ဖတ်ရှုခြင်းတွင် လုံ့လထုတ်ပါ
သင်ယခုလုပ်နေသည့်အရာကို တိရစ္ဆာန်များမလုပ်နိုင်ကြပါ။ လူ ၆ ယောက်တွင် တစ် ယောက်သည် စာမဖတ်တတ်ပေ—များသောအားဖြင့် ကျောင်းမတက်ခဲ့ရသောကြောင့်—နှင့် ကျောင်းတက်ခဲ့ရသူအများစုသည်လည်း မှန်မှန် စာမဖတ်သောကြောင့် ဖြစ်သည်။ သို့တိုင် ပုံနှိပ်စာရွက်ကိုဖတ်နိုင်သည့် သင့်စွမ်းရည်က တိုင်းတစ်ပါးသို့ခရီးဆန့်ရန်၊ သင့်ဘဝကိုတိုးမြှင့်စေနိုင်သည့်လူများနှင့်တွေ့ဆုံရန်၊ အသက်တာ၏စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် သင့်အားထောက်ကူမည့် လက်တွေ့ကျအသိပညာကိုရရှိရန် ဤနည်းဖြင့် အခွင့်ရစေသည်။
သင့်ရင်သွေးတို့ကို သင်ဖတ်ပြသည့်အရာက သူတို့ဥပဓိရုပ်များကိုပုံသွင်းပေးနိုင်
လူငယ်တစ်ဦး ကျောင်းနေစဉ် မည်မျှအကျိုးရရှိခြင်းဟူသည် သူ၏စာဖတ်စွမ်းရည်အပေါ် တည်နေသည်။ သူအလုပ်ရှာဖွေသောအခါ သူ၏စာဖတ်ခြင်းစွမ်းရည်က သူရရှိနိုင်သည့်အလုပ်အမျိုးအစားနှင့် အသက်ရှင်နေထိုင်ဖို့ သူအလုပ်လုပ်ရမည့်အချိန်နာရီများပေါ် ဩဇာသက်ရောက်နိုင်သည်။ စာကောင်းကောင်းဖတ်တတ်သည့် အိမ်ထောင်ရှင်မများသည် သင့်လျော်သောအာဟာရ၊ တစ်ကိုယ်ရေကျန်းမာရေးနှင့် ဖျားနာမှုကို ကြိုတင်ကာကွယ်ခြင်းတို့နှင့်စပ်လျဉ်း၍ မိမိတို့၏မိသားစုကို သာ၍ကောင်းစွာဂရုစိုက်နိုင်ကြသည်။ စာဖတ်ကောင်းသောမိခင်များသည်လည်း မိမိတို့သားသမီးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ် အလွန်ကောင်းသောသြဇာ သက်ရောက်စေနိုင်ပေမည်။
အမှန်တွင် စာဖတ်ခြင်းမှရသည့် အကြီးမားဆုံးသော အကျိုးကျေးဇူးမှာ ‘ဘုရားသခင်ကိုသိသောဉာဏ်နှင့်ပြည့်စုံ’ ရန် သင့်အား ယင်းကစွမ်းဆောင်နိုင်ခြင်းဖြစ်သည်။ (သု. ၂:၅) ဘုရားသခင်အား ကျွန်ုပ်တို့ဝတ်ပြုပုံဝတ်ပြုနည်းအများစုသည် စာဖတ်စွမ်းရည်နှင့်ပတ်သက်သည်။ အသင်းတော်အစည်းအဝေးများတွင် ကျမ်းစာစောင်များနှင့် ကျမ်းစာအခြေပြုစာပေများကို ဖတ်ရှုကြသည်။ သင့်စာဖတ်ပုံက လယ်ကွင်းဓမ္မအမှုတွင် သင်၏ထိရောက်မှုကို အကြီးအကျယ်အကျိုးသက်ရောက်သည်။ ထို့ပြင် ဤလုပ်ဆောင်မှုများအတွက်ပြင်ဆင်ရာတွင် စာဖတ်ရသည်။ ထိုအကြောင်းကြောင့် သင်၏ဝိညာဏကြီးထွားမှုသည် သင်၏စာဖတ်ခြင်းအလေ့အထများပေါ်တွင် အကြီးအကျယ်မူတည်သည်။
