အခန်းငါး
ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
၁၊ ၂။ (က) ခရစ်ယာန်တွေက သူတို့ထိတွေ့ဆက်ဆံနေရသူတွေနဲ့ပတ်သက်ပြီး ဘယ်အခက်အခဲတွေကို ရင်ဆိုင်ရသလဲ။ (ခ) ယေရမိရဲ့ မိတ်ဆွေရွေးချယ်ပုံကို ကျွန်တော်တို့ ဘာကြောင့်စိတ်ဝင်စားသင့်သလဲ။
အလုပ်ဖော်၊ အိမ်နီးချင်း ဒါမှမဟုတ် ကျောင်းနေဖက်တွေက သင့်ကို ခရစ္စမတ်ပါတီပွဲတက်ဖို့ ဖိတ်တယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။ သင့်အလုပ်ရှင်က လိမ်လည်ခိုင်းမယ် ဒါမှမဟုတ် ဥပဒေနဲ့ ငြိစွန်းတဲ့အရာတစ်ခုခု လုပ်ခိုင်းမယ်ဆိုရင်ကော။ အစိုးရအာဏာပိုင်တွေက နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ဖို့ သင့်ကို တောင်းဆိုလာမယ်ဆိုရင်ကော။ အဲဒါတွေကို မလုပ်တဲ့အတွက် လှောင်ပြောင်ခံရမယ်၊ ဆိုးဆိုးရွားရွားဆက်ဆံခံရမယ်ဆိုရင်တောင် အဲဒါတွေကို လုံးဝမလုပ်ဖို့ သင့်ရဲ့ကိုယ့်ကိုယ်ကိုယ်သိစိတ်က သင့်ကို လှုံ့ဆော်ပါလိမ့်မယ်။
၂ ယေရမိလည်း အဲဒီလိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့သိလာပါလိမ့်မယ်။ ယေရမိ အမှုဆောင်ခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ သူပြောဆိုဆက်ဆံခဲ့ရသူတချို့အကြောင်း သုံးသပ်ခြင်းကနေ သင် အကျိုးခံစားရမှာသေချာတယ်။ သူတို့ထဲက တချို့ဟာ ယေရမိ ဆက်အမှုမဆောင်ချင်တော့တဲ့အထိ စိတ်ဓာတ်ကျအောင် ကြိုးစားခဲ့ကြတယ်။ ယေရမိက သူတို့နဲ့ အနီးကပ်ပြောဆိုဆက်ဆံခဲ့ရပေမဲ့ သူတို့ကို မိတ်ဆွေတွေအဖြစ် လုံးဝမရွေးချယ်ခဲ့ဘူး။ မိတ်ဆွေတွေအဖြစ် ဘယ်သူတွေကို ယေရမိ ရွေးချယ်ခဲ့တယ်ဆိုတာ ဂရုတစိုက်လေ့လာခြင်းကနေ သင် အကျိုးခံစားရနိုင်ပါတယ်။ ယေရမိရွေးချယ်ခဲ့တဲ့ မိတ်ဆွေတွေက သူ့ကိုကူညီပေးခဲ့ကြတယ်၊ ဆက်သစ္စာရှိမယ်ဆိုတဲ့ သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်နိုင်ဖို့ အားပေးခဲ့ကြတယ်။ မိတ်ဆွေရွေးချယ်တာနဲ့ပတ်သက်တဲ့ ယေရမိရဲ့ဆုံးဖြတ်ချက်တွေကနေ ကျွန်တော်တို့ သင်ယူနိုင်ပါတယ်။
ဘယ်လိုလူတွေကို သင် မိတ်ဖွဲ့မလဲ
၃။ ဇေဒကိက ယေရမိဆီကနေ ဘာသတင်းမျိုး ကြားချင်သလဲ။ ယေရမိ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။
၃ ဂျေရုဆလင်မြို့ ဖျက်ဆီးမခံရခင် ဘုရင်ဇေဒကိက ယေရမိနဲ့ အကြိမ်ကြိမ်တိုင်ပင်ခဲ့တယ်။ ဘာကြောင့်လဲ။ သူ့နိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သတင်းကောင်းများ ကြားရမလားဆိုတဲ့ မျှော်လင့်ချက်ကြောင့်ဖြစ်တယ်။ ဘုရားသခင်က ယုဒနိုင်ငံကို ရန်သူတွေလက်ကနေ ကယ်တင်မယ်ဆိုပြီး ယေရမိကြေညာတာကို သူကြားချင်နေတယ်။ ဒါကြောင့် တမန်တွေကို စေလွှတ်ပြီး “ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ငါတို့ကိုစစ်တိုက်သည်ဖြစ်၍ သူ့ကို ငါတို့ထံမှပြန်သွားစေခြင်းငှာ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း ငါတို့၌တစ်ဖန်ပြုတော်မူမည်အကြောင်း ငါတို့အတွက် ထာဝရဘုရားကိုတောင်းပန်ပါလော့” လို့ ယေရမိဆီ အသနားခံခဲ့တယ်။ (ယေ. ၂၁:၂) ဒါပေမဲ့ ဘုရားသခင်က ဗာဗုလုန်တွေဆီ လက်နက်ချပါလို့ ညွှန်ကြားတဲ့အခါ သူ မလိုက်နာချင်ဘူး။ ဇေဒကိဟာ “သက်သာရာရဖို့ ဆရာဝန်ဆီ ခဏခဏသွားပေမဲ့ ညွှန်းတဲ့ဆေးကိုတော့ မသောက်ချင်တဲ့ လူနာနဲ့တူတယ်” ဆိုပြီး ပညာရှင်တစ်ယောက်က ပြောခဲ့တယ်။ ယေရမိကော ဘယ်လိုလဲ။ ဇေဒကိကြားချင်တဲ့စကားကိုသာ ယေရမိပြောမယ်ဆိုရင် ဘုရင့်မျက်နှာသာ ရရှိမှာဖြစ်တယ်။ ဒါဆိုရင် ယေရမိက သတင်းစကားကို ပြောင်းလဲပြီး သူ့ဘဝပိုအဆင်ပြေအောင် ဘာကြောင့်မလုပ်ခဲ့တာလဲ။ အကြောင်းကတော့ ယေဟောဝါက သူ့ကို ဂျေရုဆလင်မြို့ကျဆုံးမယ်ဆိုတဲ့သတင်းကို ဟောခိုင်းလို့ပါပဲ။—ယေရမိ ၃၂:၁-၅ ကိုဖတ်ပါ။
