လေ့လာမှုသည် ဆုကျေးဇူးမည်၏
လူတို့ သစ်သီးရွေးသည်ကို သင်စောင့်ကြည့်ဖူးသလော။ လူအများစုက ၎င်းတို့၏ရင့်မှည့်မှုကိုဆုံးဖြတ်ရန် ယင်း၏အရောင်နှင့် အရွယ်အစားကို ကြည့်ရှုစစ်ဆေးကြသည်။ လူအချို့က သစ်သီးကို အနံ့ခံကြည့်ကြသည်။ အခြားသူများက ယင်းကိုထိကြည့် ဖိညှစ်ပင်ကြည့်ကြသည်။ အခြားသူများကမူ မည်သည့်အလုံးက အရည်ပို၍ရွှမ်းကြောင်းစမ်းသပ်ရန် လက်တစ်ဖက်တစ်လုံးစီကိုင်ကာ ဆကြည့်သည်။ ဤသူများ မည်သည့်အရာကို စဉ်းစားနေကြသနည်း။ သူတို့သည် အသေးစိတ်အချက်အလက်များကို ခွဲခြားလေ့လာနေကြ၊ ခြားနားချက်များကို အကဲဖြတ်နေကြ၊ ယခင်ကရွေးချယ်မှုများကို သတိရနေကြပြီး သူတို့သိနှင့်ထားပြီးသောအရာနှင့် ယခုတွေ့နေရသည့်အရာကို နှိုင်းယှဉ်ကြည့်နေကြသည်။ သူတို့သည် ဤသို့ဂရုတစိုက်ရွေးချယ်မှုကြောင့် အရသာထူးတည်းဟူသော ဆုလာဘ်ကို ခံစားရတော့မည်။
မှန်ပါသည်၊ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာခြင်းမှရသည့်ဆုကျေးဇူးများသည် သာ၍ကြီးမားပါသည်။ ထိုကဲ့သို့သောလေ့လာမှုက ကျွန်ုပ်တို့၏ဘဝအသက်တာတွင် အရေးကြီးသောနေရာယူထားပါက ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ပို၍ခိုင်ခံ့လာသည်၊ ကျွန်ုပ်တို့၏မေတ္တာသည် ပို၍နက်ရှိုင်းလာသည်၊ ကျွန်ုပ်တို့၏ဓမ္မအမှုသည် ပို၍အကျိုးဖြစ်ထွန်းလာပြီး ကျွန်ုပ်တို့ပြုလုပ်သည့်ဆုံးဖြတ်ချက်များသည် ပိုင်းခြားသိမြင်မှုနှင့် ဘုရားရေးရာဉာဏ်ပညာတို့ရှိကြောင်း သာ၍ထင်ရှားလာသည်။ ထိုကဲ့သို့သောဆုကျေးဇူးများနှင့်ပတ်သက်၍ သုတ္တံ ၃:၁၅ ကဤသို့ဆိုသည်– “နှစ်သက်ဖွယ်သမျှသောအရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။” ထိုကဲ့သို့သောဆုကျေးဇူးများကို သင်တွေ့ကြုံခံစားနေရပါသလော။ သင်လေ့လာပုံနည်းလမ်းသည် အကြောင်းရင်းတစ်ရပ်ဖြစ်နိုင်သည်။—ကော. ၁:၉-၁၁။
သင့်လေ့လာမှုမှ အကျိုးအပြည့်အဝရရန် သင့်နှလုံးကို ပြင်ဆင်ပါ
လေ့လာမှုဆိုသည်မှာအဘယ်နည်း။ ၎င်းသည် အပေါ်ယံဖတ်ခြင်းထက်မကပေ။ ၎င်းတွင် အကြောင်းအရာတစ်ခုကိုဂရုတစိုက် သို့မဟုတ် အကျယ်ဖွင့်သုံးသပ်ရာတွင် သင်၏စိတ်စွမ်းရည်များကို အသုံးပြုခြင်း ပါဝင်သည်။ ၎င်းတွင် သင်ဖတ်ရှုသည့်အရာအား ခွဲခြမ်းစိတ်ဖြာခြင်း၊ ယင်းကို သင်သိနှင့်ပြီးသားအရာနှင့် နှိုင်းယှဉ်ကြည့်ခြင်းနှင့် ကျိုးကြောင်းဖော်ပြချက်များအတွက် ပေးသည့်အကြောင်းရင်းများကို မှတ်သားခြင်းတို့ပါဝင်သည်။ လေ့လာနေသည့်အခါတွင် သင့်အားအသစ်ဖြစ်စေနိုင်သည့် ဖော်ပြထားသောအယူအဆတိုင်းကို နက်နက်နဲနဲစဉ်းစားပါ။ ကျမ်းစာသွန်သင်ချက်ကို သင်ကိုယ်တိုင်မည်သို့ သာ၍ပြည့်ပြည့်ဝဝ လက်တွေ့ကျင့်သုံးနိုင်ကြောင်းကိုလည်း ဆင်ခြင်သုံးသပ်ပါ။ ယေဟောဝါ၏သက်သေတစ်ယောက်အနေဖြင့် သင်သည်လည်း အခြားသူများကိုကူညီရန် ထိုအကြောင်းကိုအသုံးပြုနိုင်သည့် အခွင့်အလမ်းများကို စဉ်းစားလိုပေမည်။ လေ့လာမှု၌ တွေးတောဆင်ခြင်မှုပါဝင်သည်မှာ အထင်အရှားပင်။
မှန်ကန်သည့်စိတ်ထားမွေးခြင်း
ကျမ်းချက်များကို ဖွင့်ဖတ်ကြောင်း သေချာစေပါ
လေ့လာရန်ပြင်ဆင်မှုပြုလုပ်သောအခါ သင့်ကျမ်းစာအုပ်၊ သင်အသုံးပြုရန်ရည်ရွယ်သည့် မည်သည့်စာပေများကိုမဆို၊ ခဲတံ သို့မဟုတ် ဘောလ်ပင်နှင့်မှတ်စုစာအုပ် အစရှိသည့်အရာများကို ကြိုတင်စီစဉ်ထားပါ။ သို့သော် သင့်နှလုံးကိုလည်း ပြင်ဆင်ပါသလော။ သမ္မာကျမ်းစာက ဧဇရသည် “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသော [“မိမိ၏နှလုံးကို ပြင်ဆင်ထား၊” ကဘ] သူဖြစ်၏” ဟု ကျွန်ုပ်တို့အားပြောပြသည်။ (ဧဇ. ၇:၁၀) ထိုသို့နှလုံးပြင်ဆင်မှုတွင် မည်သည့်အရာပါဝင်သနည်း။
ဆုတောင်းခြင်းက ကျွန်ုပ်တို့အား ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာရာတွင် သင့်လျော်သောသဘောထားဖြင့်ချဉ်းကပ်ရန် ဖြည့်စွမ်းပေးသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ အတွင်းအကျဆုံးဥပဓိရုပ်ဖြစ်သည့် နှလုံးကို ယေဟောဝါပေးထားသည့်ညွှန်ကြားချက်အား အလွယ်လက်ခံတတ်သောအရာ ဖြစ်စေချင်သည်။ လေ့လာမှုအပိုင်းတစ်ခု အစပြုသည့်အခါ ယေဟောဝါ၏ဝိညာဉ်တော်အကူအညီအတွက် ကိုယ်တော့်ထံ အသနားခံပါ။ (လု. ၁၁:၁၃) မိမိလေ့လာမည့်အရာ၏အဓိပ္ပာယ်၊ ယင်းသည် ကိုယ်တော့်ရည်ရွယ်တော်မူချက်နှင့် မည်သို့ဆက်စပ်ပုံ၊ ယင်းက အကောင်းအဆိုးကို ပိုင်းခြားသိမြင်ရန် မည်သို့ကူညီပေးပုံ၊ အသက်တာတွင် ကိုယ်တော့်နည်းဥပဒေသများကို မည်သို့အသုံးပြုသင့်ပုံနှင့် ဤအကြောင်းအရာသည် ကိုယ်တော်နှင့်ဆက်ဆံရေးကို မည်သို့အကျိုးသက်ရောက်စေပုံတို့ကို နားလည်ဖို့ မိမိအားကူညီရန် ကိုယ်တော့်ထံတောင်းလျှောက်ပါ။ (သု. ၉:၁၀) သင်လေ့လာသောအခါ ဉာဏ်ပညာအတွက် “ဘုရားသခင်ထံဆက်၍တောင်းလျှောက်နေပါ။” (ယာ. ၁:၅၊ ကဘ) မှားယွင်းသောအတွေးအခေါ်များနှင့် အန္တရာယ်ရှိသောဆန္ဒများကို ဖယ်ထုတ်ဖို့ ယေဟောဝါ၏အကူအညီကို