လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုများမှအကျိုးအပြည့်အဝရယူခြင်း
၁။ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများက ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။
၁ လယ်ကွင်းလုပ်ငန်းအတွက် ထိရောက်သောစုဆုံမှုများသည် လယ်ကွင်းသို့မသွားမီ အားပေးမှုနှင့် လက်တွေ့ကျအကြံပြုချက်များ ရရှိစေပါသည်။ ယင်းစုဆုံမှုများက အုပ်စုလိုက်သက်သေခံခြင်းတွင် ပါဝင်ခွင့်ရစေသောကြောင့် အခြားသူများနှင့်အတူ တွဲလုပ်ဆောင်နိုင်ပြီး အပြန်အလှန်အားပေးမှုနှင့် လေ့ကျင့်မှုရရှိကြသည်။ (သု. ၂၇:၁၇; ဒေ. ၄:၉၊ ၁၀) ထိုစုဆုံမှုများမှ အကျိုးအပြည့်အဝရရှိရန် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်နိုင်သနည်း။
၂။ သင်တန်းမှူး ဆွေးနွေးသုံးသပ်နိုင်သည့်အရာအချို့ကား အဘယ်နည်း။
၂ သင်တန်းမှူး– ထိုစုဆုံမှုများတွင် ဆွေးနွေးမည့်အကြောင်းအရာအတွက် အောက်လိုင်းရှိမည်မဟုတ်ပေ။ ထို့ကြောင့် သင်ဦးဆောင်သည့်အခါ ကောင်းစွာပြင်ဆင်ထားဖို့လိုသည်။ နေ့စဉ်ကျမ်းချက်သည် ဓမ္မအမှုနှင့်တိုက်ရိုက်သက်ဆိုင်ပါက ဆွေးနွေးနိုင်သော်လည်း ယင်းကို လုပ်ရိုးလုပ်စဉ်မဖြစ်စေပါနှင့်။ ထိုနေ့တွင် သက်သေခံခြင်းလုပ်ငန်း၌ ပါဝင်မည့်သူများအတွက် လက်တွေ့ကျအထောက်အကူများကို စဉ်းစားသုံးသပ်ပါ။ ဥပမာ၊ တင်ဆက်မှုတစ်ခုကို ဆွေးနွေးနိုင်သည် သို့မဟုတ် သရုပ်ပြနိုင်သည်။ ကျိုးကြောင်းဆင်ခြင်စာအုပ်နှင့် ဓမ္မအမှုကျောင်းစာအုပ်မှ အချက်အချို့ သို့မဟုတ် မကြာသေးမီက လုပ်ငန်းတော်စည်းဝေးတွင်ပါသော ကဏ္ဍတစ်ခုကို ပြန်သုံးသပ်နိုင်သည်။ သင့်ရပ်ကွက်တွင် တွေ့ကြုံနိုင်သည့် အခက်အခဲကို မည်သို့ဖြေရှင်းနိုင်ကြောင်း အခါအားလျော်စွာ သုံးသပ်နိုင်သည်၊ သို့မဟုတ် စိတ်ဝင်စားမှုနှိုးဆွနိုင်ပုံနှင့် အထူးသဖြင့် ကြေညာသူများသည် ပြန်လည်ပတ်မှုများ ပြုလုပ်မည်ဆိုပါက ကျမ်းစာသင်အံမှုများစတင်နိုင်ပုံကို ဆွေးနွေးနိုင်သည်။ မည်သည့်အကြောင်းအရာကို ဆွေးနွေးပါစေ ထက်ထက်သန်သန်နှင့် အပြုသဘောရှိပါ။
၃။ စုဆုံမှုသည် အချိန်မည်မျှကြာသင့်သနည်း၊ ထိုအချိန်အတွင်း အဘယ်အရာများ ပြီးမြောက်သင့်သနည်း။
၃ အချို့နောက်ကျသည့်တိုင် စုဆုံမှုကို အချိန်မီစတင်ပါ။ အုပ်စုဖွဲ့စည်းရာတွင် ကောင်းစွာချင့်ချိန်ပြီး ရပ်ကွက်ကို လိုအပ်သလို စီစဉ်ပေးပါ။ စုဆုံမှုသည် ၁၀ မိနစ်မှ ၁၅ မိနစ်ထက် ပိုမကြာသင့်ပေ၊ အသင်းတော်အစည်းအဝေး ဆက်ကျင်းပမည်ဆိုပါက ပို၍တိုသင့်သည်။ စုဆုံမှု နိဂုံးမချုပ်မီ တက်ရောက်သူတိုင်းသည် မည်သူနှင့်တွဲရမည်၊ မည်သည့်ရပ်ကွက်သို့သွားမည်ကို သိထားသင့်သည်။ စုဆုံမှုကို ဆုတောင်းခြင်းဖြင့် နိဂုံးချုပ်သင့်သည်။
၄။ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများမှ အားလုံးအကျိုးအပြည့်အဝရရှိရန် ဘာကထောက်ကူမည်နည်း။
၄ သင်ကူညီနိုင်– အသင်းတော်အစည်းအဝေးများတွင်ကဲ့သို့ပင် ကျွန်ုပ်တို့သည် ယေဟောဝါကို လေးစားမှုတင်ပြကြပြီး အချိန်မီရောက်ရှိခြင်းဖြင့် အခြားသူများကို ထောက်ထားစာနာကြောင်း တင်ပြကြသည်။ ဆွေးနွေးမှုတွင်ပါဝင်ပါ။ သင်တန်းမှူးက သင့်ကို အခြားသူတစ်ဦးနှင့်အတူ တွဲလုပ်ဆောင်ရန် တာဝန်ပေးပေမည် သို့မဟုတ် သင်ကိုယ်တိုင်ရွေးချယ်ရပေမည်။ သင်ကိုယ်တိုင်ရွေးချယ်ရမည်ဆိုပါက ရင်းနှီးသောမိတ်ဆွေများနှင့် အမြဲတမ်းတွဲလုပ်ဆောင်မည့်အစား အခြားကြေညာသူများနှင့်လည်း တွဲလုပ်ဆောင်ခြင်းဖြင့် “ကျယ်ဝန်းသောစိတ်” ပြသရန်ကြိုးစားပါ။ (၂ ကော. ၆:၁၁-၁၃) စုဆုံမှုပြီးသည့်အခါ အစီအစဉ်များကို မပြောင်းလဲပါနှင့်၊ ရပ်ကွက်သို့ ချက်ချင်းထွက်ခွာပါ။
၅။ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများ၏ ရည်ရွယ်ချက်ကားအဘယ်နည်း။
၅ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများ၏ ရည်ရွယ်ချက်မှာ အခြားအသင်းတော်အစည်းအဝေးများနှင့် အတူတူပင်ဖြစ်သည်။ “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှု” နိုင်ရန် ယင်းတို့ကို စီစဉ်ထားခြင်းဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထိုစုဆုံမှုများမှ အကျိုးရရှိရန် ကြိုးစားလုပ်ဆောင်မည်ဆိုပါက “ကောင်းသောအကျင့်” ဖြစ်သည့် ဓမ္မအမှုလုပ်ငန်းကိုကျေပွန်ရန် အထောက်အကူရပါလိမ့်မည်။