၄။ အလုပ်ခွင်လိုနေရာမျိုးမှာ မိတ်ဖွဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေဆုံးဖြတ်ရမလဲ။
၄ သင့်အခြေအနေက ယေရမိနဲ့ တစ်နည်းနည်းနဲ့ဆင်တူနိုင်တယ်။ သင်က အိမ်နီးချင်းတွေ၊ အလုပ်ဖော်တွေ၊ ကျောင်းနေဖက်တွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အတွက် သူတို့ဟာ သင့်ရဲ့အပေါင်းအသင်းတွေဖြစ်တယ်။ ဒါပေမဲ့ သူတို့မှာ ဘုရားသခင့်လမ်းညွှန်ချက်ကို ကြားချင်စိတ်၊ လိုက်နာချင်စိတ်မရှိတာကို သင် သိရက်နဲ့ တစ်ဆင့်တိုးပြီး သူတို့နဲ့ မိတ်ဖွဲ့မလား။ ယေရမိက ဇေဒကိကို လုံးဝရှောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဇေဒကိက ဘုရားသခင်အကြံပေးတာကို ငြင်းပယ်ပေမဲ့ ဘုရင်ဖြစ်နေဆဲပဲ။ ယေရမိသာ ဇေဒကိရဲ့ဆန္ဒအတိုင်းလုပ်မယ်ဆိုရင် လက်ဆောင်တွေ၊ အကျိုးခံစားခွင့်တွေအများကြီးရနိုင်တယ်။ ဒါပေမဲ့ ယေရမိက ဇေဒကိရဲ့လွဲမှားနေတဲ့အတွေးအခေါ်အတိုင်း မလုပ်ခဲ့ဘူး။ သူ့ကိုမျက်နှာလိုမျက်နှာရ မလုပ်ခဲ့ဘူး။ ဇေဒကိနဲ့ရင်းနှီးသွားစေတဲ့ ဖိအားတွေ၊ သွေးဆောင်မှုတွေကို ငြင်းပယ်ခဲ့တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ယေဟောဝါပြောခိုင်းတဲ့ သတင်းစကားကို ယေရမိ မပြောင်းလဲချင်လို့ပဲ။ ကျွန်တော်တို့လည်း ယေရမိရဲ့ပုံသက်သေအတိုင်း ကိုယ်ရွေးချယ်တဲ့မိတ်ဆွေတွေက ဘုရားသခင်အပေါ်သစ္စာရှိဖို့ အားပေးသလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်သင့်တယ်။ သင်က အလုပ်မှာ၊ ကျောင်းမှာ၊ ပတ်ဝန်းကျင်မှာ ဘုရားသခင်ကိုဝတ်မပြုသူတွေနဲ့ လုံးဝမပတ်သက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ (၁ ကော. ၅:၉၊ ၁၀) ဒါပေမဲ့ အဲဒီလိုလူတွေကို မိတ်ဆွေအဖြစ် ရွေးချယ်မယ်ဆိုရင် ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ပျက်စီးသွားနိုင်တယ်ဆိုတာ သင်သိပါတယ်။
မယုံကြည်သူတွေနဲ့ မိတ်ဖွဲ့မလား
၅၊ ၆။ လူတချို့က ယေရမိ နှုတ်ဆိတ်သွားအောင် ဘာလုပ်ခဲ့ကြသလဲ။
၅ ယေရမိအပေါ် မကောင်းတဲ့သြဇာလွှမ်းမိုးဖို့ ကြိုးစားသူက ဇေဒကိတစ်ယောက်တည်း မဟုတ်ဘူး။ ယဇ်ပုရောဟိတ်ပါရှုရကလည်း ယေရမိကို ‘ရိုက်နှက်’ ခဲ့တယ်၊ ၃၉ ချက်လောက် ရိုက်နှက်တာ ဖြစ်နိုင်တယ်။ (ယေ. ၂၀:၂; တရား. ၂၅:၃) ယုဒမင်းညီမင်းသားတချို့လည်း ယေရမိကိုရိုက်နှက်ပြီး “အိမ်အောက်မြေတွင်းလှောင်အိမ်” ထဲမှာချုပ်ထားကြတယ်။ ပရောဖက်ဟာ အခြေအနေဆိုးရွားလှတဲ့ မြေအောက်ခန်းထဲမှာ ရက်ပေါင်းများစွာ ချုပ်ထားခံရတဲ့အတွက် အဲဒီထဲမှာများ သေသွားမလားဆိုပြီး စိုးရိမ်ခဲ့မှာပဲ။ (ယေရမိ ၃၇:၃၊ ၁၅၊ ၁၆ ကိုဖတ်ပါ။) အဲဒီနောက် ယေရမိကို ခဏလွှတ်လိုက်တဲ့အချိန်မှာ တခြားယုဒမင်းညီမင်းသားတွေက သူ့ကိုသတ်ပစ်ဖို့ ဇေဒကိကို တိုက်တွန်းကြတယ်။ သူတို့ရဲ့အမြင်မှာ ယေရမိက ယုဒစစ်သားတွေကို စိတ်ဓာတ်ပျက်ပြားအောင်လုပ်တဲ့သူဖြစ်တယ်။ ဒါကြောင့် သေပါစေဆိုပြီး ရွှံ့နွံတွေရှိတဲ့ရေလှောင်ကန်ထဲ သူ့ကို ပစ်ချကြတယ်။ (ယေ. ၃၈:၁-၄) အဲဒီလိုအသေဆိုးနဲ့သေရမယ့်အဖြစ်ကနေ ယေရမိ ကယ်တင်ခံခဲ့ရတယ်ဆိုတာ သင် ဖတ်ခဲ့ပြီးဖြစ်တယ်။ သူတို့က သူတို့လုပ်ရပ်မှားမှန်းသိပေမဲ့ ယေရမိပြောတာကို မယုံကြည်ကြဘူးဆိုတာကို အဲဒီအဖြစ်အပျက်တွေက ဖော်ပြတယ်။ ယေရမိကို သူတို့ ဆန့်ကျင်ခဲ့ကြတယ်။
၆ ယေရမိရဲ့ရန်သူတွေက အခွင့်အာဏာရှိသူတွေလောက်ပဲ မဟုတ်ပါဘူး။ ယေရမိရဲ့ဇာတိမြို့ဖြစ်တဲ့အာနသုတ်မြို့က လူတချို့ဟာ ယေရမိဆက်ပြီးပရောဖက်ပြုနေရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကြတယ်။ အဲဒီထဲမှာ သူ့ရဲ့အိမ်နီးချင်းတွေတောင် ပါဝင်နိုင်တယ်။ (ယေ. ၁၁:၂၁) ယေရမိပြောတဲ့စကားကို သူတို့မကြိုက်တဲ့အတွက် အဲဒီလိုခြိမ်းခြောက်တာဖြစ်တယ်။ ဒါပေမဲ့ ယေရမိက သူ့အိမ်နီးချင်းတွေကို မိတ်ဆွေအဖြစ်မရွေးချယ်ဘဲ ယေဟောဝါကိုသာ ရွေးချယ်ခဲ့တယ်။ တချို့ကျတော့ စကားနဲ့ခြိမ်းခြောက်ရုံလောက်ပဲမဟုတ်ဘူး။ ယေရမိက ယုဒလူတွေဟာ ဗာဗုလုန်ဘုရင်ကို လက်အောက်ခံမှသာ အသက်ဆက်ရှင်နိုင်မယ်ဆိုတာကိုပြောဖို့ ထမ်းပိုးတစ်ချောင်းကို ထမ်းပြတဲ့အခါ ဟာနနိက အဲဒီထမ်းပိုးကိုယူပြီး ရိုက်ချိုးပစ်လိုက်တယ်။ ပရောဖက်အတုအယောင်ဖြစ်တဲ့ဟာနနိက “ဗာဗုလုန်ရှင်ဘုရင်၏ထမ်းပိုးကို ငါချိုးမည်” လို့ ယေဟောဝါပြောတယ်ဆိုပြီး ဟောတယ်။ အဲဒီနှစ်မှာပဲ ဟာနနိသေသွားတယ်။ ဘယ်ပရောဖက်ရဲ့စကားက မှန်တယ်ဆိုတာ သင် သိပါတယ်။ (ယေ. ၂၈:၁-၁၁၊ ၁၇) ယေရမိကြိုပြောတဲ့အတိုင်း ဂျေရုဆလင်မြို့ဖျက်ဆီးခံခဲ့ရတယ်။ အဲဒီနောက်မှာလည်း ယောဟနန်နဲ့ တခြားစစ်ခေါင်းဆောင်တွေက ယုဒပြည်မှာပဲနေပါဆိုတဲ့ ဘုရားသခင့်အမိန့်ကို နားမထောင်ခဲ့ကြဘူး။ ‘သင်သည် မုသာစကားကိုပြော၏။ “အီဂျစ်ပြည်သို့သွား၍ မတည်းခိုရ” ဟု ငါတို့၏ဘုရားသခင် . . . သည် သင့်အားဖြင့် မှာထားတော်မမူ’ ဆိုပြီး ယေရမိကို သူတို့ပြောကြတယ်။ သူတို့က ယေရမိနဲ့ဗာရုတ်ကို သူတို့နဲ့အတူ အီဂျစ်ပြည်ကို ခေါ်သွားခြင်းအားဖြင့် ယေဟောဝါကို ဆက်ပြီးဆန့်ကျင်ခဲ့ကြတယ်။—ယေ. ၄၂:၁–၄၃:၇။
ယေရမိက ဘယ်လိုလူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ရသလဲ။ ယေရမိရဲ့ပုံသက်သေကနေ သင် ဘာသင်ယူနိုင်သလဲ။
၇။ ယေဟောဝါအပေါ် သစ္စာစောင့်သိခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေကို သင်ရင်ဆိုင်နေရသလဲ။
၇ ယေရမိရဲ့အခြေအနေကို စဉ်းစားကြည့်ပါဦး။ ယေရမိက မယုံကြည်သူတွေ၊ ဆန့်ကျင်သူတွေကြားမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတယ်။ သူက ဘုရားသခင်နဲ့ကိုယ်တော့်စကားကို မလေးစားတဲ့သူတွေနဲ့ အလွယ်တကူမိတ်ဖွဲ့မိနိုင်တယ်။ သူ့ဝန်းကျင်မှာ အဲဒီလိုလူတွေပဲရှိနေတယ်။ သင့်အခြေအနေကော ဘယ်လိုလဲ။ သင်လည်း ယေရမိဝန်းကျင်မှာရှိတဲ့လူစားမျိုးတွေနဲ့ ထိတွေ့ဆက်ဆံရနိုင်တယ်။ သူတို့က သင်နဲ့ သင့်ဘုရားသခင်ကို ဆန့်ကျင်သည်ဖြစ်စေ၊ အတော်အတန်သဘောကောင်းပုံရသည်ဖြစ်စေ သူတို့ကို မိတ်ဆွေအဖြစ် သင် ရွေးချယ်မလား။ ဘုရားသခင့်ပရောဖက်ပြုချက်တွေကို