ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၃၀ စာ. ၁၈၆-စာ. ၁၈၉ ပိုဒ်. ၄
  • အခြားသူအား စိတ်ဝင်စားမှုပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခြားသူအား စိတ်ဝင်စားမှုပြခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတစ်ထူး၌ ကိုယ်တိုင်စိတ်ဝင်စားမှုပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • တစ်ယောက်၏အကျိုးကိုတစ်ယောက် ရှာကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • စကားလက်ဆုံ ပြောဆိုနိုင်စွမ်းများ တိုးတက်နိုင်ပုံ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • နှလုံးကိုထိမိစေရန် ကြိုးပမ်းခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၃၀ စာ. ၁၈၆-စာ. ၁၈၉ ပိုဒ်. ၄

သင်ခန်းစာ ၃၀

အခြားသူအား စိတ်ဝင်စားမှုပြခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

အခြားသူတို့၏ ထင်မြင်ယူဆချက်များကို ဂရုစိုက်ပြီး သူတို့၏ကောင်းကျိုးကို စိတ်ဝင်စားကြောင်းပြပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

ယင်းသည် ယေဟောဝါပြသသည့် မေတ္တာတော်ကို ကျွန်ုပ်တို့အတုယူသည့် နည်းတစ်နည်းဖြစ်ကာ လူတစ်ဦး၏နှလုံးကို ထိမိနိုင်စေမည်။

ကျွန်ုပ်တို့သည် အခြားသူများအား ကျမ်းစာသမ္မာတရား ဝေမျှနေသည့်အခါ အသိပေးပြောကြားရုံထက်မက ပို၍လုပ်ဆောင်ရန် လိုအပ်သည်။ နှလုံးကိုဆွဲဆောင်နိုင်စွမ်းရှိရမည်။ ယင်းကို လုပ်ဆောင်သည့်နည်းတစ်နည်းမှာ ကျွန်ုပ်တို့၏နားထောင်နေသူများကို ရိုးသားသော ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု ပြသခြင်းအားဖြင့်ဖြစ်သည်။ ထိုသို့သောစိတ်ဝင်စားမှုကို နည်းအမျိုးမျိုးဖြင့် ပြသနိုင်ပါသည်။

သင့်အားနားထောင်နေသူများ၏ ရှုထောင့်ကို ထည့်သွင်းစဉ်းစားပါ။ တမန်တော်ပေါလုသည် မိမိအားနားထောင်နေသူများ၏ နောက်ခံနှင့်ဉာဏ်ရည်တို့ကို ထည့်သွင်းစဉ်းစားပေးခဲ့သည်။ သူက ဤသို့ရှင်းပြသည်– “ယုဒလူတို့ကိုရခြင်းအလိုငှာ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင်မဆည်းကပ်သော်လည်း၊ ပညတ်တရားကိုဆည်းကပ်သောသူတို့ကိုရခြင်းအလိုငှာ၊ ပညတ်တရားကိုဆည်းကပ်သောသူတို့၌ ပညတ်တရားကိုကျင့်သောသူကဲ့သို့ဖြစ်၏။ ဘုရားသခင့်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကိုကျင့်သောသူဖြစ်သော်လည်း၊ ပညတ်တရားမဲ့သောသူတို့ကိုရခြင်းအလို့ငှာ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သောသူကဲ့သို့ဖြစ်၏။ အားနည်းသောသူတို့ကိုရခြင်းအလိုငှာ၊ အားနည်းသောသူတို့၌ အားနည်းသောသူကဲ့သို့ဖြစ်၏။ အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။ သင်တို့နှင့် [အခြားသူတို့နှင့်] အတူ ဧဝံဂေလိတရား [သတင်းကောင်း] ကိုဆက်ဆံခြင်းအလိုငှာ၊ ဧဝံဂေလိတရား [သတင်းကောင်း] ကြောင့် ထိုသို့ငါပြုလေ့ရှိ၏။” (၁ ကော. ၉:၂၀-၂၃) ယနေ့ “ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာ” ကျွန်ုပ်တို့မည်သို့ဖြစ်နိုင်ကြသနည်း။