သင်ရှာယူစဉ် သင်ယူသည့်အရာ၏အလင်း၌ သင့်ကိုယ်သင် ရိုးသားစွာအကဲဖြတ်ပါ။ ကိုယ်တော်ဖွင့်ပြပေးတော်မူရာများအတွက် အမြဲ “ထာဝရဘုရားထံ ကြွေးကြော်ချီးမွမ်း” ပါ။ (ဆာ. ၁၄၇:၇၊ သမ) လေ့လာမှုပြုရန် ဤသို့ဆုတောင်းချဉ်းကပ်ခြင်းသည် ယေဟောဝါနှင့်ရင်းနှီးမှုရစေသည်၊ အကြောင်းမှာ ကိုယ်တော့်နှုတ်ကပါဌ်တော်အားဖြင့် မိန့်ကြားစဉ် ကျွန်ုပ်တို့အား ကိုယ်တော်ကို တုံ့ပြန်စေသောကြောင့်ဖြစ်သည်။—ဆာ. ၁၄၅:၁၈။
ဤကဲ့သို့ခံယူတတ်မှုသည် ယေဟောဝါ၏လူမျိုးတော်ကို အခြားကျောင်းသားများနှင့် ကွဲပြားခြားနားစေသည်။ ဘုရားဝတ်၌မွေ့လျော်ခြင်းမရှိသော လူများအလယ်တွင် ရေးသားထားသောကျမ်းစကားကို သံသယဝင်ကာ စောဒကတက်ခြင်းသည် ခေတ်စားနေသည်။ သို့သော် ယင်းသည် ကျွန်ုပ်တို့၏သဘောထားမဟုတ်ပေ။ ကျွန်ုပ်တို့သည် ယေဟောဝါအား ယုံကြည်ကိုးစားကြသည်။ (သု. ၃:၅-၇) တစ်စုံတစ်ခုကို ကျွန်ုပ်တို့နားမလည်ပါက ယင်းသည်မှားနေခြင်းဖြစ်ရမည်ဟု ရောင့်တက်စွာကောက်ချက်မချကြပါ။ အဖြေများအတွက် ရှာဖွေတူးဖော်နေစဉ် ယေဟောဝါကို ကျွန်ုပ်တို့စောင့်ဆိုင်းကြသည်။ (မိ. ၇:၇) ဧဇရနည်းတူ ကျွန်ုပ်တို့သိရှိလာသည့်အရာအတိုင်းပြုမူကာ သွန်သင်ပေးရန်မှာ ကျွန်ုပ်တို့၏ပန်းတိုင်ဖြစ်သည်။ ဤနှလုံးသားဆန္ဒကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏လေ့လာမှုမှ ကြွယ်ဝသောဆုကျေးဇူးများ ရိတ်သိမ်းရဖို့ရှိနေပါသည်။
လေ့လာနည်း
စာပိုဒ် ၁ ကိုစတင်ပြီး အဆုံးထိဆက်သွားရုံမျှပြုမည့်အစား ပထမဦးဆုံး ဆောင်းပါးတစ်ပုဒ်လုံး သို့မဟုတ် အကြောင်းအရာ အခန်းတစ်ခုလုံးကို ကြိုတင်ကြည့်မြင်ဖို့ အချိန်ယူပါ။ ခေါင်းစီး၏စာသားကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းဖြင့် အစပြုပါ။ ယင်းသည် သင်လေ့လာတော့မည့်အရာ၏ အဓိကအကြောင်းဖြစ်သည်။ ထို့နောက် ခေါင်းစဉ်ငယ်များသည် အဓိကအကြောင်းနှင့်မည်သို့ဆက်စပ်ပုံကို ဂရုတစိုက်မှတ်သားပါ။ ဤအကြောင်းအရာနှင့်ဒွန်တွဲပါလာသည့် မည်သည့်သရုပ်ဖော်ပုံများ၊ ဇယားကွက်များ သို့မဟုတ် သွန်သင်ချက်လေးထောင့်ကွက်ကိုမဆို ဆန်းစစ်ပါ။ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဤပဏာမသုံးသပ်ချက်အပေါ်အခြေခံပြီး အဘယ်အရာကိုသင်ယူရန် ငါမျှော်လင့်သနည်း။ ယင်းသည် အဘယ်နည်းဖြင့် ငါ့အတွက် တန်ဖိုးရှိမည်နည်း။’ ယင်းက သင့်လေ့လာမှုကို လမ်းညွှန်ချက်ပေးသည်။
တွေးတောဆင်ခြင်ရန် အချိန်ယူပါ
