သင်ခန်းစာ ၂၆
အကြောင်းအရာကို ကျိုးကြောင်းဆီလျော်စွာ အဆင့်ဆင့် တည်ဆောက်ခြင်း
အကြောင်းအရာကို ကျိုးကြောင်းဆီလျော်စွာ မဖွဲ့စည်းနိုင်မီ သင့်စိတ်ထဲတွင် ပန်းတိုင်တစ်ခု ထားရှိဖို့လိုအပ်သည်။ သင့်ရည်မှန်းချက်သည် အခြားသူများအား တစ်စုံတစ်ရာသောအကြောင်းအရာဖြစ်သည့်—ယုံကြည်ချက်တစ်ခု၊ သဘောထားတစ်ရပ်၊ အရည်အချင်းတစ်ခု၊ အကျင့်အကြံတစ်မျိုး သို့မဟုတ် ဘဝလမ်းစဉ်တစ်ရပ်ကို သိရှိစေခြင်းမျှသာလော။ တစ်စုံတစ်ရာသောအယူအဆကို မှန်ကြောင်း သို့မဟုတ် မှားကြောင်းသက်သေပြရန်မှာ သင်ရည်မှန်းသလော။ တစ်စုံတစ်ခုကို တန်ဖိုးထားရန် သို့မဟုတ် လုပ်ဆောင်ဖို့လှုံ့ဆော်ပေးရန် သင့်ရည်မှန်းချက်လော။ သင့်အကြောင်းအရာအား တစ်ဦးတစ်ယောက်ကိုဖြစ်စေ သို့မဟုတ် ကြီးမားသောပရိသတ်ကိုဖြစ်စေ တင်ပြတော့မည်ဆိုလျှင် ထိထိမိမိတင်ပြနိုင်ရန် အကြောင်းအရာနှင့်ပတ်သက်၍ သူတို့အဘယ်အရာသိထားကြောင်းနှင့် ယင်းအပေါ် သူတို့၏သဘောထားက အဘယ်အရာဖြစ်ကြောင်း စဉ်းစားဖို့လိုသည်။ ယင်းကို သင်လုပ်ဆောင်ပြီးသည့်နောက် သင့်ရည်မှန်းချက်အောင်မြင်ရန် ထောက်ကူမည့်နည်းဖြင့် အကြောင်းအရာကို အောက်လိုင်းဆွဲပါ။
ဒမာသက်မြို့တွင် ရှောလု (ပေါလု) ၏ဓမ္မအမှုနှင့်စပ်လျဉ်း၍ တမန်တော် ၉:၂၂ (သမ္မာ)က သူသည် “ဒမာသက်မြို့၌နေသော ယုဒလူတို့ပြောသမျှသောစကားကိုချေ၍၊ ယေရှုသည်ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏” ဟုဆိုသည်။ ထိုကျိုးကြောင်းဆီလျော်သော သက်သေအထောက်အထားတွင် မည်သည့်အရာပါဝင်သနည်း။ အန္တိအုတ်မြို့နှင့် သက်သာလောနိတ်မြို့ရှိ ပေါလု၏နောက်ပိုင်းဓမ္မအမှုမှတ်တမ်း၌ ဖော်ပြထားသည့်အတိုင်း၊ သူသည် ရှေးဦးစွာ ဟေဗြဲကျမ်းစာစောင်များကို ဂျူးလူမျိုးတို့လက်ခံသည့်အချက်နှင့် မေရှိယနှင့်ပတ်သက်၍ ဖော်ပြထားရာများကို သူတို့ယုံကြည်သည်ဟု ဆိုသည့်အချက်တို့အပေါ် ဆင့်၍တည်ဆောက်သွားသည်။ ထို့နောက် ပေါလုသည် ထိုကျမ်းစာစောင်များမှနေ၍ မေရှိယ၏အသက်တာနှင့် ဓမ္မအမှုတို့နှင့်သက်ဆိုင်သည့် ကျမ်းပိုင်းများကို ရွေးချယ်ခဲ့သည်။ ယင်းတို့ကို ကိုးကားကာ ယေရှု၌ အမှန်တကယ်ဖြစ်ပျက်ခဲ့သည့်အရာတို့နှင့် နှိုင်းယှဉ်ပြခဲ့သည်။ နောက်ဆုံး၌ ယေရှုသည် ခရစ်တော် သို့မဟုတ် မေရှိယဖြစ်သည်ဟူသည့် ထင်ရှားသောကောက်ချက်ချခဲ့သည်။ (တ. ၁၃:၁၆-၄၁; ၁၇:၂၊ ၃) အသင်လည်း သမ္မာကျမ်းစာအမှန်တရားကို ကျိုးကြောင်းဆီလျော်စွာတင်ဆက်ပါက အခြားသူများအပေါ် သွေးဆောင်နိုင်သည့်သက်ရောက်မှုရှိနိုင်ပေသည်။
တင်ဆက်မှုကို ဖွဲ့စည်းခြင်း။ ကျိုးကြောင်းဆီလျော်သည့်နည်းအမျိုးမျိုးဖြင့် အကြောင်းအရာကို စီစဉ်နိုင်ပေသည်။ အကျိုးဖြစ်ထွန်းသည်ဟု သင်တွေ့ရှိပါက နည်းများကိုပေါင်းစပ်၍အသုံးပြုနိုင်ပေသည်။ ဖြစ်နိုင်သည့်အရာအနည်းငယ်ကို သုံးသပ်ကြည့်ပါ။
အကြောင်းအရာလိုက်အစီအစဉ်။ ယင်းတွင် သင့်အကြောင်းအရာကို သင့်ရည်မှန်းချက်တွင် အရေးပါသောအပိုင်းတစ်ခုစီအား ဖွဲ့စည်းခြင်းပါဝင်သည်။ အပိုင်းများသည် သင့်အကြောင်းအရာကို နားလည်စေခြင်းတွင် အရေးကြီးသည့် အဓိကအချက်များဖြစ်ပေမည်။ ယင်းတို့မှာ တစ်စုံတစ်ရာသည် မှန်ကြောင်း သို့မဟုတ် မှားကြောင်းသက်သေပြသည့် သတ်သတ်မှတ်မှတ် အချေအတင်ပြောဆိုချက်များဖြစ်နိုင်သည်။ အချို့အချက်များသည် အကြောင်းအရာနှင့်ဆက်စပ်မှုရှိသော်လည်း ပရိသတ် သို့မဟုတ် ရည်မှန်းချက်အပေါ်မူတည်၍ ဖြည့်စွက်တန်ဖြည့်စွက်၊ ဖျက်တန်ဖျက်နိုင်ပေသည်။
အကြောင်းအရာလိုက်အစီအစဉ် နမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ ဘုရားသခင့်နာမတော်နှင့်စပ်လျဉ်းသည့် တိုတုတ်သောတင်ဆက်မှုတစ်ခုတွင် ပါဝင်နိုင်ရာမှာ (၁) ဘုရားသခင်ကို အမည်ဖြင့်သိရှိရန် အဘယ်ကြောင့်အရေးကြီးကြောင်း၊ (၂) ဘုရားသခင့်နာမတော်ကား အဘယ်အရာဖြစ်ကြောင်းနှင့် (၃) ထိုနာမတော်ကို ကျွန်ုပ်တို့မည်သို့ဂုဏ်တင်နိုင်ပုံ။
အိမ်တွင်းကျမ်းစာသင်အံမှုများတွင် အသုံးပြုရန်အတွက် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှ ပြင်ဆင်ပေးထားသောစာပေများကို စေ့စေ့ကြည့်ရှုခြင်းအားဖြင့် အကြောင်းအရာလိုက်အစီအစဉ်အကြောင်း များစွာသင်ယူရရှိနိုင်ပါသည်။ (မ. ၂၄:၄၅၊ သမ) ဤစာပေများတွင် များသောအားဖြင့် သင်သားများကို အခြေခံကျမ်းစာအမှန်တရားများ ခြုံငုံမြင်စေရန် ထောက်ကူနိုင်သည့် အကြောင်းအရာများစွာ ပါဝင်လေ့ရှိသည်။ စာပေကြီးများသည် အခန်းတစ်ခန်းစီကို ပိုင်းခြားရန် ခေါင်းစဉ်ခွဲများကိုအသုံးပြုကြသည်။ ယင်းခေါင်းစဉ်အကြောင်းအရာတစ်ခုစီသည် သင်သားဖြစ်သူအတွက် လာမည့်အကြောင်းကို သိရှိရန်ပြင်ဆင်ပေးကာ ခြုံငုံနားလည်စေရန် ထောက်ကူပေးသည်။