သင်သည် အခြားသူများအား လေ့လာစူးစမ်းခွင့်ရပါက တစ်ခဏလေးပင်ဖြစ်ပါစေ သူတို့နှင့်မပြောဆိုမီ သူတို့ စိတ်ဝင်စားရာများနှင့် အခြေအနေများ၏ အရိပ်အမြွက်ကို သင်သတိပြုမိပေမည်။ သူတို့ အဘယ်အလုပ်လုပ်သည်ကို သင်ပြောပြနိုင်သလော။ သူတို့၏ ဘာသာရေးယုံကြည်ချက်များ၏ အထောက်အထားကို သင်တွေ့မြင်ပါသလော။ သူတို့၏ မိသားစုအခြေအနေမည်သို့ရှိသည်ကို ဖော်ပြသည့်အရာတစ်ခု ရှိပါသလော။ သင်လေ့လာတွေ့ရှိခဲ့သည့်အရာပေါ် အခြေပြု၍ နားထောင်နေသူများကို ပို၍နှစ်လိုဖွယ်ဖြစ်စေရန် သင့်တင်ဆက်မှုကို ပြုပြင်ပြောင်းလဲနိုင်ပါသလော။

သင့်တင်ဆက်မှုကို ပို၍နှစ်လိုဖွယ်ဖြစ်စေရန် သင့်ရပ်ကွက်ရှိ လူတို့အား မည်သို့ချဉ်းကပ်မည်ကို ကြိုတင်စဉ်းစားထားဖို့လိုသည်။ ယင်းသည် အချို့ဒေသတွင် ပြည်ပမှ ပြောင်းရွှေ့လာကြသူများအကျုံးဝင်သည်။ သင့်ရပ်ကွက်တွင် ထိုသို့သောသူများနေထိုင်ကြပါက သူတို့ကိုသက်သေခံရန် ထိရောက်သောနည်းတစ်နည်းကို တွေ့ရှိထားပါသလော။ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရား [၏တိကျမှန်ကန်သောအသိပညာ] ကိုသိစေခြင်းငှာ” ဘုရားသခင့်အလိုတော်ဖြစ်သောကြောင့် တွေ့ ကြုံသူအားလုံး နှစ်လိုဖွယ်ဖြစ်စေသည့်နည်းဖြင့် နိုင်ငံတော်သတင်းတရား တင်ဆက်ခြင်းကို သင့်ရည်ရွယ်ချက်ဖြစ်စေပါ။—၁ တိ. ၂:၄။

အာရုံစိုက်နားထောင်ပါ။ ယေဟောဝါသည် အရာခပ်သိမ်းကို သိနိုင်သောအရှင်ဖြစ်သော်လည်း အခြားသူများကို နားထောင်ပေးသည်။ ယေဟောဝါသည် ကိစ္စတစ်ခုကိုင်တွယ်ရာ၌ ကောင်းကင်တမန်များအား မိမိတို့၏အယူအဆများကို ထုတ်ဖော်ပြကြရန် အားပေးခဲ့သည့် ရူပါရုံတစ်ခုကို ပရောဖက်မိက္ခာ မြင်တွေ့ခဲ့သည်။ ထိုအချိန်က ဘုရားသခင်သည် ကောင်းကင်တမန်တစ်ပါးအား သူပေးသည့်အကြံပြုချက်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ခွင့်ပြုလိုက်သည်။ (၃ ရာ. ၂၂:၁၉-၂၂) သောဒုံမြို့အပေါ်စီရင်မည့် တရားစီရင်ချက်နှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှုကို အာဗြဟံဖော်ပြသည့်အခါ ယေဟောဝါသည် သူ၏ခံစားချက်များကို ကြင်နာစွာ နားထောင်ပေးခဲ့သည်။ (က. ၁၈:၂၃-၃၃) ကျွန်ုပ်တို့၏ဓမ္မအမှု၌ ယေဟောဝါ၏ နားထောင်ခြင်းစံနမူနာကို မည်သို့အတုယူနိုင်သနည်း။

