြောင့်ပင်။ (၁ ကောရိန္သု ၇:၁၄) ဟာဝါးသည် ထိုသို့သောတိကျသည့်အသိပညာရရှိထားရာ အဆောင်လက်ဖွဲ့များကို မှီခိုအားထားမည့်အစား အိုမားဂျီအတွက် ထိရောက်သည့်ဆေးကုသမှုကို ရှာတွေ့နိုင်ခဲ့သည်။

ဖျားနာရသည့်အကြောင်းအမျိုးမျိုး

လူအများစုမှာ နာမ်ဝိညာဉ်များကိုမယုံကြည်ကြချေ။ သူတို့ဖျားနာသည့်အခါ—တတ်နိုင်မည်ဆိုလျှင် ဆရာဝန်ထံသို့သွားကြသည်။ ဖျားနာသူတစ်ဦးသည် ဆရာဝန်ထံသွားသော်လည်း ရောဂါမပျောက်ဘဲရှိနိုင်သည်မှာ မှန်ပါသည်။ ဆရာဝန်များသည် အံ့ဖွယ်အမှုများကို မပြုနိုင်ကြချေ။ သို့သော် ရောဂါပျောက်ကင်းနိုင်သည့် အယူသီးသူများစွာတို့သည် အလွန်နောက်ကျမှသာ ဆရာဝန်ထံသွားလေ့ရှိကြသည်။ နတ်ဝိဇ္ဇာဆိုင်ရာကုသနည်းများဖြင့် ဦးဆုံးကုသကာ မပျောက်သည့်အခါမှ နောက်ဆုံးအနေနှင့် ဆရာဝန်ထံသို့သွားကြပေမည်။ လူအများသည် မသေသင့်ဘဲသေဆုံးခဲ့ကြသည်။

အခြားသူတို့မူ အသိဉာဏ်မဲ့ခြင်းကြောင့် အချိန်မတန်ဘဲသေဆုံးခဲ့ကြသည်။ ရောဂါလက္ခဏာများ၊ ဖျားနာမှုကိုကာကွယ်ရန် လက်တွေ့ကျသောခြေလှမ်းများကို သူတို့မသိကြချေ။ အသိပညာက မလိုလားအပ်သောဆင်းရဲခြင်းကို ဆီးတားပေးသည်။ ပညာတတ်မိခင်များ၏ကလေးများသည် ပညာမတတ်သည့်မိခင်များ၏ကလေးများထက် အဖျားအနာပိုနည်းခြင်းသည် မှတ်သားစရာဖြစ်သည်။ မှန်ပါသည်၊ အသိဉာဏ်မဲ့ခြင်းသည် သေစေနိုင်သည်။

ဖျားနာရသည့်အခြားအကြောင်းရင်းတစ်ခုမှာ ပေါ့ဆမှုဖြစ်သည်။ ဥပမာ၊ များစွာသောသူတို့သည် အစားအစာပေါ်ပိုးမွှားများတက်စေသောကြောင့် သို့မဟုတ် အစာပြင်ဆင်သူသည် ဦးစွာလက်မဆေးခြင်းကြောင့် ဖျားနာခဲ့ကြသည်။ ငှက်ဖျားကူးစက်သည့်ဒေသတွင် ခြင်ထောင်မပါဘဲအိပ်စက်ခြင်းသည်လည်း အန္တရာယ်ရှိသည်။a “ကာကွယ်ခြင်းသည် ကုသခြင်းထက် သာ၍ကောင်းသည်” ဟူသောအချက်သည် ကျန်းမာရေးနှင့်ပတ်သက်ရာတွင် မှန်ကန်လေ့ရှိသည်။

ပညာမဲ့သောဘဝပုံစံကြောင့် သန်းပေါင်းများစွာသောသူတို့သည် ဖျားနာ၍ အချိန်မတန်ဘဲသေဆုံးခဲ့ကြရသည်။ သောက်ကြူးခြင်း၊ လိင်အကျင့်ယိုယွင်းခြင်း၊ မူးယစ်ဆေးအလွဲသုံးခြင်းနှင့် ဆေးရွက်ကြီးသုံးစွဲခြင်းတို့သည် လူအများ၏ကျန်းမာရေးကို ထိခိုက်စေခဲ့ပြီ။ လူတစ်ဦးသည် ဤအကျင့်ဆိုးများကိုလိုက်စားပြီးနောက် ဖျားနာလာလျှင် တစ်စုံတစ်ဦးက သူ့ကိုပြုစားသောကြောင့် သို့မဟုတ် နာမ်ဝိညာဉ်၏တိုက်ခိုက်မှုခံခဲ့ရသောကြောင့်လော။ မဟုတ်ပါ။ သူ့အဖျားအနာသည် သူကိုယ်တိုင်ကြောင့်သာဖြစ်သည်။ နာမ်ဝိညာဉ်များကို အပြစ်တင်ခြင်းသည် ပညာမဲ့သောဘဝပုံစံကြောင့်ဖြစ်ခြင်းကို ဝန်မခံခြင်းဖြစ်ပါလိမ့်မည်။

