သိလအားပေးရာရင်းမြစ်
ကနဦးခရစ်ယာန်သမိုင်းမှ သစ္စာရှိနယ်လှည့်ကြီးကြပ်မှူးများ၏ လုပ်ဆောင်မှုသည် ဘုရားသခင့်လူမျိုး၏အသင်းတော်များကို အားပေးရာတွင်လည်းကောင်း၊ ကမ္ဘာ့ဒေသအဝေးဆုံးနေရာများသို့ သတင်းကောင်းဖြန့်ချိရာတွင်လည်းကောင်း အလွန်အရေးပါခဲ့သည်။ အစောဆုံး ခန့်အပ်ခံရသည့်ကြီးကြပ်မှူးများတွင် ပရောဖက်တစ်ဦးလည်းဖြစ်၊ ယေရုရှလင်အသင်းတော်၏ ဦးဆောင်သူအသင်းသားတစ်ဦးလည်းဖြစ်သူ သိလပါဝင်သည်။ သူသည် ဟောပြောခြင်းလုပ်ငန်းတွင် အလွန်အရေးပါသောလုပ်ဆောင်ချက်များ၌ အဓိကကဏ္ဍမှပါဝင်ခဲ့သည့်အပြင် ဥရောပဒေသသို့ ဦးဆုံးဧဝံဂေလိဟောကြားခဲ့သည့် ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်ခဲ့သည်။ ယင်းတို့အားလုံးကို သိလပြုလုပ်နိုင်ရန် အဘယ်အရာက အရည်အချင်းအထူးပြည့်မီစေခဲ့သနည်း။ သူ၏ဥပဓိရုပ်မှ မည်သည့်စရိုက်များကို ကျွန်ုပ်တို့ကောင်းစွာတုပမည်နည်း။
အရေဖျားလှီးခြင်းအရေးကိစ္စ
စီ.အီး. ၄၉ ခန့်တွင် စိတ်ဝမ်းကွဲပြားစေသော အရေဖျားလှီးခြင်းအရေးကိစ္စ ပေါ်ပေါက်ခဲ့သောအခါ ယေရုရှလင်မြို့ရှိ အုပ်ချုပ်ရေးအဖွဲ့သည် ထိုအရေးကိစ္စကို ဖြေရှင်းရန် ခရစ်ယာန်များထံ ပြတ်သားသောညွှန်ကြားချက်ပေးဖို့လိုခဲ့၏။ အဆိုပါအခြေအနေများတွင် သိလွာနုဟုလည်းခေါ်သော သိလသည် သမ္မာကျမ်းစာမှတ်တမ်းတွင် ပေါ်လာသည်။ သူသည် “အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိပြည်တို့၌ရှိနေသော . . . ညီအစ်ကိုတို့” ထံ “တမန်တော်တို့နှင့်သင်းအုပ်တို့” ၏စီရင်ချက်ကို ပြောကြားရန် သူတို့၏တမန်အဖြစ် ထိုစဉ်ကရွေးချယ်ခံခဲ့ရသော ဆုံးဖြတ်ချက်ချနိုင်သူတစ်ဦးဖြစ်ပေမည်။ ဗာနဗ၊ ပေါလုတို့နှင့်အတူလိုက်ပါလာသော သိလနှင့်ယုဒ (ဗာရှဗ) တို့သည် သူတို့ယူဆောင်ခဲ့သောသတင်းကို အန္တိအုတ်မြို့တွင် ပေးပို့ခဲ့ကာ ယေရုရှလင်အစည်းအဝေးမှ အဖြစ်အပျက်များ၊ ဆုံးဖြတ်ချက်များနှင့် စာတွင်ပါရှိသည့်အကြောင်းအရာများကို နှုတ်ဖြင့်ပြောကြားခဲ့ကြောင်း ထင်ရှားသည်။ ထို့ပြင် သူတို့သည် “များစွာသောစကားနှင့် ညီအစ်ကိုတို့ကိုဆုံးမ [“အားပေး၊” ကဘ] ၍မြဲမြံခိုင်ခံ့စေကြ၏။” ပျော်ရွှင်ဖွယ်ရလဒ်မှာ အန္တိအုတ်မြို့ရှိ ခရစ်ယာန်များသည် “ဝမ်းမြောက်” ခဲ့ကြသည်။—တမန်တော် ၁၅:၁-၃၂။