သူတို့အကြောင်းကို သူတို့ကိုယ်တိုင်ဖော်ပြကြရန် အားပေးပါ။ သင့်လျော်သည့်မေးခွန်းတစ်ခုမေးကာ သူတို့တုံ့ပြန်ဖြေကြားရန် အချိန်အလုံအလောက် ရပ်တန့်ပေးပါ။ အမှန်ပင် နားထောင်ပေးပါ။ သင်၏ဂရုတစိုက်နားထောင်ပေးခြင်းသည် သူတို့ကို လွတ်လွတ်လပ်လပ်ပြောဆိုရန် အားပေးရာရောက်မည်။ သူတို့၏တုံ့ပြန်မှုသည် သူတို့၏ စိတ်ဝင်စားရာများနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ဖော်ပြပါက ထပ်ဆင့်သိလိုရာကို လိမ္မာပါးနပ်စွာ မေးမြန်းပါ။ စကားလက်ဆုံပြောဆိုမှုကို မေးခွန်းတရစပ်မေးခြင်း ဖြစ်မသွားစေဘဲ သူတို့ကို ပို၍သိကျွမ်းရန် အားထုတ်ပါ။ အမှန်ပင်ချီးမွမ်းစရာဖြစ်မည်ဆိုလျှင် သူတို့၏ထင်မြင်ချက်များကို ချီးမွမ်းပေးပါ။ သူတို့၏ရှုထောင့်ကို သင်သဘောမတူသည့်တိုင် သူတို့၏ဖော်ပြချက်များကို အသိအမှတ်ပြုရာတွင် ယဉ်ကျေးသိမ်မွေ့ပါလေ။—ကော. ၄:၆။

သို့ရာတွင် လူတို့ကို ကျွန်ုပ်တို့စိတ်ဝင်စားခြင်းသည် ရည်မွန်ဖွယ်ရာမူမဲ့မသွားစေရန် သတိရှိဖို့လိုအပ်သည်။ အခြားသူများကို စိတ်ဝင်စားခြင်းသည် သူတို့၏အတွင်းရေးများကို စပ်စုရန်လိုင်စင်မဟုတ်ပေ။ (၁ ပေ. ၄:၁၅) ကျွန်ုပ်တို့ ကြင်နာစွာပြသသည့် စိတ်ဝင်စားမှုကို ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦး အထင်မလွဲသွားစေရန် ဂရုစိုက်ဖို့လိုသည်။ အခြားသူများအား စိတ်ဝင်စားမှုသည် မည်သည့်အတိုင်းအတာအထိသာ သင့်လျော်သည်ဟု မှတ်ယူချက်သည် တစ်နေရာနှင့်တစ်နေရာ၊ လူတစ်ဦးနှင့်တစ်ဦးပင်လျှင် မတူသောကြောင့် ပိုင်းခြားသိမြင်မှုကောင်း ရှိဖို့လိုအပ်သည်။—လု. ၆:၃၁။

ကြိုတင်ပြင်ဆင်မှုသည် ကောင်းသောနားထောင်သူတစ်ဦးဖြစ်ရန် အထောက်အကူတစ်ခုဖြစ်သည်။ သတင်းတရားသည် ကျွန်ုပ်တို့၏စိတ်ထဲတွင် ရှင်းလင်းနေသည့်အခါ ကျွန်ုပ်တို့အား စိတ်အေးလက်အေးရှိနေစေရန်နှင့် အခြားသူများကို သဘာဝအတိုင်း အာရုံစိုက်စေရန် ကူညီပေးသည်။ ယင်းက သူတို့ကို အေးအေးဆေးဆေးရှိစေပြီး ကျွန်ုပ်တို့နှင့် ပို၍ စကားစမြည်ပြောလိုသည့်ဆန္ဒ ဖြစ်ပေါ်စေနိုင်သည်။

