ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jr အခန်း ၆ စာ. ၆၇-၈၀
  • “ကျေးဇူးပြုပြီး ယေဟောဝါရဲ့စကားကို နာခံပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျေးဇူးပြုပြီး ယေဟောဝါရဲ့စကားကို နာခံပါ”
  • ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော်တို့ရဲ့နာခံမှုကို ရထိုက်သူ
  • ယေဟောဝါကိုနာခံခြင်းက အရေးကြီးတဲ့ကိစ္စဖြစ်တယ်
  • ယေဟောဝါရဲ့ခွင့်လွှတ်မှုက အကြွင်းမဲ့ဖြစ်ပေမဲ့ အကြောင်းမဲ့မဟုတ်
  • ယေဟောဝါဆီ ပြန်လှည့်လာခြင်းအားဖြင့် ကိုယ်တော့်ကို နာခံပါ
  • နာခံမှုက သင့်ကိုကာကွယ်ပေးနိုင်
  • ယေဟောဝါကို နာခံသူတွေက တစ်ကိုယ်တည်းမဖြစ်
  • “ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ‘ဒီစကားကို သူတို့ကို သင်ပြောရမယ်’
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “ခြေကုန်လက်ပန်းကျနေသူကို ငါ လန်းဆန်းစေမယ်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
jr အခန်း ၆ စာ. ၆၇-၈၀

အခန်းခြောက်

“ကျေးဇူးပြုပြီး ယေဟောဝါရဲ့စကားကို နာခံပါ”

၁၊ ၂။ “ရေပန်းစားနေတဲ့လမ်းစဉ်” ကို လိုက်တဲ့သူတွေမှာ ဘယ်လိုသဘောထား ရှိတတ်သလဲ။ သင်ကတော့ သူတို့နဲ့ ဘာကြောင့်ကွာခြားသင့်သလဲ။

နာခံမှုဆိုတာ ဒီနေ့ခေတ်မှာ ရေပန်းစားနေတဲ့လမ်းစဉ်မဟုတ်ဘူး။ လူအတော်များများက ဆုံးဖြတ်ချက်တွေချတဲ့အခါ ‘မှန်ရာကို လုပ်ပါ’ ဆိုတဲ့ လူသိများတဲ့လမ်းညွှန်ချက်ကိုတောင် မလိုက်နာကြတော့ဘူး။ အဲဒီအစား သူတို့မှာ ‘လုပ်ချင်တာလုပ်’ ဒါမှမဟုတ် ‘လစ်ရင်လစ်သလိုလုပ်’ ဆိုတဲ့ သဘောထားတွေကို တွေ့ရတယ်။ ဥပမာ၊ ယာဉ်မောင်းတွေက ယာဉ်စည်းကမ်းကို မလိုက်နာကြဘူး။ ရင်းနှီးမြှုပ်နှံသူတွေက ငွေကြေးဥပဒေတွေကို ချိုးဖောက်ကြတယ်။ အရာရှိကြီးတွေက သူတို့ကိုယ်တိုင်ရေးဆွဲတဲ့ဥပဒေတွေကို ချိုးဖောက်ကြတယ်။ ယေရမိခေတ်မှာလည်း “ရေပန်းစားနေတဲ့လမ်းစဉ်” က မှားယွင်းနေပြီး အန္တရာယ်ရှိနေရင်တောင် အဲဒီလမ်းစဉ်အတိုင်း လူတွေဆက်သွားကြတယ်။–ယေ. ၈:၆။

၂ တန်ခိုးအကြီးဆုံးအရှင်ရဲ့ မျက်နှာသာရချင်သူတွေကတော့ “ရေပန်းစားနေတဲ့လမ်းစဉ်” ကို မလိုက်ရဘူးဆိုတာ သင်နားလည်ပါတယ်။ “ထာဝရဘုရား၏စကားတော်ကို နားမထောင်” သူတွေနဲ့ ကိုယ်တော့်စကားနာခံချင်သူတွေရဲ့ ကွာခြားချက်ကို ယေရမိ ရှင်းရှင်းလင်းလင်းဖော်ပြခဲ့တယ်။ (ယေ. ၃:၂၅; ၇:၂၈; ၂၆:၁၃; ၃၈:၂၀; ၄၃:၄၊ ၇) ‘ဒီကိစ္စမှာ ငါ့ရပ်တည်ချက်က ဘယ်လိုလဲ’ ဆိုပြီး ကျွန်တော်တို့ယောက်တိုင်း ဆန်းစစ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်မှန်တဲ့ဝတ်ပြုသူတွေရဲ့သမာဓိကို စာတန် အကြီးအကျယ်တိုက်ခိုက်နေလို့ပဲ။ သူက သားကောင်ကို တိတ်တိတ်လေးချောင်းပြီး ရုတ်တရက် ပေါက်သတ်တဲ့မြွေတစ်ကောင်နဲ့ တူတယ်။ ယေဟောဝါရဲ့စကားကို နာခံမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဖြတ်ချက်က အဲဒီမြွေရဲ့ရန်စွယ်တွေကနေ ကင်းဝေးစေတယ်။ ဒါကြောင့် ယေဟောဝါကို နာခံမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ဘယ်လိုခိုင်မာစေနိုင်မလဲ။ ယေရမိရဲ့ရေးသားချက်တွေက ကျွန်တော်တို့ကို ထောက်ကူပေးနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့နာခံမှုကို ရထိုက်သူ

၃။ ယေဟောဝါက ကျွန်တော်တို့ရဲ့နာခံမှုကို ဘာကြောင့်ရထိုက်သလဲ။

၃ ယေဟောဝါက ကျွန်တော်တို့ရဲ့ တစ်သွေမတိမ်းနာခံမှုကို ဘာကြောင့်ရထိုက်သလဲ။ ဘုရားသခင်က ‘တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတဲ့အရှင်၊ ပညာတော်အားဖြင့် လောကဓာတ်ကိုတည်တဲ့အရှင်၊ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကိုကြက်တဲ့အရှင်’ ဖြစ်တယ်လို့ပြောခဲ့တဲ့ ယေရမိရဲ့စကားမှာ အကြောင်းရင်းတစ်ခုကို တွေ့နိုင်တယ်။ (ယေ. ၁၀:၁၂) ယေဟောဝါက စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်တယ်။ ဒါကြောင့် တခြားအုပ်စိုးရှင်အားလုံးထက် ကိုယ်တော့်ကို ပိုကြောက်ရွံ့သင့်ပါတယ်။ ယေဟောဝါက သူ့ရဲ့ပညာရှိမိန့်မှာချက်တွေကို လိုက်နာဖို့ ကျွန်တော်တို့ကို တောင်းဆိုပိုင်ခွင့် အပြည့်အဝရှိတယ်။ အဲဒီမိန့်မှာချက်တွေက ကျွန်တော်တို့ရဲ့ ထာဝရကောင်းကျိုးအတွက်ပါပဲ။—ယေ. ၁၀:၆၊ ၇။

စာမျက်နှာ ၆၉ ပါ ရုပ်ပုံ

ယေဟောဝါဆီကလာတဲ့ “အသက်ရေ” ကို သောက်သုံးခြင်းက နာခံမှုရှိဖို့ သင့်ကိုခွန်အားပေးနိုင်

၄၊ ၅။ (က)  မိုးခေါင်တဲ့ကာလတစ်လျှောက် ဂျူးတွေ ဘယ်အမှန်တရားကို သိရှိခဲ့ကြသလဲ။ (ခ) ယုဒပြည်ကလူတွေဟာ ယေဟောဝါဆီကလာတဲ့ ‘အသက်ရေ’ ကို ဘယ်လိုနည်းနဲ့ အလဟဿဖြစ်စေခဲ့သလဲ။ (ဂ) ဘုရားသခင်ပြင်ဆင်ပေးတဲ့ ‘အသက်ရေ’ ကို သင် ဘယ်လိုသောက်သုံးနိုင်သလဲ။

