ရုပ်တု
အဓိပ္ပာယ်သတ်မှတ်ချက်– များသောအားဖြင့် လူ သို့မဟုတ် အရာဝတ္ထုများ၏ပုံတူဖြစ်၍ မြင်တွေ့နိုင်သည်။ ကိုးကွယ်ခံရုပ်တုသည် ဆင်းတုဖြစ်သည်။ ရုပ်တုရှေ့ ဦးချကန်တော့သူတို့က မိမိတို့တကယ်တမ်းကိုးကွယ်သူမှာ ရုပ်တုကကိုယ်စားပြုသောပုဂ္ဂိုလ်သာဖြစ်သည်ဟု ဆိုကြပါသည်။ ခရစ်ယာန်မဟုတ်သောဘာသာအမြောက်အမြားတို့၌ ရုပ်တုကို ထိုသို့အသုံးပြုသောဓလေ့ရှိကြသည်။ ရိုမင်ကက်သလစ်ကျင့်ထုံးနှင့်ပတ်သက်၍ ကက်သလစ်စွယ်စုံကျမ်းသစ် (၁၉၆၇၊ အတွဲ ၇၊ စ. ၃၇၂) က ဤသို့ရေးသားသည်– “ရုပ်တုရှေ့၌ပြုသောကိုးကွယ်မှုသည် အဆုံး၌ ရုပ်တုကကိုယ်စားပြုသောပုဂ္ဂိုလ်ထံသို့ သက်ရောက်သွားသည်ဖြစ်ရာ ထိုသူကိုကိုယ်စားပြုသောရုပ်တုအား ထိုသူခံထိုက်သောကိုးကွယ်မှုမျိုး ပေးဆက်နိုင်ပေသည်။” ကျမ်းစာသွန်သင်ချက်မဟုတ်။
ကိုးကွယ်ရန်ရုပ်တုပြုလုပ်ခြင်းကို ဘုရားသခင့်နှုတ်ကပါဌ်တော်က မည်သို့ဆိုသနည်း
ထွ. ၂၀:၄-၆၊ JB– “ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာ၏ထွင်းထုသောရုပ်တုကိုဖြစ်စေ၊ မည်သည့်သဏ္ဌာန်တူ ဖြစ်စေ ကိုယ်အဖို့ မလုပ်နှင့်။ ၎င်းတို့ရှေ့ ဦးမချ ဝတ်မပြုရ။ [“၎င်းတို့ရှေ့ ဦးချ သို့မဟုတ် ကိုးကွယ်၊” NAB] အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါ ယာဝေးသည် သဝန်တိုသောဘုရားဖြစ်၏။” (ဖြည့်စွက်စာလုံးစောင်း) (ရုပ်တုကိုလုပ်ခြင်း၊ ၎င်းရှေ့ ဦးချခြင်း မပြုရန် တားမြစ်တော်မူကြောင်း သတိပြုပါ။)
ဝတ်. ၂၆:၁၊ JB– “သင်တို့သည် ဆင်းတုများကို မလုပ်ရ။ ထွင်းသောရုပ်တုကိုဖြစ်စေ၊ ကျောက်တိုင် [“တိုင်မြတ်၊” ကဘ] ကိုဖြစ်စေ မစိုက်ထူရ။ သင့်နေပြည်၌ ထုလုပ်သောကျောက်ကိုထူ၍ ၎င်းရှေ့ ပျပ်ဝပ်ခြင်းမပြုရ။ ငါ ယာဝေးသည် သင့်ဘုရားသခင်ဖြစ်၍တည်း။” (လူတို့ ဦးချရှိခိုးနိုင်သော အဘယ်ရုပ်တုကိုမျှ မထူရချေ။)
၂ ကော. ၆:၁၆၊ JB– “ဘုရားသခင်၏ဗိမာန်တော်သည် ဆင်းတုများနှင့်ဘာမျှမဆိုင်။ . . . ငါတို့သည်လည်း အသက်ရှင်သောဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။”