မှန်ပါသည်၊ ကျွန်ုပ်တို့မထိန်းချုပ်နိုင်ကြသည့် အရာအချို့ရှိ၏။ ဥပမာ၊ ရောဂါဖြစ်ပွားစေသောပိုးမွှားများ သို့မဟုတ် ညစ်ညမ်းမှုတို့ကြောင့် ရောဂါကူးနိုင်သည်။ အိုမားဂျီခမျာ ထိုသို့ဖြစ်ခဲ့ရသည်။ ကလေးအဘယ်ကြောင့်ဝမ်းလျှောရသည်ကို သူ့မိခင်မသိခဲ့ပါ။ သူသည် အိမ်နှင့်ခြံဝင်းကို သန့်ရှင်းစွာထားပြီး အစားအစာမပြင်ဆင်မီ လက်ကိုအမြဲဆေးသောကြောင့် သူ့သားသမီးများမှာ အခြားကလေးများလောက် မဖျားနာတတ်ကြပါ။ သို့သော် ကလေးတိုင်းလိုလို တစ်ခါတစ်ရံဖျားနာတတ်ပါသည်။ ဇီဝဆိုင်ရာကူးစက်ပိုး ၂၅ မျိုးခန့်သည် ဝမ်းလျှောစေနိုင်သည်။ ဖြစ်နိုင်သည်မှာ အိုမားဂျီအား အဘယ်ကူးစက်ပိုးကဝမ်းလျှောစေကြောင်း မည်သူမျှသိလိမ့်မည်မဟုတ်ချေ။

ရေရှည်ဖြေရှင်းချက်

ဖျားနာခြင်းသည် ဘုရားသခင်ကြောင့်မဟုတ်ပါ။ “မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။” (ယာကုပ် ၁:၁၃) ယေဟောဝါအားဝတ်ပြုသူတစ်ဦး ဖျားနာလျှင် သူ့ကိုဝိညာဉ်ရေးအရ ကိုယ်တော်ထောက်မတော်မူ၏။ “သူသည် နာဖျား၍တုံးလုံးနေသောအခါ၊ ထာဝရဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်။” (ဆာလံ ၄၁:၃) မှန်ပါသည်၊ ဘုရားသခင်သည် ထောက်ထားစာနာတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုကူညီပေးရန် အလိုရှိ၏၊ ဖျားနာစေလိုသည်မဟုတ်။

အမှန်ဆိုလျှင် ဖျားနာမှုအတွက် ရေရှည်ဖြေရှင်းချက်—ယေရှု၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း—ကို ယေဟောဝါစီစဉ်ထားတော်မူပြီ။ ဖြောင့်မတ်သောသူတို့သည် ယေရှု၏ရွေးဖိုးပူဇော်သကာအားဖြင့် အပြစ်ရှိသည့်အခြေအနေမှ ရွေးနုတ်ခံရကာ နောက်ဆုံးတွင် မြေကြီးပရဒိသု၌ စုံလင်သောကျန်းမာရေးနှင့် ထာဝရအသက်ကိုရရှိကြပါလိမ့်မည်။ (မဿဲ ၅:၅; ယောဟန် ၃:၁၆) ယေရှု၏အံ့ဖွယ်အမှုများသည် ဘုရားသခင့်နိုင်ငံတော်တွင်ရှိမည့် ရောဂါတကယ်ပျောက်ကင်းချိန်၏ အကြိုမြင်ကွင်းဖြစ်ခဲ့သည်။ ဘုရားသခင်သည် စာတန်နှင့်သူ၏နတ်ဆိုးများကိုလည်း ဖယ်ရှားပစ်ပါလိမ့်မည်။ (ရောမ ၁၆:၂၀) အမှန်ဆိုလျှင် ယေဟောဝါသည် မိမိအားယုံကြည်ကြောင်းတင်ပြသူများအတွက် အံ့ဖွယ်ရာများကို သိုမှီးထားသည်။ ကျွန်ုပ်တို့စိတ်ရှည်၍ ခံနိုင်ရည်ရှိဖို့သာလိုသည်။