ထိုသို့ဖြင့် သိလသည် ဤအခြေခံပြဿနာကို ဖြေရှင်းရာ၌ အရေးပါသောအပိုင်းကဏ္ဍတစ်ခုတွင် ပါဝင်ခဲ့သည်။ သို့ရာတွင် သူ၏တာဝန်မှာ မလွယ်ကူခဲ့ချေ။ အန္တိအုတ်အသင်းတော်ကအဆိုပါဆုံးဖြတ်ချက်ကို မည်သို့တုံ့ပြန်မည်အကြောင်း မသိရှိနိုင်ခဲ့ပါ။ ထိုသို့ဖြင့် “တမန်တော်များရေးသားခဲ့သော စာပါအကြောင်းအရာကို အသေးစိတ်ရှင်းလင်းတင်ပြရန် အတော်အတန်ပညာရှိပြီး လိမ္မာပါးနပ်သူတစ်ဦး လိုအပ်ခဲ့သည်” ဟုမှတ်ချက်ချသူတစ်ဦးက သတိပြုမိသည်။ ဤသိမ်မွေ့သောတာဝန်ကိုထမ်းဆောင်ရန် သိလအား ရွေးချယ်ခဲ့ခြင်းက သူသည်မည်သို့သောလူစားမျိုးဖြစ်ခဲ့သည်နှင့်ပတ်သက်၍ တစ်စုံတစ်ရာကိုဖော်ပြ၏။ အုပ်ချုပ်ရေးအဖွဲ့၏ညွှန်ကြားချက်များကို သစ္စာရှိစွာကိုယ်စားပြုမည်ဟု သူ့အား အားကိုးနိုင်ခဲ့သည်။ အသင်းတော်သည် အငြင်းပွားမှုအန္တရာယ်ကြုံတွေ့ခဲ့သောအခါ သူသည် သင့်မြတ်အောင်ပြုလုပ်ပေးနိုင်သည့် ပညာရှိကြီးကြပ်မှူးတစ်ဦးလည်း ဖြစ်ရမည်။
ပေါလုနှင့်ခရီးစဉ်
သိလသည် ထိုတာဝန်ကိုထမ်းဆောင်ပြီးနောက် ယေရုရှလင်သို့ ပြန်လာမလာ မသေချာပါ။ မည်သို့ပင်ဖြစ်ပါစေ၊ ပေါလု၏ပထမသာသနာပြုခရီးစဉ်အတွင်း ဟောပြောခဲ့သည့် မြို့များကို ပြန်လည်ပတ်ရန် အစောက ရည်ရွယ်ခဲ့သည့်အတိုင်း ခရီးစဉ်အသစ်ထွက်ဖို့ ပေါလုသည် ယောဟန်မာကုနှင့်ပတ်သက်၍ ဗာနဗနှင့်သဘောထားကွဲလွဲခဲ့ရာ ထိုအချိန်၌ အန္တိအုတ်မြို့တွင်ရှိနေသော သိလကို ရွေးချယ်ခေါ်သွားခဲ့သည်။—တမန်တော် ၁၅:၃၆-၄၁။
သိလကို ရွေးချယ်ခဲ့ခြင်းသည် တိုင်းတစ်ပါးတာဝန်အပေါ် သူ၏အပြုသဘောပါစိတ်ထား၊ ပရောဖက်တစ်ဦးအနေနှင့် သူ၏အခွင့်အာဏာ၊ အုပ်ချုပ်ရေးအဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေဖြင့် ရှုရိနှင့်ကိလိကိရှိယုံကြည်သူများထံ သူတို့၏ဆုံးဖြတ်ချက်များကို ပေးပို့ရာတွင် အထောက်အကူရနိုင်သောကြောင့်ဖြစ်ပေမည်။ အကျိုးရလဒ်များကား အလွန်ကောင်းမွန်ခဲ့၏။ တမန်တော်ဝတ္ထုက ဤသို့ဖော်ပြသည်– “သူတို့သည် မြို့များကိုလျှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌နေသော တမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင့်ဖို့ရာ အပ်ပေးကြ၏။ ထိုသို့ အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့တိုးပွားများပြားကြ၏။”—တမန်တော် ၁၆:၄၊ ၅။