၁ ယော. ၅:၂၁၊ NAB– “ငါ့သားငယ်သမီးငယ်တို့၊ ဆင်းတုများ [“ဆင်းတုများ၊” Dy, CC; “မှောက်မှားသောဘုရား၊” JB] ကို သတိနှင့်ရှောင်ကြပါလေ။”
ဘုရားမှန်ကိုကိုးကွယ်ရာ၌ အထောက်အကူသဘောဖြင့်သာ ရုပ်တုများကိုသုံးလျှင် ရမည်လော
ယော. ၄:၂၃၊ ၂၄၊ JB– “စစ်မှန်သောကိုးကွယ်သူတို့သည် ခမည်းတော်ကို ဝိညာဉ်နှင့်သမ္မာတရားဖြင့် ကိုးကွယ်ကြမည်။ . . . ခမည်းတော်သည် ထိုသို့ကိုးကွယ်သူတို့ကိုပင် အလိုရှိတော်မူ၏။ ဘုရားသခင်သည် ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကိုကိုးကွယ်သောသူတို့လည်း ဝိညာဉ် သမ္မာတရားတို့ဖြင့် ကိုးကွယ်ရမည်။” (ရုပ်တုကိုအမှီပြု၍ ဆည်းကပ်သူတို့သည် ဘုရားကို “ဝိညာဉ်နှင့်” ကိုးကွယ်ကြသည်မဟုတ်။ မိမိတို့ပကတိမျက်စိဖြင့်မြင်နိုင်သောအရာကို အားထားကြသည်။)
၂ ကော. ၅:၇၊ NAB– “ငါတို့သည် မြင်၍မဟုတ်၊ ယုံ၍လိုက်လျှောက်ကြ၏။”
ဟေရှာ. ၄၀:၁၈၊ JB– “သင်သည် ဘုရားသခင်ကို မည်သူနှင့်ခိုင်းနှိုင်းနိုင်သနည်း။ ကိုယ်တော့်အဖို့ အဘယ်ရုပ်တုကို ကြံဖန်တီထွင်နိုင်မည်နည်း။”
တ. ၁၇:၂၉၊ JB– “ငါတို့သည် ဘုရားသခင့်သားသမီးများဖြစ်ရကား၊ ဘုရားသည် ရွှေ ငွေ သို့မဟုတ် ကျောက်ဖြင့် လူတို့ကြံဆထွင်းထုထားသောတစ်စုံတစ်ရာနှင့်တူသည်ဟု ပြောရန် ဆင်ခြေဆင်လက်မရှိချေ။”
ဟေရှာ. ၄၂:၈၊ JB– “ငါ၏နာမကား ယာဝေးတည်း။ ငါသည် အညံ့ခံ၍ ငါ့ဘုန်းကို အခြားတစ်ယောက်အားဖြစ်စေ၊ ငါ့ဂုဏ်ကို ရုပ်တုများ [“ထွင်းထုထားသောအရာများ၊” Dy] အားဖြစ်စေ၊ အပ်လိုက်မည်မဟုတ်။”
“သူတော်စင်များ” ကို မိမိနှင့်ဘုရားသခင်အကြား ကြားဖျန်အဖြစ်ယူမှတ်ကာ ကြည်ညိုကိုးကွယ်၍ သူတို့၏ရုပ်တုများကို ဝတ်ပြုရေးအထောက်အကူအဖြစ် အသုံးပြုသင့်သလော
တ. ၁၀:၂၅၊ ၂၆၊ JB– “အိမ်သို့ပေတရုရောက်လာသောအခါ ကော်နေလိက ခရီးဦးကြိုပြု၍ ပေတရု၏ခြေရင်း၌ ဒူးထောက်ကာ ပျပ်ဝပ်ကိုးကွယ်လေ၏။ သို့ရာတွင် ပေတရုက သူ့ကိုချီပင့်လျက် ‘ထလော့။ ငါသည် ပုထုဇဉ်သာဖြစ်ပါသည်’ ဟုဆို၏။” (ပေတရုကိုယ်တိုင်ရှိစဉ်အခါ ထိုသို့သောရှိခိုးကိုးကွယ်မှုကိုမနှစ်သက်လျှင် သူ့ရုပ်တုရှေ့ ဒူးထောက်ရန် ကျွန်ုပ်တို့ကို သူတိုက်တွန်းပါ့မည်လော။ ဗျာဒိတ် ၁၉:၁၀ ကိုလည်းရှု။)