အလေးအနက်မထားသူတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းတာက ပညာရှိရာကျပါ့မလား။ ယေရမိသာ သင့်နေရာမှာရှိမယ်ဆိုရင် ကျမ်းစာအမှန်တရားကို ငြင်းပယ်တဲ့သူတွေ ဒါမှမဟုတ် လူတွေကို ယုံကြည်ကိုးစားတဲ့သူတွေကို မိတ်ဆွေအဖြစ်ရွေးချယ်ပါ့မလား။ (၆ ရာ. ၁၉:၂) ဘုရားသခင်ကို ယုံကြည်ကိုးစားမယ့်အစား လူတွေကိုယုံကြည်ကိုးစားရင် ဘာဖြစ်မယ်ဆိုတာကို ယေရမိသိအောင် ဘုရားသခင် ပြောပြခဲ့တယ်။ (ယေရမိ ၁၇:၅၊ ၆ ကိုဖတ်ပါ။) ဒါနဲ့ပတ်သက်လို့ သင် ဘယ်လိုခံစားရသလဲ။
၈။ သင့်ဒေသမှာရှိတဲ့ခရစ်ယာန်တွေ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကို ဖော်ပြပါ။
၈ ခရစ်ယာန်တချို့က သူတို့ရဲ့လုပ်ငန်းအဆင်ပြေဖို့ လောကဖောက်သည်တွေနဲ့ အချိန်ပေးပေါင်းသင်းရမယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ခရစ်ယာန်တွေကို အကျင့်ပျက်တဲ့အပေါင်းအသင်းတွေနဲ့ ထိတွေ့စေနိုင်ပြီး ညစ်ညမ်းတဲ့စကားပြောခြင်း၊ သောက်ကြူးခြင်းလိုမျိုး အန္တရာယ်တွေထဲ ကျရောက်စေနိုင်တယ်မဟုတ်လား။ ဒါကြောင့် အဲဒီလိုအခြေအနေမျိုးကြုံနေရတဲ့ ခရစ်ယာန်အတော်များများက လောကအမြင်အရ အကျိုးအမြတ်တွေ၊ တိုးတက်နိုင်တဲ့အခွင့်အလမ်းတွေကို လက်လွှတ်ရမယ်ဆိုရင်တောင် မကောင်းတဲ့အပေါင်းအသင်းကို ရှောင်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့ကြတယ်ဆိုတာ သင်နားလည်နိုင်ပါတယ်။ အလုပ်ရှင် ဒါမှမဟုတ် အလုပ်ဖော်တွေက ဖောက်သည်တွေကို မရိုးမသားဆက်ဆံဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ ခရစ်ယာန်စစ်တွေကတော့ ပတ်ဝန်းကျင်ကလူတွေရဲ့ ဩဇာလွှမ်းမိုးမှုကို မခံကြဘူး။ ဒီလိုကိစ္စတွေကို ဆုံးဖြတ်ချက်ချဖို့ဆိုတာ အမြဲမလွယ်ကူဘူး။ ယေရမိလို ကိုယ့်ကိုယ်ကိုယ်သိစိတ် ကြည်လင်စေမယ့်လမ်းစဉ်၊ ပိုအရေးကြီးတာက ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းရှိစေမယ့်လမ်းစဉ်ကို လိုက်လျှောက်ခဲ့သူတွေရဲ့ပုံနမူနာအတွက် ကျွန်တော်တို့ ကျေးဇူးတင်ကြပါတယ်။
၉။ ရေပန်းစားနေတဲ့လမ်းစဉ်ကိုလိုက်ရင် ဘာအန္တရာယ်ကြုံရနိုင်သလဲ။
၉ ယေရမိရဲ့ခံယူချက်ကြောင့် ယုဒလူတွေက သူ့ကို လှောင်ပြောင်ခဲ့ကြတယ်။ (ယေ. ၁၈:၁၈) ဒါတောင် ယေရမိက “ရေပန်းစားနေတဲ့လမ်းစဉ်” ကို လိုက်နေတဲ့ သူ့ခေတ်ကလူတွေနဲ့ ကွဲပြားခြားနားဖို့ အသင့်ရှိခဲ့တယ်။ (ယေ. ၈:၅၊ ၆၊ ကဘ) ယေရမိဟာ တစ်ခါတလေ “တစ်ယောက်တည်းထိုင်” နေချင်တဲ့အခါတောင်ရှိခဲ့တယ်။ မကောင်းတဲ့သူတွေ၊ မကောင်းတဲ့သြဇာလွှမ်းမိုးနိုင်တဲ့သူတွေနဲ့ မိတ်ဖွဲ့ပေါင်းသင်းမယ့်အစား တစ်ယောက်တည်းနေရတာကို သူ ပိုနှစ်သက်တယ်။ (ယေရမိ ၉:၄၊ ၅; ၁၅:၁၇ ကိုဖတ်ပါ။) သင်ကော ဘယ်လိုလဲ။ ယေရမိခေတ်မှာလိုပဲ ဒီနေ့ခေတ်မှာလည်း ဘုရားသခင်အပေါ် သစ္စာမရှိတဲ့လမ်းစဉ်က ရေပန်းစားနေတယ်။ ယေဟောဝါရဲ့ကျေးကျွန်တွေဟာ မိတ်ဆွေရွေးချယ်တဲ့အခါ သတိထားဖို့ လိုတယ်။ အဲဒီလိုပြောတဲ့အတွက် ယေရမိမှာ မိတ်ဆွေမရှိဘူးလို့ မဆိုလိုပါဘူး။ သူ့မိတ်ဆွေတချို့က သူ့ကို ကာကွယ်ပြီး ထောက်မပေးခဲ့ကြတယ်။ သူတို့က ဘယ်သူတွေလဲ။ သူတို့အကြောင်း သိထားတာက သင့်ကို အထောက်အကူပြုနိုင်ပါတယ်။
ဘယ်လိုမိတ်ဆွေကို ယေရမိ ရွေးချယ်ခဲ့သလဲ
