ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ia အခန်း ၁၀ စာ. ၈၄-၉၁
  • စစ်မှန်တဲ့ ဝတ်ပြုရေးဘက် သူရပ်တည်ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်တဲ့ ဝတ်ပြုရေးဘက် သူရပ်တည်ခဲ့
  • သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရှိန်မြင့်လာတဲ့ အားပြိုင်မှု
  • အစ္စရေးလူတွေ ဘယ်လိုနည်းနဲ့ ချီတုံချတုံ ဖြစ်နေကြသလဲ
  • အဆုံးအဖြတ်ပေးတဲ့ စမ်းသပ်မှု
  • အဖြေရ
  • သူသည် စစ်မှန်သောဝတ်ပြုရေးဘက် ရပ်တည်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • စစ်မှန်သောဘုရားသခင်ကို ဧလိယချီးမြှောက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သင်သည် ဧလိယကဲ့သို့ သစ္စာရှိမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ကရမေလတောင်ပေါ်မှာ စမ်းသပ်မှုတစ်ခု ပြုလုပ်ကြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
ia အခန်း ၁၀ စာ. ၈၄-၉၁
ပရောဖက် ဧလိယ

အခန်း တစ်ဆယ်

စစ်မှန်တဲ့ ဝတ်ပြုရေးဘက် သူ ရပ်တည်ခဲ့

၁၊ ၂။ (က) ဧလိယရဲ့လူတွေ ဘာဒုက္ခ ကြုံနေရသလဲ။ (ခ) ကရမေလတောင်ပေါ်မှာ ဧလိယ ဘယ်သူတွေနဲ့ ရင်ဆိုင်နေရသလဲ။

ဧလိယဟာ ကရမေလတောင်ပေါ်ကို လေးလံတဲ့ ခြေလှမ်းတွေနဲ့ တက်လာကြတဲ့ လူအုပ်ကို ကြည့်နေတယ်။ ဒီလူအုပ်ရဲ့ ဆင်းရဲမွဲတေတဲ့ အဖြစ်ကို ဝေလီဝေလင်း အလင်းရောင်မှာတောင် ထင်ထင်ရှားရှား မြင်နေရတယ်။ သုံးနှစ်ခွဲ မိုးခေါင်ခဲ့လို့ သူတို့ အကြီးအကျယ် ဒုက္ခရောက်ခဲ့တယ်။

၂ ယေဟောဝါရဲ့ ပရောဖက် ဧလိယကို အရမ်းမုန်းတဲ့ ဗာလရဲ့ ပရောဖက် ၄၅၀ ကတော့ မောက်မာဝင့်ကြွားတဲ့ ဟန်ပန်နဲ့ အဲဒီလူအုပ်ကြားမှာ လျှောက်လာတယ်။ ယေဟောဝါရဲ့ကျေးကျွန် အတော်များများကို မိဖုရားယေဇဗေလ သတ်ဖြတ်ခဲ့ပေမဲ့ ဧလိယကတော့ ယေဟောဝါဘုရားဘက် မားမားမတ်မတ် ရပ်တည်နေတုန်းပါပဲ။ ဒါပေမဲ့ ဘယ်လောက်ကြာကြာ ရပ်တည်နိုင်မှာလဲ။ ဒီလူက ငါတို့ကိုကြောက်ပြီး အရှုံးပေးမှာပဲလို့ ဗာလရဲ့ ပုရောဟိတ်တွေ တွေးနေမှာ သေချာတယ်။ (၁ ဘု. ၁၈:၄၊ ၁၉၊ ၂၀) ဘုရင်အာဟပ်လည်း မြင်းရထားစီးပြီး ရောက်လာတယ်။ သူလည်း ဧလိယကို ကြည့်လို့မရဘူး။

၃၊ ၄။ (က) ဧလိယ ဘာကြောင့် ကြောက်နေနိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