၄ ယေဟောဝါက စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့အသက်ကို ထောက်ပံ့ပေးတဲ့အရှင်လည်း ဖြစ်တယ်။ ဒီအချက်ကို ယေရမိခေတ်ကဂျူးတွေ အထင်အရှား မြင်တွေ့ခဲ့ကြတယ်။ အီဂျစ်ပြည်ဟာ နိုင်းမြစ်ရေကို အဓိကမှီခိုရပေမဲ့ ကတိထားရာပြည်ရဲ့အခြေအနေကတော့ ကွာခြားပါတယ်။ ဘုရားသခင့်လူမျိုးက ရာသီအလိုက် ရွာတဲ့မိုးတွေကို အဓိကမှီခိုရတယ်။ အဲဒီမိုးရေကို မြေအောက်ရေလှောင်ကန်တွေထဲမှာ သိုလှောင်ထားလေ့ရှိကြတယ်။ (တရား. ၁၁:၁၃-၁၇) မြေကြီးတွေစိုစွတ်ပြီး အသီးအနှံပေါက်လာစေဖို့ ယေဟောဝါကပဲ မိုးရွာစေနိုင်တယ်။ ဒီအရေးပါတဲ့မိုးကို မရွာအောင်လည်း ကိုယ်တော်လုပ်နိုင်တယ်။ ဒါကြောင့် ယေရမိခေတ်က နာခံမှုမရှိတဲ့ဂျူးတွေဟာ အချိန်အတော်ကြာ အကြီးအကျယ်မိုးခေါင်တာကို ကြုံတွေ့ခဲ့ရတယ်။ သူတို့ရဲ့ လယ်တွေ၊ စပျစ်ခြံတွေ သွေ့ခြောက်ပြီး ရေတွင်းတွေ၊ ရေလှောင်ကန်တွေလည်း ခန်းခြောက်ကုန်တယ်။—ယေ. ၃:၃; ၅:၂၄; ၁၂:၄; ၁၄:၁-၄၊ ၂၂; ၂၃:၁၀။

၅ အဲဒီဂျူးတွေက ပကတိရေကို တန်ဖိုးထားကြပေမဲ့ ယေဟောဝါ အလျှံပယ်ပေးနေတဲ့ ‘အသက်ရေ’ ကိုတော့ ငြင်းပယ်ကြတယ်။ သူတို့က ဘုရားသခင့်ပညတ်တွေကို တမင်သက်သက် မနာခံဘဲ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့မဟာမိတ်ဖွဲ့တာကိုပဲ အားကိုးနေခြင်းအားဖြင့် အဲဒီလိုငြင်းပယ်ခဲ့ကြတယ်။ ရေရှားပါးချိန်မှာ ပျက်စီးပြီးရေမသိုလှောင်နိုင်တဲ့ ရေလှောင်ကန်ထဲ ရေလှောင်တဲ့သူတွေရဲ့အဖြစ်မျိုးကို ဂျူးတွေ ကြုံတွေ့ခဲ့ရတယ်။ (ယေရမိ ၂:၁၃; ၁၇:၁၃ ကိုဖတ်ပါ။) ကျွန်တော်တို့က သူတို့လမ်းစဉ်အတိုင်းလိုက်တဲ့အတွက် ဘေးဆိုးကြုံရတဲ့အဖြစ်မျိုး မရောက်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါက ကျမ်းစာကိုအခြေခံတဲ့လမ်းညွှန်ချက်တွေကို ဆက်ပြီးအလျှံပယ်ပေးနေလို့ပဲ။ ကျွန်တော်တို့က ကျမ်းစာကိုပုံမှန်လေ့လာပြီး အဲဒီအတိုင်းအသက်ရှင်နေထိုင်ဖို့ ကြိုးစားမှသာ အဲဒီ ‘အသက်ရေ’ ကနေ အကျိုးခံစားရမှာဖြစ်တယ်။

၆။ (က)  ယေဟောဝါကိုနာခံတာနဲ့ပတ်သက်ပြီး ဘုရင်ဇေဒကိ ဘယ်လိုသဘောထားခဲ့သလဲ။ (ခ) ဘုရင်က မိုက်မဲတယ်လို့ သင် ဘာကြောင့်ပြောနိုင်သလဲ။

၆ ယုဒပြည်အပေါ် မလွဲမသွေကျရောက်တော့မယ့် ဘုရားသခင့်နေ့ကြီး နီးလာတာနဲ့အမျှ နာခံမှုကလည်း ပိုအရေးကြီးလာတယ်။ ဂျူးတစ်ယောက်စီက ယေဟောဝါရဲ့မျက်နှာသာနဲ့ ကာကွယ်မှုရချင်ရင် နောင်တယူပြီး ကိုယ်တော့်ကိုနာခံရမယ်။ ဒီကိစ္စကို ဘုရင်ဇေဒကိ ရင်ဆိုင်ခဲ့ရတယ်။ သူက မှန်ရာကို ပြတ်ပြတ်သားသား မလုပ်ခဲ့ဘူး။ သူ့မှူးမတ်တွေက ယေရမိကိုသတ်ဖို့ တောင်းဆိုတဲ့အခါ သူတို့ဆန္ဒကို သူ မလွန်ဆန်ရဲခဲ့ဘူး။ ရှေ့အခန်းမှာတွေ့ခဲ့တဲ့အတိုင်း ယေရမိက ဧဗဒမေလက်ကြောင့် အသက်ဘေးကလွတ်မြောက်ခဲ့ပြီး နောက်ပိုင်းမှာ ဇေဒကိကို ‘ကျေးဇူးပြုပြီး ယေဟောဝါရဲ့စကားကို နာခံပါ’ လို့ တိုက်တွန်းခဲ့တယ်။ (ယေရမိ ၃၈: ၄-၆၊ ၂၀ ကိုဖတ်ပါ။a) ဘုရင်က သူ့ကောင်းကျိုးအတွက် ဘုရားသခင်ကို နာခံမလား၊ မနာခံဘူးလားဆိုတာကို ဆုံးဖြတ်ရတော့မယ်။

ဘုရားသခင့်စကားကိုနာခံဖို့ ဂျူးတွေကို ယေရမိ ထပ်ခါထပ်ခါတိုက်တွန်းတာက ဘာကြောင့်သင့်လျော်သလဲ။

ယေဟောဝါကိုနာခံခြင်းက အရေးကြီးတဲ့ကိစ္စဖြစ်တယ်

၇။ သင့်နာခံမှု စမ်းသပ်ခံရနိုင်တဲ့ အခြေအနေတချို့ကို ဖော်ပြပါ။

၇ နာခံမှုက ယေရမိခေတ်မှာ အရေးကြီးခဲ့သလို ဒီနေ့ခေတ်မှာလည်း အရေးကြီးတယ်။ ယေဟောဝါကို နာခံမယ်ဆိုတဲ့ သင့်စိတ်ပိုင်းဖြတ်ချက်က ဘယ်လောက်ခိုင်မာသလဲ။ တကယ်လို့ သင်က ညစ်ညမ်းရုပ်ပုံတွေပါတဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကို အမှုမဲ့အမှတ်မဲ့ တွေ့လိုက်တဲ့အခါ ဆက်ကြည့်နေမလား၊ သွေးဆောင်မှုတွေကို တွန်းလှန်ပြီး အဲဒီဝက်ဘ်ဆိုက်ကို ပိတ်ပစ်မလား။ အလုပ်မှာ၊ ကျောင်းမှာ မယုံကြည်သူတစ်ဦးက သူနဲ့တွဲဖို့ ကမ်းလှမ်းလာတဲ့အခါမှာကော။ ငြင်းပယ်ဖို့ သင် ခွန်အားရှိသလား။ အယူဖောက်ပြန်သူတွေရဲ့ စာပေတွေ၊ အင်တာနက်ဆိုက်တွေကို တွေ့တဲ့အခါ သင် စိတ်ဝင်စားသလား။ ဒါမှမဟုတ် ချက်ချင်းရှောင်လိုက်သလား။ အဲဒီလိုအခြေအနေတွေ ဒါမှမဟုတ် တခြားအခြေအနေတွေကြုံရတဲ့အခါ ယေရမိ ၃၈:၂၀ မှာပါတဲ့စကားတွေကို အမှတ်ရပါ။