၁၀၊ ၁၁။ (က) မိတ်ဆွေကောင်းတွေရွေးချယ်နိုင်ဖို့ ယေရမိကို ဘာက ကူညီပေးခဲ့သလဲ။ (ခ) ယေရမိရဲ့မိတ်ဆွေတွေက ဘယ်သူတွေလဲ။ သူတို့နဲ့ပတ်သက်ပြီး ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။
၁၀ ယေရမိက ဘယ်သူတွေနဲ့ မိတ်ဆွေဖွဲ့ခဲ့သလဲ။ ယေရမိက ဆိုးညစ်သူ၊ လိမ်ညာသူ၊ မမျှတသူ၊ အကြမ်းဖက်သူ၊ ဂရုမစိုက်သူနဲ့ အကျင့်ပျက်သူတွေကို ယေဟောဝါလမ်းညွှန်တဲ့အတိုင်း ထပ်ခါထပ်ခါပြစ်တင်ရှုတ်ချခဲ့တယ်။ သူတို့က စင်ကြယ်တဲ့ဝတ်ပြုရေးကိုစွန့်ပြီး ရုပ်တုကိုးကွယ်ကြတယ်။ အဲဒါက ဝတ်ပြုရေးမှာပြည့်တန်ဆာလုပ်တာနဲ့တူတယ်။ ယေရမိက သူတို့ကို “ဆိုးသောလမ်းမှ အသီးအသီးပြန်လာကြလော့။ သင်တို့လိုက်သောလမ်းနှင့် သင်တို့ကျင့်သောအကျင့်ကို ဖြောင့်စေကြလော့” ဆိုပြီး တိုက်တွန်းခဲ့တယ်။ (ယေ. ၁၈:၁၁) ဂျေရုဆလင်မြို့ ဖျက်ဆီးခံရပြီးနောက်မှာတောင် ယေရမိက ဘုရားသခင်ရဲ့ ‘သနားကြင်နာခြင်း၊’ “ကရုဏာ” နဲ့ “သစ္စာ” တွေကို ချီးမွမ်းခဲ့တယ်။ (မြည်. ၃:၂၂-၂၄) ဒီအချက်က ယေရမိဟာ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေနဲ့သာ မိတ်ဆွေဖွဲ့ချင်တယ်ဆိုတာကို ဖော်ပြတယ်။—ယေရမိ ၁၇:၇ ကိုဖတ်ပါ။
၁၁ ယေရမိရဲ့မိတ်ဆွေတချို့အကြောင်းကို ကျွန်တော်တို့ သိပါတယ်။ ဧဗဒမေလက်၊ ဗာရုတ်၊ စရာယနဲ့ ရှာဖန်ရဲ့သားတွေဟာ ယေရမိရဲ့မိတ်ဆွေတွေဖြစ်တယ်။ ‘ဒီလူတွေက ဘယ်လိုလူစားမျိုးတွေလဲ။ သူတို့က ယေရမိနဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိခဲ့သလဲ။ သူတို့ဟာ ဘယ်လိုနည်းနဲ့ ယေရမိရဲ့မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ကြသလဲ။ ယေရမိ ဆက်ပြီးသမာဓိစောင့်ထိန်းနိုင်ဖို့ သူတို့ ဘယ်လိုကူညီခဲ့ကြသလဲ’ လို့ သင် မေးပါလိမ့်မယ်။ ဒီအကြောင်းတွေကို ကျွန်တော်တို့ရဲ့အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်း လေ့လာကြည့်ကြစို့။
၁၂။ (က) စာမျက်နှာ ၅၈ က ရုပ်ပုံမှာပါတဲ့ ယေရမိနဲ့ဗာရုတ်မှာ ဘာတူညီချက်တွေ ရှိသလဲ။ (ခ) စရာယက ဘယ်သူလဲ။ သူ့အကြောင်း ကျွန်တော်တို့ ဘာသိရသလဲ။
၁၂ ယေရမိရဲ့အရင်းနှီးဆုံးမိတ်ဆွေက နေရိရဲ့သား ဗာရုတ်ဖြစ်နိုင်တယ်။ ယေရမိဟာ သူနှုတ်တိုက်ချပေးတဲ့ ယေဟောဝါရဲ့ကြေညာချက်တွေကို လိုက်ရေးဖို့၊ အဲဒီစာလိပ်ကို လူတွေရှေ့၊ ပြီးတော့ ယုဒမင်းညီမင်းသားတွေရှေ့ သွားဖတ်ပြဖို့ ဗာရုတ်ကို ယုံကြည်စိတ်ချစွာတာဝန်ပေးခဲ့တယ်။ (ယေ. ၃၆:၄-၈၊ ၁၄၊ ၁၅) ဘုရားသခင့်ကြိုဟောချက်တွေ ပြည့်စုံလာမယ်ဆိုတာကို ယေရမိယုံကြည်စိတ်ချသလို ဗာရုတ်လည်း ယုံကြည်စိတ်ချခဲ့တယ်။ ယုဒပြည်ရဲ့ကသောင်းကနင်းနိုင်လှတဲ့ နောက်ဆုံး ၁၈ နှစ်အတွင်းဖြစ်ပျက်ခဲ့တာတွေကို သူတို့နှစ်ယောက် အတူကြုံတွေ့ခဲ့ရတယ်။ ဘုရားပေးတာဝန်ကို သူတို့ အချိန်အတော်ကြာ အတူထမ်းဆောင်ခဲ့ကြတယ်။ သူတို့နှစ်ယောက်စလုံးဟာ အခက်အခဲတွေကို ကြုံခဲ့ရပြီး ရန်သူတွေ မတွေ့အောင်ပုန်းရှောင်ခဲ့ရတယ်။ ဒါ့အပြင် ယေဟောဝါရဲ့အားပေးမှုကိုလည်း သူတို့နှစ်ယောက်စလုံး ရရှိခဲ့ကြတယ်။ ဗာရုတ်ဟာ ယုဒပြည်က ကျမ်းကူးတဲ့ အထင်ကရမိသားစုဝင်တစ်ယောက် ဖြစ်ပုံရတယ်။ ကျမ်းစာမှာ သူ့ကို “စာရေး [“အတွင်းရေးမှူး၊” ကဘ]” လို့ ခေါ်ထားပြီး