၃ တစ်ယောက်တည်းဖြစ်နေတဲ့ ဒီပရောဖက်ဟာ ရှေ့မှာ ထူးခြားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရတော့မယ်။ ဘယ်ဘုရားက ပိုတန်ခိုးကြီးသလဲဆိုတာ တောင်ပေါ်တက်လာတဲ့ လူတွေ မကြာခင် မြင်ရတော့မှာကို ဧလိယ သိထားတယ်။ အဲဒီနေ့ အရုဏ်တက်တဲ့အခါ သူ ဘယ်လို ခံစားနေရမလဲ။ “ကျွန်တော်တို့လိုပဲ ခံစားချက်ရှိတဲ့ လူတစ်ယောက်” ဖြစ်တဲ့ ဧလိယ ကြောက်ရင် ကြောက်နေမှာပေါ့။ (ယာကုပ် ၅:၁၇ ကိုဖတ်ပါ။) သေချာတာတစ်ခုကတော့ ဧလိယဟာ သစ္စာမရှိသူတွေ၊ အယူဖောက်ပြန်တဲ့ ဘုရင်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပုရောဟိတ်တွေကြားမှာ တစ်ယောက်တည်း ဖြစ်နေတယ်လို့ ခံစားနေရတယ်။—၁ ဘု. ၁၈:၂၂။

၄ အစ္စရေးလူမျိုးဟာ ဘာကြောင့် ဒီအခြေအနေမျိုး ကြုံနေရတာလဲ။ ဒီမှတ်တမ်းက သင်နဲ့ ဘယ်လို သက်ဆိုင်ပါသလဲ။ ဧလိယရဲ့ ယုံကြည်ခြင်းနဲ့ သူရဲ့ စံနမူနာကနေ ဘာသင်ယူနိုင်သလဲ ဆိုတာ သုံးသပ်ကြည့်ကြစို့။

အရှိန်မြင့်လာတဲ့ အားပြိုင်မှု

၅၊ ၆။ (က) အစ္စရေးလူတွေ ဘယ်အခြေအနေမျိုးမှာ ရှိနေသလဲ။ (ခ) ဘုရင်အာဟပ်က ယေဟောဝါဘုရားကို ဘယ်လိုနည်းတွေနဲ့ ပြစ်မှားနေသလဲ။

၅ ဧလိယဟာ စစ်မှန်တဲ့ဝတ်ပြုရေး လျစ်လျူရှုခံရတာ၊ ဖိနှိပ်ခံရတာတွေကို တွေ့နေရပေမဲ့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အစ္စရေးလူတွေဟာ စစ်မှန်တဲ့ ဘာသာအစား မှားယွင်းတဲ့ ဘာသာကို ရွေးချယ်ခဲ့တာ၊ ယေဟောဝါဘုရားကို ဝတ်ပြုမယ့်အစား ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ မှားယွင်းတဲ့ ဘုရားတွေကို ဝတ်ပြုနေကြတာ တော်တော်ကြာပြီ။ ဧလိယလက်ထက်မှာ ရုပ်တုကိုးကွယ်မှုဟာ တော်တော် အခြေအနေဆိုးတယ်။

၆ ဆိုင်ဒုန်ဘုရင်ရဲ့သမီး ယေဇဗေလကို သူလက်ထပ်ခဲ့တယ်။ ယေဇဗေလဟာ အစ္စရေးနိုင်ငံမှာ ဗာလဝတ်ပြုရေး ပျံ့နှံ့စေဖို့၊ စစ်မှန်တဲ့ဝတ်ပြုရေးကို အမြစ်ပြတ် ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ထားတယ်။ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ သူဟာ အာဟပ်ကို ကြိုးကိုင် ခြယ်လှယ်တော့တယ်။ အာဟပ်က ဗာလအတွက် ဗိမာန်နဲ့ ယဇ်ပလ္လင် တည်ဆောက်ပြီး အဲဒီဘုရားကို ဝတ်ပြုရာမှာ ဦးဆောင်ခဲ့တယ်။ ဒီလိုနည်းတွေနဲ့ သူဟာ ယေဟောဝါဘုရားကို ပြစ်မှားနေတယ်။—၁ ဘု. ၁၆:၃၀-၃၃။