အကြောင်းနှင့်အကျိုး။ အကြောင်းမှအကျိုးသို့ ကျိုးကြောင်းဆင်ခြင်ခြင်းသည် အချက်အလက်ကို ကျိုးကြောင်းဆီလျော်စွာ တင်ဆက်သည့် နောက်နည်းတစ်နည်းဖြစ်သည်။
သူတို့လုပ်ဆောင်နေသည့်အရာ သို့မဟုတ် လုပ်ဆောင်ဖို့စီစဉ်ထားသည့်အရာ၏အကျိုးရလဒ်ကို ပို၍ဂရုတစိုက် ဆင်ခြင်သုံးသပ်ဖို့လိုအပ်သောအုပ်စု သို့မဟုတ် သူများအား ပြောဆိုနေသည့်အခါ ဤချဉ်းကပ်မှုသည် ထိရောက်နိုင်ပါသည်။ သုတ္တံအခန်းကြီး ၇ က ဤချဉ်းကပ်မှု၏ အကောင်းဆုံးစံနမူနာတစ်ခုကို ဖော်ပြပေးထားသည်။ “နှလုံးလိုအပ်ချက်ရှိ” သော (အကြောင်း) အတွေ့အကြုံမရှိသည့် လူရွယ်တစ်ဦးသည် ပြည့်တန်ဆာမတစ်ဦးနှင့် မည်သို့မှားယွင်းခဲ့ကာ ခါးသီးသောအကျိုးဆက်များ (အကျိုး) ကို မည်သို့ခံစားရကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြပေးထားသည်။—သု. ၇:၇၊ ကဘ။
ထပ်ဆင့်လေးနက်စေရန် ယေဟောဝါ၏နည်းလမ်းတော်များ၌လျှောက်လှမ်းရန် ပျက်ကွက်ခဲ့ကြသူများတွေ့ကြုံခဲ့ရသည့် ဆိုးကျိုးများနှင့် ယေဟောဝါအားနားထောင်ကြသူများတွေ့ကြုံခဲ့ရသည့် ကောင်းကျိုးများ ကွာခြားချက်ကို ပြပေမည်။ ကတိထားတော်မူရာပြည်သို့ ဣသရေလလူမျိုးများမဝင်ရောက်မီ သူတို့ကိုစကားပြောဆိုသည့်အခါ ယေဟောဝါ၏ဝိညာဉ်တော်စေ့ဆော်မှုဖြင့် ထိုသို့သောကွာခြားချက်ကို မောရှေပြခဲ့သည်။—တရား.၊ အခန်းကြီး ၂၈။
အချို့ဖြစ်ရပ်များတွင် အခြေအနေတစ်ခု (အကျိုး) ကိုခွဲခြားဖော်ပြခြင်းဖြင့် သင့်ဆွေးနွေးခန်းကို အစပြုပြီးနောက် ဖြစ်ရသည့်အကြောင်းများ (အကြောင်း) ကိုညွှန်ပြသည့် သက်သေသာဓကတင်ပြခြင်းက ပိုကောင်းသည်။ ယင်းတွင် ပြဿနာတစ်ရပ်နှင့် ဖြေရှင်းချက်တင်ဆက်မှုတို့ ပါဝင်လေ့ရှိသည်။