သူနဲ့ညီအစ်ကိုတော်တဲ့ စရာယက အရေးပါတဲ့မင်းမှုထမ်းတစ်ယောက်ဖြစ်တယ်။ နောက်ပိုင်းမှာ စရာယလည်း ဗာရုတ်လိုပဲ ယေဟောဝါရဲ့ပရောဖက်ပြုချက်ကို ကြေညာတဲ့လုပ်ငန်းမှာ ယေရမိနဲ့အတူ လုပ်ဆောင်ခဲ့တယ်။ (ယေ. ၃၆:၃၂; ၅၁:၅၉-၆၄) ဒီလိုခက်ခဲတဲ့အချိန်တစ်လျှောက်မှာ နေရိရဲ့သားနှစ်ယောက်ဟာ ယေရမိနဲ့အတူအလုပ်လုပ်ဖို့ တလိုတလားရှိခဲ့တဲ့အတွက် ယေရမိ အားရှိခဲ့မှာ သေချာတယ်။ သင်လည်း သင်နဲ့အတူတွဲပြီး ဘုရားသခင့်အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်နေသူတွေဆီကနေ ခွန်အားရရှိနိုင်တယ်။
ယေရမိရဲ့ မိတ်ဆွေရွေးချယ်ပုံကနေ သင် ဘာတွေသင်ယူနိုင်သလဲ။
၁၃။ စာမျက်နှာ ၆၃ ကရုပ်ပုံမှာဖော်ပြထားသလို ဧဗဒမေလက်က ယေရမိရဲ့မိတ်ဆွေကောင်းဖြစ်တယ်ဆိုတာ ဘယ်လိုဖော်ပြခဲ့သလဲ။
၁၃ ယေရမိရဲ့မိတ်ဆွေကောင်း နောက်တစ်ယောက်ကတော့ ဧဗဒမေလက်ဖြစ်တယ်။ ဒေါသထွက်နေတဲ့ မင်းညီမင်းသားတွေက ယေရမိကို သေပါစေဆိုပြီး ရေမရှိတဲ့ရေလှောင်ကန်ထဲ ပစ်ချတဲ့အခါ သူ့ကို ရဲရဲဝံ့ဝံ့ကာကွယ်ခဲ့သူက တိုင်းတစ်ပါးသားတစ်ဦးဖြစ်တဲ့ အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်ပါပဲ။ သူက နန်းတွင်းအရာရှိတစ်ယောက်ဖြစ်တယ်။ သူက ဗင်ယာမိန်ဂိတ်တံခါးမှာထိုင်နေတဲ့ ဇေဒကိဆီ လူရှေ့သူရှေ့မှာပဲ ချဉ်းကပ်ပြီး ရွှံ့နွံတွေရှိတဲ့ရေလှောင်ကန်ထဲကနေ ယေရမိကိုကယ်ထုတ်ခွင့်ပေးဖို့ သတ္တိရှိရှိတောင်းဆိုခဲ့တယ်။ ပြီးတော့ အဲဒီကိစ္စကို အကောင်အထည်ဖော်ဖို့ လူ ၃၀ ကို သူနဲ့အတူခေါ်သွားတယ်။ ဒါကြောင့် ယေရမိရဲ့ရန်သူတွေ အနှောင့်အယှက်ပေးလာနိုင်တယ်ဆိုတာကို ဧဗဒမေလက် မျှော်လင့်ထားပုံရတယ်။ (ယေ. ၃၈:၇-၁၃) ဧဗဒမေလက်က ယေရမိနဲ့ ဘယ်လောက်ရင်းနှီးခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ မသိရဘူး။ သူတို့နှစ်ယောက်စလုံးဟာ ယေဟောဝါနဲ့မိတ်ဆွေဖွဲ့ခဲ့တာကိုထောက်ရင် သူတို့အချင်းချင်းလည်း မိတ်ဆွေကောင်းတွေဖြစ်မယ်လို့ ယူဆနိုင်ပါတယ်။ ယေရမိဟာ ယေဟောဝါရဲ့ပရောဖက်ဖြစ်တယ်ဆိုတာကို ဧဗဒမေလက် သိထားတယ်။ သူက မင်းညီမင်းသားတွေရဲ့လုပ်ရပ်ဟာ ‘မှားတယ်’ လို့ပြောပြီး မှန်တာကိုလုပ်ဖို့အတွက် သူ့ရာထူးကိုစွန့်ဖို့တောင် အသင့်ရှိခဲ့တယ်။ ဧဗဒမေလက်က လူကောင်းတစ်ယောက်ဖြစ်တယ်။ “[ဂျေရုဆလင်မြို့ ဘေးဆိုးကြုံရချိန်မှာ] သင့်ကို ငါကယ်နုတ်မည်။ . . . အကြောင်းမူကား သင်သည် ငါ့ကိုကိုးစားသောကြောင့်တည်း” ဆိုပြီး ယေဟောဝါကိုယ်တိုင်ပြောခဲ့တာကိုကြည့်ရင် သူဟာ လူကောင်းတစ်ယောက်ဖြစ်မှန်း သိနိုင်တယ်။ (ယေရမိ ၃၉:၁၅-၁၈ ကိုဖတ်ပါ။) တကယ့်ကိုကောင်းတဲ့ ထောက်ခံချက်ပါပဲ။ သင်လည်း အဲဒီလိုလူမျိုးနဲ့ပဲ မိတ်ဆွေဖွဲ့ချင်တယ်မဟုတ်လား။
၁၄။ ရှာဖန်ရဲ့မိသားစုအကြောင်း၊ ယေရမိနဲ့သူတို့ရဲ့ ပတ်သက်မှုအကြောင်း ကျွန်တော်တို့ ဘာသိရသလဲ။