၇။ (က) ဗာလဝတ်ပြုရေးက ဘာကြောင့် ရွံစရာ ကောင်းသလဲ။ (ခ) ဧလိယခေတ်က မိုးခေါင်တဲ့ အချိန်ကာလနဲ့ ပတ်သက်ပြီး ကျမ်းစာဖော်ပြချက်တွေက ရှေ့နောက်ညီတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၇ ဗာလဝတ်ပြုရေးက ဘာကြောင့် ရွံစရာ ကောင်းတာလဲ။ ဒီဝတ်ပြုရေးကြောင့် အစ္စရေးလူ အတော်များများဟာ စစ်မှန်တဲ့ဘုရား ယေဟောဝါနဲ့ ဝေးကွာသွားကြတယ်။ ဒီဝတ်ပြုရေးဟာ ရွံစရာကောင်းပြီး ရက်စက်ကြမ်းကြုတ်တယ်။ သူတို့ ဝတ်ပြုတဲ့ နေရာတွေမှာ ပြည့်တန်ဆာယောက်ျား၊ မိန်းမတွေ ရှိတယ်။ အဲဒီအပြင် လိင်မှုဖောက်ပြန်တဲ့ ပွဲတွေလုပ်ပြီး ကလေးတွေကိုတောင် ယဇ်ပူဇော်ကြတယ်။ ဒါကြောင့် ယေဟောဝါဘုရားက အာဟပ်ဆီ ဧလိယကို စေလွှတ်ပြီး မိုးခေါင်စေမယ့်အကြောင်း ကြေညာခိုင်းတယ်။ မိုးခေါင်မယ့်အချိန် ကုန်ဆုံးပြီလို့ ဘုရားသခင့်ပရောဖက် မပြောမချင်း ဆက်မိုးခေါင်နေမှာဖြစ်တယ်။ (၁ ဘု. ၁၇:၁) နှစ်အတော်ကြာ မိုးခေါင်ပြီးနောက်မှ ဧလိယက အာဟပ်ဆီသွားပြီး လူတွေနဲ့ ဗာလပရောဖက်တွေကို ကရမေလတောင်ပေါ်မှာ စုဝေးကြဖို့ ပြောတယ်။a

ဗာလဝတ်ပြုရေးရဲ့ အဓိက အသွင်အပြင်တွေဟာ အခုအချိန်အထိ ထင်ထင်ရှားရှား ရှိနေတုန်းပါပဲ

၈။ ဗာလဝတ်ပြုရေးနဲ့ ပတ်သက်တဲ့ ဒီမှတ်တမ်းက ကျွန်တော်တို့အတွက် ဘာကြောင့် အကျိုးရှိသလဲ။

၈ အဲဒီအဖြစ်အပျက်က  ကျွန်တော်တို့အတွက်  ဘာအဓိပ္ပာယ်ရှိသလဲ။ ကျွန်တော်တို့ ဝန်းကျင်မှာ ဗာလဗိမာန်တွေနဲ့ ယဇ်ပလ္လင်တွေကို မတွေ့ရတဲ့အတွက် ဗာလဝတ်ပြုရေးဟာ အခုခေတ်နဲ့ မသက်ဆိုင်ဘူးလို့ တချို့ ယူမှတ်နိုင်တယ်။ ဒါပေမဲ့ ဒီမှတ်တမ်းဟာ ရာဇဝင်လောက်ပဲ မဟုတ်ပါဘူး။ (ရော. ၁၅:၄) “ဗာလ” ဆိုတဲ့စကားလုံးဟာ “ပိုင်ရှင်” ဒါမှမဟုတ် “သခင်” လို့ အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် ယေဟောဝါဘုရားက အစ္စရေးတွေကို သူတို့ရဲ့ “ဗာလ” ဒါမှမဟုတ် သူတို့ကိုပိုင်တဲ့ ခင်ပွန်းအဖြစ် ကိုယ်တော့်ကို ရွေးချယ်သင့်တယ်လို့ မိန့်ဆိုခဲ့တယ်။ (ဟေရှာ. ၅၄:၅) ဒီနေ့ခေတ် လူတွေဟာ တန်ခိုးအကြီးဆုံးအရှင် ဘုရားသခင်အစား သခင်အမျိုးမျိုးကို အစေခံနေကြတယ်။ ငွေကြေး၊ အသက်မွေးလုပ်ငန်း၊ အပန်းဖြေမှု၊ လိင်အပျော်အပါးတွေမှာ ကိုယ့်ဘဝကို နှစ်မြှုပ်ထားတဲ့အခါ ဒါမှမဟုတ် မရေတွက်နိုင်တဲ့ တခြားဘုရားတွေကို ဝတ်ပြုတဲ့အခါ သူတို့ဟာ ယေဟောဝါဘုရားအစား တခြားသခင်တစ်ဦးကို ရွေးချယ်ပြီး အစေခံနေတာပဲ။ (မ. ၆:၂၄။ ရောမ ၆:၁၆ ကိုဖတ်ပါ။) ဗာလဝတ်ပြုရေးရဲ့ အဓိက အသွင်အပြင်တွေဟာ အဲဒီလိုပုံစံမျိုးနဲ့ အခုအချိန်အထိ ထင်ထင်ရှားရှား ရှိနေတုန်းပါပဲ။ ဗာလနဲ့ ယေဟောဝါဘုရားစပ်ကြား အားပြိုင်မှုကို ပြန်သုံးသပ်တာက ဘယ်သူ့ကို ကျွန်တော်တို့ အစေခံမလဲဆိုတာ ပညာရှိရှိ ဆုံးဖြတ်ဖို့ ကူညီပေးနိုင်တယ်။