ယခု အချက်အလက်များကို ရယူပါ။ ကင်းမျှော်စင် လေ့လာရန်ဆောင်းပါးများနှင့် အချို့သောစာအုပ်များတွင် ပုံနှိပ်မေးခွန်းများ ပါဝင်သည်။ စာပိုဒ်တစ်ပိုဒ်စီကိုသင်ဖတ်ရှုစဉ် အဖြေများကိုမှတ်သားသွားခြင်းသည် အကျိုးရှိ၏။ အကယ်၍ လေ့လာရန်မေးခွန်းများမပါရှိလျှင်ပင် သင်မှတ်မိလိုသည့် အရေးကြီးသောအချက်များကို မှတ်သားမြဲမှတ်သားနေပေမည်။ အယူအဆတစ်ခုသည် သင့်အတွက်အသစ်အဆန်းဖြစ်နေလျှင် ယင်းကို သင်ကောင်းကောင်းနားလည်ဖို့ သေချာစေရန် ယင်းအတွက် အချိန်အနည်းငယ်ပို၍ အသုံးပြုလိုက်ပါ။ လယ်ကွင်းဓမ္မအမှုတွင် သင့်အတွက်အသုံးဝင်မည့် သို့မဟုတ် လာမည့်ဟောပြောချက်တာဝန်တွင် ထည့်သုံးနိုင်ဖွယ်ရှိသည့် ဆင်ခြင်သုံးသပ်စရာ သရုပ်ဖော်ပုံများ သို့မဟုတ် စာကြောင်းများကို သတိထားကြည့်ပါ။ မိမိလေ့လာနေသည့်အရာကို ဝေမျှပေးလိုက်မည်ဆိုလျှင် မည်သူမည်ဝါ၏ ယုံကြည်ခြင်းခိုင်မာသွားစေနိုင်သည်ကို စဉ်းစားကြည့်ပါ။ သင်အသုံးပြုလိုသည့်အချက်များကို မှတ်သားပြီး သင့်လေ့လာမှုပြီးစီးသည့်အခါ ယင်းတို့ကိုပြန်လည်သုံးသပ်ပါ။
အကြောင်းအရာကို သင်တွေးတောဆင်ခြင်စဉ် ရည်ညွှန်းထားသည့်ကျမ်းချက်များကို ဖွင့်ကြည့်ပါ။ ကျမ်းချက်တိုင်းသည် စာပိုဒ်၏ယေဘုယျ ပင်မအချက်နှင့် မည်သို့ဆက်စပ်ပုံကို ဆန်းစစ်လေ့လာပါ။
သင်အလွယ်တကူနားမလည်သည့်အချက်များ သို့မဟုတ် ပို၍စေ့စေ့စပ်စပ် စူးစမ်းရှာဖွေလိုသည့်အချက်များကို သင်တွေ့ရနိုင်သည်။ ယင်းတို့က သင့်အား လမ်းကြောင်းပြောင်းဖို့ ခွင့်ပြုမည့်အစား နောက်ပိုင်းတွင် ထပ်ဆင့်သုံးသပ်မှုပြုရန် မှတ်သားထားပါ။ အကြောင်းအရာ၏ကျန်သည့်အပိုင်းကို သင်ဖတ်ရှုသွားရင်း အချက်များသည် ရှင်းလင်းသွားတတ်သည်။ ထိုသို့မရှင်းသေးပါက ထပ်ဆင့်သုတေသနပြုလုပ်နိုင်သည်။ မည်သည့်အရာများကို သတိထားကြည့်နိုင်သနည်း။ သင်ရှင်းရှင်းလင်းလင်းနားမလည်သည့် ကိုးကားထားသော ကျမ်းချက်တစ်ချက်ရှိနိုင်သည်။ သို့မဟုတ် ယင်းသည် ဆွေးနွေးနေသည့်အကြောင်းအရာနှင့် မည်သို့သက်ဆိုင်သည်ကို လွယ်လင့်တကူ သင်သဘောမပေါက်ဘဲဖြစ်ကောင်းဖြစ်မည်။ အကြောင်းအရာထဲမှ အယူအဆတစ်ခုကို သင်နားလည်သည်ဟု ယူမှတ်ရသော်လည်း ၎င်းအား အခြားသူတစ်ဦးတစ်ယောက်ကို သင်ကောင်းစွာ မရှင်းပြနိုင်ဘဲဖြစ်ကောင်းဖြစ်မည်။ ယင်းတို့ကို ကျော်သွားလိုက်မည့်အစား သင်အစပြုလေ့လာသည့်အရာ ပြီးဆုံးသွားပြီးနောက် ယင်းတို့ကို သုတေသနပြုလုပ်ခြင်းသည် ပညာရှိရာရောက်ပေမည်။