၈၊ ၉။ (က)  အကြီးအကဲတွေ သင့်ကိုကူညီဖို့ ကြိုးစားတဲ့အခါ နားထောင်တာက ဘာကြောင့် ပညာရှိရာရောက်သလဲ။ (ခ) အကြီးအကဲတွေ ထပ်ခါထပ်ခါအကြံပေးတာကို သင် ဘယ်လိုယူမှတ်သင့်သလဲ။

၈ ယေဟောဝါက ယေရမိကို စေလွှတ်ပြီး “ဆိုးသောလမ်းမှ အသီးအသီးပြန်လာကြလော့။ သင်တို့လိုက်သောလမ်းနှင့် သင်တို့ကျင့်သောအကျင့်ကို ဖြောင့်စေကြလော့” လို့ လူတွေကို အကြိမ်ကြိမ် တိုက်တွန်းလေ့ရှိတယ်။ (ယေ. ၇:၃; ၁၈:၁၁; ၂၅:၅; ယေရမိ ၃၅:၁၅ ကိုဖတ်ပါ။) ဒီနေ့လည်း ခရစ်ယာန်အကြီးအကဲတွေက ယုံကြည်သူချင်းတွေကို ဘုရားသခင်ဆီကနေ လမ်းလွဲမသွားစေဖို့ အတတ်နိုင်ဆုံးကူညီပေးနေကြတယ်။ တစ်ခါတလေ အကြီးအကဲတွေက သင့်ကို ပညာမဲ့တဲ့ ဒါမှမဟုတ် မှားယွင်းတဲ့လမ်းစဉ်ကိုရှောင်ဖို့ အကြံပေးတဲ့အခါ သူတို့စကားကို နားထောင်ပါ။ သူတို့ရဲ့ရည်ရွယ်ချက်က ယေရမိရဲ့ ရည်ရွယ်ချက်အတိုင်းပါပဲ။

၉ အကြီးအကဲတွေက သင့်ကို ပြောပြခဲ့ဖူးတဲ့ကျမ်းစာမူတွေကိုပဲ ပြန်ပြောပြတဲ့အခါတွေ ရှိနိုင်တယ်။ ထပ်ခါထပ်ခါအကြံပေးရတာက လွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာ သင်သိပါတယ်။ အထူးသဖြင့် အကြံပေးခံရသူက ယေရမိစကားကိုကြားခဲ့တဲ့ဂျူးတွေရဲ့စိတ်သဘောထားမျိုး တင်ပြမယ်ဆိုရင် ပိုပြီးတော့တောင် ခက်ခဲပါတယ်။ သင့်ကိုကူညီပေးဖို့ အကြီးအကဲတွေ ထပ်ခါထပ်ခါကြိုးစားတာကို ယေဟောဝါမေတ္တာပြနေတယ်လို့ ယူမှတ်ပါ။ ဂျူးတွေသာ နာခံမယ်ဆိုရင် ယေရမိ ထပ်ခါထပ်ခါသတိပေးနေစရာမလိုဘူးဆိုတာကိုလည်း သိထားပါ။ အကြံပေးချက်ကို ချက်ချင်းလိုက်နာမယ်ဆိုရင် ထပ်ခါထပ်ခါ အကြံပေးခံရတော့မှာမဟုတ်ဘူး။

စာမျက်နှာ ၇၀ ပါ ရုပ်ပုံ

အကြီးအကဲတွေက သင့်ကိုကူညီပေးတဲ့အခါ သူတို့စကားကို နားထောင်ပါ

ယေဟောဝါရဲ့ခွင့်လွှတ်မှုက အကြွင်းမဲ့ဖြစ်ပေမဲ့ အကြောင်းမဲ့မဟုတ်

၁၀။ ယေဟောဝါက အပြစ်တွေကို ဘာကြောင့်အကြောင်းမဲ့ခွင့်မလွှတ်တာလဲ။

၁၀ ကျွန်တော်တို့ ဘယ်လောက်ပဲကြိုးစားပါစေ ဒီအစီအစဉ်စနစ်မှာ ယေဟောဝါကို အပြည့်အဝနာခံနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့အမှားတွေကို ကိုယ်တော် လိုလိုလားလားခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ ဒါပေမဲ့ ကိုယ်တော်က အပြစ်ကို အလွန်ရွံမုန်းတဲ့အတွက် အကြောင်းမဲ့ခွင့်လွှတ်မှာတော့မဟုတ်ဘူး။ (ဟေရှာ. ၅၉:၂) ဒါကြောင့် ကိုယ်တော်က ကျွန်တော်တို့ဟာ သူ့ရဲ့ခွင့်လွှတ်မှုကို ရထိုက်သူတွေဖြစ်တယ်ဆိုတာ သေချာအောင်လုပ်တယ်။

၁၁။ တိတ်တဆိတ်ကျူးလွန်တဲ့အပြစ်တွေကို ဖုံးဖိထားလို့မရတာ ဘာကြောင့်လဲ။

၁၁ ကျွန်တော်တို့သတိထားမိတဲ့အတိုင်း ယေရမိခေတ်က ဂျူးအတော်များများအတွက် ဘုရားသခင်ကို မနာခံတာဟာ အကျင့်တစ်ခုလိုဖြစ်နေတယ်။ ဒီနည်းနဲ့ သူတို့က ကိုယ်တော်ရဲ့စိတ်ရှည်မှုနဲ့ကရုဏာကို အလွဲသုံးစားလုပ်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာကော ဘုရားသခင်ရဲ့ကျေးကျွန်တစ်ယောက်က အဲဒီလိုမျိုး ဖြစ်လာနိုင်သလား။ ယေဟောဝါရဲ့သတိပေးချက်တွေကို လျစ်လျူရှုပြီး အပြစ်တွေစကျူးလွန်မယ်ဆိုရင် အဲဒီလိုဖြစ်လာနိုင်တယ်။ အဲဒီလိုအခြေအနေက တစ်ခါတလေ ထင်ထင်ရှားရှား ဖြစ်တတ်တယ်။ ဥပမာ၊ လူတစ်ယောက်က ကျမ်းစာအရ ပြန်အိမ်ထောင်ပြုခွင့်မရှိသူနဲ့ အိမ်ထောင်ပြုတာမျိုးဖြစ်တယ်။ ဒါပေမဲ့ လူတစ်ယောက်လုပ်တဲ့အပြစ်ကို တခြားသူတွေမမြင်ရင်တောင် သူ့မှာအန္တရာယ်ရှိတယ်။ အဲဒီလို ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်နေသူက ‘ငါ့အပြစ်ကို ဘယ်သူမှ သိမှာမဟုတ်ဘူး’ ဆိုပြီး တွေးမိလာနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်က လူတစ်ဦးရဲ့စိတ်နှလုံးထဲမှာရှိတဲ့အရာကိုကြည့်ရှုပြီး ဆိတ်ကွယ်ရာမှာ ဘာတွေဖြစ်နေသလဲဆိုတာကို မြင်နိုင်တယ်။ (ယေရမိ ၃၂:၁၉ ကိုဖတ်ပါ။) လူတစ်ယောက်က ဘုရားသခင်ကိုမနာခံဘဲ အပြစ်လုပ်လိုက်မိပြီဆိုရင် ဘာလုပ်သင့်သလဲ။

