အခန်း ၉
သတင်းကောင်း ဟောပြောနည်းများ
ယေရှုဟာ တက်ကြွထက်သန်တဲ့ သတင်းကောင်း ကြေညာသူအဖြစ် နောက်လိုက်တွေအတွက် စံနမူနာ ပြခဲ့တယ်။ ကိုယ့်ဘက်ကအစပြုပြီး လူတွေဆီ သွားတယ်။ အိမ်နဲ့ လူစုဝေးရာနေရာတွေမှာ ဟောပြောသွန်သင်ခဲ့တယ်။ (မ. ၉:၃၅။ ၁၃:၃၆။ လု. ၈:၁) လူတစ်ယောက်ချင်းစီနဲ့ စကားပြောတယ်။ တပည့်တွေကို သီးသန့် သွန်သင်ပေးတယ်။ ထောင်နဲ့ချီတဲ့လူတွေကို ဟောပြောခဲ့တယ်။ (မာ. ၄:၁၀-၁၃။ ၆:၃၅-၄၄။ ယော. ၃:၂-၂၁) အားရှိစေတဲ့၊ မျှော်လင့်ချက် ရှိစေတဲ့ စကားတွေကို အခွင့်အရေးရတိုင်း အမိအရ ပြောတယ်။ (လု. ၄:၁၆-၁၉) အနားယူဖို့၊ အဆာပြေစားဖို့ လိုအပ်ချိန်မှာတောင် သက်သေခံဖို့ အခွင့်အရေးကို လက်လွှတ်မခံခဲ့ဘူး။ (မာ. ၆:၃၀-၃၄။ ယော. ၄:၄-၃၄) ယေရှုရဲ့ အမှုဆောင်လုပ်ငန်း ကျမ်းမှတ်တမ်းတွေကို ဖတ်ရှုတဲ့အခါ ယေရှုကို တုပဖို့ ကျွန်တော်တို့ လှုံ့ဆော်ခံရတယ် မဟုတ်လား။ တမန်တော်တွေလိုပဲ ကျွန်တော်တို့လည်း တကယ် လှုံ့ဆော်ခံရပါတယ်။—မ. ၄:၁၉၊ ၂၀။ လု. ၅:၂၇၊ ၂၈။ ယော. ၁:၄၃-၄၅။
၂ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်တုန်းက ယေရှုခရစ် အစပြုခဲ့တဲ့ လုပ်ငန်းမှာ ပါဝင်ဖို့ ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက် ဘယ်လို အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ သုံးသပ်ကြည့်ပါ။
တစ်အိမ်မှတစ်အိမ် ဟောပြောခြင်း
၃ ယေဟောဝါသက်သေတွေအနေနဲ့ တစ်အိမ်မှတစ်အိမ် စနစ်တကျ နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းရဲ့ တန်ဖိုးကို ကျွန်တော်တို့ အသိအမှတ်ပြုကြတယ်။ ဒီနည်းလမ်းကို တွင်တွင်ကျယ်ကျယ် သုံးနေလို့ ကျွန်တော်တို့ရဲ့ အမှတ်လက္ခဏာတောင် ဖြစ်နေပြီ။ ကျေနပ်ဖွယ် ရလဒ်တွေကလည်း အချိန်တိုအတွင်း လူသန်းပေါင်းများစွာဆီ ရောက်ရှိစေတဲ့ ဒီနည်းလမ်းရဲ့ ထိရောက်မှုကို ဖော်ပြတယ်။ (မ. ၁၁:၁၉။ ၂၄:၁၄) တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းဟာ ယေဟောဝါနဲ့ လူသားချင်းကို ချစ်ကြောင်း ဖော်ပြနိုင်တဲ့ လက်တွေ့ကျနည်းလမ်းဖြစ်တာ ထင်ရှားတယ်။—မ. ၂၂:၃၄-၄၀။
၄ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းဟာ ယေဟောဝါသက်သေတွေ ခေတ်သစ် တီထွင်ထားတဲ့အလုပ် မဟုတ်ပါဘူး။ အိမ်တွေမှာ ဟောပြောသွန်သင်တဲ့အကြောင်း တမန်တော်ပေါလု ပြောခဲ့တယ်။ ဧဖက်မြို့က ကြီးကြပ်မှူးတွေကို သူ့ရဲ့အမှုဆောင်လုပ်ငန်းအကြောင်း ပေါလု အခုလို ပြောတယ်– “အာရှနယ်ကို ရောက်တဲ့နေ့ကစပြီး . . . ခင်ဗျားတို့အတွက် အကျိုးဖြစ်စေမယ့်အရာ တစ်ခုမှ ကျွန်တော် မထိမ်ချန်ခဲ့ဘူး။ လူအများရှေ့မှာရော၊ တစ်အိမ်တက်ဆင်း သွားပြီးတော့ရော ဟောပြောသွန်သင်ပေးခဲ့တယ်။” အဲဒီနည်းနဲ့ရော တခြားနည်းတွေနဲ့ပါ ပေါလုဟာ “နောင်တရပြီး ဘုရားသခင်ဆီ ပြန်လှည့်လာဖို့၊ သခင်ယေရှုကို ယုံကြည်ဖို့ ဂျူးတွေကိုရော ဂရိလူတွေကိုပါ စေ့စေ့စပ်စပ် သက်သေခံခဲ့တယ်။” (တ. ၂၀:၁၈၊ ၂၀၊ ၂၁) အဲဒီခေတ်တုန်းက ရောမဧကရာဇ်တွေဟာ ရုပ်တုကိုးကွယ်တာကို အားပေးအားမြှောက် လုပ်နေပြီး လူတွေကလည်း “နတ်ဘုရားတွေကို အင်မတန်ကြည်ညို” ကြတယ်။ ဒါကြောင့် “လောကနဲ့ လောကမှာရှိသမျှကို ဖန်ဆင်းတဲ့ ဘုရားသခင်၊” “နေရာတိုင်းမှာရှိတဲ့ လူတွေကို နောင်တရကြပါလို့ ပြောနေ” တဲ့ ဘုရားသခင်ကို လူတွေရှာဖို့ သိပ်အရေးကြီးခဲ့တယ်။—တ. ၁၇:၂၂-၃၁။
၅ ဒီနေ့ခေတ်မှာ လူတွေကို သတင်းကောင်းဟောဖို့ ပိုလို့တောင် အရေးကြီးနေတယ်။ ဒီလောကစနစ်ရဲ့ အဆုံး အလျင်အမြန် ချဉ်းကပ်လာနေတယ်။ ဒါကို သဘောပေါက်တဲ့အတွက် ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို အရှိန်မြှင့်ဖို့ လှုံ့ဆော်ခံကြရတယ်။ အမှန်တရား ဆာငတ်နေသူတွေကို တစ်အိမ်မှတစ်အိမ် သွားပြီး ရှာဖွေတာထက် ပိုကောင်းတဲ့နည်းလမ်း မရှိသေးဘူး။ ဒီနည်းဟာ နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့တဲ့နည်း ဖြစ်တယ်။ ယေရှုနဲ့ တမန်တော်တွေခေတ်မှာလိုပဲ ဒီနေ့ခေတ်မှာလည်း ထိရောက်နေဆဲဖြစ်တယ်။—မာ. ၁၃:၁၀။
၆ တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းမှာ သင် အပြည့်အဝ ပါဝင်နေသလား။ ပါဝင်နေတယ်ဆိုရင် သင့်ကို ယေဟောဝါ နှစ်သက်မှာ စိတ်ချနိုင်ပါတယ်။ (ယေဇ. ၉:၁၁။ တ. ၂၀:၃၅) တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းဟာ သင့်အတွက် လွယ်ကူချင်မှ လွယ်ကူပါလိမ့်မယ်။ ကျန်းမာရေး အကန့်အသတ် ရှိနေတာ ဒါမှမဟုတ် သိပ်နားမထောင်တဲ့ ရပ်ကွက်မှာ သင် အမှုဆောင်နေတာ ဖြစ်နိုင်တယ်။ အစိုးရ တားမြစ်ချက်တွေ ရှိနေတာ ဖြစ်နိုင်တယ်။ သင်ဟာ ရှက်တတ်ပြီး သူစိမ်းတွေကို စကားစပြောဖို့ ခက်နေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းမှာ ပါဝင်တိုင်း အတော်အတန် စိုးရိမ်ပူပန်နေရတယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ (ထွ. ၄:၁၀-၁၂) သင့်အခြေအနေတွေဟာ တခြားဒေသများစွာက ညီအစ်ကိုညီအစ်မတွေရဲ့ အခြေအနေတွေနဲ့ တစ်ထပ်တည်းပါပဲ။
