အမှုတော်ဆောင်အဖြစ် တိုးတက်နေပါ
၁။ အမှုတော်ဆောင်အဖြစ် တိုးတက်နေရမယ်ဆိုတာ ပထမရာစုရှိ ဘယ်ဥပမာတွေက ဖော်ပြသလဲ။
၁ ခရစ်ယာန်တွေဟာ အမှုတော်ဆောင်အဖြစ် တိုးတက်နေသင့်တယ်။ ဒါကြောင့် ယေရှုက ဟောပြောခြင်းစွမ်းရည် တိုးတက်လာဖို့ နောက်လိုက်တွေကို လေ့ကျင့်ပေးခဲ့တယ်။ (လု. ၉:၁-၅; ၁၀:၁-၁၁) ပြစ်ကိလနဲ့ အာကုလတို့ဟာ အာပေါလုနဲ့ ပေါင်းသင်းပြီး သူ့ကို “ဘုရားသခင်၏ လမ်းစဉ်တော်အကြောင်းကို သာ၍မှန်ကန်စွာ ရှင်းလင်းဖော်ပြ” ပေးခဲ့ကြတယ်။ (တ. ၁၈:၂၄-၂၆) အလားတူပါပဲ၊ သွန်သင်ခြင်းလုပ်ငန်းမှာ တိုးတက်အောင် ကြိုးစားနေဖို့ အတွေ့အကြုံရှိတဲ့ အမှုတော်ဆောင်တိမောသေကို ပေါလု အားပေးခဲ့တယ်။ ဒါမှသာ တိမောသေရဲ့တိုးတက်မှုက “လူအပေါင်းတို့ရှေ့” ထင်ရှားလာမှာဖြစ်တယ်။ (၁ တိ. ၄:၁၃-၁၅) ဟောပြောသူအဖြစ် သခင်ရဲ့လုပ်ငန်းမှာ အမှုဆောင်ခဲ့တာ ဘယ်လောက်ပဲ ကြာခဲ့ပါစေ ကျွန်ုပ်တို့အားလုံးဟာ ဟောပြောခြင်းစွမ်းရည် ဆက်လက်တိုးတက်အောင် ကြိုးစားနေရမှာဖြစ်တယ်။
၂။ အချင်းချင်းဆီကနေ ဘယ်လိုသင်ယူနိုင်မလဲ။
၂ အချင်းချင်းဆီကနေ သင်ယူပါ– စွမ်းရည်တိုးတက်နိုင်မယ့် နည်းလမ်းတစ်ခုက အချင်းချင်းဆီကနေ သင်ယူခြင်းဖြစ်တယ်။ (သု. ၂၇:၁၇) ဒါကြောင့် ညီအစ်ကိုညီအစ်မတွေ ဟောပြောနေချိန်မှာ အာရုံစိုက်နားထောင်ပါ။ ဟောပြောခြင်းစွမ်ရည်ရှိတဲ့သူတွေဆီကနေ သတ်သတ်မှတ်မှတ် အကြံပြုချက် တောင်းပါ။ သူတို့ရဲ့အကြုံပြုချက်ကို သေသေချာချာ နားထောင်ပါ။ (သု. ၁:၅) လည်ပတ်မှု၊ ကျမ်းစာသင်အံမှုနဲ့ အမှုဆောင်လုပ်ငန်းရဲ့ အသွင်ပြင်တစ်ခုခုကို ဘယ်လိုလုပ်ရမှန်း မရေရာမသေချာ ဖြစ်နေပါသလား။ ဒါဆို လေ့ကျင့်မှုခံယူဖို့ အုပ်စုကြီးကြပ်မှူး ဒါမှမဟုတ် အတွေ့အကြုံရှိတဲ့ ကြေညာသူတွေဆီသွားပြီး ကိုယ့်ဘက်က အစပြု တောင်းဆိုပါ။ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော်ကလည်း သင့်ရဲ့စွမ်းရည်တွေ တိုးတက်လာအောင် ကူညီပေးနိုင်တယ်ဆိုတာ သတိရပါ။ ဒါကြောင့် စွမ်းအားတော်ရဖို့ မှန်မှန် ဆုတောင်းပါ။—လု. ၁၁:၁၃။
၃။ ကိုယ်က မတောင်းဆိုဘဲ အကြံပြုချက် ရရှိတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်သလဲ။
၃ တိုးတက်မှုအတွက် ကိုယ်ကမတောင်းဆိုဘဲ အကြံပြုချက်ရရှိတဲ့အခါ စိတ်မဆိုးပါနဲ့။ (ဒေ. ၇:၉) အာပေါလုလိုပဲ အကူအညီကို ကျေးဇူးတင်လေးမြတ်စိတ်နဲ့ နှိမ့်ချစွာ လက်ခံပါ။ အဲဒီလိုလက်ခံတာက ပညာရှိကြောင်း ပြသရာရောက်တယ်။—သု. ၁၂:၁၅။
၄။ ဟောပြောသူအဖြစ် ဆက်လက်တိုးတက်ဖို့လိုကြောင်း ဘယ်ခိုင်လုံတဲ့အကြောင်းရင်းကို ယေရှု ပေးခဲ့သလဲ။
၄ တိုးတက်မှုက ဘုရားသခင့် ဘုန်းတော်ထင်ရှားစေ– နောက်လိုက်တွေ အမှုတော်ဆောင်သူတွေအဖြစ် တိုးတက်လာအောင် ပုံဥပမာတစ်ခုသုံးပြီး ယေရှု အားပေးခဲ့ပါတယ်။ ယေရှုက သူ့ကိုယ်သူ စပျစ်ပင်အဖြစ်၊ ဘိသိက်ခံခရစ်ယာန်တွေကို အကိုင်းအခက်တွေအဖြစ် တင်စားဖော်ပြခဲ့တယ်။အသီးသီးတဲ့အကိုင်းအခက်တွေကို ဘုရားသခင် ရှင်းလင်းပေးတယ်၊ ဒါမှ “သာ၍အသီးသီး” နိုင်မှာဖြစ်တယ်လို့ ယေရှု ပြောခဲ့တယ်။ (ယော. ၁၅:၂) စပျစ်ခြံပိုင်ရှင်က စပျစ်ပင်တွေရဲ့ အကိုင်းအခက်တွေမှာ ဝေဝေဆာဆာ အသီးသီးတာကို လိုချင်သလို ယေဟောဝါဘုရားသခင်ကလည်း “နှုတ်ခမ်းအသီး” သီးနိုင်ဖို့ ကျွန်ုပ်တို့စွမ်းရည်ကို တိုးတက်စေချင်ပါတယ်။ (ဟေဗြဲ ၁၃:၁၅) ဟောပြောသူတစ်ဦးအဖြစ် တိုးတက်အောင် လုပ်ဆောင်တဲ့အခါ ကျေနပ်ဖွယ်ကောင်းတဲ့ ဘယ်ရလဒ်ထွက်ပေါ်လာမလဲ။ “သင်တို့သည် အသီးများစွာ သီးနေခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော် ထင်ရှား” စေတယ်လို့ ယေရှု ဖြေဆိုပေးခဲ့တယ်။—ယော. ၁၅:၈။