သင့်ဘာသာစကားဖြင့်ရနိုင်သည့် သုတေသနပြုအထောက်အကူ ကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်စေပါ
တမန်တော်ပေါလုသည် ဟေဗြဲခရစ်ယာန်များထံ သူ၏အသေးစိတ်စာစောင်ကို ရေးသားသောအခါ “အရေးကြီးသည့်အချက်မှာ” ဟူသောစကားဖြင့် တစ်ဝက်ဖြတ်လိုက်သည်။ (ဟေဗြဲ ၈:၁၊ သက) သင့်ကိုယ်သင် ထိုကဲ့သို့သောသတိပေးချက်ကို အခါအားလျော်စွာပေးသလော။ ပေါလုထိုသို့ပြုခဲ့သည့် အကြောင်းရင်းကို ဆင်ခြင်သုံးသပ်ပါ။ သူ၏မှုတ်သွင်းခံစာစောင်၏ ရှေ့ပိုင်းအခန်းကြီးများတွင် ခရစ်တော်သည် ဘုရားသခင့်ယဇ်ပုရောဟိတ်မင်းကြီးအနေဖြင့် ကောင်းကင်ကိုယ်ထဲဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားနှင့်ခဲ့ပြီ။ (ဟေဗြဲ ၄:၁၄-၅:၁၀; ၆:၂၀) သို့တိုင် အခန်းကြီး ၈ ၏အစပိုင်း၌ ထိုအဓိကအချက်ကို ပေါ်လွင်ထင်ရှားစေကာ အလေးပေးဖော်ပြခြင်းအားဖြင့် ပေါလုက သူ၏စာရှုသူများအနေဖြင့် ဤအချက်သည် သူတို့၏ဘဝအသက်တာနှင့် မည်သို့ဆက်စပ်ပုံကို အလေးအနက်စဉ်းစားရန် သူတို့၏စိတ်ကို ပြင်ဆင်ပေးခဲ့သည်။ ခရစ်တော်သည် မိမိတို့အတွက် ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုပြကာ ကောင်းကင် “သန့်ရှင်းရာဌာန” ထဲသို့ မိမိတို့ကိုယ်တိုင်ဝင်ရောက်ရန်အတွက် လမ်းကိုဖွင့်ပေးခဲ့ကြောင်း ထောက်ပြခဲ့သည်။ (ဟေဗြဲ ၉:၂၄; ၁၀:၁၉-၂၂) သူတို့၏သေချာပေါက်မျှော်လင့်ချက်က ယုံကြည်ခြင်း၊ သည်းခံခြင်းနှင့် ခရစ်ယာန်အပြုအမူတို့နှင့်စပ်လျဉ်း၍ ဤစာစောင်တွင်ပါဝင်သည့် နောက်ထပ်အကြံပေးချက်ကိုအသုံးချရန် သူတို့အား တွန်းအားပေးရာကျပေမည်။ ထိုနည်းတူစွာ၊ ကျွန်ုပ်တို့လေ့လာသည့်အခါတွင် အဓိကအချက်များကို အာရုံစိုက်ခြင်းက အဓိကခေါင်းစဉ်သို့ အဆင့်ဆင့်ဦးတည်ရှင်းလင်းသွားပုံကို ပိုင်းခြားသိမြင်ရန်ကူညီပေးမည်ဖြစ်ပြီး ယင်းနှင့်အညီပြုမူခြင်းအတွက် ခိုင်လုံသောအကြောင်းရင်းများကို ကျွန်ုပ်တို့၏စိတ်ထဲတွင် စွဲကျန်စေမည်။
သင့်ကိုယ်ပိုင်လေ့လာမှုက တစ်စုံတစ်ရာပြုမူလုပ်ဆောင်ရန် သင့်အား လှုံ့ဆော်ပေးမည်လော။ ယင်းသည် အရေးကြီးသည့်မေးခွန်းဖြစ်သည်။ သင်သည် တစ်စုံတစ်ရာကို လေ့လာသိရှိသည့်အခါ သင့်ကိုယ်သင်ဤသို့မေးပါ– ‘မိမိ၏သဘောထားနှင့် ဘဝပန်းတိုင်များကို ယင်းကမည်သို့ အကျိုးသက်ရောက်စေသင့်သနည်း။ ပြဿနာတစ်ခုကို ဖြေရှင်းရာတွင်၊ ဆုံးဖြတ်ချက်တစ်ခုချရာတွင် သို့မဟုတ် ပန်းတိုင်တစ်ခုကို အရောက်လှမ်းရာတွင် ဤအချက်အလက်ကို မိမိမည်သို့ လက်တွေ့သုံးနိုင်မည်နည်း။ ယင်းကို မိသားစုနှင့်အတူ၊ လယ်ကွင်းဓမ္မအမှုတွင်၊ အသင်းတော်တွင် မိမိမည်သို့အသုံးပြုနိုင်မည်နည်း။’ ဤမေးခွန်းများကို ဆုတောင်းပြီးသုံးသပ်ကာ သင့်အသိပညာကိုအသုံးချနိုင်မည့် တကယ့်အခြေအနေများကို စေ့စေ့ဆင်ခြင်ပါ။