ယော. ၁၄:၆၊ ၁၄၊ JB– “ယေဇူးက ‘ငါသည် လမ်းခရီး၊ သစ္စာတရား၊ အသက်ဖြစ်၏။ ငါမှတစ်ဆင့်မဟုတ်လျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မလာနိုင်။ ငါ့နာမကိုမှီ၍ တစ်စုံတစ်ခုကိုတောင်းလျှင် ၎င်းကို ငါပြုမည်။” (ဤတွင် ယေရှုက သူ့ကိုအမှီပြု၍သာ ခမည်းတော်ထံ ကျွန်ုပ်တို့ချည်းကပ်နိုင်ကြောင်း၊ ဆုတောင်းရာ၌လည်း သူ့နာမကိုအမှီပြုရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြပေသည်။)
၁ တိ. ၂:၅၊ JB– “ဘုရားသခင် တစ်ပါးတည်းသာရှိတော်မူ၏။ ဘုရားသခင်နှင့် လူသားစပ်ကြား၌ ကြားဖျန်လည်း တစ်ဦးတည်းရှိ၏။ ကိုယ်တိုင်လူဖြစ်သော ယေရှုခရစ်ပင်ဖြစ်သည်။” (အခြားသူများက ခရစ်တော်၏အသင်းတော်သားများအဖို့ ကြားဖျန်အဖြစ် ဆောင်ရွက်ပိုင်ခွင့်မရှိကြောင်း သိသာပေသည်။)
“သူတော်စင်များ” ဟူသောခေါင်းစဉ်အောက် စာမျက်နှာ ၃၂၅၊ ၃၂၆ ကိုပါရှု။
ကိုးကွယ်သူများသည် ရုပ်တုကကိုယ်စားပြုသောပုဂ္ဂိုလ်ကို အဓိကစိတ်စွဲနေသလော။ သို့မဟုတ် အချို့ရုပ်တုများကို အခြားရုပ်တုများထက်တန်ခိုးကြီးသည်ဟု ယူမှတ်ကြသလော
ကိုးကွယ်သူ၏စိတ်ထားကို အရေးပေးသုံးသပ်အပ်သည်။ အဘယ်ကြောင့်နည်း။ ရုပ်တုတစ်ခုသည် “ရုပ်တု” သက်သက်လော၊ “ဆင်းတု” လော၊ ဟူ၍ဆုံးဖြတ်ရာ၌ ရုပ်တုသုံးသူ၏စိတ်ထားပေါ် မူတည်သောကြောင့်တည်း။
ပုဂ္ဂိုလ်တစ်ဦး၏ရုပ်တုတစ်ခုသည် သူ၏အခြားရုပ်တုတစ်ခုထက်ပို၍မြတ်သည်၊ အရေးပါသည်ဟု ကိုးကွယ်သူတစ်ဦးက ထင်မှတ်သလော။ သို့ထင်မှတ်ပါက ကိုးကွယ်သူသည် ထိုသူကိုအဓိကမထား၊ သူ့ရုပ်တုကိုသာ အဓိကထားနေခြင်းဖြစ်ရမည်။ လူတို့သည် အဘယ်ကြောင့် တစ်စုံတစ်ခုသောဌာပနာကျောင်းတိုက်ဆီသို့ ခရီးရှည် ဘုရားဖူးသွားကြသနည်း။ ရုပ်တု၌ “အံ့ဖွယ်တန်ခိုး” ရှိသည်ဟု ယူမှတ်သောကြောင့်မဟုတ်လော။ ဥပမာ၊ ရဟန်း Yves Delaporte ရေးသော Les Trois Notre-Dame de la Cathédrale de Chartres ဟူသည့်စာအုပ်က ပြင်သစ်ပြည် ရှားတရာမြို့ရှိ ကျောင်းတိုက်မှ မာရိရုပ်တုများနှင့်စပ်လျဉ်း၍ ဤသို့ဆိုပါသည်– “ထွင်းထုဆေးချယ်ထားသော၊ သို့မဟုတ် စွန်းဆေးတင်မှန်ပြူတင်းပေါက်များပေါ်စံပယ်သော