“ဤသတင်းကောင်းကို ဟောပြောရလိမ့်မည်”
၁။ ဟောပြောခြင်းလုပ်ငန်းကို မည်သည့်အရာကမျှမတားဆီးနိုင်ကြောင်း မည်သို့သိရသနည်း။
၁ ယေဟောဝါ၏အလိုတော်ကို မပြီးမြောက်စေရန် အဘယ်အရာကမျှ ဆီးတားနိုင်မည်မဟုတ်ပါ။ (ဟေရှာ. ၁၄:၂၄) တရားသူကြီး ဂိဒေါင်နှင့် သူ၏လူ ၃၀၀ သည် မိဒျန်လူ ၁၃၅,၀၀၀ ကိုအောင်မြင်အောင် တိုက်ခိုက်နိုင်မည့်ပုံမရှိသော်လည်း ဂိဒေါင်အားယေဟောဝါ ဤသို့မိန့်တော်မူခဲ့သည်– “သင်သည် ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှကယ်နုတ်လိမ့်မည်။ သင့်ကို ငါစေခိုင်းသည်မဟုတ်လော။” (သူကြီး. ၆:၁၄) ယနေ့ အဘယ်လုပ်ငန်းသည် ယေဟောဝါ၏ထောက်မမှုကို ရရှိနေသနည်း။ “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်” ဟု ယေရှုပြောခဲ့သည်။ (မ. ၂၄:၁၄) ယင်းလုပ်ငန်းမပြီးမြောက်စေရန် မည်သူကမျှ မတားဆီးနိုင်ပါ။
၂။ ယေဟောဝါသည် ဓမ္မအမှုတွင် ကျွန်ုပ်တို့တစ်ဦးစီကို ကူညီပေးမည်ဟု အဘယ်ကြောင့်မျှော်လင့်နိုင်သနည်း။
၂ ယေဟောဝါ ကျွန်ုပ်တို့တစ်ဦးစီကို ကူညီပေး– ယေဟောဝါသည် သက်သေခံများအား အုပ်စုလိုက်အနေနှင့် အောင်မြင်စေရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစဉ် ကျွန်ုပ်တို့တစ်ဦးစီကိုလည်း ကူညီပေးမည်ဟု မျှော်လင့်နိုင်သလော။ အကူအညီလိုအပ်နေချိန်တွင် ယေဟောဝါသည် သားတော်ယေရှုအားဖြင့် မိမိအားကူညီပေးခဲ့သည်ဟု တမန်တော်ပေါလုခံစားခဲ့ရသည်။ (၂ တိ. ၄:၁၇) ကိုယ်တော်၏အလိုတော်ကို ပြီးမြောက်အောင် ကျွန်ုပ်တို့တစ်ဦးစီ၏ ကြိုးစားလုပ်ဆောင်မှုများကိုလည်း ယေဟောဝါ အလားတူကောင်းချီးပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။—၁ ယော. ၅:၁၄။
၃။ အဘယ်အခြေအနေများတွင် ယေဟောဝါ ကျွန်ုပ်တို့ကို ကူညီပေးသနည်း။
၃ ဘဝ၏နေ့စဉ်စိုးရိမ်ပူပန်မှုများကြောင့် ဓမ္မအမှုတွင်ပါဝင်ရန် ခွန်အားမရှိဖြစ်နေသလော။ “ဘုရားသည် မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။” (ဟေရှာ. ၄၀:၂၉-၃၁) သင်သည် နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသလော။ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်။” (ဆာ. ၅၅:၂၂) သင်သည် တစ်ခါတစ်ရံ ယုံကြည်စိတ်ချမှုမရှိ ဖြစ်နေသလော။ “ယခုသွားလော့။ သင်၏နှုတ်၌ ငါရှိ၏။” (ထွ. ၄:၁၁၊ ၁၂) သင်ကျန်းမာရေးမကောင်းသောကြောင့် ဓမ္မအမှုတွင် အကန့်အသတ်ဖြင့်သာ ပါဝင်နေရသလော။ သင်၏အကြွင်းမဲ့လုပ်ဆောင်မှုသည် မည်မျှပင်သေးငယ်ပါစေ ယင်းကို ယေဟောဝါ တန်ဖိုးထားပြီး အသုံးပြုနိုင်သည်။—၁ ကော. ၃:၆၊ ၉။
၄။ ယေဟောဝါအပေါ်ယုံကြည်စိတ်ချမှုက ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုသနည်း။
၄ ယေဟောဝါ၏ “ဆန့်တော်မူသောလက်တော်ကို အဘယ်သူလှန်လိမ့်မည်နည်း။” (ဟေရှာ. ၁၄:၂၇) ကျွန်ုပ်တို့၏ဓမ္မအမှုအပေါ် ယေဟောဝါကောင်းချီးပေးမည်ကို ယုံကြည်စိတ်ချလျက် ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ “ယေဟောဝါဘုရား၏ အခွင့်အာဏာဖြင့် ရဲရင့်စွာ” ဆက်ဟောပြောကြပါစို့။—တ. ၁၄:၃။