၁၂။ တစ်ခါတလေ အကြီးအကဲတွေက အသင်းတော်ကိုကာကွယ်ဖို့ ဘာလုပ်ရမလဲ။

၁၂ ဂျူးအတော်များများက ယေရမိကတစ်ဆင့် ယေဟောဝါ ထပ်ခါတလေကူညီပေးတာကို လျစ်လျူရှုခဲ့ကြတယ်။ ဒီနေ့ခေတ်မှာလည်း အဲဒီလိုဖြစ်နိုင်တယ်။ ကြီးလေးတဲ့အပြစ်ကျူးလွန်ထားသူတစ်ယောက်က နောင်တမရဘဲ အကြီးအကဲတွေရဲ့အကူအညီကို ငြင်းပယ်တာဖြစ်နိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ အကြီးအကဲတွေက ကျမ်းစာလမ်းညွှန်ချက်ကိုလိုက်နာပြီး အသင်းတော်ကိုကာကွယ်ဖို့ အပြစ်လုပ်တဲ့သူကို နှင်ထုတ်ရမယ်။ (၁ ကော. ၅:၁၁-၁၃; စာမျက်နှာ ၇၃ က “ပညတ်တရားမရှိတဲ့ အသက်တာ” လေးထောင့်ကွက်ကို ကြည့်ပါ။) ဒါပေမဲ့ အဲဒီလိုနှင်ထုတ်တာက အပြစ်လုပ်တဲ့သူအတွက် မျှော်လင့်ချက်မရှိတော့ဘူး၊ ယေဟောဝါရဲ့မျက်နှာသာကို သူ ဘယ်တော့မှမရနိုင်တော့ဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ အစ္စရေးတွေဟာ ဘုရားသခင်ကို အချိန်အတော်ကြာ ပုန်ကန်ခဲ့ပေမဲ့ ဘုရားသခင်က “အို ဖောက်ပြန်သောသူငယ်၊ သင်တို့ပြန်လာကြလော့။ ဖောက်ပြန်ရာများကို ငါပြုပြင်မည်” လို့ပြောခဲ့တယ်။ (ယေ. ၃:၂၂)b ယေဟောဝါက အပြစ်လုပ်တဲ့သူတွေကို သူ့ဆီပြန်လှည့်လာဖို့ ဖိတ်ခေါ်နေတယ်။ သူ့ဆီပြန်လှည့်လာဖို့ လမ်းညွှန်နေတယ်။

ပညတ်တရားမရှိတဲ့ အသက်တာ

ဂျေရုဆလင်မြို့ ဖျက်ဆီးခံရပြီးနောက်မှာ ဂျူးတွေရဲ့အသက်တာက ဘယ်လိုရှိသလဲ။ ယေရမိက မြည်တမ်းစကား ၂:၉ မှာ တစ်စိတ်တစ်ပိုင်းဖော်ပြထားတယ်။ မြို့ကိုကာကွယ်ပေးခဲ့တဲ့ မြို့ဂိတ်တံခါးတွေအပါအဝင် မြို့ရိုးတွေပျက်စီးနေတယ်။ ပိုဆိုးတာက ‘ပညတ်တရား မရှိ’ တာပဲ။ အဲဒီလိုပြောတဲ့အတွက် အသက်ရှင်ကျန်ရစ်သူတွေဟာ ဆူပူသောင်းကျန်းနေတယ်လို့ ယေရမိဆိုလိုတာလား။ မဟုတ်ပါဘူး။ အဲဒီအစား ဘုရားသခင့်ပညတ်တရားကို သစ္စာရှိယဇ်ပုရောဟိတ်တွေနဲ့ပရောဖက်တွေ သွန်သင်ပေးခဲ့ချိန်မှာ သူတို့ခံစားခဲ့ရတဲ့လုံခြုံမှုနဲ့နှစ်သိမ့်မှုတွေ ဆုံးရှုံးသွားတာကို ဆိုလိုပုံရတယ်။ အခု သူတို့ကိုးစားနေတဲ့ပရောဖက်အတုအယောင်တွေက စစ်မှန်တဲ့ ‘စိတ်အာရုံ’ ဒါမှမဟုတ် ယေဟောဝါဆီကလာတဲ့လမ်းညွှန်ချက်ကို မပေးကြဘူး။ သူတို့က တန်ဖိုးမရှိတဲ့ စိတ်အာရုံတွေကိုမြင်ကြတယ်။—မြည်. ၂:၁၄။

ခရစ်ယာန်အသင်းတော်ကနေ နှင်ထုတ်ခံရသူတစ်ယောက်က အဲဒီလိုအခြေအနေမျိုးရောက်နေတယ်လို့ ခံစားမိနိုင်တယ်။ သူက တစ်ချိန်တုန်းကလို ညီအစ်ကိုညီအစ်မတွေနဲ့ ရင်းရင်းနှီးနှီးမပေါင်းသင်းနိုင်တော့ဘူး။ အကြီးအကဲတွေရဲ့ မေတ္တာပါဂရုစိုက်မှုကိုလည်း မရတော့ဘူး။ အရင်ကရရှိခဲ့တဲ့ အရေးပါလှတဲ့ဘုရားသခင့်ညွှန်ကြားချက်တွေနဲ့လည်း အလှမ်းဝေးနေတယ်။ သူ့အနေနဲ့ ယေဟောဝါဆီက ‘ပညတ်တရားမရှိ’ တဲ့ ဒီနေ့လောကမှာ တစ်ခုခုကို အကြီးအကျယ်ဆုံးရှုံးနေတယ်လို့ ခံစားနေလိမ့်မယ်။ ဒါပေမဲ့ သူဟာ ယေဟောဝါရဲ့မျက်နှာသာနဲ့ ကြွယ်ဝတဲ့ကောင်းချီးတွေ ပြန်ခံစားရနိုင်ပါတယ်။ (၂ ကော. ၂:၆-၁၀) ဘာပဲဖြစ်ဖြစ် ယေဟောဝါကိုနာခံတာ၊ ပညတ်တရားမရှိတဲ့အဖြစ်မျိုး ဘယ်တော့မှအရောက်မခံတာက ပိုကောင်းတယ်ဆိုတာကိုတော့ သင်သဘောတူပါလိမ့်မယ်။

အပြစ်လုပ်မိတဲ့အခါ ဘုရားသခင့်ခွင့်လွှတ်မှုရဖို့ကြိုးစားတာက ဘာကြောင့်ပညာရှိရာကျသလဲ။

ယေဟောဝါဆီ ပြန်လှည့်လာခြင်းအားဖြင့် ကိုယ်တော့်ကို နာခံပါ

၁၃။ လူတစ်ယောက်က ယေဟောဝါဆီ ပြန်လှည့်လာချင်တယ်ဆိုရင် ဘာကို အသိအမှတ်ပြုရမလဲ။

၁၃ ယေရမိပြောခဲ့သလိုပဲ လူတစ်ယောက်က ဘုရားသခင်ဆီပြန်လှည့်လာချင်တယ်ဆိုရင် ‘ငါ ဘာလုပ်မိပါလိမ့်’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးဖို့လိုတယ်။ အဲဒီ မေးခွန်းကို ကျမ်းစာစံနှုန်းတွေနဲ့အညီဆန်းစစ်ပြီး ရလာတဲ့အဖြေကို ရိုးသားစွာလက်ခံသင့်တယ်။ ယေရမိခေတ်က နောင်တမရတဲ့ဂျူးတွေဟာ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုမမေးခဲ့ကြဘူး။ သူတို့ရဲ့အပြစ်က ဘယ်လောက်ကြီးလေးတယ်ဆိုတာ အသိအမှတ်မပြုတဲ့အတွက် သူတို့ကို ယေဟောဝါခွင့်မလွှတ်နိုင်ဘူး။ ခွင့်မလွှတ်ခဲ့ဘူး။ (ယေရမိ ၈:၆ ကိုဖတ်ပါ။) ဒါပေမဲ့ အပြစ်လုပ်ပြီး နောင်တရလာတဲ့သူတစ်ယောက်က ယေဟောဝါကိုမနာခံတဲ့သူ့လုပ်ရပ်ကြောင့် ဘုရားသခင်နဲ့ခရစ်ယာန်အသင်းတော် နာမည်ပျက်ခဲ့ရတယ်ဆိုတာ အသိအမှတ်ပြုတယ်။ ဒါ့အပြင် စစ်မှန်တဲ့နောင်တရသူက သူ့လုပ်ရပ်ကြောင့် အပြစ်မဲ့သူတွေထိခိုက်ခဲ့တာကို အကြီးအကျယ် စိတ်မကောင်းဖြစ်တယ်။ သူ့လုပ်ရပ်ရဲ့ဆိုးကျိုးအားလုံးကို အသိအမှတ်ပြုမှသာ ခွင့်လွှတ်ခံရဖို့ တောင်းပန်တာကို ယေဟောဝါလက်ခံမယ်ဆိုတာ သူနားလည်ထားသင့်တယ်။ ဒါပေမဲ့ ဘုရားသခင့်မျက်နှာသာပြန်ရဖို့ ဒီထက်မက လိုအပ်တယ်။

၁၄။ လူတစ်ယောက်က ဘယ်လိုနည်းနဲ့ “ယေဟောဝါဆီ လုံးလုံးလျားလျားပြန်လာ” နိုင်သလဲ။ (“နောင်တရတယ်ဆိုတာ ဘာလဲ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၄ စစ်မှန်တဲ့နောင်တရသူက သူ့ရဲ့စိတ်ရင်း၊ လိုအင်ဆန္ဒနဲ့အကျင့်တွေကို ဆန်းစစ်သင့်တယ်။ (မြည်တမ်းစကား ၃:၄၀၊ ၄၁ ကိုဖတ်ပါ။c) သူက သူ့ဘဝရဲ့ဘယ်ကဏ္ဍတွေမှာ အားနည်းချက်ရှိနေတယ်ဆိုတာကို ဆန်းစစ်ပါလိမ့်မယ်။ လိင်ခြားသူနဲ့ခင်မင်မှု၊ အရက် ဒါမှမဟုတ် ဆေးရွက်ကြီးသုံးစွဲမှု၊ အင်တာနက်အသုံးပြုမှု၊ စီးပွားရေးလုပ်ဆောင်မှုစတဲ့ကဏ္ဍတွေမှာ ဖြစ်နိုင်တယ်။ အိမ်ရှင်မတစ်ယောက်က နေအိမ်သန့်ရှင်းပြီး ပိုးမွှားကင်းစင်စေဖို့ မီးဖိုချောင်ထောင့်တွေပါမကျန် တိုက်ချွတ်ဆေးကြောသလို နောင်တရသူတစ်ယောက်ကလည်း သူ့ရဲ့အတွေးအခေါ်နဲ့ လူကွယ်ရာမှာလုပ်တဲ့လုပ်ရပ်တွေကို သန့်ရှင်းအောင် ကြိုးစားလုပ်ဆောင်သင့်တယ်။ ဘုရားသခင့်တောင်းဆိုချက်တွေနဲ့စံနှုန်းတွေကို ပြည့်မီအောင် ကြိုးစားခြင်းအားဖြင့် ‘ယေဟောဝါဆီ လုံးလုံးလျားလျားပြန်လာ’ ရမယ်။ ယေရမိခေတ်က ဂျူးတချို့ဟာ ယေဟောဝါဆီ “ပြန်လာဟန်ဆောင်” ခဲ့ကြတယ်။ သူတို့က ဝမ်းနည်းဟန်ဆောင်ကြပေမဲ့ သူတို့ရဲ့စိတ်နှလုံးနဲ့အသက်တာကိုတော့ မပြောင်းလဲခဲ့ဘူး။ (ယေ. ၃:၁၀) ခွင့်လွှတ်မှုရဖို့ စိတ်ရင်းမှန်နဲ့တောင်းခံသူကတော့ သူတို့နဲ့မတူဘဲ ယေဟောဝါနဲ့ကိုယ်တော့်အသင်းတော်ကို လှည့်စားဖို့ ကြိုးစားမှာမဟုတ်ဘူး။ သူက သိက္ခာဆယ်ဖို့၊ အမှန်တရားမှာရှိတဲ့ဆွေမျိုးတွေ၊ တခြားသူတွေနဲ့ ပြန်ပေါင်းသင်းနိုင်ဖို့လောက်သာ ပြန်လှည့်လာတာမျိုးမဖြစ်သင့်ဘူး။ အဲဒီအစား သူကျူးလွန်ခဲ့တဲ့အမှားတွေကို လုံးဝစွန့်ပစ်ချင်စိတ်ရှိသင့်ပြီး ဘုရားသခင့်ခွင့်လွှတ်မှု၊ ဘုရားသခင့်မျက်နှာသာနဲ့ထိုက်တန်အောင် လုပ်ဆောင်ချင်စိတ်ရှိသင့်တယ်။

နောင်တရတယ်ဆိုတာ ဘာလဲ

ကျမ်းစာမှာပါတဲ့ ‘နောင်တရတယ်’ ဆိုတဲ့ ဟေဗြဲနဲ့ဂရိစကားလုံးတွေက လူတစ်ဦးရဲ့သဘောထားနဲ့ ပတ်သက်နေတယ်။ သူလုပ်ခဲ့တဲ့ ဒါမှမဟုတ် လုပ်တော့မယ့် မှားယွင်းတဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သူ့စိတ်ကိုပြောင်းလဲလိုက်တာဖြစ်တယ်။ အဲဒီစကားလုံးတွေမှာ ဝမ်းနည်းတာ၊ စိတ်သက်သာရာရတာစတဲ့ နောင်တရတဲ့သူတစ်ယောက်ရဲ့ခံစားချက်တွေလည်း ပါဝင်တယ်။ (၂ ရာ. ၁၃:၃၉; ယောဘ ၄၂:၆) စစ်မှန်တဲ့နောင်တမှာ လှိုက်လှဲပြင်းပြတဲ့ခံစားချက်ကြောင့် လုပ်တဲ့လုပ်ရပ်တွေလည်း ပါဝင်တယ်လို့ ကျမ်းစာက ရှင်းရှင်းလင်းလင်းဖော်ပြတယ်။ ကိုယ့်အပြစ်တွေကို နောင်တရပါတယ်လို့ ပြောတဲ့သူအားလုံးဆီမှာ အဲဒီလိုနောင်တမျိုးရှိမရှိ ဘုရားသခင်ရှာဖွေတယ်။—ယေ. ၃၁:၁၈၊ ၁၉။

၁၅။ စစ်မှန်တဲ့နောင်တရသူတစ်ဦးက ဘုရားသခင်ဆီ ဘယ်လိုဆုတောင်းသလဲ။

၁၅ နောင်တရခြင်းမှာ ဆုတောင်းခြင်းက အရေးပါတယ်။ ရှေးခေတ်လူတွေက ကောင်းကင်ဆီကို လက်နှစ်ဖက်ဖြန့်ပြီး ဆုတောင်းလေ့ရှိတယ်။ ဒီနေ့ခေတ်မှာ စစ်မှန်တဲ့နောင်တရသူတစ်ဦးဟာ ယေရမိပြောခဲ့သလို “ဘုရားသခင့်ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွ” ပြီး ဆုတောင်းရမယ်။ (မြည်. ၃:၄၁၊ ၄၂) နောင်တရသူတစ်ယောက်ရဲ့ ဝမ်းနည်းမှုက ခွင့်လွှတ်မှုရဖို့တောင်းဆိုတဲ့ သူ့ရဲ့အသနားခံချက်နဲ့အညီ လုပ်ဆောင်ဖို့ သူ့ကိုလှုံ့ဆော်ပေးတယ်။ သူ့ရဲ့ဆုတောင်းချက်တွေက စစ်မှန်ပြီး နှလုံးသားထဲကထွက်လာတဲ့ ခံစားချက်တွေဖြစ်တယ်။