အခန်းကြီးတစ်ခန်း သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ပြီးဆုံးသွားပြီးနောက်တွင် အတိုချုပ်ပြန်လည်သုံးသပ်ရန် အချိန်ယူပါ။ အဓိကအချက်များနှင့် ထောက်ကူပေးသော ကျိုးကြောင်းပြချက်များကို မိမိ ပြန်၍မှတ်မိနိုင်၊ မနိုင်ကိုကြည့်ပါ။ ဤခြေလှမ်းက အနာဂတ်တွင်အသုံးပြုရန်အတွက် အချက်အလက်ကို သင်စွဲမှတ်သွားစေရန် ကူညီပေးမည်။
လေ့လာရမည့်အကြောင်းအရာ
ယေဟောဝါ၏လူမျိုးတော်အနေနှင့် ကျွန်ုပ်တို့တွင် လေ့လာစရာများစွာရှိသည်။ သို့သော် ကျွန်ုပ်တို့ မည်သည့်အရာမှစတင်သင့်သနည်း။ ကျွန်ုပ်တို့သည် ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း ပါကျမ်းချက်နှင့် မှတ်ချက်များကို လေ့လာသင့်သည်။ အပတ်စဉ် အသင်းတော်အစည်းအဝေးများတက်ရောက်ကြပြီး ယင်းတို့အတွက်ပြင်ဆင်ရာတွင် ပြုလုပ်သောလေ့လာမှုက သာ၍ကြီးမားသည့်အတိုင်းအတာထိ အကျိုးကျေးဇူးရရှိရန် ကျွန်ုပ်တို့အားကူညီပေးမည်။ ထို့အပြင် အချို့တို့သည် အမှန်တရားကိုမသိရှိမီက ပုံနှိပ်ထားသည့် ကျွန်ုပ်တို့၏ခရစ်ယာန်စာပေအချို့ကို လေ့လာမှုပြုခြင်းတွင် အချိန်ကိုပညာရှိစွာ အသုံးပြုမြှုပ်နှံခဲ့ကြသည်။ အခြားသူများမူ မိမိတို့၏ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း၏ အပိုင်းအချို့ကိုရွေးချယ်ကြပြီး ထိုအခန်းငယ်များကို အတွင်းနက်နက်လေ့လာကြသည်။
အကယ်၍ ပတ်စဉ်အသင်းတော်အစည်းအဝေးများ၌ သုံးသပ်မည့် အချက်အလက်အားလုံးကို ဂရုတစိုက်လေ့လာရန် သင့်အခြေအနေများက သင့်အားခွင့်မပြုလျှင်ကော အသို့နည်း။ အကြောင်းအရာကို ပြီးလျှင်ပြီးရောသဘောဖြင့် အလောတကြီးပြုလုပ်ခြင်း သို့မဟုတ် သာ၍ဆိုးသည်မှာ ယင်းအားလုံးကို မလေ့လာနိုင်မည့်အတူတူ မည်သည့်အရာကိုမှ မလေ့လာတော့ခြင်း ထောင်ချောက်များကို အမိမခံပါနှင့်။ ယင်းအစား သင်မည်မျှလေ့လာနိုင်သည်ကို ဆုံးဖြတ်ပြီး ကောင်းစွာလေ့လာမှုပြုပါ။ ယင်းကိုအပတ်စဉ်ပြုလုပ်ပါ။ တဖြည်းဖြည်း အခြားစည်းဝေးများအတွက်ပါ တိုးချဲ့လေ့လာဖို့ ကြိုးပမ်းအားထုတ်ပါ။
“သင်၏အိမ်ထောင်ကိုတည်ဆောက်ပါ”