၇ “လောကစနစ်နိဂုံးပိုင်းအထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်” လို့ တပည့်တွေကို ယေရှု ကတိပေးခဲ့တယ်။ (မ. ၂၈:၂၀) ဒီကတိက တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်နေတဲ့ ကျွန်တော်တို့ကို အားရှိစေတယ်။ “ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်” တယ်လို့ ပြောခဲ့တဲ့ တမန်တော်ပေါလုလို ကျွန်တော်တို့ ခံစားရတယ်။ (ဖိ. ၄:၁၃) တစ်အိမ်မှတစ်အိမ် သက်သေခံခြင်းအတွက် ပြုလုပ်ထားတဲ့ အသင်းတော် အစီအစဉ်တွေကနေ အကျိုးအပြည့်အဝ ရယူပါ။ တခြားသူတွေနဲ့ အတူအမှုဆောင်ခြင်းကနေ အားပေးမှုနဲ့ အကူအညီ ရရှိပါလိမ့်မယ်။ သင် ကြုံရနိုင်တဲ့ ဘယ်အတားအဆီးကိုမဆို ကျော်လွှားနိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ သတင်းကောင်း ဟောပြောသူအနေနဲ့ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ပါ။—၁ ယော. ၅:၁၄။
၈ တခြားသူတွေကို သင် သတင်းကောင်း ဟောပြောရင်း ကိုယ့်ရဲ့ “မျှော်လင့်ခြင်းအကြောင်း” ဝေမျှဖို့ အခွင့်အရေးတွေ ရရှိလာပါလိမ့်မယ်။ (၁ ပေ. ၃:၁၅) နိုင်ငံတော် မျှော်လင့်ချက် ရှိထားသူနဲ့ မရှိသူတွေရဲ့ ကွာခြားမှုကို သင် ပိုပြီး သတိထားမိလာပါလိမ့်မယ်။ (ဟေရှာ. ၆၅:၁၃၊ ၁၄) “ခင်ဗျားတို့ရဲ့ အလင်းကို လူတွေရှေ့မှာ လင်းစေကြပါ” ဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို နာခံနေတယ်ဆိုတဲ့ အသိစိတ်ကြောင့် သင် ကျေနပ်မှု ခံစားရပါလိမ့်မယ်။ ယေဟောဝါအကြောင်း၊ ထာဝရအသက်ရစေတဲ့ အမှန်တရားအကြောင်း သိလာအောင် လူတွေကို ကူညီပေးခွင့်တောင် ရရှိနိုင်ပါလိမ့်မယ်။—မ. ၅:၁၆။ ယော. ၁၇:၃။ ၁ တိ. ၄:၁၆။
၉ စနေ၊ တနင်္ဂနွေနေ့တွေအပြင် ကြားရက်တွေအတွက်ပါ တစ်အိမ်မှတစ်အိမ် လုပ်ငန်းအတွက် အစီအစဉ်တွေ ရှိတယ်။ နေ့အချိန် အိမ်မှာ လူသိပ်မရှိတဲ့ ဒေသတွေမှာ အသင်းတော်တချို့ဟာ ညနေပိုင်း သက်သေခံခြင်းကို စီစဉ်ကြတယ်။ လူတွေဟာ မနက်ပိုင်းထက် နေ့လယ်နှောင်းပိုင်း ဒါမှမဟုတ် ညနေခင်းတွေမှာ ပိုလက်ခံစကားပြောချင်စိတ် ရှိနိုင်တယ်။
ထိုက်တန်သူများကို ရှာဖွေခြင်း
၁၀ ထိုက်တန်သူတွေကို “ရှာ” ဖို့ တပည့်တွေကို ယေရှု ညွှန်ကြားခဲ့တယ်။ (မ. ၁၀:၁၁) ယေရှုဟာ တလိုတလားရှိသူတွေကို တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းမှာပဲ ရှာဖွေဖို့ မကန့်သတ်ထားဘူး။ ပုံမှန် လုပ်ရိုးလုပ်စဉ် အချိန်မှာရော အလွတ်သဘောနည်းနဲ့ပါ အခွင့်အရေးရတဲ့ အချိန်တိုင်း သက်သေခံခဲ့တယ်။ (လု. ၈:၁။ ယော. ၄:၇-၁၅) တမန်တော်တွေလည်း နေရာအမျိုးမျိုးမှာ လူတွေကို သက်သေခံခဲ့တယ်။—တ. ၁၇:၁၇။ ၂၈:၁၆၊ ၂၃၊ ၃၀၊ ၃၁။
ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က လူတိုင်းကို နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ ဖြစ်တယ်
၁၁ ဒီနေ့ခေတ်မှာလည်း ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က လူတိုင်းကို နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ဖြစ်တယ်။ ဆိုလိုတာက တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ယေရှုနဲ့ တပည့်တွေရဲ့ နည်းလမ်းကို တုပနေရမယ့်အပြင် အချိန်ကာလ အပြောင်းအလဲ၊ ရပ်ကွက်မှာရှိတဲ့ လူတွေရဲ့ အခြေအနေ အပြောင်းအလဲတွေကိုလည်း မပြတ်ကြည့်နေရမယ်။ (၁ ကော. ၇:၃၁) ဥပမာ၊ ကြေညာသူတွေဟာ စီးပွားရေးရပ်ကွက်တွေမှာ ဟောပြောပြီး အောင်မြင်မှု ရရှိနေကြတယ်။ နိုင်ငံများစွာမှာ လမ်းပေါ်သက်သေခံခြင်းအပြင် ပန်းခြံတွေ၊ ကားရပ်နားတဲ့နေရာတွေ၊ လူတွေကို တွေ့နိုင်တဲ့ နေရာတိုင်းမှာ သက်သေခံတာလည်း ထိရောက်မှု ရှိတယ်။ အသင်းတော်တချို့ဟာ ကိုယ့်ရပ်ကွက်အတွင်းမှာ အသုံးပြုဖို့ စားပွဲတွေ၊ လက်တွန်းစင်တွေ ပြုလုပ်ထားကြတယ်။ အဲဒီအပြင် အသင်းတော် အတော်များများမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေကို သုံးပြီး မြို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ အများရှေ့သက်သေခံခြင်း အထူးအစီအစဉ်ကို ဌာနခွဲရုံးက စီစဉ်နိုင်တယ်။ ရလဒ်အနေနဲ့ ကြေညာသူတွေ သွားတုန်းက အိမ်မှာမရှိသူတွေဟာ တခြားနေရာတွေမှာ သတင်းကောင်း ကြားနိုင်မှာဖြစ်တယ်။
၁၂ လူသွားလူလာများတဲ့ နေရာမှာ စိတ်ဝင်စားတဲ့သူကို တွေ့ရင် သင့်တော်တဲ့ စာပေကို ဝေငှနိုင်တယ်။ စိတ်ဝင်စားမှု ဆက်ထိန်းနိုင်အောင် ကိုယ့်ကိုဆက်သွယ်နိုင်မယ့် အချက်အလက်တွေ ပေးပြီး ပြန်လည်ပတ်ဖို့ စီစဉ်နိုင်တယ်။ jw.org ကို ပြပေးနိုင်တယ်။ အသင်းတော် အစည်းအဝေး ကျင်းပတဲ့ အနီးဆုံးနေရာရဲ့ လိပ်စာကို ပေးနိုင်တယ်။ လူသွားလူလာများတဲ့ နေရာတွေမှာ သက်သေခံတာဟာ အမှုဆောင်လုပ်ငန်းကို တိုးချဲ့နိုင်တဲ့ ပျော်ရွှင်စရာ နည်းလမ်းတစ်ခု ဖြစ်မှန်း တွေ့ရှိရပါလိမ့်မယ်။