အခွင့်အရေးကိုကောင်းစွာအသုံးပြုပါ
သင့်ဖတ်ရှုခြင်းအလေ့အထများသည် သင့်ဝိညာဉ်ရေးကြီးထွားမှုကို ဩဇာညောင်း
ဘုရားသခင့်နည်းလမ်းတော်များကို သင်ယူနေကြသည့်အချို့သောသူများသည် ပညာရေးအကန့်အသတ်သာရှိသည်။ သူတို့သည် မိမိတို့၏ဝိညာဉ်ရေးတိုးတက်မှုကို တိုးတက်စေရန် စာဖတ်သင်ရန်လိုအပ်ပေမည်။ သို့မဟုတ် သူတို့၏စာဖတ်စွမ်းရည်များကို တိုးတက်စေရာတွင် ပုဂ္ဂိုလ်ရေးအကူအညီလိုအပ်ပေမည်။ ဒေသတွင်းလိုအပ်နေသည့်နေရာတွင် အသင်းတော်များသည် ဖတ်တတ်ရေးတတ်ရန် ကိုယ်တိုင်လုံ့လထုတ်ဟူသည့် အသင်းမထုတ်စာပေကိုအခြေခံသည့် အရေးအဖတ်သင်တန်းကို ဖွဲ့စည်းရန်ကြိုးပမ်းကြသည်။ ထောင်ပေါင်းများစွာသောသူတို့သည် ဤပြင်ဆင်ပေးမှုမှ များစွာအကျိုးရရှိခဲ့ကြသည်။ ကောင်းမွန်စွာဖတ်နိုင်ခြင်း၏ အရေးကြီးမှုကြောင့် အချို့အသင်းတော်များသည် စာဖတ်ခြင်းတိုးတက်မှုသင်တန်းများအတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့်အတူ ပူးတွဲကျင်းပရန်စီစဉ်ကြသည်။ ထိုသို့သောသင်တန်းများမရနိုင်သောနေရာတွင်ပင် လူတစ်ဦးသည် တစ်နေ့လျှင်အသံကျယ်ကျယ်ဖတ်ရန် အချိန်အနည်းငယ်ယူခြင်းနှင့် ကျောင်းတွင် မှန်မှန်တက်ရောက်၍ပါဝင်ခြင်းတို့အားဖြင့် ကောင်းစွာတိုးတက်မှုပြုလုပ်နိုင်သည်။
ဝမ်းနည်းစရာမှာ ရုပ်ပြစာပေများနှင့် ရုပ်မြင်သံကြားအပါအဝင် စသည်တို့က လူအများအား စာဖတ်ခြင်းကို ဘေးဖယ်ပစ်လိုက်စေသည်။ ရုပ်မြင်သံကြားကြည့်ရှုခြင်းနှင့် စာဖတ်နည်းခြင်းတို့သည် လူတစ်ဦး၏စာဖတ်စွမ်းရည်၊ တွေးတောနိုင်စွမ်း၊ ရှင်းရှင်းလင်းလင်း ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် မိမိကိုယ်တိုင်ပြောပြနိုင်စွမ်းတို့၏ဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်သည်။