အိမ်ထောင်ဦးစီးများသည် မိမိတို့ချစ်ရသူများအတွက် စီမံပေးရန်ကြိုးစားအားထုတ်ရမည်ဟု ယေဟောဝါ အသိအမှတ်ပြုသည်။ “ပြင်ပအရပ်မှာ သင်၏အလုပ်ကိုပြုပြင်လော့၊ လယ်တော၌ကိုယ့်အဖို့ ပြင်ဆင်လော့” ဟု သုတ္တံ ၂၄:၂၇ ကဘ၊ ကဆိုသည်။ သို့တိုင် သင့်မိသားစု၏ ဝိညာဉ်ရေးလိုအပ်ရာများကို လျစ်လျူမရှုနိုင်ပါ။ သို့ဖြစ်သောကြောင့် အခန်းငယ်ကဤသို့ဆက်၍ဆိုသည်– “ထို့နောက် သင်၏အိမ်ထောင်ကိုလည်း တည်ဆောက်ရမည်။” ဤအရာကို အိမ်ထောင်ဦးစီးများ မည်သို့ပြုလုပ်နိုင်သနည်း။ သုတ္တံ ၂၄:၃ ကဤသို့ဆိုသည်– “ဉာဏ် [“ပိုင်းခြားသိမြင်မှု၊” ကဘ] အားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။”
ပိုင်းခြားသိမြင်မှုသည် သင့်အိမ်ထောင်အတွက် မည်သို့အကျိုးပြုနိုင်မည်နည်း။ ပိုင်းခြားသိမြင်မှုဟူသည် သိသာထင်ရှားသည့်အရာထက်မကမြင်နိုင်သည့် ဉာဏ်စွမ်းဖြစ်သည်။ ယင်းက ထိရောက်သောမိသားစုသင်အံမှုသည် သင့်မိသားစုကိုယ်နှိုက် လေ့လာမှုနှင့် အစပြုသည်ဟု ကောင်းစွာဆိုနိုင်သည်။ သင့်မိသားစုဝင်များသည် ဝိညာဉ်ရေးတိုးတက်မှုအခြေအနေ မည်သို့ရှိသနည်း။ သူတို့နှင့်စကားလက်ဆုံပြောဆိုနေစဉ်အတောအတွင်း ဂရုတစိုက်နားထောင်ပါ။ ညည်းညူတတ်သော သို့မဟုတ် မကျေမချမ်းဖြစ်တတ်သောသဘောများ ရှိပါသလော။ ရုပ်ပစ္စည်းလိုက်စားမှုများသည် အရေးကြီးသည့်အရာဖြစ်နေသလော။ သင်သည် သင့်သားသမီးများနှင့်အတူ လယ်ကွင်းဓမ္မအမှုတွင်ရှိသောအခါ သူတို့လေးများသည် သူတို့၏ရွယ်တူချင်းများရှေ့၌ မိမိတို့ကိုယ်ကိုယေဟောဝါသက်သေများအဖြစ် ဖော်ပြရာတွင် သက်သောင့်သက်သာခံစားရသလော။ သူတို့လေးများသည် သင့်မိသားစုကျမ်းစာဖတ်ရှုခြင်းနှင့် လေ့လာမှုအစီအစဉ်ကို နှစ်သက်ပါ၏လော။ သူတို့လေးများသည် ယေဟောဝါ၏လမ်းစဉ်ကို သူတို့၏ဘဝလမ်းစဉ် အမှန်ဖြစ်စေနေကြသလော။ ဂရုတစိုက်စောင့်ကြည့်ခြင်းက အိမ်ထောင်ဦးစီးတစ်ယောက်အနေနှင့် သင်သည် မိသားစုဝင်တစ်ယောက်စီရှိ ဝိညာဉ်ရေးအရည်အချင်းများကို အခြေချတည်ဆောက်နိုင်ရန် အဘယ်အရာပြုလုပ်ဖို့လိုအပ်ကြောင်း ဖော်ပြပေးမည်။