၁၃ ဒါပေမဲ့ ဒီနေ့ခေတ် ခရစ်ယာန်တွေ ရရှိထားတဲ့ တာဝန်မှာ သတင်းကောင်း ကြေညာတဲ့လုပ်ငန်း တစ်ခုပဲ ပါဝင်တာ မဟုတ်ဘူး။ အသက်ရစေတဲ့ အမှန်တရားကို တခြားသူတွေ လက်ခံလာအောင် ကူညီပေးနိုင်ဖို့ဆိုရင် သူတို့ဆီ အကြိမ်ကြိမ် လည်ပတ်ဖို့ လိုအပ်တယ်။ ဒါမှ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်လာတဲ့အထိ သူတို့ တိုးတက်လာနိုင်မယ်။
ပြန်လည်ပတ်မှု ပြုလုပ်ခြင်း
၁၄ “ခင်ဗျားတို့ . . . ကမ္ဘာမြေ အစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်” လို့ နောက်လိုက်တွေကို ယေရှုပြောခဲ့တယ်။ (တ. ၁:၈) “လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ” လို့လည်း သူတို့ကို ပြောတယ်။ (မ. ၂၈:၁၉၊ ၂၀) ပြန်လည်ပတ်မှု ပြုလုပ်ခြင်းကနေ ယေဟောဝါရဲ့ လုပ်ငန်းမှာ ပျော်ရွှင်မှု ရရှိနိုင်တယ်။ သင်နဲ့ ဦးဆုံးအကြိမ် ဆုံတွေ့ချိန်မှာ သတင်းကောင်းကို စိတ်ဝင်စားသူတွေဟာ သင့်ကို နောက်တစ်ကြိမ် ပြန်တွေ့ရတဲ့အခါ ဝမ်းသာကြပါလိမ့်မယ်။ ထပ်ဆင့် ကျမ်းစာအကြောင်းအရာတွေကို ဝေမျှခြင်းအားဖြင့် ဘုရားအပေါ်ထားတဲ့ သူတို့ရဲ့ ယုံကြည်ခြင်း ခိုင်မာလာအောင်၊ ဘုရားကို မှီခိုဖို့လိုမှန်း သူတို့ သိရှိလာအောင် သင် ကူညီပေးနိုင်ပါလိမ့်မယ်။ (မ. ၅:၃) ကောင်းကောင်းပြင်ဆင်ပြီး သူတို့အဆင်ပြေတဲ့အချိန်မှာ ပြန်သွားဖို့ စီစဉ်မယ်ဆိုရင် ကျမ်းစာသင်အံမှုတစ်ခုတောင် စတင်နိုင်ပါလိမ့်မယ်။ အများအားဖြင့် အဲဒီရည်ရွယ်ချက်နဲ့ သင် ပြန်လည်ပတ်တာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က အမှန်တရားမျိုးစေ့ကို ကြဲရုံသာမက ရေပါ လောင်းပေးကြတယ်။—၁ ကော. ၃:၆။
၁၅ တချို့အတွက် ပြန်လည်ပတ်မှု လုပ်ရတာ ခက်ခဲနိုင်တယ်။ သင်ဟာ သတင်းကောင်းကို အတိုချုပ် တင်ဆက်ရာမှာ တော်တော်ကျွမ်းကျင်လာပြီး အဲဒီကဏ္ဍကို နှစ်သက်လာနိုင်တယ်။ အိမ်ရှင်ဆီ ပြန်သွားပြီး ကျမ်းစာအကြောင်း ဆွေးနွေးတာကို တွေးလိုက်တိုင်း တအားစိုးရိမ်မိနိုင်တယ်။ ဒါပေမဲ့ ကောင်းကောင်း ပြင်ဆင်ထားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချစိတ် တိုးလာမယ်။ ကြားရက်အစည်းအဝေးမှာ ကြားခဲ့ရတဲ့ လက်တွေ့ကျ အကြံပြုချက်တွေကို သုံးပါ။ အတွေ့အကြုံ ပိုရှိတဲ့ ကြေညာသူတစ်ယောက်ကိုလည်း ခေါ်သွားနိုင်တယ်။
ကျမ်းစာသင်အံမှု ကျင်းပခြင်း
၁၆ သတင်းကောင်း ဟောပြောသူ ဖိလိပ္ပုက ဂျူးဘာသာထဲ ပြောင်းဝင်လာသူတစ်ယောက် ကျမ်းစာဖတ်နေတာကို မြင်တဲ့အခါ “ဖတ်နေတာကို နားလည်ရဲ့လား” လို့ မေးခဲ့တယ်။ အဲဒီလူက “ရှင်းပြမယ့်သူမရှိဘဲ ဘယ်လို နားလည်မှာလဲ” လို့ ပြန်ဖြေတယ်။ အဲဒီနောက် ဖိလိပ္ပုက အဲဒီလူဖတ်နေတဲ့ ကျမ်းချက်ကနေ အစပြုပြီး “ယေရှုအကြောင်း သတင်းကောင်းကို ဟောပြော” ခဲ့တယ်လို့ တမန်တော် အခန်းကြီး ၈ မှာ ဖော်ပြထားတယ်။ (တ. ၈:၂၆-၃၆) အဲဒီလူနဲ့ ဘယ်လောက်ကြာကြာ ဖိလိပ္ပု ဆွေးနွေးခဲ့တယ်ဆိုတာ ကျွန်တော်တို့ မသိပေမဲ့ သူ ယုံကြည်သူ ဖြစ်လာပြီး နှစ်ခြင်းခံဖို့ တောင်းဆိုလာတဲ့အထိ သတင်းကောင်းကို ဖိလိပ္ပု ရှင်းပြခဲ့တယ်။ နောက်ဆုံး၊ သူဟာ ယေရှုခရစ်ရဲ့ တပည့်တစ်ယောက် ဖြစ်လာတယ်။
၁၇ ဒီနေ့ခေတ်မှာ လူအတော်များများဟာ ကျမ်းစာနဲ့ အကျွမ်းတဝင် မရှိကြတော့ဘူး။ ဒါကြောင့် အကြိမ်ကြိမ် ပြန်လည်ပတ်ဖို့၊ သူတို့ ယုံကြည်ခြင်း ရှိလာပြီး နှစ်ခြင်းခံနိုင်အောင် အရည်အချင်း ပြည့်မီလာတဲ့အထိ သီတင်းပတ်တွေ၊ လတွေ၊ တစ်နှစ် ဒါမှမဟုတ် ဒီ့ထက်မက အချိန်ယူပြီး အသေးစိတ် လေ့လာဖို့ လိုအပ်နိုင်တယ်။ စိတ်ရိုးဖြောင့်သူတွေကို တပည့်ဖြစ်လာဖို့ ကူညီပေးတဲ့ သင့်ရဲ့ စိတ်ရှည်မှုနဲ့ မေတ္တာပါပါ ကူညီမှုဟာ အကျိုးမယုတ်ပါဘူး။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” လို့ ယေရှု ပြောခဲ့တယ်။—တ. ၂၀:၃၅။
၁၈ သင်ဟာ ကျမ်းစာသင်အံမှုအတွက် အထူးရည်ရွယ်ထုတ်ဝေထားတဲ့ စာပေတစ်ခုခုကို သုံးပြီး ကျမ်းစာသင်အံမှု ကျင်းပချင်မှာ သေချာတယ်။ ကြားရက်အစည်းအဝေးမှာ ကြားရတဲ့ ညွှန်ကြားချက်တွေကို လက်တွေ့ကျင့်သုံးပြီး အသင်းတော်မှာရှိတဲ့ အတွေ့အကြုံရှိ သွန်သင်သူတွေနဲ့ တွဲအမှုဆောင်တဲ့အခါ တိုးတက်တဲ့ သင်အံမှုတွေကို ကျင်းပနိုင်ပါလိမ့်မယ်။ ဒီနည်းနဲ့ ယေရှုခရစ်ရဲ့ တပည့်ဖြစ်လာအောင် တခြားသူတွေကို ကူညီပေးနိုင်ပါလိမ့်မယ်။
