သင်ခန်းစာ ၂၈
စကားလက်ဆုံပြောဆိုပုံ
လူတို့သည် ယေဘုယျအားဖြင့် မိတ်ဆွေသူငယ်ချင်းများနှင့် စကားလက်ဆုံပြောဆိုကြသည့်အခါ စိတ်လက်ပေါ့ပါးမှုရှိကြသည်။ သူတို့၏အသုံးအနှုန်းများသည် လက်တန်းအသုံးအနှုန်းများ ဖြစ်ကြသည်။ အချို့သူတို့သည် အားတက်သရောရှိကြသည်; အခြားသူတို့မူ ပို၍ ဣန္ဒြေကြီးကြသည်။ မည်သို့ပင်ဖြစ်ပါစေ ပင်ကိုသဘာဝကျသော ထိုပြောဆိုပုံသည် ဆွဲဆောင်မှုရှိပေသည်။
သို့သော် သူစိမ်းတစ်ဦးထံ ချဉ်းကပ်သောအခါ ရင်းနှီးလွန်းသည့်ပုံစံဖြစ်စေ၊ ကြုံရာကျပန်းပုံစံဖြင့်ဖြစ်စေ ပြောဆိုပါက မသင့်တော်ချေ။ အမှန်မှာ၊ အချို့ယဉ်ကျေးမှုများတွင် သူစိမ်းများနှင့် စကားလက်ဆုံပြောဆိုမှုများအားလုံးသည် စည်းကမ်းနည်းလမ်းတကျ စပြောဆိုရသည်။ ရိုသေလေးစားမှု ပြသပြီးနောက်တွင် ပိုင်းခြားဝေဖန်ပြီး စည်းစနစ်နှင့်ပြောဆိုခြင်းကိုလျှော့ကာ ပို၍စကားလက်ဆုံပြောဆိုပုံဆန်ဆန် ပြောဆိုပါက နှစ်လိုဖွယ်ဖြစ်ပေမည်။
စင်မြင့်ပေါ်မှ ဟောပြောသည့်အခါ၌လည်း ဂရုစိုက်ရမည်ဖြစ်သည်။ ဖြစ်ကတတ်ဆန်းနိုင်လွန်းသည့်အမူအရာသည် ခရစ်ယာန်အစည်းအဝေး၏ ဂုဏ်သိက္ခာနှင့် ဖော်ပြပါအရာ၏ လေးနက်မှုကို ထိခိုက်ဆုတ်ယုတ်စေသည်။ ဘာသာစကားအချို့တွင် သက်ကြီးရွယ်အိုတစ်ဦး၊ ဆရာတစ်ဦး၊ အရာရှိတစ်ဦး သို့မဟုတ် မိဘတစ်ဦးကို ရည်ညွှန်းသောအခါ အသုံးအနှုန်းအချို့ လိုအပ်သည်။ (တမန်တော် ၇:၂ နှင့် ၁၃:၁၆ ၌ အသုံးပြုထားသည့် အသုံးအနှုန်းများကို သတိပြုပါ။) အိမ်ထောင်သည်တစ်ဦး သို့မဟုတ် ရင်းနှီးသောမိတ်ဆွေတစ်ဦးကို ရည်ညွှန်းသည့်အခါ ကွဲပြားခြားနားသော အသုံးအနှုန်းများကို အသုံးပြုသည်။ စင်မြင့်ပေါ်တွင် ဟောပြောစဉ် ကျွန်ုပ်တို့၏ပြောဆိုပုံသည် မလိုအပ်ဘဲ စည်းကမ်းနည်းလမ်းလိုက်လွန်းခြင်း မဖြစ်သင့်သော်လည်း လေးလေးစားစားဖြစ်သင့်သည်။
သို့ရာတွင် လူတစ်ဦးဟောပြောချက်ပေးသည့်အခါ မလိုအပ်ဘဲ ပျော့ပျောင်းပြေပြစ်မှုမရှိခြင်း သို့မဟုတ် ပုံသေကားကျဖြစ်စေသည့် အကြောင်းများရှိသည်။ အကြောင်းတစ်ခုမှာ ဝါကျတည်ဆောက်ပုံ သို့မဟုတ် စကားစုဖွဲ့ပုံဖြစ်သည်။ ဟောပြောသူသည် အသုံးအနှုန်းများကို ပုံနှိပ်ထားသည့်အတိုင်း တိတိကျကျ ထပ်တလဲလဲပြောဆိုဖို့ ကြိုးစားသည့်အခါ အခက်အခဲ ပေါ်ပေါက်လာသည်။ အများအားဖြင့် အရေးစကားလုံးသည် အပြောစကားလုံးနှင့် အတော်အတန် ကွာခြားတတ်သည်။ မှန်ပါသည်၊ ဟောပြောချက်အတွက် ပြင်ဆင်ရာတွင် သုတေသနပြုရှာဖွေခြင်းကို များသောအားဖြင့် ထုတ်ဝေထားသောစာစောင်ကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်သည်။ ပုံနှိပ်အောက်လိုင်းသည် ဟောပြောချက်အတွက် အခြေခံကို ပေးထားပေမည်။ သို့သော် အကြောင်းအရာများအား ပုံနှိပ်ထားသည့်အတိုင်း တိတိကျကျဖော်ပြမည် သို့မဟုတ် ဟောပြောချက်ပေးနေစဉ်အတွင်း ထုတ်ဝေထားသောအောက်လိုင်းမှ တိုက်ရိုက် ဖတ်ပြမည်ဆိုပါက သင့်ဟောပြောချက်သည် စကားလက်ဆုံပြောသည့်ပုံပေါက်မည်မဟုတ်ချေ။ စကားလက်ဆုံပြောဆိုပုံကိုထိန်းသိမ်းရန် အကြောင်းအရာများကို သင့်ကိုယ်ပိုင်စကားများဖြင့် ဖော်ပြပြောဆိုကာ ရှုပ်ထွေးသော ဝါကျတည်ဆောက်ပုံကို ရှောင်ကြဉ်ပါ။