အခြားသူများအား နားထောင်ပေးခြင်းအားဖြင့် သူတို့ကို ကျွန်ုပ်တို့ ဂုဏ်တင်ကြသည်။ (ရော. ၁၂:၁၀) သူတို့၏ အတွေးအခေါ်နှင့် ခံစားချက်များကို ကျွန်ုပ်တို့တန်ဖိုးထားကြောင်း ယင်းက ထင်ရှားပြသည်။ ကျွန်ုပ်တို့ပြောရမည့်အရာကိုပင် သူတို့စေ့စေ့စပ်စပ် အာရုံစိုက်ဖို့ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က အကြောင်းကောင်းဖြင့် ကျွန်ုပ်တို့အား “နားကြားခြင်းငှာ လျင်မြန်ကြစေ၊ စကားပြောခြင်းငှာ နှေးကြစေ” ရန် ဆုံးမထားသည်။—ယာ. ၁:၁၉။

အခြားသူများ တိုးတက်လာစေရန် ကူညီပါ။ အခြားသူများအတွက် စိုးရိမ်ပူပန်ပေးမှုက စိတ်ဝင်စားမှုပြသူများအကြောင်း ကျွန်ုပ်တို့အား ဆက်၍စဉ်းစားစေကာ သူတို့လိုအပ်ရာများကို တိုက်ရိုက်ဖြည့်ဆည်းပေးရာအကျဆုံးဖြစ်သည့် ကျမ်းစာသမ္မာတရားများကို သူတို့အား ဝေမျှပေးရန် နောက်ထပ်ပြန်လည်ပတ်စေမည်။ ထပ်၍လည်ပတ်ရန် ရည်စူးနေသည့်အခါ ယခင်လည်ပတ်မှုများပြုစဉ်အတွင်း သူတို့နှင့်ပတ်သက်၍ မိမိသိထားရာကို ဆင်ခြင်သုံးသပ်ပါ။ သူတို့စိုးရိမ်မကင်းဖြစ်သည့် အကြောင်းအရာနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို ပြင်ဆင်ပါ။ သူတို့သင်ယူနေသည့်အရာမှ မည်သို့အကျိုးရရှိနိုင်ပုံကိုတွေ့ မြင်ဖို့ ကူညီပေးရန် အကြောင်းအရာ၏ လက်တွေ့ကျတန်ဖိုးကို ပေါ်လွင်စေပါ။—ဟေရှာ. ၄၈:၁၇။

သင့်အားနားထောင်နေသူသည် သူ၏စိတ်တွင်လေးနေသည့် အခြေအနေတစ်ခု သို့မဟုတ် ပြဿနာတစ်ခုကို ထုတ်ဖော်ပြောလာပါက ယင်းကို သူ့အား သတင်းကောင်းဝေမျှရန် အထူးအခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ပါ။ ပူဆွေးသောကရောက်နေသူများကို စိတ်သက်သာရာရစေရန် အမြဲပင် အသင့်ရှိခဲ့သည့် ယေရှု၏စံနမူနာကို လိုက်လျှောက်ပါ။ (မာ. ၆:၃၁-၃၄) ကတိုက်ကရိုက် အမြန်ဖြေရှင်းချက်ပေးရန် သို့မဟုတ် အပေါ်ယံအကြံပေးရန် စိတ်ထဲဖြစ်ပေါ်လာခြင်းကို တွန်းလှန်ပါ။ ယင်းက သင်သည် ရိုးသားသော စိတ်ဝင်စားမှုမရှိဟူ၍ ထိုသူအားခံစားသွားစေနိုင်သည်။ သို့အစား၊ စာနာမှု ပြပါ။ (၁ ပေ. ၃:၈) ထို့နောက် ကျမ်းစာအခြေပြုစာပေများတွင် သုတေသနပြုကာ မိမိ၏အခြေအနေကို ရင်ဆိုင်ဖြေရှင်းနေရသောထိုပုဂ္ဂိုလ်ကို ကူညီပေးရန် တည်ဆောက်မှုပေးသည့် သတင်းအချက်အလက်ကို ဝေမျှပါ။ မှန်ပါသည်၊ သင်၏နားထောင်နေသူအား မေတ္တာပါစိတ်ဝင်စားခြင်းက သင့်အားပြောပြသည့် အတွင်းရေးကိစ္စများကို ထုတ်ဖော်ပြောရန် အကြောင်းကောင်းမရှိဘဲ ထုတ်ဖော်မပြောမိရန် ကာကွယ်ပေးမည်။—သု. ၂၅:၉။