၁၄ ယေရမိရဲ့မိတ်ဆွေတွေထဲမှာ ရှာဖန်ရဲ့သားသုံးယောက်နဲ့ မြေးတစ်ယောက်လည်းပါတယ်။ သူတို့ဟာ ဆွေကြီးမျိုးကြီးထဲကဖြစ်ပြီး ရှာဖန်က ဘုရင်ယောရှိရဲ့အတွင်းဝန်အဖြစ် အမှုထမ်းခဲ့သူဖြစ်တယ်။ ရန်သူတွေက ယေရမိကိုသတ်ဖို့ ပထမအကြိမ်ကြိုးစားချိန်မှာ “ရှာဖန်သား အဟိကံသည် ယေရမိကိုမစသောကြောင့် အသေခံစေခြင်းငှာ လူများတို့လက်သို့မအပ်” ခဲ့ဘူး။ (ယေ. ၂၆:၂၄) အဟိကံဆီမှာ ဂေမရိဆိုတဲ့ ညီတစ်ယောက်ရှိတယ်။ လူတွေကို ဘုရားသခင့်တရားစီရင်ချက်အကြောင်း ဗာရုတ်ဖတ်ပြတာကို ဂေမရိရဲ့သား မိက္ခာယ ကြားတဲ့အခါ သူ့အဖေနဲ့ တခြားမင်းညီမင်းသားတွေကို သွားပြောပြတယ်။ သူတို့က ယောယကိမ် ဘယ်လိုတုံ့ပြန်မယ်ဆိုတာ သိတဲ့အတွက် ယေရမိနဲ့ဗာရုတ်ကို ပုန်းနေဖို့ အကြံပေးခဲ့တယ်။ ဘုရင်က ဘုရားသခင့်သတင်းစကားကို ငြင်းပယ်တဲ့အခါ စာလိပ်ကို မီးမရှို့ဖို့ ဘုရင်ကို တောင်းပန်တဲ့သူတွေထဲမှာ ဂေမရိလည်းပါတယ်။ (ယေ. ၃၆:၉-၂၅) ယေရမိက ဗာဗုလုန်မှာရှိတဲ့ ပြည်နှင်ခံဂျူးတွေဆီ ရေးတဲ့စာကို ရှာဖန်ရဲ့သား နောက်တစ်ယောက်ဖြစ်တဲ့ ဧလာသာကို ပေးခဲ့တယ်။ (ယေ. ၂၉:၁-၃) အခု၊ ဘုရားသခင့်ပရောဖက်ကိုထောက်မခဲ့တဲ့ ရှာဖန်ရဲ့သားသုံးယောက်နဲ့ မြေးတစ်ယောက်အကြောင်းကို သင် သိခဲ့ရပြီ။ သူတို့ကို ယေရမိ ဘယ်လောက်တန်ဖိုးထားခဲ့မယ်ဆိုတာ စဉ်းစားကြည့်ပါ။ သူတို့ဟာ အစားအသောက်၊ ဝါသနာနဲ့ အပန်းဖြေမှုမှာ အကြိုက်ချင်းတူလို့ မိတ်ဆွေဖြစ်လာတာမဟုတ်ဘူး။ သူတို့မိတ်ဆွေဖြစ်ရတဲ့အကြောင်းရင်းက ဒီထက်ပိုလေးနက်ပါတယ်။
သင့်မိတ်ဆွေတွေကို ပညာရှိရှိရွေးချယ်ပါ
၁၅။ မိတ်ဆွေရွေးချယ်ရာမှာ ယေရမိ ဘယ်လိုပုံသက်သေကောင်း ချမှတ်ခဲ့သလဲ။
၁၅ ယေရမိဟာ သူ့ခေတ်မှာရှိတဲ့ ကောင်းတဲ့သူ၊ မကောင်းတဲ့သူတွေနဲ့ ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတဲ့အချက်ကနေ သင်လည်း သင်ခန်းစာယူနိုင်တယ်။ ဘုရင်၊ မင်းညီမင်းသားတွေ၊ ပရောဖက်အတုယောင်တွေနဲ့ စစ်ခေါင်းဆောင်တွေက သူဟောမယ့်သတင်းစကားကိုပြောင်းလဲဖို့ ဖိအားပေးခဲ့ကြတယ်။ ဒါပေမဲ့ ယေရမိ အလျှော့မပေးခဲ့ဘူး။ ယေရမိက စစ်မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်တဲ့အတွက် သူ့ကို အဲဒီလူတွေမုန်းကြတယ်။ ယေရမိကလည်း အဲဒီလူတွေနဲ့ မိတ်ဆွေမဖွဲ့ချင်ဘူး။ ယေဟောဝါက အမြဲပဲ သူ့ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်ခဲ့တယ်။ ဘုရားသခင်အပေါ် သစ္စာစောင့်သိတဲ့အတွက် လူတချို့ရဲ့ရန်လိုမှုကိုခံရမယ်ဆိုရင်တောင် အဲဒီလိုခံဖို့ ယေရမိ အသင့်ရှိခဲ့တယ်။ (မြည်တမ်းစကား ၃:၅၂-၅၉ ကိုဖတ်ပါ။) ဒါပေမဲ့ ယေဟောဝါရဲ့အမှုဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ယေရမိဟာ တစ်ယောက်တည်း ဖြစ်မနေခဲ့ဘူးဆိုတာ ကျွန်တော်တို့သိခဲ့ရပြီ။
၁၆၊ ၁၇။ (က) ယေဟောဝါရဲ့ကျေးကျွန်တစ်ဦးဟာ မိတ်ဆွေကောင်းတစ်ဦးဆီကနေ ဘာအကူအညီရနိုင်သလဲ။ (ခ) ဘယ်နိုင်ငံမှာပဲနေထိုင်ပါစေ အကောင်းဆုံးမိတ်ဆွေတွေကို သင် ဘယ်မှာရှာတွေ့နိုင်မလဲ။
၁၆ ဧဗဒမေလက်က ယေဟောဝါကို ယုံကြည်ကိုးစားတဲ့အတွက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခဲ့တယ်။ သူဟာ ယေရမိအသက်ကိုကယ်ဖို့ ပြတ်ပြတ်သားသားလုပ်ဆောင်ရဲတဲ့သတ္တိရှိခဲ့တယ်။ ဗာရုတ်လည်း ယေရမိနဲ့အတူ အချိန်အကြာကြီး အလုပ်လုပ်ဖို့၊ ယေဟောဝါရဲ့သတင်းစကားကို ကြေညာရာမှာ သူ့ကိုကူညီပေးဖို့ လိုလိုလားလားရှိခဲ့တယ်။ ဒီနေ့ ခရစ်ယာန်အသင်းတော်မှာရှိတဲ့ မိတ်ဆွေကောင်းတွေလည်း သူတို့လိုပဲ တန်ဖိုးရှိလှပါတယ်။ ကမ်မရွန်လို့ခေါ်တဲ့ အသက် ၂၀ အရွယ် မှန်မှန်ရှေ့ဆောင်ညီအစ်မက ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့ ခါရာရဲ့ ပုံသက်သေကောင်းကို တန်ဖိုးထားခဲ့တယ်။ “ဘဝမှာ ယေဟောဝါကို ပထမနေရာမှာ ဆက်ထားဖို့ ခါရာက ကျွန်မကို အပြောနဲ့ရော ပုံသက်သေနဲ့ပါ အားပေးခဲ့တယ်” လို့ သူပြောခဲ့တယ်။ သူတို့နှစ်ယောက်က တစ်နယ်တစ်ကျေးစီမှာ နေထိုင်ကြပေမဲ့ ခါရာက ကမ်မရွန်ရဲ့အခြေအနေသိနိုင်ဖို့၊ အပြန်အလှန်အားပေးနိုင်ဖို့ ကင်မရွန်ဆီ မှန်မှန် ဖုန်းဆက်ပြီး စာရေးလေ့ရှိတယ်။ “ခါရာက ကျွန်မရဲ့မိသားစုအခြေအနေကို ကောင်းကောင်းသိတယ်။ ကျွန်မရဲ့အစ်မ ဘာဖြစ်သွားတယ်၊ သူ ခြေစုံကန်ပြီး အမှန်တရားကို စွန့်သွားချိန်မှာ ကျွန်မ ဘယ်လောက်စိတ်ထိခိုက်ရတယ်ဆိုတာ သူသိတယ်။ အဲဒီအချိန်တစ်လျှောက်လုံး ကျွန်မကိုကူညီဖို့ သူ အမြဲအသင့်ရှိခဲ့တယ်။ သူ့ရဲ့အားပေးကူညီမှုနဲ့ ပုံသက်သေကောင်းသာမရှိခဲ့ရင် ကျွန်မ ဘာလုပ်မိမယ်ဆိုတာ မပြောနိုင်ဘူး။ ကျွန်မအတွက်တော့ ခါရာဟာ သိပ်ကောင်းတဲ့ရဲဘော်ရဲဘက်တစ်ယောက်ပါပဲ” လို့ ကမ်မရွန်ပြောတယ်။
၁၇ သင်လည်း ခရစ်ယာန်အသင်းတော်မှာ မိတ်ဆွေကောင်းတွေကို ရှာတွေ့နိုင်ပါတယ်။ သူတို့က သင်နဲ့ သက်တူရွယ်တူဖြစ်နိုင်သလို အသက်အရွယ်မတူသူတွေလည်း ဖြစ်နိုင်တယ်။ သင့်ညီအစ်ကိုညီအစ်မတွေက သင်နဲ့ ယုံကြည်ချက်ချင်း၊ စံနှုန်းချင်း၊ မျှော်လင့်ချက်ချင်းတူကြတယ်။ သင့်လိုပဲ ယေဟောဝါကိုချစ်ကြတယ်။ သင်ကြုံရတဲ့ စမ်းသပ်မှုမျိုး သူတို့လည်း ကြုံရနိုင်တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ သူတို့နဲ့အတူ သင် လုပ်ဆောင်နိုင်တယ်။ သင်အခက်အခဲကြုံရချိန်မှာ သင့်ကို သူတို့အားပေးနိုင်သလို သင်လည်း သူတို့ကို အားပေးနိုင်တယ်။ ယေဟောဝါရဲ့လုပ်ငန်းမှာ အောင်မြင်မှုတွေရတဲ့အခါ သင်နဲ့အတူ သူတို့ဝမ်းမြောက်ကြတယ်။ အဲဒီလိုမိတ်ဆွေဖွဲ့မှုမျိုးက ထာဝစဉ် တည်မြဲနိုင်ပါတယ်။—သု. ၁၇:၁၇; ၁၈:၂၄; ၂၇:၉။
၁၈။ ယေရမိရဲ့ မိတ်ဆွေရွေးချယ်ပုံက သင့်ကို ဘာသင်ပေးသလဲ။
၁၈ ယေရမိရဲ့ မိတ်ဆွေရွေးချယ်ပုံကနေ ကျွန်တော်တို့ သင်ခန်းစာယူနိုင်တယ်။ ကျမ်းစာသွန်သင်ချက်နဲ့မကိုက်ညီတဲ့ ယုံကြည်ချက်မျိုးရှိသူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး တစ်ချိန်တည်းမှာ သင့်ယုံကြည်ချက်တွေကို ဆက်စွဲကိုင်ထားဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အမှန်တရားကိုတော့ မှတ်ထားပါ။ အဲဒီအမှန်တရားနဲ့အညီ လုပ်ဆောင်ဖို့ ယေရမိခေတ်မှာ အရေးကြီးသလို ဒီနေ့ခေတ်မှာလည်း အရေးကြီးပါတယ်။ ယေရမိဟာ တာဝန်ကို သစ္စာရှိရှိထမ်းဆောင်နိုင်ဖို့နဲ့ ယေဟောဝါရဲ့ ကောင်းချီးရဖို့အတွက် သူ့ခေတ်က လူအများစုရဲ့ပုံစံနဲ့ ကွဲပြားခြားနားဖို့ အသင့်ရှိခဲ့တယ်။ သင်လည်း အဲဒီလိုပဲ မဟုတ်လား။ ယေရမိက သူနဲ့ ယုံကြည်ချက်ချင်းတူတဲ့သူ၊ သူ့တာဝန်ကိုထမ်းဆောင်ရာမှာ သူ့ကိုထောက်မပေးတဲ့သူတွေကိုသာ မိတ်ဆွေအဖြစ် ရွေးချယ်ခဲ့တယ်။ ဒီနေ့ခေတ်မှာရှိတဲ့ သစ္စာရှိခရစ်ယာန်တိုင်းက မိတ်ဆွေတွေကို ပညာရှိရှိရွေးချယ်တဲ့အခါ ယေရမိဆီကနေ သင်ယူနိုင်ပါတယ်။—သု. ၁၃:၂၀; ၂၂:၁၇။
မိတ်ဆွေအဖြစ် ဘယ်သူတွေနဲ့ပေါင်းသင်းမယ်၊ ဘယ်သူတွေနဲ့ မပေါင်းသင်းဘူးဆိုပြီး ရွေးချယ်ရာမှာ ယေရမိကို ကျွန်တော်တို့ ဘယ်လိုအတုယူနိုင်သလဲ။