အစ္စရေးလူတွေ ဘယ်လိုနည်းနဲ့ ချီတုံချတုံ ဖြစ်နေကြသလဲ

၉။ (က) ဗာလဝတ်ပြုရေးရဲ့ လိမ်ညာမှုကို ဖော်ထုတ်ဖို့ ကရမေလတောင်ဟာ ဘာကြောင့် အကောင်းဆုံးနေရာ ဖြစ်သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။) (ခ) လူအုပ်ကို ဧလိယ ဘာပြောခဲ့သလဲ။

၉ လေထန်တဲ့ ကရမေလတောင်ထိပ်ကနေ ကြည့်လိုက်ရင် ကိရှုန်ချောင်း ချိုင့်ဝှမ်း၊ မြေထဲပင်လယ်နဲ့ ဟိုးမြောက်ဘက်က လေဗနုန်တောင်တန်းတွေအထိ မြင်ကွင်းကျယ်ကြီးကို မြင်နေရတယ်။b ဒါပေမဲ့ နေထွက်လာလေ ဒီဒေသရဲ့ စိတ်ပျက်စရာ အခြေအနေတွေ ထင်ရှားလာလေပဲ။ အာဗြဟံရဲ့ ဆွေစဉ်မျိုးဆက်ကို ယေဟောဝါဘုရားပေးခဲ့တဲ့၊ တစ်ချိန်က စိုစိုပြည်ပြည်ရှိခဲ့တဲ့ ဒီမြေကြီးဟာ အခုတော့ ခြောက်သွေ့ပြီး ပက်ကြားအက် နေတယ်။ ချစ်ချစ်တောက် နေပူရှိန်ကြောင့် မြေကြီးဟာ မာကျစ်နေတယ်။ ဘုရားသခင့်လူမျိုးရဲ့ မိုက်မဲမှုကြောင့် ပြည်တော်ဟာ ရစရာမရှိအောင် ပျက်စီးနေပြီ။ လူတွေ စုဝေးလာတဲ့အခါ ဧလိယက “ခင်ဗျားတို့ အယူအဆ နှစ်ခုကြားမှာ ဘယ်လောက်ကြာကြာ ချီတုံချတုံ ဖြစ်နေကြမှာလဲ။ ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင်ဆိုရင် ကိုယ်တော့်နောက်ကို လိုက်ကြ။ ဗာလဟာ စစ်မှန်တဲ့ ဘုရားသခင်ဆိုရင် သူ့နောက်ကို လိုက်ကြ” လို့ ပြောတယ်။—၁ ဘု. ၁၈:၂၁။

၁၀။ ဧလိယရဲ့ လူတွေဟာ ဘယ်လိုနည်းနဲ့ “အယူအဆနှစ်ခုကြားမှာ . . . ချီတုံချတုံ ဖြစ်နေ” ကြသလဲ။ အရေးကြီးတဲ့ ဘယ်အမှန်တရားကို သူတို့ မေ့နေကြသလဲ။