အထူးသဖြင့် ကျွန်ုပ်တို့နှင့်အတူကျမ်းစာသင်အံမှုများ ကျင်းပနေကြသူတို့ကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု ပြသင့်ပေသည်။ သင်သားတစ်ဦးစီ၏ လိုအပ်ရာများကို ဆုတောင်းစဉ်းစားကာ ထိုလိုအပ်ရာများကို စိတ်ထဲတွင်ထားကာ သင်အံမှုကို ပြင်ဆင်ပါ။ ‘ထိုသူ ဝိညာဉ်ရေးဘက် ဆက်၍တိုးတက်လာစေရန် နောက်ထပ် အဘယ်အရာပြုလုပ်ဖို့ လိုအပ်သနည်း’ ဟု သင့်ကိုယ်သင်မေးပါ။ ကိစ္စတစ်ရပ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာနှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” တို့ထုတ်ဝေထားသည့်စာပေများမှ ပြောဆိုထားရာကို တန်ဖိုးထားလေးမြတ်ရန် သင်သားအား မေတ္တာပါစွာ ကူညီပေးပါ။ (မ. ၂၄:၄၅၊ သမ) ဖြစ်ရပ်အချို့၌ ရှင်းပြချက်ပေးရုံဖြင့် လုံလောက်ချင်မှလုံလောက်မည်။ တစ်စုံတစ်ရာသောကျမ်းစာမူ၏သက်ဆိုင်ပုံအား ဖော်ပြရာကို အတူတကွလုပ်ဆောင်ကာ ယင်းကို မည်သို့ကျင့်သုံးနိုင်ပုံအား သင်သားကို ပြပေးဖို့လိုအပ်ပေမည်။—ယော. ၁၃:၁-၁၅။

ယေဟောဝါ၏ စံနှုန်းတော်များနှင့်အညီ အသက်ရှင်နေထိုင်ရန် အခြားသူများအား ကူညီပေးရာတွင် မျှတမှုနှင့် ကောင်းသောချင့်ချိန်နိုင်စွမ်း ရှိဖို့လိုအပ်သည်။ လူတို့တွင် မတူညီသော နောက်ခံများနှင့် စွမ်းရည်များရှိကြပြီး တိုးတက်မှုနှုန်းမှာလည်း ကွဲပြားကြသည်။ အခြားသူများထံမှ သင်မျှော်လင့်ရာတွင် အကျိုးသင့်အကြောင်းသင့်ရှိပါ။ (ဖိ. ၄:၅) သူတို့ဘဝအသက်တာတွင် ပြောင်းလဲမှုများလုပ်ရန် သူတို့ကို အတင်းအကျပ်မပြုပါနှင့်။ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ကိုယ်တော့်ဝိညာဉ်တော်တို့က သူတို့ကို လှုံ့ဆော်ပေးစေပါ။ အတင်းအဓမ္မမဟုတ်ဘဲ လိုလိုလားလား ကိုယ်တော့်အမှုတော်ထမ်းဆောင်သည့် လူတို့ကို ယေဟောဝါအလိုတော်ရှိ၏။ (ဆာ. ၁၁၀:၃) သူတို့ရင်ဆိုင်ရသည့် ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ သင့်ကိုယ်ပိုင်ထင်မြင်ချက်များ ဖော်ပြခြင်းကို ရှောင်ကြဉ်ပါ၊ အခြားသူများက ထိုသို့ပြုပေးရန်တောင်းဆိုသည့်တိုင် သူတို့အတွက် ဆုံးဖြတ်ချက်များမချပေးမိစေရန် သတိပြုပါ။—ဂလ. ၆:၅။

လက်တွေ့ကျအကူအညီပေးပါ။ ယေရှုသည် မိမိအားနားထောင်နေသူများ၏ ဝိညာဉ်ရေးကောင်းကျိုးအတွက် အဓိကအရေးထားခဲ့သော်လည်း သူတို့၏အခြားလိုအပ်ရာများကိုပါ အကင်းပါးပါးဖြင့် သိရှိတော်မူသည်။ (မ. ၁၅:၃၂) ကျွန်ုပ်တို့တွင် ငွေကြေးဥစ္စာ အကန့်အသတ်ရှိသည့်တိုင် ကျွန်ုပ်တို့ကူညီပေးနိုင်သည့် လက်တွေ့ကျသောနည်းလမ်း များစွာရှိပါသည်။