၁၉ ကျမ်းစာသင်အံမှု စတင်ဖို့၊ ကျင်းပဖို့ သင် အကူအညီ လိုအပ်တယ်ဆိုရင် ကြီးကြပ်မှူး တစ်ယောက်ယောက်ကိုဖြစ်စေ၊ ကျမ်းစာသင်အံမှု လုပ်ငန်းမှာ ထိရောက်မှုရှိတဲ့ သက်သေခံ တစ်ယောက်ယောက်ကိုဖြစ်စေ မတွန့်မဆုတ် ပြောပြပါ။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အကြံပြုချက်တွေ၊ အစည်းအဝေးမှာ သရုပ်ပြတင်ဆက်တဲ့ အကြံပြုချက်တွေကလည်း သင့်ကို အထောက်အကူ ပြုပါလိမ့်မယ်။ ယေဟောဝါကို အားကိုးပါ။ သင့်ဆန္ဒကို ဆုတောင်းပြောပြပါ။ (၁ ယော. ၃:၂၂) သင့်မိသားစုနဲ့ ကျင်းပတဲ့ သင်အံမှုအပြင် ဖြစ်နိုင်တဲ့အခါတိုင်း ကျမ်းစာသင်အံမှုတစ်ခု ကျင်းပနိုင်ဖို့ ပန်းတိုင်ထားပါ။ ကျမ်းစာသင်အံမှုတွေ ကျင်းပခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းမှာ သင့်ပျော်ရွှင်မှု တိုးများလာပါလိမ့်မယ်။
စိတ်ဝင်စားသူတွေကို ယေဟောဝါရဲ့ အဖွဲ့အစည်းဆီ လမ်းညွှန်ပေးခြင်း
၂၀ လူတွေ ယေဟောဝါဘုရားအကြောင်း သိလာအောင်၊ ယေရှုခရစ်ရဲ့ တပည့်ဖြစ်လာအောင် ကျွန်တော်တို့ ကူညီပေးတဲ့အခါ သူတို့လည်း အသင်းတော်အဝင် ဖြစ်လာတယ်။ ကျမ်းစာသင်သားတွေဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းကို အသိအမှတ်ပြုပြီး ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ဘုရားရေးရာဘက်မှာ တိုးတက်ပြီး ရင့်ကျက်လာပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့ အဲဒီလိုလုပ်ဆောင်ရမယ်ဆိုတာ သူတို့ကို သင်ပေးဖို့ အရေးကြီးတယ်။ ဗီဒီယိုတွေနဲ့ ဒီနေ့အချိန်မှာ ယေဟောဝါ ဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဆိုတဲ့ ဘရိုရှာကို အဲဒီရည်ရွယ်ချက်အတွက် အထူးထုတ်ဝေထားတာဖြစ်တယ်။ ဒီစာအုပ် အခန်း ၄ မှာပါတဲ့ အချက်အလက်တချို့လည်း အထောက်အကူ ပြုနိုင်တယ်။
၂၁ ဒီနေ့ခေတ် မြေကြီးပေါ်မှာ ဟောပြောခြင်းလုပ်ငန်း ပြီးမြောက်နိုင်အောင် ယေဟောဝါ အသုံးပြုနေတဲ့ အဖွဲ့အစည်းတစ်ခုရှိတာကို ကျမ်းစာ စလေ့လာကတည်းက ကျမ်းစာသင်သား သဘောပေါက်အောင် ကူညီပေးပါ။ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကျမ်းစာလေ့လာမှု အထောက်အကူတွေရဲ့ တန်ဖိုးကို ပြောပြပါ။ ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံထားတဲ့ စေတနာ့ဝန်ထမ်း လုပ်သားတွေက အဲဒီစာပေတွေကို ဘယ်လို ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝန်း ဘယ်လို ဝေငှတယ်ဆိုတာ ရှင်းပြပါ။ နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေ လိုက်တက်ဖို့ သင်သားကို ဖိတ်ခေါ်ပါ။ အစည်းအဝေးတွေကို ဘယ်လို ကျင်းပတယ်ဆိုတာ ရှင်းပြပါ။ အဲဒီမှာရှိတဲ့ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးပါ။ စည်းဝေးပွဲတွေနဲ့ အစည်းအဝေးကြီးတွေမှာလည်း တခြားသက်သေခံတွေနဲ့ ခင်မင်ရင်းနှီးလာအောင် ကူညီပေးပါ။ အဲဒီအချိန်အခါတွေနဲ့ တခြားအချိန်အခါတွေမှာ ယေဟောဝါရဲ့ လူမျိုးဟာ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသားဖြစ်တဲ့ မေတ္တာ ဘယ်လို တင်ပြမှန်း သင်သားကို ကိုယ်တိုင် မြင်တွေ့စေပါ။ (ယော. ၁၃:၃၅) ယေဟောဝါရဲ့ အဖွဲ့အစည်းကို ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာတဲ့အခါ ယေဟောဝါနဲ့ သူ ပိုရင်းနှီးလာပါလိမ့်မယ်။
ကျမ်းစာစာပေတွေ အသုံးပြုခြင်း
၂၂ အစောပိုင်း ခရစ်ယာန်တွေဟာ ဘုရားသခင့် စကားတော် ကျမ်းစာအကြောင်း ထက်ထက်သန်သန် ကြေညာသူတွေ ဖြစ်တယ်။ ကိုယ်ပိုင်သုံးဖို့နဲ့ အသင်းတော်မှာသုံးဖို့ ကျမ်းစာကို သူတို့ ကူးရေးခဲ့ကြတယ်။ ကျမ်းစာအမှန်တရားကို ဖတ်ဖို့ တခြားသူတွေကို အားပေးခဲ့ကြတယ်။ သူတို့ရဲ့ လက်ရေးမိတ္တူ နည်းနည်းပဲရှိပြီး တော်တော်တန်ဖိုး ရှိတယ်။ (ကော. ၄:၁၆။ ၂ တိ. ၂:၁၅။ ၃:၁၄-၁၇။ ၄:၁၃။ ၁ ပေ. ၁:၁) ဒီနေ့ခေတ်မှာ ယေဟောဝါသက်သေတွေဟာ ခေတ်သစ်ပုံနှိပ်နည်းတွေကို သုံးပြီး ကျမ်းစာနဲ့ ကျမ်းစာလေ့လာမှု အထောက်အကူပြုစာပေ သန်းရာပေါင်းများစွာကို ထုတ်ဝေနေတယ်။ အဲဒီထဲမှာ ဘာသာစကား ရာပေါင်းများစွာနဲ့ ထုတ်ဝေတဲ့ ဝေစာ၊ ဘရိုရှာ၊ စာအုပ်၊ မဂ္ဂဇင်းတွေ ပါဝင်တယ်။
၂၃ တခြားသူတွေကို သတင်းကောင်း ဝေမျှတဲ့အခါ ယေဟောဝါရဲ့ အဖွဲ့အစည်း ပြင်ဆင်ပေးတဲ့ ကျမ်းစာလေ့လာမှု အထောက်အကူတွေကို ကောင်းကောင်း အသုံးပြုပါ။ ယေဟောဝါသက်သေတွေရဲ့ စာပေတွေကို ဖတ်ရှုလေ့လာခြင်းကနေ ကိုယ်တိုင် ဘယ်လောက် အကျိုးခံစားရတယ်ဆိုတာ သိလာတဲ့အခါ တခြားသူတွေကို ဝေမျှဖို့ သင် လှုံ့ဆော်ခံရပါလိမ့်မယ်။—ဟီ. ၁၃:၁၅၊ ၁၆။