သတ်သတ်မှတ်မှတ်လိုအပ်ချက် အကြောင်းများပါသည့်ဆောင်းပါးများကို ကင်းမျှော်စင်နှင့်နိုးလော့! တွင် စစ်ဆေးပါ။ ထို့နောက် မိသားစုအား သူတို့သည် အကြောင်းအရာအတွက် ထင်မြင်ချက်သဘောထားတင်ပြနိုင်ရန် မည်သည့်အရာလေ့လာမည်ကို ကြိုတင်ပြောပြပါ။ သင်အံမှုအတွင်း မေတ္တာလွှမ်းမိုးသည့်အခြေအနေကို ထိန်းသိမ်းထားပါ။ မည်သည့်မိသားစုဝင်ကိုမဆို အပြစ်တင်ခြင်း သို့မဟုတ် အရှက်တကွဲဖြစ်စေခြင်းမပြုဘဲ သင့်မိသားစုလိုအပ်ရာများ၏သက်ဆိုင်ပုံကို တိတိကျကျပြုလုပ်ခြင်းဖြင့် ဆင်ခြင်သုံးသပ်လျက်ရှိသည့် အကြောင်းအရာ၏တန်ဖိုးကို ပေါ်လွင်စေပါ။ ယောက်တိုင်းကို ပါဝင်စေပါ။ အသက်တာတွင် လက်ရှိလိုအပ်နေသည့်အရာကို ပြင်ဆင်မှုပေးရာတွင် ယေဟောဝါ၏နှုတ်ကပါဌ်တော်သည် မည်သို့ “စုံလင်” ကြောင်းသိရှိရန် တစ်ဦးစီအားကူညီပါ။—ဆာ. ၁၉:၇။
ဆုကျေးဇူးများကိုရိတ်သိမ်းခြင်း
ဝိညာဉ်ရေးသိနားလည်မှုမရှိသည့် မျက်စိရှင်သောလူတို့သည် စကြဝဠာ၊ ကမ္ဘာ့ဖြစ်ရပ်များနှင့် မိမိတို့ကိုယ်ကိုပင် လေ့လာနိုင်သည်၊ သို့သော် သူတို့မြင်နေသည့်အရာ၏ တကယ့်အဓိပ္ပာယ်ကိုမူ နားမလည်ကြချေ။ အခြားတစ်ဖက်တွင်မူ ဘုရားသခင့်ဝိညာဉ်တော်အကူအညီဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်လေ့လာသူတို့သည် ဘုရားသခင်၏လက်ရာတော်၊ ကျမ်းစာပရောဖက်ပြုချက်၏ပြည့်စုံမှုနှင့် နာခံသောလူသားများ၏ကောင်းချီးအတွက် ဘုရားသခင်၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသမှုတို့ကို ပိုင်းခြားသိမြင်နိုင်ကြသည်။—မာ. ၁၃:၄-၂၉; ရော. ၁:၂၀; ဗျာ. ၁၂:၁၂။
အံ့သြဖွယ်ရာဖြစ်သော်လည်း ယင်းကြောင့် မာနထောင်လွှားစရာအကြောင်း မဖြစ်စေသင့်ချေ။ သို့အစား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်းက နှိမ့်ချလျက်နေရန် ကျွန်ုပ်တို့အားကူညီသည်။ (တရား. ၁၇:၁၈-၂၀) ကျွန်ုပ်တို့နှလုံးတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ရှင်သန်နေသောအခါ အပြစ်သွေးဆောင်မှုသည် ယင်းကိုတွန်းလှန်မည့်ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို စိုးမိုးနိုင်ခြေမရှိသောကြောင့် “အပြစ်တရား၏လှည့်စားခြင်း” မှလည်း ကျွန်ုပ်တို့အားကာကွယ်ပေးသည်။ (ဟေဗြဲ ၂:၁; ၃:၁၃၊ သမ; ကော. ၃:၅-၁၀) ထိုသို့ဖြင့်၊ ကျွန်ုပ်တို့သည် “ကောင်းသောအကျင့်အမျိုးမျိုးတွင် အသီးသီးနေသည့်အနေဖြင့် ယေဟောဝါအား ချီးမွမ်းဖွယ်ဖြစ်စေခြင်းနှင့်တကွလျှောက်လှမ်းပြီး ကိုယ်တော်အား အစွမ်းကုန်နှစ်သက်မှုဖြစ်စေ” ကြမည်။ (ကော. ၁:၁၀၊ ကဘ) ထိုသို့ပြုလုပ်ခြင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာရသည့် ကျွန်ုပ်တို့၏ရည်ရွယ်ချက်ဖြစ်ပြီး ယင်းကိုပြီးမြောက်စေခြင်းသည် အကြီးမားဆုံးဆုကျေးဇူးဖြစ်သည်။