၁၀ “အယူအဆနှစ်ခုကြားမှာ . . . ချီတုံချတုံ ဖြစ်နေ” တယ်ဆိုတဲ့ ဧလိယရဲ့စကားက ဘာကို ဆိုလိုသလဲ။ ယေဟောဝါဘုရားနဲ့ ဗာလ၊ တစ်ပါးပါးကို ပြတ်ပြတ်သားသား ရွေးချယ်ဝတ်ပြုရမယ်ဆိုတာ အဲဒီလူတွေ သဘောမပေါက်တာကို ဆိုလိုတယ်။ လမ်းစဉ် နှစ်ခုစလုံးကို တစ်ပြိုင်နက် လိုက်လို့ရတယ်လို့ သူတို့ ထင်နေကြတာ။ ရွံစရာကောင်းတဲ့ ဓလေ့တွေနဲ့ ဗာလကို ဝတ်ပြုပြီး တစ်ချိန်တည်းမှာ ယေဟောဝါဘုရားရဲ့ နှစ်သက်မှု ရနိုင်တယ်လို့ ထင်နေတယ်။ “ဗိုလ်ခြေတို့ရဲ့အရှင်” ယေဟောဝါက စစ်ပွဲမှာ သူတို့ကို ကာကွယ်ပေးပြီး ဗာလက သူတို့ရဲ့ ကောက်ပဲသီးနှံတွေနဲ့ တိရစ္ဆာန်အုပ်တွေကို ဖြစ်ထွန်းတိုးပွားစေမယ်လို့ ထင်နေကြတယ်။ (၁ ရှ. ၁၇:၄၅) အရေးကြီးတဲ့ အမှန်တရားတစ်ခုကို သူတို့ မေ့နေကြတယ်။ ဒီနေ့အချိန်မှာလည်း အဲဒီအမှန်တရားကို လူတွေ သဘောမပေါက်ကြဘူး။ အဲဒီအမှန်တရားကတော့ ယေဟောဝါဘုရားဟာ သူ့ကို တခြားဘုရားတွေနဲ့ ရောနှောဝတ်ပြုတာကို လက်မခံနိုင်ဘူး ဆိုတာပါပဲ။ ယေဟောဝါဟာ မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုပြီး ဒီလိုဝတ်ပြုမှုမျိုးကို ရထိုက်တဲ့အရှင်လည်း ဖြစ်တယ်။ ယေဟောဝါဘုရားကို တခြားဘုရားတွေနဲ့အတူ ရောနှောဝတ်ပြုတာကို ကိုယ်တော် လုံးဝ လက်မခံတဲ့အပြင် ဒါက စိတ်ဆိုးစရာတောင် ဖြစ်တယ်။—ထွက်မြောက်ရာ ၂၀:၅ ကိုဖတ်ပါ။

၁၁။ ကရမေလတောင်ပေါ်မှာ ဧလိယပြောခဲ့တဲ့ စကားတွေက ကျွန်တော်တို့ ဦးစားထားရာတွေနဲ့ ဝတ်ပြုကိုးကွယ်မှုကို ပြန်ဆန်းစစ်ကြည့်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၁ ဒါကြောင့် အဲဒီ အစ္စရေးတွေဟာ လမ်းနှစ်လမ်းကို တစ်ပြိုင်တည်းလျှောက်ဖို့ ကြိုးစားနေတဲ့ သူနဲ့ တူနေတယ်။ ဒီနေ့ခေတ် လူတွေလည်း သူတို့အသက်တာမှာ ယေဟောဝါဘုရားကို ဘေးဖယ်ပြီး ဗာလနဲ့တူတဲ့ တခြားအရာတွေကို နေရာပေးထားတယ်။ ဒီလိုနည်းနဲ့ အစ္စရေးတွေလို အမှားလုပ်နေကြတယ်။ ချီတုံချတုံမဖြစ်ဖို့ ဧလိယ အရေးတကြီး ပြောတဲ့စကားက ကျွန်တော်တို့ ဘာကို ဦးစားထားတယ်၊ ဘယ်လို ဝတ်ပြုကိုးကွယ်နေတယ် ဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ ကူညီပေးနိုင်တယ်။

အဆုံးအဖြတ်ပေးတဲ့ စမ်းသပ်မှု

၁၂၊ ၁၃။ (က) ဘယ်လိုစမ်းသပ်ဖို့ ဧလိယ အကြံပြုလိုက်သလဲ။ (ခ) ကျွန်တော်တို့လည်း ဘုရားသခင်ကို ဧလိယလို ယုံကြည်စိတ်ချကြောင်း ဘယ်လိုပြနိုင်မလဲ။