၂၄ လူတွေဟာ သတင်းအချက်အလက်တွေရဖို့ အင်တာနက်ကို ပိုအသုံးပြုလာကြတယ်။ ဒါကြောင့် ကျမ်းစာစာပေတွေအပြင် ကျွန်တော်တို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက် jw.org ဟာလည်း သတင်းကောင်း ပျံ့နှံ့စေရေးမှာ ထိရောက်တဲ့ကိရိယာ ဖြစ်တယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူတွေဟာ ကွန်ပျူတာ သုံးပြီး ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို ဘာသာစကား ရာပေါင်းများစွာနဲ့ ဖတ်ရှုနိုင်တယ်။ အသံသွင်းထားတာတွေကို နားထောင်နိုင်တယ်။ ကျွန်တော်တို့နဲ့ စကားပြောဖို့ တွန့်ဆုတ်နေသူတွေ၊ ယေဟောဝါသက်သေတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေး သိပ်မရှိတဲ့ ဒေသမှာ နေထိုင်သူတွေဟာ ကိုယ့်အိမ်မှာပဲ jw.org ဝက်ဘ်ဆိုက်ကို သုံးပြီး ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေအကြောင်း လေ့လာနိုင်တယ်။
၂၅ ဒါကြောင့် အခွင့်အရေးရတိုင်း jw.org ဝက်ဘ်ဆိုက်ကို ကျွန်တော်တို့ ကြော်ငြာကြတယ်။ အိမ်ရှင်က ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေအကြောင်း မေးတဲ့အခါ မိုဘိုင်းဖုန်းကိုဖြစ်စေ၊ တက်ဘလက်ကိုဖြစ်စေ သုံးပြီး ချက်ချင်း အဖြေပေးနိုင်တယ်။ လက်သင်္ကေတပြ ဘာသာစကားအပါအဝင် ဘာသာခြားစကား ပြောဆိုသူ တစ်ယောက်ယောက်ကို တွေ့တဲ့အခါ သူ့စကားနဲ့ ထုတ်ဝေထားတဲ့ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို တွေ့ဖို့ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကို ပြပေးနိုင်တယ်။ ကြေညာသူများစွာဟာ ကျမ်းစာ စတင်ဆွေးနွေးနိုင်ဖို့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုခုကို အသုံးပြုနေကြတယ်။
အလွတ်သဘော သက်သေခံခြင်း
၂၆ ယေရှုက သူ့စကား နားထောင်နေသူတွေကို “ခင်ဗျားတို့ဟာ လောကရဲ့ အလင်းပဲ။ . . . တခြားသူတွေက ခင်ဗျားတို့ရဲ့ အကျင့်ကောင်းကို မြင်ပြီး ကောင်းကင်မှာ စံမြန်းတဲ့ အဖရဲ့ ဘုန်းအသရေကို ချီးမွမ်းကြလိမ့်မယ်” လို့ ပြောခဲ့တယ်။ (မ. ၅:၁၄-၁၆) “ကျွန်တော်ဟာ ဒီလောကရဲ့ အလင်းပဲ” လို့ ပြောခဲ့တဲ့ ယေရှုကို တပည့်တွေ တုပခြင်းအားဖြင့် ဘုရားသခင့် နည်းလမ်းတွေကို ထင်ဟပ်ပြခဲ့ကြတယ်။ ယေရှုဟာ လက်ခံနားထောင်မယ့်သူအားလုံးရဲ့ အကျိုးအတွက် “အသက်ရစေတဲ့ အလင်း” ကို ထွန်းလင်းရာမှာ ခရစ်ယာန်တွေအတွက် စံနမူနာ ချမှတ်ခဲ့တယ်။—ယော. ၈:၁၂။
၂၇ တမန်တော်ပေါလုလည်း ကျွန်တော်တို့ လိုက်လျှောက်ဖို့ စံနမူနာ ချမှတ်ခဲ့တယ်။ (၁ ကော. ၄:၁၆။ ၁၁:၁) အေသင်မြို့မှာရှိတုန်း ဈေးမှာ တွေ့သမျှလူတွေကို နေ့တိုင်း သက်သေခံခဲ့တယ်။ (တ. ၁၇:၁၇) ဖိလိပ္ပိမြို့မှာရှိတဲ့ ခရစ်ယာန်တွေဟာ ပေါလုရဲ့ စံနမူနာကို တုပခဲ့တယ်။ ဒါကြောင့်လည်း “ကောက်ကျစ်စဉ်းလဲတဲ့ လူမျိုးဆက်အလယ်မှာ” နေထိုင်နေတဲ့ သူတို့ဟာ “လောကမှာ အလင်းဆောင်သူတွေအဖြစ် ထွန်းလင်း” နေတယ်ဆိုပြီး ပေါလု ရေးနိုင်ခဲ့တာဖြစ်တယ်။ (ဖိ. ၂:၁၅) ဒီနေ့ခေတ်မှာ ကျွန်တော်တို့လည်း သတင်းကောင်း ဟောပြောဖို့ အခွင့်အရေးရတိုင်း ကိုယ့်ရဲ့ စကားအားဖြင့်ဖြစ်စေ၊ အကျင့်အကြံအားဖြင့်ဖြစ်စေ နိုင်ငံတော် အမှန်တရားကို ထွန်းလင်းနိုင်တယ်။ ရိုးသားဖြောင့်မတ်သူတွေအဖြစ် ကျွန်တော်တို့ရဲ့ စံနမူနာ—ကောင်းက လောကနဲ့ ကျွန်တော်တို့ မတူဘူး ဆိုတဲ့အချက်ကို ထင်ရှားစေနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ကို သတင်းကောင်း ဟောပြောမှသာ လောကနဲ့ ကျွန်တော်တို့ ဘာကြောင့် မတူသလဲဆိုတာ သူတို့ သိလာပါလိမ့်မယ်။
၂၈ ယေဟောဝါသက်သေများစွာဟာ အလုပ်မှာ၊ ကျောင်းမှာ၊ သယ်ယူပို့ဆောင်ရေး ယာဉ်ပေါ်မှာ၊ နေ့စဉ် လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရင်း ဘယ်နေရာမှာမဆို ဆုံတွေ့သူတွေကို သတင်းကောင်း ဟောပြောကြတယ်။ ခရီးသွားရင်း ခရီးဖော်တွေကို စကားပြော သက်သေခံဖို့ အခွင့်အရေး ရရှိနိုင်တယ်။ ကျွန်တော်တို့ယောက်တိုင်းဟာ အာလာပသလ္လာပ ပြောနေရင်း သက်သေခံတဲ့ဘက် စကားလမ်းကြောင်း ပြောင်းဖို့ အခွင့်အရေးတွေကို စောင့်ကြည့်နေရမယ်။ သင့်တော်တဲ့အခါတိုင်း တခြားသူတွေကို စကားပြောဖို့ အသင့်ပြင်ဆင်ထားကြပါစို့။
၂၉ သက်သေခံခြင်းအားဖြင့် ဖန်ဆင်းရှင်ကို ချီးမွမ်းပြီး ကိုယ်တော့်နာမည်ကို ဂုဏ်တင်နေတယ်ဆိုတာ ကျွန်တော်တို့ စိတ်စွဲမှတ်ထားမယ်ဆိုရင် အဲဒီလိုလုပ်ဆောင်ဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ အဲဒီအပြင် စိတ်ရိုးဖြောင့်သူတွေကို ယေဟောဝါအကြောင်း သိလာဖို့လည်း ကူညီပေးနိုင်ပါလိမ့်မယ်။ ဒီနည်းအားဖြင့် သူတို့လည်း ယေဟောဝါကို ဝတ်ပြုလာနိုင်ပြီး ယေရှုခရစ်ကို ယုံကြည်ခြင်းကြောင့် ထာဝရအသက် မျှော်လင့်ချက် ရရှိလာနိုင်မယ်။ အဲဒီလိုကြိုးစားအားထုတ်မှုတွေကို ယေဟောဝါ နှစ်သက်ပြီး မြင့်မြင်တဲ့ဝတ်အဖြစ် ယူမှတ်တယ်။—ဟီ. ၁၂:၂၈။ ဗျာ. ၇:၉၊ ၁၀။
ရပ်ကွက်
၃၀ ယေဟောဝါရဲ့ အလိုတော်က မြို့တွေမှာရော ကျေးလက်တွေမှာပါ နိုင်ငံတော်သတင်းကို ကမ္ဘာတစ်ဝန်းလုံး ဟောပြောစေချင်တယ်။ အဲဒီလိုဟောပြောနိုင်ဖို့ အသင်းတော်တွေနဲ့ ဝေးလံတဲ့ ဒေသတွေမှာ အမှုဆောင်နေသူတွေဟာ ဌာနခွဲရုံးကနေ သတ်မှတ်ပေးတဲ့ ရပ်ကွက်တွေကို တာဝန်ရရှိကြတယ်။ (၁ ကော. ၁၄:၄၀) ဒါဟာ ပထမရာစုမှာ ဘုရားညွှန်ကြားခဲ့တဲ့ အစီအစဉ်နဲ့ ကိုက်ညီတယ်။ (၂ ကော. ၁၀:၁၃။ ဂလ. ၂:၉) ဒီနောက်ဆုံးကာလမှာ နိုင်ငံတော်လုပ်ငန်း တစ်ရှိန်ထိုး တိုးတက်နေတာနဲ့အမျှ အသင်းတော် ရပ်ကွက်တွေကို ကောင်းကောင်း စီစဉ်ဖွဲ့စည်းပေးတဲ့အခါ တော်တော်အလုပ်ပြီးမြောက်တယ်။