အခြားသူများအား စိတ်ဝင်စားခြင်းက ထောက်ထားစာနာတတ်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးမည်။ ဥပမာ၊ ရာသီဥတု အခြေအနေများက သင်၏နားထောင်နေသူအား ကသိကအောက်ဖြစ်စေမည်ဆိုလျှင် ပို၍သင့်တော်သော နေရာသို့ရွှေ့ပြောင်းလိုက်ပါ သို့မဟုတ် နောက်တစ်ချိန်မှ ဆွေးနွေးခန်းကိုဆက်ရန် စီစဉ်ပါ။ အဆင်မပြေသည့်အချိန်၌ လည်ပတ်မိပါက နောက်မှပြန်လာရန် ကမ်းလှမ်းပါ။ အိမ်နီးချင်းတစ်ဦး သို့မဟုတ် စိတ်ဝင်စားမှုပြသူတစ်ဦး မကျန်းမမာ သို့မဟုတ် ဆေးရုံတက်နေရပါက ကတ် သို့မဟုတ် စာတိုလေးတစ်ခုပို့ခြင်းအားဖြင့် သို့မဟုတ် သူ့ဆီသွားလည်ပတ်ခြင်းအားဖြင့် သင့်စိတ်ဝင်စားမှုကို ပြသပါ။ သင့်လျော်ပါက စားသောက်ဖွယ်ရာလေး စီမံပေးနိုင်သည် သို့မဟုတ် အခြားကြင်နာမှုလည်း ပြပေးနိုင်ပါသည်။

ကျမ်းစာသင်သားများသည် တိုးတက်လာသည်နှင့်အမျှ ယခင်အပေါင်းအသင်းများနှင့် အချိန်များစွာ အသုံးမပြုရသောကြောင့် စိတ်ထဲဟာတာတာဖြစ်နေပေမည်။ သူတို့နှင့်မိတ်ဆွေဖြစ်ပါ။ ကျမ်းစာသင်အံမှုအပြီးနှင့် အခြားအချိန်များတွင် သူတို့နှင့် အချိန်ပေးပြီး စကားပြောဆိုပါ။ ကောင်းသောပေါင်းသင်းမှုများကို ပြုစုပျိုးထောင်ရန် သူတို့ကို အားပေးပါ။ (သု. ၁၃:၂၀) ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ရန် သူတို့ကို ကူညီပေးပါ။ ထိုသို့သော စုဝေးမှုများ၌ သူတို့နှင့်အတူထိုင်ကာ အစီအစဉ်မှ အားလုံး ပို၍ပြည့်ပြည့်ဝဝ အကျိုးရရှိနိုင်စေရန် သူတို့၏သားသမီးများကို ကူညီပေးပါ။

နှလုံးမှ စိတ်ဝင်စားမှုပြပါ။ လူတို့ကို စိတ်ဝင်စားမှုပြခြင်းသည် ကျွမ်းကျင်လာရမည့်နည်းပညာမဟုတ်ဘဲ နှလုံး၏အရည်အသွေးတစ်ခုဖြစ်သည်။ အခြားသူများကိုပြသည့် ကျွန်ုပ်တို့၏စိတ်ဝင်စားမှု အတိုင်းအတာသည် နည်းလမ်းများစွာတွင် ထင်ရှားပါသည်။ ယင်းသည် ကျွန်ုပ်တို့၏နားထောင်ပုံနှင့် ပြောဆိုကြသည့်စကားတို့တွင် ပြသသည်။ အခြားသူများအပေါ်ထားသည့် ကျွန်ုပ်တို့၏ သနားကြင်နာမှုနှင့် ထောက်ထားစာနာမှုဖြင့် ယင်းကိုထင်ရှားစေကြသည်။ မည်သည့်အရာမျှ ကျွန်ုပ်တို့မပြောဆို သို့မဟုတ် မလုပ်သည့်တိုင် ကျွန်ုပ်တို့၏နေထိုင်ပုံနှင့် မျက်နှာအသွင်အပြင်များက ယင်းကို ထုတ်ဖော်ပြသည်။ အခြားသူများကို ကျွန်ုပ်တို့ အမှန်စိတ်ဝင်စားပါက ယင်းတို့သည် မလွဲမသွေပေါ်နေပါလိမ့်မည်။