ရုပ်ပွားများသည် ထပ်တူထပ်မျှ ဂုဏ်သတင်းကျော်စောကြသည်မဟုတ်။ . . . သုံးဆူသာ စင်စစ်ကိုးကွယ်ခံရသည်။ လိုဏ်ဂူမယ်တော်၊ ကျောက်တိုင်မယ်တော်နှင့် ပြူတင်းလှမယ်တော်တို့ဖြစ်ပေသည်။” သို့သော် ဖူးမြော်သူက ရုပ်တုကိုအဓိကမထား၊ ပုဂ္ဂိုလ်ကိုသာအဓိကထားလျှင် ရုပ်တုတစ်ခုသည် အခြားတစ်ခုနှင့် ထပ်တူထပ်မျှမြတ်သည်ဟု ယူမှတ်ကြမည်မဟုတ်လော။
ကိုးကွယ်ခံ ရုပ်တုများကို ဘုရားသခင် မည်သို့ယူမှတ်တော်မူသနည်း
ယေ. ၁၀:၁၄၊ ၁၅၊ သမ္မာ– “ရုပ်တုကိုသွန်းသောသူတိုင်း မိမိလုပ်သောရုပ်တုအားဖြင့် အရှက်ကွဲလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ ၎င်း၌လည်း ထွက်သက်ဝင်သက်မရှိ။ ရုပ်တုများသည် အချည်းနှီးသက်သက်ဖြစ်၏။ ကဲ့ရဲ့သရော်ရာလည်းဖြစ်၏။”
ဟေရှာ. ၄၄:၁၃-၁၉၊ သမ္မာ– “လက်သမားသည် မျဉ်းချလျက် စူးနှင့်မှတ်သား၍ လက်သမားတန်ဆာနှင့်လုပ်ပြီးလျှင် အိမ် [“ကျောင်းဆောင်၊” သမ; “ဘုရားကျောင်း၊” JB] ၌နေစေခြင်းငှာ၊ လူ့အသရေပါအောင် လူ့ပုံသဏ္ဌာန် [“လူ့ခန္ဓာအချိုးအစား၊” JB] နှင့်အညီ ထုလုပ်တတ်၏။ လူသည် ကိုယ့်အဖို့အလိုငှာ သစ်ပင်များကိုခုတ်၍ လူသုံးရန်ထင်းဖြစ်စေခြင်းငှာ ဘုရားသခင်စိုက်ပျိုးတော်မူလျက် မိုးရေဖြင့်ကြီးပွားသောတဒေရပင်၊ သစ်ချပင်မှစသော အခြားအပင်မျိုးကိုရွေးယူလေ၏။ ထင်းကိုယူ၍ မီးလှုံတတ်၏။ တစ်ဖန်မီးမွှေး၍ မုန့်ကိုပေါင်းတတ်၏။ တစ်ဖန် ဘုရားကိုလုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုကိုထုလုပ်၍ ရှေ့မှာ ပျပ်ဝပ်တတ်၏။ ထိုသစ်သားထက်ဝက်ကိုမီးဆိုက်၍ ၎င်း၏မီးခဲနှင့်အမဲသားကိုဖုတ်ကင်ပြီးမှ ဝစွာစားတတ်၏။ တစ်ဖန်မီးလှုံ၍၊ အဲ၊ ငါနွေးပြီ။ မီးကိုတွေ့ပြီဟု ဆိုတတ်၏။ ကျန်သောအပိုင်းကိုလည်းယူ၍ ရုပ်တုတည်းဟူသောဘုရားကိုလုပ်တတ်၏။ ထိုရုပ်တုရှေ့မှာပျပ်ဝပ်၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။ ကယ်တင်တော်မူပါ ဟူ၍ ဆုတောင်းတတ်၏။ ထိုသို့သောသူတို့သည် မသိမမြင်၊ နားမလည်ကြ။ မမြင်နိုင်အောင်မျက်စိမြှေးရှက်၏။ နားမလည်နိုင်အောင် စိတ်နှလုံးထိုင်းမှိုင်း၏။ ငါသည် ထက်ဝက်ကိုမီးဆိုက်ပြီ။ မုန့်ကိုလည်း ထိုမီးခဲပေါ်မှာပေါင်းလေပြီ။ အမဲသားကိုလည်းဖုတ်ကင်၍ စားလေပြီ။ ကြွင်းသောအပိုင်းကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေရမည်လော။ သစ်သားရှေ့မှာငါပျပ်ဝပ်ရမည်လောဟု စိတ်နှလုံးထဲမှာ ဆင်ခြင်ပိုင်းခြားနိုင်သောဉာဏ်ပညာ အလျှင်းမရှိပါတကား။”
ယေဇ. ၁၄:၆၊ JB– “ယာဝေးသခင် ဤသို့မိန့်တော်မူ၏။ ပြန်လာပါ။ သင်တို့၏ [“စက်ဆုပ်ဖွယ်၊” ကဘ] ရုပ်တုများကိုစွန့်ပစ်ပါ။ သင်တို့၏ရွံဖွယ်အကျင့်ဓလေ့ရှိသမျှကို လက်လွှတ်ပါ။”
ယေဇ. ၇:၂၀၊ သမ္မာ– “သူတို့၌ တင့်တယ်သောထိုရွှေငွေကို မာန်မာနအကြောင်းဖြစ်စေ၍ ၎င်းအားဖြင့် စက်ဆုပ်ရွံရှာဖွယ်သောရုပ်တုဆင်းတုများကို လုပ်သောကြောင့် ထိုရွှေငွေကို သူတို့၌ ညစ်ညူးသော [“စက်ဆုပ်ထိတ်လန့်ဖွယ်၊” JB– “ညစ်ညမ်းသော၊” Dy– “အမှိုက်သရိုက်၊” NAB] အရာဖြစ်စေခြင်းငှာ ငါစီရင် [မည်။]”
ယခင် ကျွန်ုပ်တို့ကိုးကွယ်ခဲ့သောရုပ်တုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့သောခံစားချက်ရှိသင့်သနည်း
တရား. ၇:၂၅၊ ၂၆၊ JB– “သင်သည် သူတို့၏ထွင်းထုသောဘုရားရုပ်တုများအားလုံးကို မီးရှို့ပစ်ရမည်။ ၎င်းတို့အပေါ်မွမ်းမံသောရွှေငွေကို မမက်မောရ။ ထိုရွှေငွေကိုယူလျှင် ကျော့မိလိမ့်မည်။ ၎င်းသည် သင့်ဘုရားသခင် ယာဝေးရှေ့ စက်ဆုပ်ဖွယ်ဖြစ်၏။ အဘယ်စက်ဆုပ်ဖွယ်ရာကိုမျှ သင့်အိမ်တွင်းသို့ မယူဆောင်လာရ။ သို့မဟုတ်လျှင် သင်လည်း ၎င်းနည်းတူ ပိတ်ပင်ခြင်းခံရလိမ့်မည်။ ၎င်းကို မသန့်ရှင်းသော၊ အော့ကြောလန်ဖွယ်အရာအဖြစ်မှတ်ရမည်။ [“လုံးဝဥဿုံ အော့နှလုံးနာ၍ ပယ်ပယ်နယ်နယ် ရွံမုန်းရမည်။” ကဘ]” (ယနေ့ ယေဟောဝါလူမျိုးတော်သည် အခြားသူများပိုင်ဆိုင်ရာရုပ်တုများကိုဖျက်ဆီးရန် အမိန့်မရကြသော်လည်း ဣသရေလလူတို့အား ချမှတ်သောအထက်ပါပညတ်က မိမိတို့ယခင်ကကိုးကွယ်ခဲ့သော မိမိတို့ပိုင်ဆိုင်ရာရုပ်တုများကို မည်သို့ယူမှတ်ရမည်နှင့်ပတ်သက်၍ စံနမူနာတစ်ရပ် ပြဋ္ဌာန်းခဲ့ပေသည်။ တမန်တော် ၁၉:၁၉ နှင့်နှိုင်းယှဉ်။)
၁ ယော. ၅:၂၁၊ Dy– “ကလေးငယ်တို့၊ ဆင်းတုများ [“မှောက်မှားသောဘုရားများ၊” JB] ကို ရှောင်ကွင်းပါလေ။”