နောက်အကြောင်းရင်းတစ်ခုမှာ အသံအနှေးအမြန်ကွာခြားချက် ဖြစ်သည်။ အပြောအဆိုတွင် ပျော့ပျောင်းပြေပြစ်မှုမရှိခြင်းနှင့် ပုံသေကားကျဖြစ်နေခြင်းသည် စကားလုံးများကြား ခြားထားမှုညီတူညီမျှဖြစ်လွန်းခြင်းနှင့် အသံအနှေးအမြန်နှုန်းသည် ပုံမှန်ဖြစ်လွန်းခြင်းတို့ကြောင့် ဖြစ်လေ့ရှိသည်။ သာမန်စကားပြောတွင် အသံအနှေးအမြန် ပြောင်းလဲမှုများနှင့် မကြာခဏ ရပ်တန့်မှုကြာချိန်အမျိုးမျိုးရှိသည်။
မှန်ပါသည်၊ ကြီးမားသောပရိသတ်ကို ဟောပြောသည့်အခါ ပရိသတ်၏အာရုံကို ဆွဲဆောင်နိုင်ရန်အလို့ငှာ စကားလက်ဆုံပြောဆိုပုံကို အသံပမာဏကြီးကြီး၊ အသံစွမ်းအားမြင့်မြင့်၊ စိတ်အားထက်သန်မှုများများတို့နှင့် တွဲဖက်ပေးသင့်သည်။
ဓမ္မအမှုအတွက် သင့်လျော်သော စကားလက်ဆုံပြောဆိုနိုင်ရန် နေ့စဉ်ပင် ကောင်းစွာပြောဆိုခြင်းကို အကျင့်တစ်ခုဖြစ်စေရန် လိုအပ်သည်။ ယင်းက သင်၌ မြင့်မားသော ပညာအရည်အချင်းရှိရမည်ဟု မဆိုလိုပါ။ သို့သော် သင်ပြောဆိုရာကို အခြားသူများ တလေးတစား နားထောင်စေမည့် စကားပြောအကျင့်များကို ပြုစုပျိုးထောင်သင့်ပေသည်။ ယင်းကို စိတ်တွင်ထားကာ နေ့စဉ် စကားအပြန်အလှန်ပြောဆိုမှုတွင် အောက်ပါအချက်များ လုပ်ဆောင်ရန်လိုမလိုကို ဆင်ခြင်သုံးသပ်ကြည့်ပါ။
သဒ္ဒါနည်းမကျသော အသုံးအနှုန်းများ သို့မဟုတ် ဘုရားရေးရာစံနှုန်းများအား ဖီဆန်ကြသူတို့၏ ဘဝလမ်းစဉ်လိုက်နေသူဟု သင့်အား သတ်မှတ်သွားစေသည့် အသုံးအနှုန်းများကို ရှောင်ကြဉ်ပါ။ ကောလောသဲ ၃:၈ ၏အကြံပေးချက်နှင့်အညီ ရုန့်ရင်းကြမ်းတမ်းသော သို့မဟုတ် ရိုင်းစိုင်းသောစကားများကို ကြဉ်ရှောင်ပါ။ အခြားတစ်ဖက်တွင်မူ ယေဘုယျနေ့စဉ်သုံးစကားသည် ကန့်ကွက်စရာအကြောင်းမရှိပေ။ ယေဘုယျနေ့စဉ်သုံးစကားများသည် စည်းမျဉ်းတကျမဟုတ်သော်လည်း လက်ခံထားသော အပြောအဆိုစံနှုန်းများနှင့် ကိုက်ညီသည်။
သင်၌ရှိနိုင်သည့် သီးခြားအယူအဆတိုင်းကို တင်ပြရန် တူညီသောအသုံးအနှုန်းများနှင့် စကားစုများကို တစ်သမတ်တည်း ထပ်တလဲလဲပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။ သင်ဆိုလိုရာကို ရှင်းရှင်းလင်းလင်း ဖော်ပြသည့် စကားလုံးများကို အသုံးပြုတတ်ရန် သင်ယူပါ။
သင်ပြောလိုရာကို စိတ်တွင် ရှင်းရှင်းလင်းလင်း ထားရှိခြင်းဖြင့် မလိုအပ်သော နောက်ကြောင်းပြန်တင်ပြခြင်းများကို ရှောင်ကြဉ်ပါ; ယင်းနောက်မှ စတင်ပြောဆိုပါ။
စကားလုံးများစွာသုံးခြင်းကြောင့် အချက်ကောင်းများမြုပ်မသွားစေပါနှင့်။ မှတ်မိဖို့လိုအပ်သောအချက်ကို ရိုးရှင်းသောဝါကျတစ်ကြောင်းဖြင့် ရှင်းလင်းစွာ ဖော်ပြရန် အလေ့အကျင့်လုပ်ပါ။
အခြားသူများအား ရိုသေလေးစားမှုပြသည့် အမူအရာဖြင့် ပြောဆိုပါ။