ကျမ်းစာကိုနားလည်ရန် ကျွန်ုပ်တို့အားကူညီပေးသည့်စာပေများကို “သစ္စာနှင့်သတိပညာရှိသောကျွန်” ကစီမံပေးသည်။ ယင်းတို့က အလွန်အရေးပါသော ဝိညာဉ်ရေးကိစ္စရပ်များဆိုင်ရာ အချက်အလက်အဖြာဖြာကို အသင့်ရရှိစေနိုင်သည်။ (မ. ၂၄:၄၅၊ သမ; ၁ ကော. ၂:၁၂၊ ၁၃) ယင်းတို့သည် အရေးကြီးသော ကမ္ဘာ့ဖြစ်ရပ်များ၊ ယင်းဖြစ်ရပ်တို့၏အဓိပ္ပာယ်တို့ကို ကျွန်ုပ်တို့အား အချိန်မီသိရှိစေသည်၊ သဘာဝလောကကြီးနှင့်အကျွမ်းတဝင်ရှိလာရန် ကျွန်ုပ်တို့အားကူညီသည်၊ ကျွန်ုပ်တို့အား စိုးရိမ်မကင်းဖြစ်စေသည့်ကိစ္စရပ်များအတွက် ရင်ဆိုင်ဖြေရှင်းနည်းများကို သင်ကြားပေးသည်။ ထိုထက်ကား ဘုရားသခင်လက်ခံနိုင်ပြီး ကိုယ်တော့်မျက်နှာသာရရန် မည်သို့ဝတ်ပြုရမည်ကို ယင်းတို့က အာရုံစူးစိုက်စေသည်။ ထိုသို့သောအကျိုးပြုသည့်ဖတ်ရှုခြင်းက သင့်အား ဝိညာဉ်ရေးစိတ်ထက်သန်သူတစ်ဦးအဖြစ် ကြီးထွားစေရန်ကူညီမည်ဖြစ်သည်။
ကောင်းမွန်စွာဖတ်နိုင်သည့်စွမ်းရည်သည် ၎င်းကိုယ်နှိုက်အနေဖြင့် မွန်မြတ်သောအရာမဟုတ်သည်မှာ မှန်ပါသည်။ ဤအစွမ်းကို သင့်လျော်သည့်နည်းဖြင့် အသုံးပြုဖို့လိုအပ်ပေသည်။ စာဖတ်ခြင်းသည် အစာစားခြင်းကဲ့သို့ပင် စိစစ်ရွေးချယ်မှုပြုရမည်ဖြစ်သည်။ အမှန်ပင်အာဟာရမဖြစ်သည့်အစားအစာ သို့မဟုတ် သင့်ကို အဆိပ်အတောက်ပင်ဖြစ်စေနိုင်သည့် အစားအစာကို အဘယ်ကြောင့်စားသုံးရမည်နည်း။ ထိုနည်းထပ်တူ စိတ်နှလုံးကိုယိုယွင်းပျက်စီးစေနိုင်သည့် အကြောင်းအရာကို အမှတ်မထင်ပင် အဘယ်ကြောင့်ဖတ်မည်နည်း။ ကျွန်ုပ်တို့ဖတ်မည့်အကြောင်းအရာကို ရွေးချယ်ရာ၌ သမ္မာကျမ်းစာစံနှုန်းအတိုင်း လိုက်သင့်သည်။ သင်ဖတ်မည့်အရာကိုမဆုံးဖြတ်မီ ဒေသနာ ၁၂:၁၂၊ ၁၃; ဧဖက် ၄:၂၂-၂၄; ၅:၃၊ ၄; ဖိလိပ္ပိ ၄:၈; ကောလောသဲ ၂:၈; ၁ ယောဟန် ၂:၁၅-၁၇; နှင့် ၃ ယောဟန် ၁၀ ကဲ့သို့သော ကျမ်းစာစောင်များကို စိတ်တွင်မှတ်ထားပါ။
လျောက်ပတ်သော ရည်ရွယ်ချက်ဖြင့်ဖတ်ပါ