စာမျက်နှာ ၇၅ ပါ ရုပ်ပုံ

‘ငါ ဘာကြောင့်နားမထောင်ခဲ့မိပါလိမ့်’

၁၆။ ဘုရားသခင်ဆီ ဘာကြောင့်ပြန်လှည့်လာသင့်သလဲ။

၁၆ ကိုယ့်အမှားကို တကယ်အသိအမှတ်ပြုဖို့ မာနကိုချိုးနှိမ်ရမယ်ဆိုတာ သင်သဘောပေါက်မှာပါ။ ဒါပေမဲ့ အဓိကအချက်ကတော့ ယေဟောဝါဟာ အပြစ်လုပ်တဲ့သူကို သူ့ဆီပြန်လှည့်လာစေချင်တယ်ဆိုတဲ့အချက်ပဲ။ လူတစ်ယောက်က သူ့နှလုံးသားထဲကနေ တကယ်နောင်တရတာကို ဘုရားသခင်မြင်တဲ့အခါ ကိုယ်တော်ရဲ့နှလုံးသားကလည်း မတုံ့ပြန်ဘဲမနေဘူး။ ကိုယ်တော်က နောင်တရသူတိုင်းကို ခွင့်လွှတ်ချင်တဲ့အတွက် သနားကြင်နာတဲ့ခံစားချက်နဲ့ ဗလောင်ဆူလာတယ်။ ပြည်နှင်ခံရာကနေ ပြန်လာတဲ့ အစ္စရေးတွေအတွက် ကိုယ်တော် အဲဒီလိုပဲခံစားခဲ့ရတယ်။ (ယေ. ၃၁:၂၀) ဘုရားသခင်က သူ့ကိုနာခံတဲ့သူတွေကို ငြိမ်သက်ခြင်းနဲ့ မျှော်လင့်ချက်ပေးတယ်ဆိုတာကိုသိရတာက တကယ်အားရှိစရာပဲ။ (ယေ. ၂၉:၁၁-၁၄) သူတို့က ဘုရားသခင်ရဲ့သစ္စာရှိကျေးကျွန်တွေအလယ်မှာ နေရာတစ်နေရာ ပြန်ရနိုင်ပါတယ်။

နာခံမှုက သင့်ကိုကာကွယ်ပေးနိုင်

၁၇၊ ၁၈။ (က)  ရေခပ်အမျိုးသားတွေက ဘယ်သူတွေလဲ။ (ခ) စာမျက်နှာ ၇၇ ကရုပ်ပုံမှာပါသလို သူတို့ကို ဘယ်အချက်ကြောင့် လူသိများသလဲ။

၁၇ ယေဟောဝါကို တသွေမတိမ်း နာခံတာက ဘေးကင်းလုံခြုံတဲ့လမ်းစဉ်ဖြစ်တယ်။ ဒါကို ယေရမိခေတ်က ရေခပ်အမျိုးသားတွေရဲ့ ပုံသက်သေအရ သိနိုင်တယ်။ လွန်ခဲ့တဲ့အနှစ်နှစ်ရာကျော်က ယေဟုနဲ့အတူ သစ္စာရှိရှိလက်တွဲခဲ့တဲ့ ကေနိလူမျိုးယောနဒပ်က ရေခပ်အမျိုးသားတွေရဲ့ဘိုးဘေးဖြစ်တယ်။ ယောနဒပ်က သူတို့လိုက်နာရမယ့်တားမြစ်ချက်တွေကို မိန့်မှာခဲ့တယ်။ တားမြစ်ချက်တစ်ခုကတော့ စပျစ်ရည်မသောက်ဖို့ဖြစ်တယ်။ ယောနဒပ်သေဆုံးတာ ကြာခဲ့ပြီဖြစ်ပေမဲ့ ရေခပ်အမျိုးသားတွေကတော့ သူ့စကားကို နာခံနေတုန်းပါပဲ။ ဒါကိုစမ်းသပ်ဖို့ ယေရမိက သူတို့ကို ဗိမာန်တော်စားသောက်ခန်းထဲ ခေါ်သွားတယ်။ရှေ့မှာ စပျစ်ရည်ချပေးပြီး သောက်ဖို့တိုက်တွန်းတဲ့အခါ သူတို့က “စပျစ်ရည်ကို မသောက်ပါ” လို့ ပြန်ပြောခဲ့တယ်။—ယေ. ၃၅:၁-၁၀။

၁၈ သေဆုံးသွားပြီဖြစ်တဲ့ဘိုးဘေးရဲ့စကားကို နာခံတာက ရေခပ်အမျိုးသားတွေအတွက် အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ စစ်မှန်တဲ့ဝတ်ပြုသူတွေက အသက်ရှင်တဲ့ဘုရားသခင်ရဲ့ မိန့်မှာချက်တွေကို ပိုလို့တောင်နာခံသင့်တယ်။ နာခံမယ်ဆိုတဲ့ ရေခပ်အမျိုးသားတွေရဲ့စိတ်ပိုင်းဖြတ်ချက်ကို ယေဟောဝါ သိပ်နှစ်သက်တယ်။ သူတို့က မနာခံတဲ့ဂျူးတွေနဲ့ တခြားစီပဲ။ ဒါကြောင့် ရောက်လာတော့မယ့်ဘေးဆိုးကနေ ရေခပ်အမျိုးသားတွေကိုကာကွယ်မယ်လို့ ဘုရားသခင်ကတိပေးခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း ယေဟောဝါကို တသွေမတိမ်း နာခံသူတွေက ကြီးစွာသောဒုက္ခအတွင်းမှာ ကာကွယ်ခံရမယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်ပါတယ်။—ယေရမိ ၃၅:၁၉ ကိုဖတ်ပါ။

စာမျက်နှာ ၇၇ ပါ ရုပ်ပုံ

ကြီးလေးတဲ့အပြစ်အတွက် နောင်တယူတာက နာခံမှုတင်ပြရာမှာ ဘာကြောင့်အရေးကြီးတဲ့အရာဖြစ်သလဲ။ နာခံမှုက လူတစ်ယောက်ကို နောင်တယူဖို့လိုတဲ့အခြေအနေမျိုးမရောက်အောင် ဘယ်လိုကူညီပေးနိုင်သလဲ။

ယေဟောဝါကို နာခံသူတွေက တစ်ကိုယ်တည်းမဖြစ်

၁၉။ ဘုရားသခင်ကိုနာခံရင် သင့်ကို ကိုယ်တော်ဘယ်လိုကာကွယ်ပေးသလဲ။

၁၉ ဘုရားသခင်က အရင်တုန်းကပဲ သူ့လူမျိုးကို ဂရုစိုက်ကာကွယ်ပေးခဲ့တာပါလို့ ကျွန်တော်တို့ မယူဆသင့်ဘူး။ အခုချိန်မှာလည်း ယေဟောဝါက နာခံမှုရှိသူတွေကို ဝတ်ပြုရေးနဲ့ဆိုင်တဲ့အန္တရာယ်တွေကနေ ကာကွယ်ပေးတယ်။ ရှေးခေတ်တုန်းက မြင့်မားတဲ့မြို့ရိုးတွေဟာ မြို့တွေကို ရန်သူတွေရဲ့တိုက်ခိုက်မှုကနေ ကာကွယ်ပေးသလို ဘုရားသခင့်ပညတ်တွေကလည်း အဲဒါတွေကို လေ့လာပြီး အမြဲကျင့်သုံးသူတွေကို ကာကွယ်ပေးတယ်။ ကာကွယ်ပေးတဲ့မြို့ရိုးနဲ့တူတဲ့ ဘုရားသခင်ချမှတ်ထားတဲ့ စာရိတ္တစည်းမျဉ်းဘောင်အတွင်းမှာပဲ သင်နေထိုင်မလား။ နေထိုင်မယ်ဆိုရင် သင် ကောင်းစားမှာသေချာတယ်။ (ယေ. ၇:၂၃) အဲဒီအချက်မှန်ကန်တယ်ဆိုတာကို လူအတော်များများ တွေ့ကြုံခဲ့ကြတယ်။—“ယေဟောဝါကိုနာခံတာက အကာအကွယ်ဖြစ်စေ” ဆိုတဲ့ လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။