ပြဿနာနှင့်ဖြေရှင်းချက်– လယ်ကွင်းဓမ္မအမှု၌ လူတို့စိုးရိမ်မကင်းဖြစ်သည့် ပြဿနာတစ်ခုဆွေးနွေးပြီး ကျေနပ်ဖွယ်ကောင်းသောဖြေရှင်းချက်တစ်ခုရှိကြောင်း ပြသသည့်အခါ ယင်းသည် လူတစ်ဦးအား နားထောင်ရန် အားပေးရာရောက်နိုင်သည်။ ထိုပြဿနာမှာ သင်ဖော်ပြလိုက်သည့်အရာ သို့မဟုတ် အခြားသူတင်ပြလာသည့်အရာတစ်ခုခုဖြစ်နိုင်သည်။
ထိုသို့သောပြဿနာသည် လူတို့အိုမင်း၍သေဆုံးသွားရခြင်း၊ ရာဇဝတ်မှုများပြားလာခြင်း သို့မဟုတ် နေရာအနှံ့တရားမျှတမှုမရှိခြင်းဟူသည့်အချက် ဖြစ်နိုင်သည်။ ထင်ရှားသိသာလွန်းသောကြောင့် ထိုသို့သောပြဿနာတစ်ရပ်ရှိကြောင်းပြရန် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့မလိုအပ်ပါ။ အဆိုပါပြဿနာကို အကိုးအကားတစ်ခုဖြင့် ရိုးရိုးလေးစတင်ပြီးနောက် သမ္မာကျမ်းစာတွင်ဖော်ပြထားသော ဖြေရှင်းချက်ကို တင်ပြပေးပါ။
အခြားတစ်ဖက်တွင်မူ ကြင်ဖော်မဲ့မိဘတစ်ဦးရင်ဆိုင်ရသည့် စိန်ခေါ်ချက်များ၊ အပြင်းအထန်ဖျားနာမှုကြောင့် စိတ်ပျက်အားလျော့ခြင်း သို့မဟုတ် အခြားသူတစ်ဦး၏ အကြင်နာမဲ့သည့်အပြုအမူကြောင့် လူတစ်ဦးတွေ့ကြုံနေရသည့် အခက်အခဲစသည်တို့ပါဝင်သည့် ကိုယ်ရေးကိုယ်တာပြဿနာများဖြစ်နိုင်ပေသည်။ အကြီးမားဆုံးသောကောင်းကျိုးရစေရန် ပထမဦးဆုံးအနေနှင့် သင်သည် ကောင်းသောနားထောင်သူတစ်ဦးဖြစ်ရမည်။ ဤပြဿနာများအားလုံးနှင့်စပ်လျဉ်းသည့် တန်ဖိုးရှိသတင်းအချက်အလက်ကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ သို့သော် ပိုင်းခြားသိမြင်မှုဖြင့် ၎င်းကိုအသုံးပြုရန်လိုအပ်သည်။ သင်၏ဆွေးနွေးမှုသည် အခြားသူအတွက် အမှန်ပင် အကျိုးဖြစ်ထွန်းဖို့ဆိုလျှင် လက်တွေ့ကျကျဖြစ်ရန်လိုသည်။ သင်သည် တည်တံ့သောဖြေရှင်းနည်း၊ ရေတိုသက်သာရာရမှု၊ ဤအစီအစဉ်စနစ်တွင် ပြောင်းလဲမည်မဟုတ်သည့်အခြေအနေတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းပုံစသည့် မည်သည့်အကြောင်းကိုမဆို ဆွေးနွေးနေသည်ဖြစ်စေ ယင်းတို့ကို ရှင်းလင်းစေပါ။ တစ်နည်းအားဖြင့် သင်တင်ပြသည့် ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်မှုသည် ယင်းမှ သင်ဆွဲယူတင်ပြထားသည့် ကောက်ချက်ကို ထောက်မပေးရန် လုံလောက်ကြောင်း သေချာစေပါ။ ထိုသို့မဟုတ်လျှင် သင်ထောက်ပြသောဖြေရှင်းချက်သည် အခြားသူအတွက် လုံးဝကျိုးကြောင်းဆီလျော်ပုံမပေါက်ဘဲဖြစ်သွားနိုင်သည်။