၃၁ လုပ်ငန်းတော် ကြီးကြပ်မှူးက ဒီအစီအစဉ်ကို ကြီးကြပ်ပေးတယ်။ ရပ်ကွက် တာဝန်ခွဲပေးတာကို အသင်းတော် အမှုထမ်းတစ်ယောက် ပြုလုပ်နိုင်တယ်။ အုပ်စုရပ်ကွက်နဲ့ ကိုယ်ပိုင်ရပ်ကွက်ဆိုပြီး ရပ်ကွက် နှစ်မျိုးနှစ်စား ရှိတယ်။ ရပ်ကွက် အကန့်အသတ်ရှိတဲ့ ဒေသတွေမှာ အုပ်စုကြီးကြပ်မှူးတွေဟာ အုပ်စုမှာရှိတဲ့ ကြေညာသူတွေ ဟောနိုင်မယ့် အုပ်စုရပ်ကွက်တွေ ယူထားပါလိမ့်မယ်။ ရပ်ကွက်များတဲ့ ဒေသမှာတော့ ကြေညာသူတွေဟာ တစ်ဦးချင်းအလိုက် ကိုယ်ပိုင်ရပ်ကွက်တွေ ရယူထားနိုင်တယ်။
၃၂ ကိုယ်ပိုင်ရပ်ကွက် ယူထားတဲ့ ကြေညာသူတစ်ယောက်ဟာ တစ်ခါတလေ လယ်ကွင်းလုပ်ငန်း စုဆုံမှုတွေ မစီစဉ်ထားချိန် ဒါမှမဟုတ် အုပ်စုနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်ချိန်တွေမှာ တစ်နေရာရာမှာ ဟောပြောဖို့ ရပ်ကွက် ရှိနေပါလိမ့်မယ်။ ဥပမာ၊ ကြေညာသူတချို့ဟာ အလုပ်နဲ့ နီးတဲ့နေရာမှာ ရပ်ကွက် ယူထားပြီး နေ့လယ်နားချိန် ဒါမှမဟုတ် အလုပ်ပြီးနောက် အဲဒီရပ်ကွက်မှာ ဟောပြောကြတယ်။ မိသားစုတချို့ဟာ ကိုယ်နေထိုင်တဲ့နေရာ အနီးအနားမှာ ကိုယ်ပိုင်ရပ်ကွက် ယူထားပြီး ညနေခင်းတချို့မှာ ဟောပြောကြတယ်။ ကြေညာသူတစ်ယောက်ဟာ ကိုယ်အဆင်ပြေတဲ့ နေရာမှာ ကိုယ်ပိုင်ရပ်ကွက် ယူထားခြင်းအားဖြင့် လယ်ကွင်းလုပ်ငန်းအတွက် ပေးနိုင်တဲ့ အချိန်ကို အကျိုးအရှိဆုံးနည်းနဲ့ အသုံးပြုနိုင်ပါလိမ့်မယ်။ အုပ်စုလိုက် သက်သေခံခြင်းအတွက်လည်း ကိုယ်ပိုင်ရပ်ကွက်တွေကို အသုံးပြုနိုင်တယ်။ ကိုယ်ပိုင်ရပ်ကွက်တစ်ခု ရရှိချင်တယ်ဆိုရင် ရပ်ကွက်အမှုထမ်းဆီမှာ တောင်းဆိုနိုင်ပါတယ်။
၃၃ အုပ်စုရပ်ကွက် ရယူထားတဲ့ အုပ်စုကြီးကြပ်မှူးဖြစ်စေ၊ ကိုယ်ပိုင်ရပ်ကွက် ရယူထားတဲ့ ကြေညာသူဖြစ်စေ ရပ်ကွက် ရယူထားသူဟာ အိမ်တိုင်းမှာ တစ်ယောက်ယောက်နဲ့ တွေ့ဆုံနိုင်အောင် အသေအချာ ကြိုးစားဖို့ လိုအပ်တယ်။ ရပ်ကွက်ပြီးစီးအောင် လုပ်ဆောင်တဲ့ အစီအစဉ်တွေဟာ သက်ဆိုင်ရာ အချက်အလက် ကာကွယ်ရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီသင့်တယ်။ ရပ်ကွက်ယူထားတဲ့ ဘယ်အုပ်စုကြီးကြပ်မှူးမဆို၊ ဘယ်ကြေညာသူမဆို ရပ်ကွက်ကို လေးလအတွင်း ပြီးအောင်လုပ်ဖို့ ကြိုးစားသင့်တယ်။ ပြီးပြီဆိုတာနဲ့ ရပ်ကွက်အမှုထမ်းကို အကြောင်းကြားသင့်တယ်။ အုပ်စုကြီးကြပ်မှူး ဒါမှမဟုတ် ကြေညာသူဟာ အခြေအနေပေါ် မူတည်ပြီး ရပ်ကွက်ကို ပြန်လုပ်ဖို့ ဆက်ယူထားနိုင်တယ် ဒါမှမဟုတ် ရပ်ကွက်အမှုထမ်းဆီ ပြန်အပ်နိုင်တယ်။
၃၄ အသင်းသားအားလုံး ပူးပေါင်းဆောင်ရွက်တဲ့အခါ ရပ်ကွက် စေ့စေ့စပ်စပ် ပြီးစီးအောင် လုပ်ဆောင်နိုင်တယ်။ အဲဒီအပြင် ကြေညာသူအုပ်စုအသီးသီးက ရပ်ကွက်တစ်ခုတည်းကို တစ်ပြိုင်တည်း အမှုဆောင်မိလို့ အိမ်ရှင်တွေ စိတ်ဆိုးသွားတာမျိုး မဖြစ်အောင် ရှောင်နိုင်တယ်။ ဒီနည်းအားဖြင့် ညီအစ်ကိုညီအစ်မတွေကိုရော ရပ်ကွက်မှာရှိတဲ့ လူတွေကိုပါ စာနာမှု ပြနိုင်တယ်။
ဘာသာစကားအမျိုးမျိုး ပြောဆိုတဲ့ လူတွေကို ဟောပြောဖို့ ပူးပေါင်းဆောင်ရွက်ခြင်း
၃၅ ယေဟောဝါဘုရားအကြောင်း၊ သားတော်အကြောင်း၊ နိုင်ငံတော်အကြောင်း လူတိုင်း သိရှိဖို့ လိုအပ်တယ်။ (ဗျာ. ၁၄:၆၊ ၇) ဘာသာစကားအမျိုးမျိုး ပြောဆိုတဲ့ လူအားလုံး ယေဟောဝါရဲ့ နာမည်ကို ခေါ်ပြီး၊ ခရစ်ယာန် စရိုက်သစ်ကို ဝတ်ဆင်ပြီး ကယ်တင်ခြင်းရနိုင်အောင် ကျွန်တော်တို့ ကူညီပေးချင်တယ်။ (ရော. ၁၀:၁၂၊ ၁၃။ ကော. ၃:၁၀၊ ၁၁) ဘာသာစကား အမျိုးမျိုးပြောဆိုတဲ့ ဒေသတွေမှာ သတင်းကောင်း တင်ဆက်တဲ့အခါ ဘယ်လို အခက်အခဲတွေ ပေါ်ပေါက်နိုင်သလဲ။ ကိုယ်နားအလည်ဆုံး ဘာသာစကားနဲ့ သတင်းကောင်းကြားနိုင်အောင် လူတွေကို အတတ်နိုင်ဆုံး အခွင့်အရေးပေးဖို့ အဲဒီအခက်အခဲတွေကို ဘယ်လို ဖြေရှင်းနိုင်သလဲ။—ရော. ၁၀:၁၄။
၃၆ အသင်းတော် တစ်ခုစီအတွက် ရပ်ကွက်တွေကို ဘာသာစကားအလိုက် ခွဲဝေပေးထားတယ်။ ဒါကြောင့် ဘာသာစကားအမျိုးမျိုး ပြောဆိုတဲ့ ဒေသတွေမှာ အသင်းတော်အသီးသီးက ကြေညာသူတွေဟာ ရပ်ကွက်တစ်ခုတည်းကို ဟောပြောကြရတယ်။ အဲဒီလိုအခါမျိုးမှာ အသင်းတော်တစ်ခုစီက ကြေညာသူတွေဟာ ကိုယ့်ဘာသာစကားပြောတဲ့ လူတွေကိုပဲ သတ်သတ်မှတ်မှတ် ဟောပြောဖို့ အာရုံစိုက်တာ အကောင်းဆုံး ဖြစ်တယ်။ ဒါဟာ နှစ်စဉ် ဖိတ်စာဝေငှတဲ့ ကင်ပိန်းတွေနဲ့လည်း သက်ဆိုင်တယ်။ အများရှေ့နဲ့ အလွတ်သဘော သက်သေခံခြင်းမှာတော့ ကြေညာသူတွေဟာ ဘယ်သူ့ကိုမဆို ဟောပြောနိုင်ပြီး ဘယ်ဘာသာစကားနဲ့မဆို စာပေတွေ ဝေငှနိုင်တယ်။
၃၇ အခြေအနေတချို့မှာ ဘာသာခြားစကားပြော အသင်းတော်တွေဟာ ပိုဝေးတဲ့ ရပ်ကွက်တွေကို ပုံမှန် မပြီးစီးနိုင်ဘူး။ အဲဒီလိုအခါမျိုးမှာ အသင်းတော်တွေမှာရှိတဲ့ လုပ်ငန်းတော် ကြီးကြပ်မှူးတွေဟာ နှစ်ဦးနှစ်ဖက် သဘောတူ လက်ခံနိုင်မယ့်နည်းနဲ့ ရပ်ကွက်ပြီးစီးအောင် ဘယ်လို လုပ်ဆောင်မယ်ဆိုတာ ပြောဆိုဆက်သွယ်သင့်တယ်။ ဒီနည်းအားဖြင့် သတင်းကောင်းကြားဖို့ လူတိုင်း အခွင့်အရေး ရရှိမှာ ဖြစ်သလို မလိုအပ်ဘဲ အထပ်ထပ် လုပ်ဆောင်မိတာမျိုး မဖြစ်အောင် ရှောင်ရှားနိုင်ပါလိမ့်မယ်။—ပညာ. ၁၅:၂၂။
၃၈ ထွက်လာတဲ့ အိမ်ရှင်က ဘာသာခြားစကား တစ်မျိုးမျိုး ပြောဆိုတဲ့သူဆိုရင် ဘာလုပ်သင့်သလဲ။ သူ့ဆီကို သူနဲ့ စကားတူတဲ့ ကြေညာသူ ရောက်လာမှာပါလို့ ကျွန်တော်တို့ ကောက်ချက်မချသင့်ဘူး။ ကြေညာသူတချို့ဟာ ကိုယ့်ရပ်ကွက်မှာ တွေ့ရလေ့ရှိတဲ့ ဘာသာစကားနဲ့ တင်ဆက်မှု ရိုးရိုးလေးတစ်ခုကို သင်ယူထားကြတယ်။ သူ့ဘာသာစကားနဲ့ ထုတ်ဝေထားတဲ့ စာပေတွေကို ကျွန်တော်တို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက် jw.org မှာ ဘယ်လို ဖတ်ရှု၊ ကူးယူနိုင်တယ်ဆိုတာ ပြပေးနိုင်တယ်။ ဒါမှမဟုတ် သူ့ဘာသာစကားနဲ့ ထုတ်ဝေထားတဲ့ စာပေတွေကို ယူလာပေးမယ်လို့ ကမ်းလှမ်းကြည့်နိုင်တယ်။
၃၉ အဲဒီလူ တကယ်စိတ်ဝင်စားတယ်ဆိုရင် သူ့ဘာသာစကားနဲ့ ကူညီပေးဖို့ အရည်အချင်း ပြည့်မီသူ တစ်ယောက်ကို ရှာဖွေသင့်တယ်။ သူ့ဘာသာစကားနဲ့ အစည်းအဝေးတွေကို ဘယ်နေရာမှာ ကျင်းပတယ်ဆိုတာလည်း ပြောပြနိုင်တယ်။ သူ့ဘာသာစကားပြောသူတစ်ယောက် ဆက်သွယ်စေချင်တယ်ဆိုရင် ဆက်သွယ်ရမယ့် အချက်အလက်တွေကို jw.org ဝက်ဘ်ဆိုက်မှာ ဘယ်လို သွင်းရမယ်ဆိုတာ ပြပေးနိုင်တယ်။ အဲဒီအခါ သူ့ကို ထပ်ဆင့် ကူညီပေးနိုင်မယ့် အနီးအနား ကြေညာသူ၊ အုပ်စု၊ အသင်းတော်ကို ရှာဖွေပေးဖို့ ဌာနခွဲရုံးက ကြိုးစားပါလိမ့်မယ်။
၄၀ သူ့စကားပြောတဲ့သူတစ်ယောက်ယောက် သူ့ကို လာဆက်သွယ်တယ်လို့ မပြောမချင်း သူ့ဆီ ကျွန်တော်တို့ ဆက်သွားနေသင့်တယ်။ တစ်ခါတလေ သူ့စကားပြောသူ တစ်ယောက်ယောက်ကို ရှာမတွေ့နိုင်ဘူးလို့ အကြီးအကဲတွေကို ဌာနခွဲရုံးက အကြောင်းကြားလာပါလိမ့်မယ်။ အဲဒီအခါ အိမ်ရှင်ရဲ့ စိတ်ဝင်စားမှု မပျောက်သွားအောင် ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ဆက်ကြိုးစားသင့်တယ်။ ဖြစ်နိုင်မယ်ဆိုရင် သူ့ဘာသာစကားနဲ့ ထုတ်ဝေထားတဲ့ စာပေကို သုံးပြီး သူနဲ့ ကျမ်းစာလေ့လာနိုင်တယ်။ ရုပ်ပုံတွေကို ကောင်းကောင်း အသုံးပြုမယ်၊ သူ့ကို ရည်ညွှန်းကျမ်းချက်တွေ ဖတ်ခိုင်းမယ်ဆိုရင် သူ့အနေနဲ့ အခြေခံကျမ်းစာ အသိပညာ ရရှိလာနိုင်တယ်။ သူ့ဘာသာစကားကိုရော ဒေသခံစကားကိုပါ တတ်တဲ့ သူ့မိသားစုဝင် တစ်ယောက်ယောက်က စကားပြန်လုပ်ပေးချင်တာမျိုးလည်း ရှိနိုင်တယ်။
၄၁ စိတ်ဝင်စားသူကို ဘုရားသခင့် အဖွဲ့အစည်းဆီ လမ်းညွှန်ပေးဖို့ဆိုရင် အစည်းအဝေးတွေ လာတက်ဖို့ ဖိတ်ခေါ်သင့်တယ်။ အစီအစဉ်ကို သူ အပြည့်အဝ နားလည်မှာ မဟုတ်ရင်တောင် ကျွန်တော်တို့ ဖိတ်ခေါ်သင့်တယ်။ သူ့စကားနဲ့ ထုတ်ဝေထားတဲ့ ကျမ်းစာရှိမယ်ဆိုရင် ကျမ်းချက်တွေ ရှာတွေ့ဖို့ ကူညီပေးနိုင်တယ်။ အသင်းတော်မှာရှိတဲ့ တခြားသူတွေနဲ့ ပေါင်းသင်းခြင်းက အားပေးမှု ဖြစ်စေနိုင်ပြီး ဘုရားရေးရာဘက်မှာ ထပ်ဆင့် တိုးတက်လာဖို့ သူ့ကို ကူညီပေးပါလိမ့်မယ်။
၄၂ အကြိုအုပ်စု။ အကြိုအုပ်စုမှာ ဒေသခံအသင်းတော်ရဲ့ ဘာသာစကားမဟုတ်တဲ့ ဘာသာစကား တစ်မျိုးနဲ့ ဟောပြောတဲ့ ကြေညာသူ အတော်များများ ရှိပေမဲ့ အဲဒီစကားနဲ့ ပတ်စဉ်အစည်းအဝေးတွေ ကျင်းပပေးနိုင်လောက်အောင် အရည်အချင်း ပြည့်မီတဲ့ အကြီးအကဲ ဒါမှမဟုတ် အသင်းတော်အမှုထမ်း တစ်ယောက်မှ မရှိဘူး။ အောက်ပါ တောင်းဆိုချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် အကြိုအုပ်စုအဖြစ် ဖွဲ့စည်းဖို့ ဌာနခွဲရုံးက ခွင့်ပြုမှာ ဖြစ်တယ်–
(၁) ဒေသခံအသင်းတော်ရဲ့ ဘာသာစကား မဟုတ်တဲ့ ဘာသာစကားပြောတဲ့ လူဦးရေ အတော်များများ ရှိတယ်။
(၂) အဲဒီစကားကို တတ်ကျွမ်းတဲ့ ဒါမှမဟုတ် သင်ယူလိုတဲ့ ကြေညာသူ အနည်းငယ် ရှိတယ်။
(၃) အကြီးအကဲအဖွဲ့က အဲဒီဘာသာစကားနဲ့ ဟောပြောခြင်းလုပ်ငန်းကို ဖွဲ့စည်းပေးချင်တယ်။
အကြီးအကဲအဖွဲ့ဟာ အကြိုအုပ်စု ဖွဲ့ချင်တဲ့ဆန္ဒရှိတယ်ဆိုရင် တိုက်နယ်ကြီးကြပ်မှူးနဲ့ တိုင်ပင်ဆွေးနွေးပါလိမ့်မယ်။ တိုက်နယ်ကြီးကြပ်မှူးက အဲဒီဘာသာစကားနဲ့ ဟောပြောဖို့ ကြိုးစားနေတဲ့ တခြားအသင်းတော်တွေကို သိကောင်းသိနိုင်တယ်။ ဘယ်အသင်းတော်က အကြိုအုပ်စုဖွဲ့ဖို့ အကောင်းဆုံး အနေအထားမှာ ရှိကြောင်း ပိုင်းဖြတ်နိုင်ဖို့ အချက်အလက်တွေ ပေးနိုင်တယ်။ အကြိုအုပ်စုဖွဲ့မယ့် အသင်းတော်ကို ဆုံးဖြတ်ပြီးတာနဲ့ အကြီးအကဲတွေက ဌာနခွဲရုံးဆီ စာရေးပြီး အကြိုအုပ်စုဖွဲ့မယ့် အသင်းတော်အဖြစ် တရားဝင် အသိအမှတ်ပြုပေးဖို့ တောင်းဆိုပါလိမ့်မယ်။
၄၃ အုပ်စု။ အောက်ပါ တောင်းဆိုချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် အုပ်စုအဖြစ် ဖွဲ့စည်းဖို့ ဌာနခွဲရုံးက ခွင့်ပြုမှာ ဖြစ်တယ်–
(၁) ဘာသာခြားစကားပြော လယ်ကွင်းမှာ စိတ်ဝင်စားသူ အသင့်အတင့် ရှိပြီး တိုးတက်မယ့် အလားအလာ ရှိနေတယ်။
(၂) အနည်းဆုံး ဘာသာစကား တတ်ကျွမ်းတဲ့ ဒါမှမဟုတ် သင်ယူနေတဲ့ ကြေညာသူနည်းနည်း ရှိနေတယ်။
(၃) အနည်းဆုံး ပတ်စဉ် အစည်းအဝေးတစ်ခု၊ ဒါမှမဟုတ် လူထုဟောပြောချက်ဖြစ်စေ၊ ကင်းမျှော်စင် သင်တန်းဖြစ်စေ အစည်းအဝေး အပိုင်းတစ်ပိုင်းကို ဦးဆောင်ကျင်းပပေးဖို့ အရည်အချင်း ပြည့်မီတဲ့ အကြီးအကဲ ဒါမှမဟုတ် အသင်းတော် အမှုထမ်းတစ်ယောက် ရှိနေတယ်။
အဲဒီတောင်းဆိုချက်တွေကို အတိုင်းအတာတစ်ခုအထိ ပြည့်မီတယ်ဆိုရင် အကြီးအကဲအဖွဲ့က အသေးစိတ် အချက်အလက်တွေကို ဌာနခွဲရုံးဆီ စာရေးပြီး အုပ်စုဖွဲ့မယ့် အသင်းတော်အဖြစ် တရားဝင် အသိအမှတ်ပြုပေးဖို့ တောင်းဆိုပါလိမ့်မယ်။ ဦးဆောင်နေတဲ့ အကြီးအကဲ ဒါမှမဟုတ် အသင်းတော်အမှုထမ်းကို “အုပ်စုကြီးကြပ်မှူး” ဒါမှမဟုတ် “အုပ်စုအမှုထမ်း” အဖြစ် တာဝန်ပေး သတ်မှတ်ပါလိမ့်မယ်။
၄၄ အုပ်စုအဖြစ် ဖွဲ့စည်းပြီးတာနဲ့ နောက်ထပ် အစည်းအဝေးအပိုင်းတွေကို ကျင်းပမလား၊ တစ်လ ဘယ်နှကြိမ် အစည်းအဝေး ကျင်းပမလဲဆိုတာတွေကို အကြီးအကဲအဖွဲ့က ဆုံးဖြတ်ပါမယ်။ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုတွေကိုလည်း အုပ်စုအတွက် စီစဉ်ပေးနိုင်တယ်။ အုပ်စုမှာရှိသူအားလုံးဟာ အုပ်စုကို လက်ခံကူညီပေးနေတဲ့ အကြီးအကဲအဖွဲ့ရဲ့ ကြီးကြပ်မှုအောက် လုပ်ဆောင်ကြတယ်။ အကြီးအကဲတွေဟာ မျှမျှတတ လမ်းညွှန်ပေးမှာဖြစ်ပြီး အုပ်စုရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးရာမှာ အစပြုလုပ်ဆောင်ပါလိမ့်မယ်။ တိုက်နယ်ကြီးကြပ်မှူးဟာ အိမ်ရှင်အသင်းတော်ကို လည်ပတ်ရင်း အုပ်စုနဲ့အတူ အမှုဆောင်တဲ့အခါ အုပ်စုရဲ့ တိုးတက်မှုအကြောင်း ဌာနခွဲရုံးကို အတိုချုပ် အစီရင်ခံ တင်ပြမှာဖြစ်ပြီး ဘယ်သတ်သတ်မှတ်မှတ် လိုအပ်ချက်ကိုမဆို ဖော်ပြပါလိမ့်မယ်။ အချိန်တန်တဲ့အခါ အုပ်စုကို အသင်းတော်အဖြစ် ဖွဲ့စည်းနိုင်လာပါလိမ့်မယ်။ ယောက်တိုင်း ဘုရားသခင့် လမ်းညွှန်ချက်ကို လိုက်နာကျင့်သုံးမယ်ဆိုရင် ယေဟောဝါ ကျေနပ်နှစ်သက်ပါလိမ့်မယ်။—၁ ကော. ၁:၁၀။ ၃:၅၊ ၆။
အုပ်စုလိုက် သက်သေခံခြင်း
၄၅ ဆက်ကပ်အပ်နှံထားတဲ့ ခရစ်ယာန်ယောက်တိုင်း တခြားသူတွေကို သတင်းကောင်းဝေမျှဖို့ တာဝန်ရှိတယ်။ ဟောပြောနိုင်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ ကျွန်တော်တို့အများစုဟာ တခြားသူတွေနဲ့အတူ အမှုဆောင်သွားနိုင်တာကို တန်ဖိုးထားလေးမြတ်ကြတယ်။ (လု. ၁၀:၁) ဒါကြောင့် အသင်းတော်တွေဟာ စနေ၊ တနင်္ဂနွေနေ့တွေအပြင် ကြားရက်တွေမှာလည်း လယ်ကွင်းလုပ်ငန်းအတွက် စုဆုံကြတယ်။ ညီအစ်ကိုညီအစ်မများစွာ အလုပ်နားတဲ့ အားလပ်ရက်တွေဟာလည်း အုပ်စုလိုက်သက်သေခံဖို့ အခွင့်အခါကောင်းတွေပါပဲ။ အသင်းတော် လုပ်ငန်းတော် ကော်မတီက နေ့အချိန်နဲ့ ညနေပိုင်းတွေမှာ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုတွေကို အဆင်ပြေတဲ့အချိန်နဲ့ နေရာမှာ စီစဉ်ပေးမယ်။
၄၆ အုပ်စုလိုက် သက်သေခံခြင်းကြောင့် ကြေညာသူတွေဟာ အတူအမှုဆောင်နိုင်ပြီး “အပြန်အလှန် အားပေးခွင့်” ရရှိကြတယ်။ (ရော. ၁:၁၂) ကြေညာသူအသစ်တွေဟာ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ ကြေညာသူတွေနဲ့ အတူအမှုဆောင်ပြီး လေ့ကျင့်မှု ရရှိနိုင်ကြတယ်။ ဒေသတချို့မှာ ဘေးကင်းလုံခြုံဖို့အတွက် ကြေညာသူနှစ်ယောက် ဒါမှမဟုတ် ဒီ့ထက်မက အတူအမှုဆောင်တာ ပညာရှိရာရောက်တယ်။ ရပ်ကွက်မှာ ကိုယ့်ဟာကိုယ် အမှုဆောင်ဖို့ စီစဉ်ထားရင်တောင် အုပ်စုနဲ့ တွေ့ဆုံတာက ယောက်တိုင်းကို အားရှိစေနိုင်တယ်။ ရပ်ကွက်တစ်ခုတည်းမှာ တခြားသူတွေလည်း အမှုဆောင်နေတယ်ဆိုတာ သိထားရုံနဲ့ သင့်မှာ ယုံကြည်စိတ်ချမှု ရှိလာနိုင်တယ်။ ရှေ့ဆောင်တွေနဲ့ တခြားသူတွေဟာ အသင်းတော် စီစဉ်တဲ့ လယ်ကွင်းလုပ်ငန်း စုဆုံမှုတိုင်းကို တက်ဖို့ တာဝန်ရှိတယ်လို့ မခံစားရသင့်ဘူး။ အထူးသဖြင့် နေ့တိုင်း စုဆုံမှုရှိတဲ့အခါ ဖြစ်တယ်။ ဒါပေမဲ့ အပတ်တိုင်း အနည်းဆုံး လယ်ကွင်းလုပ်ငန်း စုဆုံမှုတချို့ကိုတော့ သူတို့ တက်ရောက်နိုင်ပါလိမ့်မယ်။
၄၇ ယေရှုနဲ့ တမန်တော်တွေ ချမှတ်ခဲ့တဲ့ စံနမူနာကို ကျွန်တော်တို့အားလုံး လိုက်လျှောက်ကြပါစို့။ အရေးကြီးလုပ်ငန်းဖြစ်တဲ့ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းမှာ အပြည့်အဝ ပါဝင်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—လု. ၉:၅၇-၆၂။