၂၀၊ ၂၁။ (က)  ယေဟောဝါအတွက် အမှုဆောင်တဲ့အခါ သင် ဘာကိုစိတ်ချနိုင်သလဲ။ (ခ) ဘုရင်ယောယကိမ်က ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကားကို ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၂၀ ဆန့်ကျင်သူတွေက ဘုရားသခင်အတွက် သင်အမှုဆောင်တာကို အခက်တွေ့စေနိုင်တယ်။ သူတို့က သင့်ရဲ့မိသားစုဝင်တွေ၊ အလုပ်ဖော်တွေ၊ အတန်းဖော်တွေ၊ ဒေသခံအာဏာပိုင်တွေဖြစ်နိုင်တယ်။ ဒါပေမဲ့ သင်က ဘယ်အခြေအနေပဲကြုံရပါစေ ယေဟောဝါကို တသွေမတိမ်း နာခံမယ်ဆိုရင် အခက်ခဲဆုံးအခြေအနေမှာတောင် ကိုယ်တော် ထောက်မပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ယေဟောဝါက ယေရမိကို ပြင်းထန်တဲ့ဆန့်ကျင်မှုတွေကြုံရတဲ့အခါ ထောက်မပေးမယ်လို့ ကတိပေးခဲ့ပြီး အဲဒီအတိုင်း လုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ (ယေရမိ ၁:၁၇-၁၉ ကိုဖတ်ပါ။) ဘုရားသခင်ထောက်မပေးခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ဘုရင်ယောယကိမ်လက်ထက်မှာ အထင်အရှားတွေ့နိုင်တယ်။

၂၁ အစ္စရေးဘုရင်တွေထဲမှာ ဘုရားသခင်ခန့်အပ်တဲ့ ပရောဖက်တွေကို ယောယကိမ်လောက် ဒေါသတကြီးဆန့်ကျင်တဲ့ဘုရင်တွေ နည်းပါတယ်။ ဒါကို ယေရမိရဲ့တစ်ခေတ်တည်းသား၊ ယေဟောဝါရဲ့ပရောဖက်ဥရိယအဖြစ်မှာ တွေ့နိုင်တယ်။ ဆိုးညစ်တဲ့ဘုရင်ယောယကိမ်က တခြားနိုင်ငံရဲ့နယ်နိမိတ်အထိဝင်ပြီး ဥရိယကိုဖမ်းခိုင်းတယ်။ သူ့ကိုဖမ်းခေါ်လာပြီးတဲ့နောက် သတ်ပစ်လိုက်တယ်။ (ယေ. ၂၆:၂၀-၂၃) ယောယကိမ်နန်းစံလေးနှစ်မှာ ယေဟောဝါက ယေရမိကို အဲဒီအချိန်ထိ သူပြောခဲ့တဲ့စကားတွေကို ရေးခိုင်းပြီး ဗိမာန်တော်မှာ အသံကျယ်ကျယ်ဖတ်ပြခိုင်းတယ်။ ယောယကိမ်က ယေရမိရဲ့စာလိပ်ကိုရတဲ့အခါ နန်းတွင်းအရာရှိတစ်ယောက်ကို ဖတ်ပြခိုင်းတယ်။ ဖတ်ပြနေတုန်းမှာပဲ ဘုရင်က စာလိပ်ကို ဆွဲဆုတ်ပစ်ပြီး မင်းညီမင်းသားတချို့ တားနေတဲ့ကြားက မီးထဲပစ်ချလိုက်တယ်။ အဲဒီနောက် လူလွှတ်ပြီး ယေရမိနဲ့ဗာရုတ်ကို ဖမ်းခိုင်းတယ်။ အဲဒီအခါ ဘာဖြစ်ခဲ့သလဲ။ “ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား” ပေးခဲ့တယ်။ (ယေ. ၃၆:၁-၆; ယေရမိ ၃၆:၂၁-၂၆ ကိုဖတ်ပါ။) ယေဟောဝါက သစ္စာရှိတဲ့ အဲဒီအမျိုးသားနှစ်ယောက်ကို ယောယကိမ် ဒုက္ခမပေးနိုင်အောင် ကာကွယ်ခဲ့တယ်။

ယေဟောဝါကိုနာခံတာက အကာအကွယ်ဖြစ်စေ

စပိန်နိုင်ငံက သက်သေခံလူငယ်တစ်ယောက်ဟာ ယေဟောဝါကိုနာခံတဲ့အတွက် အကျိုးကျေးဇူးအများကြီးရရှိခဲ့တယ်။ သူ ဒီလိုရေးတယ်– “ကျွန်တော့်အတန်းထဲက မိန်းကလေးတစ်ယောက်က ကျွန်တော်နဲ့ တွဲချင်နေတယ်။ သူက တော်တော်လှတယ်။ ဒါပေမဲ့ ယေဟောဝါကိုမချစ်တဲ့သူနဲ့တွဲတာက အန္တရာယ်ရှိတယ်ဆိုတာ ကျွန်တော်သိတယ်။

“အဲဒီအချိန်လောက်မှာပဲ အတန်းဖော်တွေက စာသင်နှစ်အကုန်ပိုင်းမှာလုပ်တဲ့ နှုတ်ဆက်ပွဲကိုတက်ဖို့ ကျွန်တော့်ကို အတင်းခေါ်ကြတယ်။ ကျမ်းစာမှာပါတဲ့အကြောင်းရင်းတွေကြောင့် လာနိုင်မှာမဟုတ်ဘူးလို့ သူတို့ကိုရှင်းပြတဲ့အခါ ကျွန်တော့်ကို မိုက်မိုက်ရိုင်းရိုင်းဆဲကြတယ်။ အပယ်ခံတစ်ယောက်လို ကျွန်တော်ခံစားခဲ့ရတယ်။ အဲဒီအကြောင်းကို အသင်းတော်ကအကြီးအကဲကို ပြောပြတဲ့အခါ သူက ‘ညီအစ်ကိုရဲ့ ဆုံးဖြတ်ချက်နဲ့ စာရိတ္တစံနှုန်းတွေကို မလေးစားတဲ့သူတွေက ညီအစ်ကိုအတွက် မိတ်ဆွေကောင်းတွေ ဖြစ်နိုင်ပါ့မလား’ လို့မေးတယ်။ သူ့စကားကြောင့် ကျွန်တော်အားရှိသွားပြီး အတန်းဖော်တွေရဲ့ဖိအားပေးမှုကို တွန်းလှန်ဖို့ အထောက်အကူရခဲ့တယ်။