အခြားသူများအား ရိုးသားသော စိတ်ဝင်စားမှုပြရသည့် အရေးကြီးဆုံးအကြောင်းမှာ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်၏ မေတ္တာနှင့်ကရုဏာတို့ကို အတုယူခြင်းဖြစ်သည်။ ယင်းက အခြားသူများကို ယေဟောဝါထံသို့နှင့် ပျံ့နှံ့စေရန် ကျွန်ုပ်တို့အား ပေးအပ်ထားသော သတင်းတရားထံ ဆွဲဆောင်သည်။ ထို့ကြောင့် သတင်းကောင်းဝေမျှသည့်အခါ “ကိုယ်အမှုအရာကိုသာ မရှုမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ် [“ပုဂ္ဂိုလ်ရေးအရစိတ်ဝင်စားမှုပြ၊” ကဘ] ကြရန်” ကြိုးပမ်းအားထုတ်ပါ။—ဖိ. ၂:၄။

စစ်မှန်သောစိတ်ဝင်စားမှု တင်ပြနိုင်ပုံ

  • အခြားသူတစ်ဦး စကားပြောဆိုသည့်အခါ နားထောင်ပေးပါ။ သူ၏အတွေးအခေါ်နှင့် ခံစားချက်များ ဖော်ပြပေးခြင်းအတွက် သူ့ကို ကျေးဇူးတင်ပါ။ သူ၏ထင်မြင်ယူဆချက်ကို ပို၍ ရှင်းရှင်းလင်းလင်းနားလည်ရန် မေးခွန်းများမေးပါ။

  • အတူတကွ ဆွေးနွေးပြောဆိုပြီးနောက် ထိုသူအကြောင်းကို စဉ်းစားပါ။ သူနှင့် နောက်တစ်ကြိမ် ဆောလျင်စွာ ပြန်ဆက်သွယ်ပါ။

  • သူ့လိုအပ်ရာများကို တိုက်ရိုက်အဖြည့်ဆည်းပေးဆုံးဖြစ်သော ကျမ်းစာသမ္မာတရားများ ဝေမျှပါ။

  • သူ့ကိုကူညီပေးဖို့ လုပ်ဆောင်ပါ။ လောလောဆယ်နှင့် ရေရှည်လိုအပ်ချက်များကို သုံးသပ်ပါ။

လေ့ကျင့်ခန်းများ– (၁) အသင်းတော်အစည်းအဝေးမတိုင်မီ တက်ရောက်လာသူတစ်ဦးဦးအား ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ။ နှုတ်ဆက်ရုံဆက်ခြင်းထက်မက လုပ်ဆောင်ပါ။ ထိုသူအား ပို၍သိကျွမ်းလာရန် ကြိုးပမ်းအားထုတ်ပါ။ သင်ဂရုစိုက်ကြောင်း ပြပါ။ ယင်းကို ပုံမှန်အလေ့အကျင့်တစ်ခုဖြစ်စေပါ။ (၂) လယ်ကွင်းလုပ်ငန်းတော်တွင် တွေ့ဆုံရသူတစ်ဦးဦးကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ။ သက်သေခံခြင်းထက်မက ပိုမိုလုပ်ဆောင်ပါ။ ထိုသူအား သိကျွမ်းပါ။ ပုဂ္ဂိုလ်တစ်ဦးနှင့်ပတ်သက်၍ သိရှိလာသည့်အရာနှင့်အညီ သင်ပြောဆို၊ ပြုမူရာတို့ကို အလိုက်သင့်ပြောင်းလဲပေးပါ။ ယင်းကိုပြုလုပ်ရန် အခွင့်အရေးများ ဆက်၍ရှာဖွေနေပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