၁၂ ဧလိယဟာ စမ်းသပ်မှုတစ်ခုလုပ်ဖို့ အကြံပြုလိုက်တယ်။ အဲဒီစမ်းသပ်မှုကတော့ ရိုးရိုးလေးပါပဲ။ ဗာလ ပုရောဟိတ်တွေဟာ ယဇ်ပလ္လင်တစ်ခု တည်ပြီး အဲဒီအပေါ်မှာ ပူဇော်ရာယဇ်ကို တင်ထားရမယ်။ ပြီးတဲ့နောက် အဲဒီယဇ်ကို မီးလောင်ကျွမ်းစေဖို့ သူတို့ရဲ့ ဘုရားဆီ ဆုတောင်းရမယ်။ ဧလိယလည်း အဲဒီလိုပဲ လုပ်မယ်။ “မီးနဲ့ထူးတဲ့ ဘုရားသခင်ဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲ” လို့ သူ ဆက်ပြောတယ်။ ဘယ်သူဟာ စစ်မှန်တဲ့ ဘုရားဖြစ်မှန်း ဧလိယ ကောင်းကောင်း သိပါတယ်။ သူ့ရဲ့ယုံကြည်ခြင်းက အလွန်ခိုင်ခံ့တဲ့အတွက် ဗာလပရောဖက်တွေ လုပ်နိုင်တာမှန်သမျှ အရင်လုပ်ဖို့ ခွင့်ပေးခဲ့တယ်။ ဒါနဲ့ သူတို့ ယဇ်ပူဇော်ဖို့ နွားတစ်ကောင်ရွေးပြီး ဗာလဘုရားဆီ ဆုတောင်းကြတယ်။c—၁ ဘု. ၁၈:၂၄၊ ၂၅။

၁၃ အခုခေတ်က အံ့ဖွယ်အမှုတွေ လုပ်တဲ့ခေတ် မဟုတ်တော့ဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားကတော့ မပြောင်းလဲဘူး။ ယေဟောဝါကို ဧလိယ ယုံကြည်စိတ်ချသလို ကျွန်တော်တို့လည်း ယုံကြည်စိတ်ချနိုင်ပါတယ်။ ဥပမာ၊ တခြားသူတွေက ကျမ်းစာသွန်သင်ချက်တွေကို သဘောမတူတဲ့အခါ သူတို့ရဲ့ ယုံကြည်ချက်ကို အရင်ဆုံး ပြောဆိုခွင့်ပေးဖို့ ကျွန်တော်တို့ မစိုးရိမ်ဘူး။ စစ်မှန်တဲ့ဘုရားက ကိစ္စရပ်တွေကို ဖြေရှင်းပေးမယ်လို့ ဧလိယ စိတ်ချသလို ကျွန်တော်တို့လည်း ယုံကြည်စိတ်ချနိုင်ပါတယ်။ ဒီလိုစိတ်ချနိုင်တာက ကိုယ့်ကိုယ်ကိုယ်မဟုတ်ဘဲ “အမှားတွေ ဖော်ထုတ်” ဖို့ ရေးသားထားတဲ့ သမ္မာကျမ်းစာကို အားထားကြလို့ပါ။—၂ တိ. ၃:၁၆။

ဗာလဝတ်ပြုရေးဟာ အဓိပ္ပာယ်မရှိတဲ့ အလိမ်အညာ သက်သက် ဖြစ်တယ်ဆိုတာ ဧလိယ ကောင်းကောင်း သိထားပြီး အဲဒီအချက်ကို ဘုရားသခင့် လူတွေကိုလည်း သိစေချင်