ထိုသာသနာပြုများသည် ခရီးသွားနေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က သူတို့ရာထားသောခရီးစဉ်မှ နှစ်ကြိမ်တိုင်လမ်းလွှဲစေခဲ့သည်။ (တမန်တော် ၁၆:၆၊ ၇) သူတို့ခရီးလှည့်နေစဉ် တိမောသေနှင့်ပတ်သက်၍ အသေးစိတ်မဖော်ပြသော “ပရောဖက်စကားများ” ကြားပြီးနောက် လုတ္တရမြို့တွင် သူ့အားလိုက်ပါစေခဲ့၏။ (၁ တိမောသေ ၁:၁၈; ၄:၁၄၊ သမ္မာ) ပရောဖက်ပြုနိုင်စွမ်းကိုလည်းရရှိထားသော ပေါလုသည် အဆင်းအာရုံတစ်ခုကိုမြင်ပြီးနောက် နယ်လှည့်အဖော်များနှင့်အတူ ဥရောပတွင်ရှိ၊ မာကေဒေါနိသို့ ရွက်လွှင့်ရန် ညွှန်ကြားခံခဲ့ရသည်။—တမန်တော် ၁၆:၉၊ ၁၀။
အရိုက်ခံရပြီး အကျဉ်းချခံရ
သိလသည် မေ့မရသောတုန်လှုပ်ချောက်ချားဖွယ် တွေ့ကြုံမှုတစ်ခုကို ထိုခရိုင်၏ “အဓိကမြို့ဖြစ်သော” ဖိလိပ္ပိမြို့တွင်ကြုံခဲ့၏။ ပေါလုသည် နတ်ဆိုးစွဲနေသော အစေခံမိန်းကလေးထဲမှ နတ်ဆိုးကိုနှင်ထုတ်ပြီးနောက် ငွေဝင်လမ်းပိတ်သွားကြောင်း မိန်းကလေး၏အလုပ်ရှင်များက သိမြင်၍ သိလနှင့်ပေါလုကို မြို့ဝန်မင်းများထံသို့ ဆွဲခေါ်သွားခဲ့ကြသည်။ ထိုအခါ သူတို့နှစ်ဦးသည် ဒုစရိုက်ကောင်များအဖြစ် အပေါ်ဝတ်ရုံများအချွတ်ခံရပြီး ဈေး၌ကြိမ်လုံးနှင့်အရိုက်ခံရခြင်းဖြင့် လူအများရှေ့ အရှက်ခွဲခံခဲ့ကြရသည်။—တမန်တော် ၁၆:၁၂၊ ၁၆-၂၂။
ဤသို့ပြင်းစွာရိုက်နှက်ခြင်းသည် ခံနိုင်ရည်ပျောက်စေနိုင်သည့် ကြောက်မက်ဖွယ်ပြစ်ဒဏ်များဖြစ်ရုံမက ပေါလုနှင့်သိလ၏အမှုတွင် တရားလည်းမဝင်ခဲ့ပါ။ အဘယ်ကြောင့်နည်း။ ရောမဥပဒေအရ အဘယ်ရောမနိုင်ငံသားကိုမဆို ရိုက်ခွင့်မရှိချေ။ ပေါလုသည် ရောမနိုင်ငံသားဖြစ်သကဲ့သို့ သိလသည်လည်း ထို့အတူဖြစ်ခဲ့ပေမည်။ “ဒဏ်ချက်များ” စွာအရိုက်ခံရပြီးနောက် ပေါလုနှင့်သိလတို့ကို ထောင်ထဲတွင် ခြေထိတ်ခတ်၍ လှောင်ထားခဲ့ကြသည်။ ယင်းသည် “အကျဉ်းသားများ အိပ်မရအောင် သူတို့၏ခြေများကို ကားထားသည့် ရက်စက်သောဒဏ်ပေးနည်း” ဖြစ်ကြောင်း ဂူစတပ်ဗ် စတာလီန်ကရှင်းပြသည်။ သို့တိုင် ကျောတွင် ပြင်းထန်သည့်ဒဏ်ရာများပြည့်နှက်နေမည်မှာသေချာသော ပေါလုနှင့်သိလတို့သည် သန်းခေါင်ယံအချိန်၌ “[ဆုတောင်း] ၍ဘုရားသခင်ကို ချီးမွမ်းလျက်သီချင်းဆိုလေ၏။”—တမန်တော် ၁၆:၂၃-၂၅။