“ကျွန်တော် အဲဒီလိုတွန်းလှန်ခဲ့တာ သိပ်မှန်တယ်။ အဲဒီပွဲမှာ ကောင်မလေးတစ်ယောက် မုဒိမ်းကျင့်ခံခဲ့ရတယ်။ အဲဒီညမှာပဲ ကျွန်တော့်အတန်းဖော်သုံးယောက်က အရက်မူးမူးနဲ့ကားမောင်းတဲ့အတွက် ယာဉ်တိုက်မှုဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ ကျွန်တော်သာ အဲဒီပွဲကိုသွားခဲ့ရင် ကျွန်တော်လည်း သူတို့နဲ့အတူ အဲဒီကားထဲမှာ ရှိနေနိုင်တယ်။ ကျောင်းမှာ ရွယ်တူချင်းတွေရဲ့ဖိအားပေးမှုကိုခံရတဲ့အခါ ယေဟောဝါက သူ့ကိုနာခံဖို့ ခွန်အားပေးခဲ့တဲ့အတွက် ကျွန်တော်ကျေးဇူးတင်လိုက်တာ။”

၂၂၊ ၂၃။ အာရှအလယ်ပိုင်းဒေသမှာရှိတဲ့ ညီအစ်မတစ်ယောက်ရဲ့တွေ့ကြုံမှုက ဘုရားသခင့်ထောက်မမှုနဲ့ပတ်သက်ပြီး သင့်ကို ဘာသိစေသလဲ။

၂၂ လိုအပ်မယ်ဆိုရင် ယေဟောဝါက ဒီနေ့ခေတ်ကျေးကျွန်တွေကိုလည်း အန္တရာယ်ကနေကာကွယ်ဖို့ ဝှက်ထားပေးနိုင်ပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ သူ့ကို ဆက်နာခံနိုင်အောင်၊ သတင်းကောင်းဆက်ဟောနိုင်အောင် သတ္တိနဲ့ဉာဏ်ပညာ ပေးလေ့ရှိတယ်။ ဂူလစ္စတန်လို့ခေါ်တဲ့ ကြင်ဖော်မဲ့မိခင်မှာ ကလေး,လေးယောက်ရှိတယ်။ သူဟာ ယေဟောဝါရဲ့ထောက်မမှုကို ရရှိခဲ့တယ်။ ကျယ်ပြောလှတဲ့ အာရှအလယ်ပိုင်းဒေသမှာ တစ်ဦးတည်းသောသက်သေခံအဖြစ် အချိန်အတော်ကြာ သူအမှုဆောင်ခဲ့တယ်။ အဲဒီဒေသမှာ အာဏာပိုင်တွေက ဟောပြောခြင်းလုပ်ငန်းကို ဆန့်ကျင်ကြတယ်။ အနီးဆုံးအသင်းတော်က မိုင် ၂၅၀ ကျော်[400 km]ဝေးတဲ့အတွက် ဂူလစ္စတန်ဟာ ရင့်ကျက်တဲ့ခရစ်ယာန်တွေနဲ့ တစ်ခါတလေမှသာ တွေ့ဆုံနိုင်တယ်။ ဆန့်ကျင်မှုနဲ့တခြားပြဿနာတွေကြုံရပေမဲ့ တစ်အိမ်တက်ဆင်းဟောပြောခဲ့ပြီး စိတ်ဝင်စားသူအတော်များများကို သူတွေ့ခဲ့တယ်။ မှတ်တမ်းအရ သူဟာ လူ ၂၀ ကျော်ကို ကျမ်းစာသင်ပေးနေပြီး ယေဟောဝါရဲ့သိုးတွေဖြစ်တဲ့ တိုးပွားလာနေတဲ့အုပ်စုကို ဂရုစိုက်ပေးနေတယ်။

၂၃ ဘုရားသခင်က ယေရမိနဲ့ ဂူလစ္စတန်လိုသက်သေခံတွေကို ကူညီခဲ့သလို သင်နဲ့ နာခံမှုရှိတဲ့တခြားကျေးကျွန်တွေကိုလည်း ကူညီဖို့အသင့်ရှိပါတယ်။ ဒါကြောင့် လူတွေကိုမဟုတ်ဘဲ ဘုရားသခင်ကိုသာ အုပ်စိုးရှင်အဖြစ်နာခံဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဒါဆိုရင် ဆန့်ကျင်မှုတွေနဲ့ တခြားအခက်အခဲတွေက တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင်ကို သင့်ရပ်ကွက်မှာရှိတဲ့သူတွေရှေ့ မချီးမွမ်းနိုင်အောင် သင့်ကိုတားဆီးနိုင်မှာမဟုတ်ဘူး။—ယေ. ၁၅:၂၀၊ ၂၁။

၂၄။ နာခံမှုက အခုအချိန်မှာ သင့်ကို ဘယ်လိုအကျိုးရှိစေသလဲ။

၂၄ ကျွန်တော်တို့က ဖန်ဆင်းရှင်နဲ့ကင်းကွာပြီးနေမယ်ဆိုရင် ဘဝမှာ စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ကျေနပ်ရောင့်ရဲမှု ရနိုင်မှာမဟုတ်ဘူး။ (ယေ. ၁၀:၂၃) နာခံမှုနဲ့ပတ်သက်ပြီး ယေရမိရေးသားခဲ့တာကို လေ့လာပြီးတဲ့နောက် ယေဟောဝါက သင့်ခြေလှမ်းတွေကို အခုထက်ပိုပြီး လမ်းညွှန်ပေးနိုင်အောင် သင့်ဘက်ကလုပ်ဆောင်ရမယ့်အရာတွေကို တွေ့သလား။ ကိုယ်တော်ရဲ့မိန့်မှာချက်တွေကပဲ စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့အောင်မြင်မှုရဖို့ လမ်းညွှန်ပေးနိုင်တယ်။ ‘ငါ့စကားကို နာခံပါ။ . . . ဒါမှ သင်တို့ကောင်းစားနိုင်မယ်’ လို့ ယေဟောဝါတိုက်တွန်းထားတယ်။—ယေ. ၇:၂၃။

ယေရမိကျမ်းမှာတွေ့ရတဲ့ နာခံမှုနဲ့ပတ်သက်တဲ့သင်ခန်းစာတွေကို ဘုရားသခင်နဲ့သင့်ရဲ့ဆက်ဆံရေးမှာ ဘယ်လိုကျင့်သုံးနိုင်သလဲ။

a ယေရမိ ၃၈:၂၀ (ကဘ)― “ဒါပေမဲ့ ယေရမိ ဒီလိုပြန်ပြောတယ်– ‘သူတို့ အဲဒီလို အပ်မှာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်ပြောမယ့် ယေဟောဝါရဲ့စကားကို နာခံပါ။ ဒါမှ မင်းကြီး ကောင်းစားပြီး အသက်ဆက်ရှင်လိမ့်မယ်။’ ”

b ဒါက မြောက်ပိုင်းအစ္စရေးဆယ်နွယ်နိုင်ငံကို ယေဟောဝါ ပြောနေတာဖြစ်တယ်။ ဒီစကားကို ယေရမိပြောနေချိန်မှာ သူတို့က ပြည်နှင်ခံရတာ အနှစ် ၁၀၀ လောက်ရှိပြီ။ သူတို့က အခုချိန်ထိ နောင်တမရကြသေးဘူးလို့ ယေရမိပြောခဲ့တယ်။ (၄ ရာ. ၁၇:၁၆-၁၈၊ ၂၄၊ ၃၄၊ ၃၅) ဒါပေမဲ့ တစ်ဦးချင်းအနေနဲ့တော့ ဘုရားသခင့်မျက်နှာသာပြန်ရနိုင်ပြီး ပြည်နှင်ခံရတဲ့နေရာကနေတောင် ပြန်လာနိုင်တယ်။

c မြည်တမ်းစကား ၃:၄၀၊ ၄၁ (ကဘ)― “ငါတို့ရဲ့လမ်းစဉ်တွေကို သေချာရှာဖွေဆန်းစစ်ပြီး ယေဟောဝါဆီ လုံးလုံးလျားလျားပြန်သွားကြစို့။ ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ဆီ စိတ်ရင်းမှန်နဲ့ အသနားခံပြီး လက်ဖြန့်ဆုတောင်းကြစို့။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