ယေဇ. ၃၇:၂၃၊ JB– “သူတို့သည် မိမိတို့၏ဆင်းတုများဖြင့် မိမိတို့ကိုယ်ကို ညစ်ညူးစေတော့မည်မဟုတ်။ . . . သူတို့သည် ငါ၏လူမျိုးတော်ဖြစ်၍ ငါသည် သူတို့၏ဘုရားသခင် ဖြစ်တော်မူမည်။”
ကိုးကွယ်မှု၌ ရုပ်တုသုံးလျှင် ကျွန်ုပ်တို့နောင်ရေးကို မည်သို့ထိခိုက်စေနိုင်သနည်း
တရား. ၄:၂၅၊ ၂၆၊ JB– “သင်သည် စဉ်းလဲဖောက်ပြန်၍ ပုံသဏ္ဌာန်တစ်မျိုးမဟုတ် တစ်မျိုးသောရုပ်တု [“ဆင်းတု၊” Kx– “သဏ္ဌာန်တူတစ်ခု၊” Dy] ကိုလုပ်လျက် ယာဝေးစိတ်တော်နှင့်မတွေ့ရာကိုပြုကာ အမျက်တော်ကိုနှိုးဆွလျှင် ထိုနေ့၌ ကောင်းကင်နှင့်မြေကြီးကို သက်သေအဖြစ် ငါခေါ်မည်။ . . . သင်သည် လုံးလုံးလျားလျား ဖျက်ဆီးခံရလိမ့်မည်။” (ဘုရားသခင့်အမြင် မပြောင်းလဲသေးချေ။ မာလခိ ၃:၅၊ ၆ ကိုရှု။)
၁ ကော. ၁၀:၁၄၊ ၂၀၊ JB– “ဤအကြောင်းကြောင့် ငါချစ်သောညီအစ်ကိုတို့၊ ရုပ်တုကိုးကွယ်မှုကို သင်တို့ရှင်းရှင်းရှောင်ရမည်။ . . . သူတို့ပူဇော်သောယဇ်ကို ဘုရားသခင်မဟုတ်သော နတ်ဆိုးများအား ပူဇော်ကြခြင်းဖြစ်သည်။ နတ်ဆိုးများနှင့် သင်တို့ကူးလူးဆက်ဆံသည်ကို ငါမမြင်လို။”
ဗျာ. ၂၁:၈၊ JB– “သူရဲဘောနည်းသူ၊ ကတိဖျက်သူ သို့မဟုတ် ညစ်ညမ်းမှုကိုးကွယ်သူ၊ လူသတ်သူနှင့် မတရားမေထုန်ပြုသူ၊ ဗေဒင်ဟောသူ၊ ရုပ်တုကိုးကွယ်သူ သို့မဟုတ် အခြားသောလိမ်လည်သူတို့အတွက် အမွေအနှစ်ကား မီးလောင်သောကန့်အိုင်၌ ဒုတိယအကြိမ်သေခြင်း [အောက်ခြေမှတ်ချက်– “ထာဝရသေခြင်း”] တည်း။”
ဆာ. ၁၁၅:၄-၈၊ JB– “လူ့အတတ်ဖြင့်ထွင်သော သူတို့၏ရွှေငွေဆင်းတုတို့သည် ပါးစပ်ရှိလျက်နှင့် ဘယ်တော့မျှစကားမပြော၊ မျက်စိရှိလျက်နှင့် ဘယ်တော့မျှမမြင်၊ နားရှိလျက်နှင့် ဘယ်တော့မျှမကြား၊ နှာခေါင်းရှိလျက်နှင့် ဘယ်တော့မျှအနံ့မရ၊ လက်ရှိလျက်နှင့် ဘယ်တော့မျှမကိုင်၊ ခြေရှိလျက်နှင့် ဘယ်တော့မျှလမ်းမလျှောက်၊ လည်ချောင်းမှလည်း အသံမထွက်ချေ။ သူတို့ကိုလုပ်သောအရှင်တို့သည် အဆုံး၌ သူတို့ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့ကိုအားကိုးသူများလည်း အလားတူပင်။”