ယင်းက သိလ၏ပင်ကိုစရိုက်နှင့်ပတ်သက်၍ အခြားအရာတစ်ခုကို ကျွန်ုပ်တို့အား သိရှိစေသည်။ ခရစ်တော်၏နာမအတွက် သူတို့ ဒုက္ခခံနေရသောကြောင့် သူရွှင်လန်းခဲ့သည်။ (မဿဲ ၅:၁၁၊ ၁၂; ၂၄:၉) ထပ်တူစိတ်ဓာတ်မျိုးက အန္တိအုတ်တာဝန်မထမ်းဆောင်မီတွင် သိလနှင့်သူ၏အလုပ်ဖော်များ အသင်းတော်ကို အားပေးတည်ဆောက်ခဲ့ရာတွင် ထိရောက်စေခဲ့ရာဖြစ်ကြောင်းထင်ရှားပြီး ခရစ်ယာန်ချင်းများကို ဝမ်းမြောက်စေခဲ့၏။ ငလျင်လှုပ်ခဲ့ခြင်းကြောင့် ထောင်မှအံ့ဖွယ်နည်းဖြင့် လွတ်မြောက်ခဲ့၍ ကိုယ့်ကိုယ်ကိုသတ်သေလိုသည့်ထောင်မှူးနှင့် သူ၏မိသားစုကို ဘုရားသခင်အား ယုံကြည်လာအောင် ကူညီပေးနိုင်ခဲ့သောအခါ ပေါလုနှင့်သိလတို့၏ပျော်ရွှင်မှုသည် တိုးများလာခဲ့ပေမည်။—တမန်တော် ၁၆:၂၆-၃၄။
ကြိမ်လုံးဖြင့်အရိုက်ခံရခြင်းနှင့် အကျဉ်းချခံရခြင်းတို့က ပေါလုကိုလည်းကောင်း၊ သိလကိုလည်းကောင်း ကြောက်လန့်မသွားစေခဲ့ပါ။ သူတို့ကို လွှတ်လိုက်ရန်အကြောင်းကြားသောအခါ မြို့ဝန်မင်းများ မျှော်လင့်ခဲ့သည့်အတိုင်း ဖိလိပ္ပိမြို့မှ ရှက်ဖွယ်တိတ်တဆိတ်ထွက်ခွာသွားရန် သူတို့ငြင်းဆန်ခဲ့၏။ သူတို့သည် အလျှော့မပေးဘဲမောက်မာပြီး နိုင်လိုမင်းထက်ပြုလုပ်သော ထိုအရာရှိများကို ကိုယ့်အမှုကိုယ်ပြန်ပတ်စေခဲ့သည်။ “ရောမလူဖြစ်သောငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှားစွာရိုက်၍ ထောင်ထဲမှာလှောင်ထားပြီးမှ၊ တိတ်ဆိတ်စွာ နှင်ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကိုနုတ်ယူကြစေ” ဟူ၍ပေါလုပြောခဲ့သည်။ ဖြစ်ပေါ်လာမည့်အကျိုးဆက်ကိုစိုးရိမ်ပြီး သူတို့နှစ်ဦးကို ထိုမြို့မှထွက်ခွာသွားကြဖို့ မြို့ဝန်မင်းများကိုယ်တိုင် တောင်းပန်ခဲ့ကြသည်။—တမန်တော် ၁၆:၃၅-၃၉။
ပေါလုနှင့်သိလတို့သည် ရောမများအဖြစ် မိမိတို့၏ရပိုင်ခွင့်များကို အာဏာပိုင်များအား စွဲမှတ်စေပြီးနောက် မြို့ဝန်မင်းများ မှာကြားသည့်အတိုင်းမပြုမီ မိမိတို့၏မိတ်ဆွေများကို လိုက်လံနှုတ်ဆက်ခဲ့သည်။ ယခုလောက်တွင် ဟောပြောခြင်းခရီးစဉ်တစ်ခုလုံး၏ ထင်ရှားသည့်အမှတ်လက္ခဏာဖြစ်သောအချက်နှင့်အညီ သိလနှင့်သူ၏အလုပ်ဖော်သည် ညီအစ်ကိုများကို နောက်ထပ်တစ်ဖန် “တိုက်တွန်းနှိုးဆော်ပြီးမှ” ထွက်ခွာသွားခဲ့ကြ၏။—တမန်တော် ၁၆:၄၀၊ သမ္မာ။