လျောက်ပတ်သော ရည်ရွယ်ချက်ဖြင့်ဖတ်ခြင်း၏ အရေးပါမှုသည် ခရစ်ဝင်ကျမ်းမှတ်တမ်းများကို ဆန်းစစ်လေ့လာကြည့်သည့်အခါ ရှင်းလင်းလာသည်။ ဥပမာ၊ မဿဲခရစ်ဝင်ကျမ်းတွင် ယေရှုသည် ကျမ်းတတ်ဘာသာရေးခေါင်းဆောင်များအား သူတို့၏စဉ်းလဲသောမေးခွန်းများကို ကျမ်းဆိုင်ရာထဲမှ အဖြေများမပေးမီ “မဖတ်ဖူးသလော” နှင့် “သင်တို့သည် တစ်ရံတစ်ခါမျှမဖတ်ဖူးသလော” ကဲ့သို့သောမေးခွန်းများဖြင့် မေးခွန်းထုတ်ခဲ့သည်။ (မ. ၁၂:၃၊ ၅; ၁၉:၄; ၂၁:၁၆၊ ၄၂; ၂၂:၃၁) ယင်းမှ ကျွန်ုပ်တို့ရရှိသည့်သင်ခန်းစာတစ်ခုမှာ ကျွန်ုပ်တို့၏စာဖတ်ခြင်းရည်ရွယ်ချက်သည် မလျောက်ပတ်ပါက မမှန်ကန်သည့်ကောက်ချက်များကို ဆွဲထုတ်တတ်ခြင်း သို့မဟုတ် အဓိကအချက်အလက်ကို လုံးလုံးမသိခြင်း ဖြစ်သွားနိုင်သည်။ ဖာရိရှဲတို့ ကျမ်းစာစောင်များကိုဖတ်ကြခြင်းမှာ ယင်းတို့အားဖြင့် သူတို့ထာဝရအသက်ရမည်ဟု ထင်မှတ်သောကြောင့်ဖြစ်သည်။ ယေရှုထောက်ပြသကဲ့သို့ ဘုရားသခင်ကိုမချစ်၊ ကိုယ်တော့်ကယ်တင်ခြင်းနည်းလမ်းကိုလည်း လက်မခံကြသောသူတို့သည် ထိုဆုကျေးဇူးကို ပေးအပ်ခြင်းမခံရပေ။ (ယော. ၅:၃၉-၄၃) ဖာရိရှဲတို့၏ရည်မှန်းချက်များမှာ ကိုယ်ကျိုးအတွက်ဖြစ်သည်; ထို့ကြောင့် သူတို့အများစု၏ကောက်ချက်များမှာ မှားယွင်းနေသည်။
ကိုယ်တော့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့ဖတ်ရှုရသည့် အမှန်ကန်ဆုံးအကြောင်းရင်းမှာ ယေဟောဝါကိုချစ်၍ဖြစ်သည်။ မေတ္တာသည် “သမ္မာတရား၌ဝမ်းမြောက်တတ်” သည့်အတွက် ထိုသို့သောမေတ္တာက ဘုရားသခင့်အလိုတော်ကိုသင်ယူရန် ကျွန်ုပ်တို့အားလှုံ့ဆော်ပေးသည်။ (၁ ကော. ၁၃:၆) ယခင်က ကျွန်ုပ်တို့သည် စာဖတ်ခြင်းကိုမနှစ်သက်ခဲ့လျှင်ပင် ကျွန်ုပ်တို့သည် “စိတ်နှလုံးအကြွင်းမဲ့” နှင့် ယေဟောဝါကိုချစ်ခြင်းက ဘုရားသခင်နှင့်ပတ်သက်သည့်အသိပညာကို အားတက်သရောရယူဖို့ ကျွန်ုပ်တို့၏စိတ်ကို လှုံ့ဆော်စေမည်။ (မ. ၂၂:၃၇) မေတ္တာသည် စိတ်ဝင်စားမှုကိုနှိုးထစေပြီး စိတ်ဝင်စားမှုက သင်ယူခြင်းကို လှုံ့ဆော်ပေးသည်။
ဖတ်ရှုနှုန်းကို သုံးသပ်ပါ