ခုနှစ်သက္ကရာဇ်စဉ်– အချို့သော အကြောင်းအရာကို ခုနှစ်သက္ကရာဇ်စဉ်အရ တင်ဆက်ပေးထားသည်။ ဥပမာ၊ ထွက်မြောက်ရာကျမ်းတွင် ကပ်ဘေးဆယ်ပါးကို ဖြစ်ပျက်ခဲ့သည့်အစီအစဉ်အတိုင်း ဖော်ပြပေးထားသည်။ ဟေဗြဲ အခန်းကြီး ၁၁ တွင် တမန်တော်ပေါလု၏ အတုယူထိုက်သောယုံကြည်ခြင်းရှိ အမျိုးသားအမျိုးသမီးများစာရင်းကို ခုနှစ်သက္ကရာဇ်စဉ်နှင့်အညီ ဖော်ပြထားသည်။
အတိတ်မှအဖြစ်အပျက်များကို ခုနှစ်သက္ကရာဇ်စဉ်အတိုင်း ပြောပြမည်ဆိုလျှင် အချို့သောအခြေအနေများ မည်သို့ပေါ်ပေါက်လာပုံကို ပရိသတ်နားလည်ရန် ယင်းကကူညီပေးမည်။ ယင်းက မျက်မှောက်ခေတ်သမိုင်းနှင့်သာမက ကျမ်းစာခေတ်မှအဖြစ်အပျက်များနှင့်ပါ သက်ဆိုင်ပါသည်။ သို့ဖြစ်၍ ခုနှစ်သက္ကရာဇ်အစီအစဉ်ကို အကြောင်းနှင့်အကျိုး ဆင်ခြင်သုံးသပ်ခြင်းဖြင့် သင်ပေါင်းစပ်ပေမည်။ အကယ်၍ အနာဂတ်တွင်ဖြစ်ပျက်လာမည့် ကျမ်းစာကဖော်ပြထားသော အဖြစ်အပျက်များကို အောက်လိုင်းပြုလုပ်ဖို့သင်ကြံရွယ်လျှင် ခုနှစ်သက္ကရာဇ်စဉ်အရတင်ပြခြင်းက ပရိသတ် လိုက်၍မီရန်နှင့် သတိရရန်အတွက် အလွယ်ကူဆုံးဖြစ်ပေမည်။
ခုနှစ်သက္ကရာဇ်စဉ်ဆိုင်ရာချဉ်းကပ်နည်းကို အသုံးပြုခြင်းက အမြဲပင် အစမှ စတင်ရမည်ဟုမဆိုလိုပါ။ အချို့ကိစ္စရပ်များတွင် အကြောင်းအရာတစ်ခုရှိ ထူးခြားသောအချက်သို့ရောက်သည့်အခါ ဖြစ်ရပ်ကိုပြောပြခြင်းက ပို၍ထိရောက်နိုင်သည်။ ဥပမာ၊ အတွေ့အကြုံတစ်ခုကိုပြောပြနေစဉ် တစ်ဦးတစ်ယောက်၏ ဘုရားသခင်အပေါ်ထားရှိသည့်သမာဓိ အစမ်းသပ်ခံလိုက်ရသည့် ဖြစ်ရပ်တစ်ခုကိုပြောပြရန် သင်ရွေးချယ်ပေမည်။ ထိုဖြစ်ရပ်ဖြင့် စိတ်ဝင်စားလာအောင်နှိုးဆွပေးပြီးသကာလ ယင်းဖြစ်ရပ်ကိုဖြစ်ပေါ်စေသည့် အသေးစိတ်များကို ခုနှစ်သက္ကရာဇ်စဉ်အတိုင်း ဖော်ပြနိုင်သည်။