မာကေဒေါနိမှ ဗာဗုလုန်သို့
ပေါလု၊ သိလနှင့် သူတို့၏အလုပ်ဖော်များသည် အပြုသဘောမဆောင်သော ထိုအတွေ့အကြုံကြောင့် စိတ်ဓာတ်မကျဘဲ သာသနာပြုလယ်ကွင်းအသစ်များသို့ ဆက်ထွက်ခွာခဲ့သည်။ သက်သာလောနိတ်မြို့တွင် သူတို့သည် အခက်အခဲများကို နောက်ထပ်ရင်ဆိုင်ခဲ့ကြရ၏။ ဥပုသ်သုံးခုကျော်ကာလအတွင်း ဓမ္မအမှုတွင် ပေါလု၏အောင်မြင်မှုကြောင့် မနာလိုဝန်တိုဖြစ်နေသောအတိုက်အခံပြုသူများသည် လူအုပ်ကို သွေးထိုးလှုံ့ဆော်ခဲ့သည့်အတွက် သာသနာပြုများ ထိုမြို့မှညတွင်းချင်း ထွက်ခွာခဲ့ကြခြင်းမှာ ပညာရှိရာကျခဲ့သည်။ သူတို့သည် ဗေရိမြို့သို့ ခရီးဆက်ခဲ့ကြသည်။ ထိုမြို့တွင် ပေါလုနှင့်သူ၏အလုပ်ဖော်များ၏ အောင်မြင်မှုများအကြောင်း အတိုက်အခံပြုသူများကြားသိကြသောအခါ သက်သာလောနိတ်မြို့မှ ရောက်ရှိလာခဲ့ကြသည်။ သိလနှင့်တိမောသေတို့သည် စိတ်ဝင်စားခါစလူတစ်စုကို ကြည့်ရှုရန် ဗေရိမြို့တွင် နေရစ်ခဲ့၍ ပေါလုတစ်ယောက်တည်း ခရီးဆက်ထွက်ခဲ့သည်။ (တမန်တော် ၁၇:၁-၁၅) သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်ရှိ သစ္စာရှိမိတ်ဆွေများထံမှ သတင်းကောင်းနှင့် ပါလာဖွယ်သောလက်ဆောင်နှင့်အတူ ကောရိန္သုမြို့တွင် ပေါလုနှင့်ပြန်လည်တွေ့ဆုံခဲ့၏။ ယင်းကြောင့် ချို့တဲ့နေသော တမန်တော်သည် လတ်တလောလုပ်ဆောင်နေရသည့် ဝမ်းစာရှာလုပ်ငန်းကို ရပ်တန့်၍ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းကို အားတက်သရောပြန်လည်လုပ်ဆောင်နိုင်ခဲ့၏။ (တမန်တော် ၁၈:၁-၅; ၂ ကောရိန္သု ၁၁:၉) ကောရိန္သုမြို့တွင် သိလနှင့်တိမောသေတို့ကို ဧဝံဂေလိဟောပြောသူများနှင့် ပေါလု၏အလုပ်ဖော်များဟုလည်း ခေါ်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းမြို့တွင် သူတို့၏လုပ်ဆောင်မှုအရှိန် မလျော့ခဲ့သည်မှာ ထင်ရှားပါသည်။—၂ ကောရိန္သု ၁:၁၉။
ဤအချိန်ပိုင်းတွင် သက်သာလောနိတ်မြို့သားများထံ ကောရိန္သုမြို့မှရေးခဲ့သော စာနှစ်စောင်စလုံး၌ “ငါတို့” ဟူသောနာမ်စားကို အသုံးပြုခြင်းက သိလနှင့်တိမောသေသည် ရေးသားမှုတွင်ပံ့ပိုးခဲ့ကြောင်း အဓိပ္ပာယ်ရသည်။ သို့သော် သိလသည် ကျမ်းရေးခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့သည်ဟုယူဆရခြင်းမှာ မိမိကိုယ်နှိုက်၏စာများမှတစ်စောင်နှင့်ပတ်သက်၍ ပေတရု၏အဆိုအပေါ် အထူးသဖြင့်မူတည်ပါသည်။ ပေတရုက မိမိသည် “သစ္စာရှိသောညီအစ်ကို သိလွာနုလက်ဖြင့်” မိမိ၏ပထမစာစောင်ကို ဗာဗုလုန်မှရေးသည်ဟူ၍ဖော်ပြ၏။ (၁ ပေတရု ၅:၁၂၊ ၁၃) ယင်းက သိလွာနုသည် သတင်းသယ်ဆောင်သူဟု ဆိုလိုခြင်းမျှဖြစ်နိုင်သော်လည်း ပေတရုစာနှစ်စောင်၏ ရေးသားသည့်ပုံစံကွဲပြားမှုက သူ၏ဒုတိယစာစောင်ကိုမဟုတ်ဘဲ ပထမစာစောင်ကိုရေးသားရန် သိလအား အသုံးပြုခဲ့ကြောင်းဖော်ပြပေမည်။ ထိုသို့ဖြင့် သိလ၏ပင်ကိုစွမ်းရည်များနှင့် သီအိုကရက်တစ်အခွင့်အရေးများစွာအနက် နောက်တစ်ခုမှာ အတွင်းရေးမှူးဖြစ်နိုင်ဖွယ်ရှိခဲ့၏။
တုပထိုက်သော ပုံသက်သေတစ်ခု
သိလပြုလုပ်ခဲ့ရာများကို ကျွန်ုပ်တို့သိရှိထားသော အရှိအတိုင်းဆင်ခြင်သုံးသပ်ကြည့်သောအခါ သူ၏မှတ်တမ်းသည် စွဲမှတ်ဖွယ်ဖြစ်သည်။ သူသည် မျက်မှောက်ခေတ် သာသနာပြုများနှင့် နယ်လှည့်ကြီးကြပ်မှူးများအတွက် အလွန်ကောင်းသောပုံသက်သေဖြစ်သည်။ မိမိအကျိုးအမြတ်အတွက် သို့မဟုတ် မိမိဂုဏ်သိက္ခာအတွက်မဟုတ်ဘဲ အခြားသူများကိုကူညီပေးရန်အတွက် စရိတ်စကများစွာကုန်ကျခံပြီး ဝေးလံသောခရီးကို ကိုယ်ကျိုးစွန့်သွားရောက်ခဲ့၏။ သူ၏ရည်ရွယ်ချက်မှာ ပညာရှိပြီးလိမ္မာပါးနပ်သောဆုံးမစကား၊ ကောင်းစွာပြင်ဆင်ထားပြီး နွေးထွေးမှုရှိသောဟောပြောချက်များသာမက လယ်ကွင်းဓမ္မအမှုတွင် သူ၏ဇွဲကိုတင်ပြခြင်းဖြင့် အားပေးတိုက်တွန်းရန်ဖြစ်ခဲ့သည်။ ယေဟောဝါဖွဲ့စည်းထားသောလူမျိုးအလယ်တွင် သင်၏အခန်းကဏ္ဍသည်မည်သို့ပင်ရှိစေကာမူ အပြုသဘောဖြင့်—အခက်အခဲရင်ဆိုင်တွေ့ကြုံရစေကာမူ—အလားတူကြိုးစားလုပ်ကိုင်မည်ဆိုလျှင် အသင်လည်း ယုံကြည်သူချင်းများကို အားပေးရာရင်းမြစ်ဖြစ်ပေမည်။
[စာမျက်နှာ ၂၉ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ပေါလု၏ဒုတိယသာသနာပြုခရီးစဉ်
မြေထဲပင်လယ်
အန္တိအုတ်မြို့
ဒေရဗေမြို့
လုတ္တရမြို့
ဣကောနိမြို့
တရောမြို့
ဖိလိပ္ပိမြို့
အံဖိပေါလိမြို့
သက်သာလောနိတ်မြို့
ဗေရိမြို့
အာသင်မြို့
ကောရိန္သုမြို့
ဧဖက်မြို့
ယေရုရှလင်မြို့
ကဲသရိမြို့
[Credit Line]
Mountain High Maps® Copyright © 1997 Digital Wisdom, Inc.