ဤအချိန်အတောအတွင်း ဘုရားသခင်သည် သမ္မာကျမ်းစာနှင့် သစ္စာရှိဝတ်ပြုသူများ၏ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအားဖြင့် လက်တွေ့ကျသောဉာဏ်ပညာနှင့် ဝိညာဉ်ရေးညွှန်ကြားမှုတို့ကိုပေးသနားတော်မူ၏။ ကျန်းမာရေးပြဿနာများဖြစ်စေသည့် အကျင့်ဆိုးများကို မည်သို့ရှောင်ရန် ကျွန်ုပ်တို့ကိုပြတော်မူသည်။ ထို့ပြင် ပြဿနာများပေါ်လာသည့်အခါ ကျွန်ုပ်တို့ကိုကူညီပေးမည့် မိတ်ဆွေစစ်များလည်းပေးထားသည်။

ယောဘအကြောင်း တစ်ဖန်ပြန်စဉ်းစားကြည့်ပါ။ မှော်ဆရာထံသို့သွားခြင်းသည် ယောဘပြုနိုင်ခဲ့သမျှတွင် အဆိုးဆုံးဖြစ်ခဲ့ပေမည်! ယင်းက ဘုရားသခင့်ကာကွယ်မှုကို သူမခံစားရတော့ဘဲ သူ၏အဖြစ်ဆိုးကိုကျော်လွှားပြီးနောက် ရရှိမည့်ကောင်းချီးအားလုံးကို ဆုံးရှုံးရစရာဖြစ်စေပေမည်။ ဘုရားသခင်သည် ယောဘကိုမမေ့လျော့ခဲ့ရာ ကျွန်ုပ်တို့ကိုလည်းမေ့လျော့မည်မဟုတ်ပါ။ “ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကိုလက်စသတ်တော်မူ . . . ကြောင်းကိုလည်း သိမြင်ရကြပြီ” ဟုတပည့်တော်ယာကုပ်ကဆိုသည်။ (ယာကုပ် ၅:၁၁) မည်သည့်အခါမျှ ကျွန်ုပ်တို့အရှုံးမပေးလျှင် အချိန်တန်သည့်အခါ ဘုရားသခင်ထံမှ အံ့ဖွယ်ကောင်းချီးများကို ကျွန်ုပ်တို့လည်း ခံစားရပါလိမ့်မည်။

အိုမားဂျီလေး မည်သို့ဖြစ်ခဲ့သနည်း။ သူ့မိခင်သည် ကင်းမျှော်စင်၏တွဲဖက်မဂ္ဂဇင်း နိုးလော့! တွင်ပါခဲ့သည့် ဓာတ်ဆားရည်တိုက်ကျွေးခြင်း ကုသနည်းအကြောင်းကို ပြန်သတိရခဲ့သည်။b ၎င်း၏ညွှန်ကြားမှုကိုလိုက်ကာ အိုမားဂျီကိုတိုက်ကျွေးရန် ဆေးရည်ဖျော်ပေးခဲ့သည်။ ယခု ထိုမိန်းကလေးမှာ ကျန်းမာပျော်ရွှင်လျက်ရှိသည်။

[အောက်ခြေမှတ်ချက်များ]

a သန်းပေါင်းငါးရာနီးပါးသောသူတို့မှာ ငှက်ဖျားရောဂါကူးစက်ခံရကြသည်။ ထိုရောဂါကြောင့် တစ်နှစ်လျှင်လူပေါင်းနှစ်သန်းခန့်သေဆုံးသည်၊ အများစုမှာ အာဖရိကမှဖြစ်သည်။

b နိုးလော့! စက်တင်ဘာ ၂၂၊ ၁၉၈၅၊ စာမျက်နှာ ၂၄-၅၊ [လိပ်] “အသက်ကယ်သည့် ဓာတ်ဆားရည်!” ရှု။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေဟောဝါသည်ဖျားနာမှုအမြဲမရှိစေရန်တည်မြဲသောဖြေရှင်းချက်ကို စီစဉ်ထား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