အံဝင်သောအကြောင်းကိုသာအသုံးပြုခြင်း။ အကြောင်းအရာကို မည်သို့စနစ်တကျစုစည်းစေကာမူ အံဝင်သည့်အကြောင်းအရာကိုသာ အသုံးပြုရန် သတိပြုပါ။ သင့်ဟောပြောချက်၏အဓိကအကြောင်းသည် သင့်ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိသင့်သည်။ သင့်ပရိသတ်တွင်ပါဝင်သူများကိုလည်း ထည့်တွက်စဉ်းစားသင့်သည်။ ထူးခြားသောအချက်တစ်ချက်သည် ပရိသတ်တစ်မျိုးအတွက် အရေးပါနိုင်ဖွယ်ရှိမည်၊ အခြားအုပ်စုအတွက်မူ ယင်းသည် အပိုဖြစ်ကောင်းဖြစ်နိုင်သည်။ အကြောင်းအရာအားလုံးသည် သင့်ရည်မှန်းချက်ကို အထမြောက်အောင်မြင်စေမည်ဖြစ်ကြောင်းလည်း သေချာစေရမည်။ ထိုသို့မဟုတ်ပါက သင့်တင်ဆက်မှုသည် စိတ်ဝင်စားဖွယ်ကောင်းမည်ဖြစ်သော်လည်း ထိရောက်မှုမဲ့သွားပေမည်။
သုတေသနပြုသောအခါ သင့်အကြောင်းအရာနှင့်ဆက်နွှယ်သည့် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများစွာ သင်တွေ့ရှိပေမည်။ ယင်းထဲမှ သင်မည်မျှအသုံးပြုသင့်သနည်း။ ပရိသတ်အတွက် အကြောင်းအရာများလွန်းနေပါက သင့်ရည်ရွယ်ချက် ပျက်ပြားသွားနိုင်ပေသည်။ ကောင်းစွာအဆင့်ဆင့်တည်ဆောက်ထားသည့် အဓိကယူဆချက်အနည်းငယ်သည် လျင်မြန်စွာတင်ပြသွားသည့် ယူဆချက်များစွာထက် ပို၍အလွယ်တကူ မှတ်မိစေနိုင်မည်။ အကြောင်းအရာနှင့်အလျဉ်းသင့်သည့် အချက်များကို ဘယ်တော့မျှ မပါဝင်စေသင့်ဟု ယင်းကမဆိုလိုပါ။ သို့သော် ယင်းတို့က သင့်ရည်မှန်းချက်ကို မဖုံးလွှမ်းသွားစေပါနှင့်။ ထိုသို့သော အသေးစိတ်အချက်အလက်များကို ကျမ်းစာတွင် မာကု ၇:၃၊ ၄ နှင့် ယောဟန် ၄:၁-၃၊ ၇-၉ ၌ အမြော်အမြင်ရှိရှိဖြင့် မည်သို့ထည့်သွင်းထားပုံကို ဂရုပြုပါ။
တစ်ချက်မှတစ်ချက်သို့ အဆင့်ဆင့်တက်သွားသည့်အခါ ပရိသတ်၏အတွေးကွင်းဆက်ပြတ်သွားသည်အထိ ရုတ်တရက်မပြောင်းရန်သတိပြုပါ။ အယူအဆများသည် ထိထိမိမိပေါင်းစည်းလုပ်ဆောင်ရန် အယူအဆတစ်ခုနှင့်တစ်ခုသို့ ပေါင်းကူးတံတားထိုးပေးဖို့ လိုအပ်ပေမည်။ ပေါင်းကူးတံတားသည် စကားပိုဒ်တစ်ပိုဒ်ဖြစ်နိုင်သည် သို့မဟုတ် အယူအဆတစ်ခုနှင့်တစ်ခု ဆက်စပ်မှုပြသည့် ဝါကျပြည့်တစ်ကြောင်းဖြစ်နိုင်သည်။ ဘာသာစကားများစွာတို့တွင် အယူအဆအသစ်နှင့် ယင်း၏ရှေ့တွင်ရှိရာ၏ ဆက်စပ်နေမှုကိုဖော်ပြရန် ရိုးရှင်းသောစကားဆက်များ သို့မဟုတ် စကားစုများကို အသုံးပြုနိုင်သည်။
သက်ဆိုင်သည့်အကြောင်းအရာကိုသာ အသုံးပြုကာ ယင်းကို ကျိုးကြောင်းဆီလျော်စွာစီစဉ်ထားပါက သင့်ရည်မှန်းချက်ကို အထမြောက်စေပါလိမ့်မည်။