ဖတ်ရှုခြင်းသည် မှတ်မိသိရှိမှုနှင့်ဒွန်တွဲနေသည်။ ယခုလောလောဆယ် သင်ဖတ်ရှုနေချိန်တွင်ပင် သင်သည် စကားလုံးများကိုမှတ်မိသိရှိနေကာ သူတို့၏အဓိပ္ပာယ်ကိုသတိရနေသည်။ အကယ်၍ သင်သည် မှတ်မိသိရှိမှုနယ်ပယ်ကို တိုးချဲ့လိုက်လျှင် သင်၏ဖတ်ရှုနှုန်းကို တိုးမြှင့်နိုင်သည်။ စကားလုံးတစ်လုံးချင်းစီတိုင်းကိုကြည့်ရန် ရပ်မည့်အစား တစ်ကြိမ်တွင် စကားလုံးပေါင်းများစွာကို တွဲကြည့်ရန်ကြိုးစားပါ။ ဤအရည်အသွေးကို သင်ပြုစုပျိုးထောင်ပေးသည်နှင့်အမျှ မိမိဖတ်နေသည့်အရာကို ပို၍ရှင်းလင်းစွာနားလည်သည်ကို သင်တွေ့ရမည်။
လူထုရှေ့တွင် အဓိပ္ပာယ်ပေါ်အောင် စာဖတ်တတ်သူတစ်ဦးဖြစ်ရန် သင်ယူပါ
သို့သော် သာ၍နက်နဲသောအကြောင်းကို ဖတ်ရှုသောအခါတွင်မူ ခြားနားသောနည်းကို အသုံးပြုခြင်းဖြင့် သင့်ကြိုးပမ်းမှုများမှရရှိသည့်အရာကို တိုးပွားစေနိုင်ပေမည်။ ကျမ်းစာစောင်များဖတ်ရှုခြင်းနှင့်ပတ်သက်၍ ယောရှုအား သွန်သင်ပေးရာတွင် ယေဟောဝါဤသို့ဆိုသည်– “ဤပညတ္တိကျမ်းကို သင်၏နှုတ်မှမခွာသင့်ဘဲ ယင်းကို အသံနိမ့်ဖြင့်ဖတ်ရွတ်ရမည်။” (ယောရှု ၁:၈၊ ကဘ) လူတစ်ဦး အတွေးရေယာဉ်ကြောတွင် နစ်မျောနေသည့်အခါ အသံနိမ့်ဖြင့်ပြောနေတတ်သည်။ ထို့ကြောင့် “အသံနိမ့်ဖြင့်ဖတ်ရွတ်” ဟုပြန်ဆိုသောဟေဗြဲဝေါဟာရကို “ဆင်ခြင်တွေးတော” ဟူ၍လည်းပြန်ဆိုထားသည်။ (ဆာ. ၆၃:၆; ၇၇:၁၂; ၁၄၃:၅) လူတစ်ဦးသည် ဆင်ခြင်တွေးတောနေချိန်တွင် နက်ရှိုင်းစွာတွေးသည်; အလျင်စလိုမဟုတ်ချေ။ စေ့စေ့စဉ်းစားဆင်ခြင်လျက် ဖတ်ရှုခြင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်အား စိတ်နှင့်နှလုံးတို့တွင် ပို၍အရာထင်စွဲကျန်စေသည်။ သမ္မာကျမ်းစာတွင် ပရောဖက်ပြုချက်၊ သွန်သင်ချက်၊ ပညာရှိစကားများ၊ ကဗျာလင်္ကာ၊ ဘုရားသခင့်တရားစီရင်ချက် ဆင့်ဆိုမှုများ၊ ယေဟောဝါ၏ရည်ရွယ်တော်မူချက်နှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များနှင့် မြောက်မြားလှစွာသော တကယ့်ဖြစ်ရပ်မှန်နမူနာများပါဝင်ပြီး ယင်းတို့အားလုံးသည် ယေဟောဝါ၏နည်းလမ်းတော်များ၌ လျှောက်လှမ်းလိုသူများအတွက် အဖိုးတန်အရာများဖြစ်သည်။ သင့်စိတ်နှင့်နှလုံးတို့တွင် နက်ရှိုင်းစွာအရာထင်ကျန်စေသည့်နည်းဖြင့် သမ္မာကျမ်းစာကိုဖတ်ရှုခြင်းက အင်မတန်အကျိုးထူးလှ၏!