၁၄။ ဗာလရဲ့ ပရောဖက်တွေကို ဧလိယ ဘယ်လို ခနဲ့တဲ့တဲ့ ပြောခဲ့သလဲ။ ဘာကြောင့်လဲ။

၁၄ ဗာလ ပရောဖက်တွေဟာ ယဇ်ကောင်ကို ပြင်ဆင်ပြီး သူတို့ရဲ့ဘုရားကို အော်ခေါ်ကြတော့တယ်။ “ဗာလဘုရား၊ ကျွန်တော်တို့ကို ပြန်ထူးပါ” လို့ အကြိမ်ကြိမ် အော်ခေါ်ကြတယ်။ အချိန်သာကုန်သွားတယ် “ဘာအသံမှ မကြားရဘူး။ ပြန်ထူးတဲ့သူလည်း မရှိဘူး” လို့ကျမ်းစာက ဆိုတယ်။ နေ့လယ်ရောက်တော့ ဧလိယက သူတို့ကို စပြီး ခနဲ့ပါလေရော။ သူတို့ အော်ခေါ်နေတဲ့ ဗာလဟာ သူတို့ကို ပြန်မထူးနိုင်တဲ့အထိ အလုပ်များနေတာ၊ အပေါ့အပါး သွားနေတာ၊ အိပ်ပျော်နေတာများလား၊ တစ်ယောက်ယောက်ကို သွားနှိုးခိုင်းမှပဲ ဆိုပြီး ပြောင်လှောင်တယ်။ “ခပ်ကျယ်ကျယ် အော်ခေါ်စမ်းပါ” ဆိုပြီးတော့လည်း ဧလိယက အဲဒီဆရာသမား ယောင်ဆောင်သူတွေကို ရွဲ့ပြောလိုက်တယ်။ ဒီဗာလဝတ်ပြုရေးဟာ အဓိပ္ပာယ်မရှိတဲ့ အလိမ်အညာ သက်သက်ပဲဆိုတာ ဧလိယ ကောင်းကောင်းသိသလို ဘုရားသခင့် လူတွေကိုလည်း သိစေချင်လို့ပါ။—၁ ဘု. ၁၈:၂၆၊ ၂၇။

၁၅။ ဗာလပုရောဟိတ်တွေရဲ့ အဖြစ်ကနေ ဘာသင်ယူနိုင်သလဲ။

၁၅ ဧလိယရဲ့စကားကို တုံ့ပြန်တဲ့အနေနဲ့ ဗာလပုရောဟိတ်တွေဟာ ပိုပြီးတောင် သွေးရူးသွေးတန်း ဖြစ်လာကြပြီး “အသံကုန် အော်ခေါ်ကြတယ်။ သူတို့ရဲ့ ထုံးစံအတိုင်း ကိုယ့်အသားကို ဓားမြှောင်တွေ၊ လှံတွေနဲ့ မွှန်းပြီး တစ်ကိုယ်လုံး သွေးသံရဲရဲ ဖြစ်နေကြတယ်။” ဒါပေမဲ့ ဘာမှ မထူးခြားဘူး။ “ပြန်ထူးတဲ့သူ၊ အရေးလုပ်တဲ့သူလည်း မရှိဘူး။” (၁ ဘု. ၁၈:၂၈၊ ၂၉) ဗာလဘုရားဆိုတာ ရှိမှမရှိတာ။ လူတွေကို ယေဟောဝါဆီကနေ ဝေးကွာသွားစေဖို့ စာတန် ဖန်တီးထားတာ။ ယေဟောဝါဘုရားကို မဟုတ်ဘဲ တခြားသခင် တစ်ပါးပါးကို ရွေးချယ်မယ်ဆိုရင် စိတ်ပျက်စရာ၊ အရှက်ရစရာပဲ ဖြစ်ပါလိမ့်မယ်။—ဆာလံ ၂၅:၃။ ၁၁၅:၄-၈ ကိုဖတ်ပါ။

အဖြေရ

၁၆။ (က) ကရမေလတောင်ပေါ်က ယေဟောဝါဘုရားရဲ့ ပူဇော်ရာပလ္လင်ကို ဧလိယ ပြုပြင်လိုက်တာက လူတွေကို ဘာပြန်သတိရစေသလဲ။ (ခ) ဘုရားသခင်ကို ဧလိယ ယုံကြည်စိတ်ချတယ်ဆိုတာ ဘယ်လို ထပ်ပြီး ဖော်ပြသလဲ။

၁၆ ညနေပိုင်းလောက်မှာ ပူဇော်သက္ကာဆက်သဖို့ ဧလိယအလှည့် ရောက်လာတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေးရဲ့ ရန်သူတွေ ဖြိုဖျက်ထားတဲ့ ယေဟောဝါဘုရားအတွက် ပူဇော်ရာပလ္လင်ကို ကျောက် ၁၂ လုံးသုံးပြီး ပြန်ပြုပြင်တယ်။ ဒီလိုလုပ်တာက အစ္စရေး ၁၂ နွယ်လုံးကို ပေးခဲ့တဲ့ ပညတ်တရားကို ဆက်လက် လိုက်နာစောင့်ထိန်းဖို့ တာဝန်ရှိနေတုန်းပဲဆိုတာ အစ္စရေး ