သင်ဆုံးဖြတ်ပြီးပြီလော
“နက်ဖြန်နေ့၌ သင်တို့အသက်သည် မည်သို့ဖြစ်မည်ကို မသိ” သောကြောင့် အရေးပေါ်အခြေအနေများတွင် မည်သည့်ဆေးကုသမှုနှင့် လုပ်ထုံးလုပ်နည်းများအား လက်ခံမည်ကို သင် ကြိုတင်ဆုံးဖြတ်ထားရန် အလွန်အရေးကြီးသည်။ (ယာ. ၄:၁၄; တ. ၁၅:၂၈၊ ၂၉) ထိုသို့ဆုံးဖြတ်ပြီးသည်နှင့် နှစ်ခြင်းခံပြီးသောသက်သေခံအားလုံးအတွက် ပြင်ဆင်ပေးထားသည့် ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားတွင် သင့်ဆုံးဖြတ်ချက်များကို ချရေးထားသင့်သည်။
မိသားစုဝင်တိုင်း ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားတွင် နေ့စွဲ၊ ကိုယ်ပိုင်လက်မှတ်နှင့် သက်သေ၏လက်မှတ်တို့ကို အပြည့်အစုံဖြည့်စွက်ထားမထား သေချာစစ်ဆေးပါ။ နေ့စွဲမပါ၊ သက်သေ၏လက်မှတ်မရှိသည့်ကတ်ပြားနှင့် ဆေးရုံရောက်သွားသော ညီအစ်ကိုအချို့သည် ယင်းကတ်ပြားတရားမဝင်ဟုပြောဆိုခံရ၍ ပြဿနာတွေ့ကြုံခဲ့ရပါသည်။ နှစ်ခြင်းမခံရသေးသောသားသမီးအားလုံး၌လည်း အပြည့်အစုံဖြည့်စွက်ထားသည့် စိစစ်ရေးကတ်ပြားများ ရှိပါသလော။ ထို့နောက် မိသားစုဝင်အားလုံးသည် ဤကတ်ပြားများကို အချိန်အခါမရွေး ဆောင်ထားကြောင်း သေချာစေပါ။ ၎င်းတို့မဆောင်ထားဘဲ ဘယ်တော့မျှ မဖြစ်ပါစေနှင့်။
ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားသည် အရေးပေါ်အခြေအနေအတွက်သာဖြစ်သောကြောင့် ကြိုတင်စီစဉ်ချိန်ရသောခွဲစိတ်ကုသမှုတွင်မူကား (ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်ကတ်ပြားကို အခြေခံပြီး) ကိုယ်ရေးအချက်အလက်များ၊ ခွဲစိတ်လိုသည့်ပုံစံ၊ ဆရာဝန်များ၏အမည်၊ ဆေးရုံအမည် အစရှိသည်တို့ပါသည့် ပိုမိုပြည့်စုံသော ကြိုတင်ညွှန်ကြားစာတစ်စောင်ရေးသားလျှင် ကောင်းပေမည်။ သင်နှင့်ဆရာဝန်သည် ဆိုးရွားသောအခြေအနေများကို မမျှော်လင့်ဦးတော့ မည်သည့်အရေးအကြောင်းမျိုးမဆိုတွင် ဤညွှန်ကြားချက်အတိုင်း လိုက်လျှောက်ပေးစေလိုကြောင်း ရှင်းလင်းစွာရေးသားထားပါ။—သု. ၂၂:၃။
ဆေးကုသမှုအချို့ကို လက်ခံမည်၊ မခံမည်မှာ တစ်ဦးချင်း၏ ကျမ်းစာဖြင့်လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်နှင့်အညီ ကိုယ်တိုင်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည်။ သင်နှင့်သင့်သားသမီးများအတွက် မည်သည့်ဆေးကုသမှုများနှင့် လုပ်ထုံးလုပ်နည်းများအား လက်ခံလိုသည်ကို အသေအချာရွေးချယ်ပြီးပြီလော။ ရေကျောက်၊ ပိုလီယို၊ မေးခိုင်၊ ကာလဝမ်း၊ ခွေးရူးပြန်၊ အူရောင်ငန်းဖျား၊ ငန်းဝါအဖျားရောဂါတို့အတွက် ကာကွယ်ဆေးများစွာကို သွေးမှထုတ်လုပ်ထားခြင်းမဟုတ်ကြောင်း သင်သိပေမည်။ သို့သော် အဆိပ်ပြင်းသောမြွေ သို့မဟုတ် ပင့်ကူကိုက်ခံရသူများကို ကုသရန် အသုံးပြုသည့် သွေးရည်ကြည်အများစုကို သွေးအစိတ်အပိုင်းများမှ ထုတ်ယူထားခြင်းဖြစ်သည်။ မိခင်နှင့်မွေးကင်းစကလေး၏ ရီးဆတ်ဝတ္ထု (သွေးဆဲလ်နီတွင်ပါဝင်သည့်ပစ္စည်း) မတူညီသောအဖြစ်မျိုးတွင် ဆရာဝန်သည် သွေးအစိတ်အပိုင်းများမှ ထုတ်ယူထားသော အထူးပြုလုပ်ထားသည့် သွေးရည်ကြည်ထိုးဆေးကို လက်ခံရန် မိခင်အား တိုက်တွန်းပေမည်။ ထိုကိစ္စနှင့်ပတ်သက်၍ ပိုမိုပြည့်စုံသောဆွေးနွေးမှုကို ၂၀၀၄၊ ဇွန် ၁၅ နှင့် ၂၀၀၀၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှ “စာရှုသူများထံမှ မေးခွန်းလွှာ” နှင့် ၂၀၀၆၊ နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ “သွေးအပိုင်းအစများနှင့် ကျွန်ုပ်၏သွေးပါဝင်သော ဆေးကုထုံးများကို ကျွန်ုပ်မည်သို့ရှုမြင်သနည်း” ဟူသောကြားညှပ်စာရွက်တွင် ကြည့်ပါ။ သင့်ဆရာဝန်နှင့် သက်သေခံမဟုတ်သောမိသားစုဝင်အားလုံးအား သင့်ဆုံးဖြတ်ချက်များကို ပြည့်စုံစွာအသိပေးထားသင့်သည်။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
• သင်နှင့်သင့်သားသမီးများအတွက် မည်သည့်ဆေးကုသမှုများနှင့် လုပ်ထုံးလုပ်နည်းများအား လက်ခံလိုသည်ကို ဆုံးဖြတ်ပြီးပြီလော။
• အရေးပေါ်အခြေအနေအတွက် အပြည့်အစုံဖြည့်စွက်ထားသော ဆေးဘက်ဆိုင်ရာညွှန်ကြားချက် ကတ်ပြားကို ဆောင်ထားပါသလော။