အာရုံစူးစိုက်တတ်ရန်သင်ယူပါ
လူထုရှေ့စာဖတ်ခြင်းကို ဆက်၍ကြိုးစားအားထုတ်ပါ
သင်ဖတ်ရှုစဉ် ဖော်ပြထားသည့်အဖြစ်အပျက်တစ်ခုစီတွင် သင့်ကိုယ်ကိုအာရုံနစ်မြုပ်ထားပါ။ ထိုတွင်ပါသည့်ဇာတ်ကောင်များကို သင့်ဉာဏ်မျက်စိထဲတွင် မြင်လာရန်ကြိုးစားပြီး သူတို့၏ဘဝအသက်တာတွင်ဖြစ်ပျက်နေသည့် တွေ့ကြုံခံစားမှုများကို ဝင်ရောက်ခံစားကြည့်ပါ။ ၁ ဓမ္မရာဇဝင် အခန်းကြီး ၁၇ တွင်မှတ်တမ်းတင်ထားသည့် ဒါဝိဒ်နှင့် ဂေါလျတ်အကြောင်းကဲ့သို့သော မှတ်တမ်းတစ်ခုကိုဖတ်နေသောအခါ ယင်းကိုခံစားကြည့်ရန် အတော်အတန်လွယ်ကူသည်။ သို့သော် တဲတော်အတိုင်းအတာနှင့် အသုံးပြုသည့်ပစ္စည်းများကို ရုပ်လုံးဖော်ကြည့်မည် သို့မဟုတ် နံ့သာပေါင်း၊ ပေါက်ပေါက်နှင့် မီးရှို့ရာယဇ်အဖြစ်ပူဇော်သော တိရစ္ဆာန်တို့မှထွက်သည့်အနံ့တို့ကို တွေးပြီးအာရုံခံကြည့်မည်ဆိုလျှင် ဝတ်ပြုရာတဲတော်တည်ဆောက်ခြင်း သို့မဟုတ် ယဇ်ပုရောဟိတ်အဖွဲ့ကို ဖွဲ့စည်းခြင်းတို့အကြောင်း ထွက်မြောက်ရာကျမ်းနှင့် ဝတ်ပြုရာကျမ်းတို့တွင်ပါရှိသည့် အသေးစိတ်အချက်အလက်တို့သည်ပင် တကယ်အသက်ဝင်လာမည်။ ယဇ်ပုရောဟိတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် မည်မျှစိုးရွံ့ထိတ်လန့်ဖွယ်ဖြစ်မည်ကို စဉ်းစားကြည့်ပါလေ! (လု. ၁:၈-၁၀) သင့်အာရုံများနှင့် စိတ်လှုပ်ရှားမှုတို့ကို ဤနည်းဖြင့်ပါဝင်စေခြင်းက သင်ဖတ်ရှုနေသည့်အရာ၏အဓိပ္ပာယ်ကို သဘောပေါက်စေရန်ထောက်ကူပေးပြီး မှတ်ဉာဏ်အထောက်အကူပေးသည့်အရာအဖြစ် လုပ်ဆောင်ပေးလိမ့်မည်။
သို့သော် သင်ဖတ်ဖို့ကြိုးစားချိန်တွင် ဂရုမစိုက်ပါက သင့်စိတ်သည်လွင့်ပျံ့နေနိုင်သည်။ သင့်မျက်လုံးများက စာရွက်ပေါ်တွင်ကြည့်နေသော်လည်း သင့်အတွေးများက တစ်နေရာရောက်နေနိုင်သည်။ တေးသီချင်းဖွင့်ထားသလော။ ရုပ်မြင်သံကြားဖွင့်ထားသလော။ မိသားစုများစကားပြောနေကြသလော။ ဖြစ်နိုင်ပါက တိတ်ဆိတ်သည့်နေရာတွင်ဖတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့သော်၊ စိတ်ပျံ့လွင့်မှုသည် အတွင်းမှလည်းလာနိုင်သည်။ သင်အလုပ်များသည့်နေ့တစ်နေ့ ဆိုပါစို့။ တကယ်ဆိုလျှင် သင့်စိတ်တွင် တစ်နေ့တာ၏လှုပ်ရှားမှုများကို ပြန်အသက်သွင်းကြည့်ရန် လွယ်ကူလှလေခြင်း! မှန်ပါသည်၊ တစ်နေ့တာ၏အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ခြင်းက ကောင်းပေသည်—သို့သော် သင်စာဖတ်နေချိန်တွင်မဟုတ်ပါ။ သင့်စိတ်အာရုံကိုစူးစိုက်ထားလျက် စတင်ပေမည် သို့မဟုတ် ဆုတောင်းခြင်းဖြင့်ပင် သင့်စာဖတ်ခြင်းအစီအစဉ်ကို စတင်နိုင်ပေမည်။ သို့သော် သင်ဖတ်ရှုသည်နှင့်အမျှ စိတ်စတင်ပျံ့လွင့်လာတတ်သည်။ ထပ်၍ကြိုးစားပါ။ သင်ဖတ်ရှုနေသည့်အကြောင်းအရာပေါ်တွင် သင့်စိတ်ကိုအဓိကအာရုံစိုက်ဖို့ သင့်ကိုယ်သင် ကြပ်မတ်ပါ။ တဖြည်းဖြည်းတိုးတက်လာသည်ကို သင်တွေ့ရှိရလိမ့်မည်။
သင်နားမလည်သည့်စကားလုံးသို့ ရောက်သောအခါ သင်ဘာပြုလုပ်သနည်း။ မရင်းနှီးသောစကားလုံးအချို့ကို ကျမ်းစာသားထဲတွင်ပင် အဓိပ္ပာယ်ရှင်းလင်းထား သို့မဟုတ် ဆွေးနွေးတင်ပြထားကောင်းထားပေမည်။ သို့မဟုတ် အထက်အောက်ဖတ်ကြည့်ခြင်းဖြင့် အဓိပ္ပာယ်ကို ခွဲခြားသိမြင်နိုင်ပေမည်။ ထိုသို့နားမလည်နိုင်ပါက အကယ်၍ အဘိဓာန်တစ်အုပ်အသင့်ရှိမည်ဆိုလျှင် ထိုစကားလုံးကို ယင်းတွင် ရှာကြည့်ဖို့အချိန်ယူပါ သို့မဟုတ် အဓိပ္ပာယ်ကို တစ်ဦးတစ်ယောက်အား နောက်ပိုင်းတွင်မေးနိုင်ရန် စကားလုံးကိုမှတ်ထားပါ။ ယင်းက သင်၏ဝေါဟာရနယ် ကျယ်ဝန်းလာစေပြီး ဖတ်ရှုနေသည့်အရာကို နားလည်နိုင်စွမ်း တိုးလာစေသည်။
လူထုရှေ့စာဖတ်ခြင်း
အတူတကွဖတ်ရှုခြင်းသည် မိသားစုဝင်ချင်း သာ၍ရင်းနှီးစေ
ဖတ်ရှုခြင်းကို ဆက်၍ကြိုးစားနေရန် တမန်တော်ပေါလုက တိမောသေအားမှာကြားသည့်အခါ အထူးသဖြင့် အခြားသူများအကျိုးအတွက်ဖတ်ရှုခြင်းကို ပေါလုရည်ညွှန်းနေခြင်းဖြစ်သည်။ (၁ တိ. ၄:၁၃၊ ကဘ) ထိရောက်သော လူထုရှေ့ဖတ်ရှုခြင်းတွင် စာရွက်မှစကားလုံးများကို အသံကျယ်ကျယ်ဖတ်ရှုခြင်းထက်မက ပါဝင်သည်။ စာဖတ်သူသည် စကားလုံးများက ဖော်ပြသည့်ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်သဘောပေါက်ဖို့လိုသည်။ ထိုသို့ပြုမှသာလျှင် အယူအဆများကို မှန်မှန်ကန်ကန်သွယ်ပို့ပေးနိုင်ပြီး စိတ်လှုပ်ရှားမှုများကို တိတိကျကျ ဖြစ်ပေါ်လာစေနိုင်သည်။ ယင်းသို့ဖြစ်ရန် စေ့စပ်သေချာသည့်ပြင်ဆင်မှုနှင့် လေ့ကျင့်မှုလိုအပ်သည်မှာ သေချာပါသည်။ ထို့ကြောင့် ပေါလုကဤသို့တိုက်တွန်းနှိုးဆော်သည်– “လူထုရှေ့ကျမ်းစာဖတ်ရှုခြင်းကို ဆက်၍ကြိုးစားအားထုတ်လော့။” ဤအရည်အသွေးတွင် အဖိုးတန်လေ့ကျင့်ပေးမှုကို သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သင်ရရှိမည်။
ဖတ်ရှုရန်အချိန်ဖန်တီးပါ
“လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝ [“အကျိုးရရှိ၊” ကဘ] ခြင်းနှင့်လည်းကောင်း၊ သမ္မာသတိမရှိသော သူ၏အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်းဆိုင်ပေ၏။” (သု. ၂၁:၅) ကျွန်ုပ်တို့၏ဖတ်ရှုချင်စိတ်နှင့်စပ်လျဉ်း၍ ထိုစကားမှန်ကန်လိုက်လေခြင်း! “အကျိုးရရှိ” ရန် အခြားလုပ်ဆောင်မှုများက ကျွန်ုပ်တို့၏ဖတ်ရှုခြင်းကို မထုတ်ပစ်လိုက်စေရန် လုံ့လဝီရိယဖြင့်စီစဉ်ဖို့ လိုအပ်သည်။
သင်ဘယ်အချိန်တွင်စာဖတ်သနည်း။ နံနက်စောစောပိုင်းတွင်စာဖတ်ခြင်းအားဖြင့် သင်အကျိုးရရှိပါသလော။ သို့မဟုတ် တစ်နေ့တာ၏နှောင်းပိုင်းတွင် သင်ပို၍နိုးကြားသလော။ အကယ်၍သင်သည် တစ်နေ့လျှင်အနည်းငယ်ဖတ်ရှုရန် အချိန် ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ဖယ်ထားနိုင်လျှင်ပင် မည်မျှခရီးရောက်သည်ကို အံ့သြမိပေလိမ့်မည်။ သော့ချက်မှာ ပုံမှန်ဖတ်ခြင်းတည်း။
ယေဟောဝါသည် ကိုယ်တော်၏မြင့်မြတ်သော ရည်ရွယ်ချက်များကို စာအုပ်တွင်ရေးသားထားရန် အဘယ်ကြောင့်ရွေးချယ်ခဲ့ရသနည်း။ ကိုယ်တော့်ရေးသားထားသည့်စကားတော်ကို လူတို့ ရှာဖွေဖတ်ရှုနိုင်စေရန်ဖြစ်သည်။ ယင်းက သူတို့အား ယေဟောဝါ၏ အံ့သြဖွယ်ကောင်းသောအမှုတော်များကို ဆင်ခြင်သုံးသပ်ရန်၊ ယင်းတို့ကို မိမိတို့၏သားသမီးများအားပြောပြရန်နှင့် ဘုရားသခင်၏ပြုမူကျင့်ကြံမှုများကို မှတ်သားခွင့်ရစေသည်။ (ဆာ. ၇၈:၅-၇) ဤကိစ္စတွင် ယေဟောဝါ၏ရက်ရောမှုအတွက် ကျွန်ုပ်တို့၏တန်ဖိုးထားလေးမြတ်မှုကို ပြနိုင်သည့်အကောင်းဆုံးနည်းမှာ ကိုယ်တော်၏ အသက်ပေးသော စကားတော်အားဖတ်ရှုခြင်းတွင် ကျွန်ုပ်တို့ကြိုးစားအားထုတ်ဖို့ဖြစ်သည်။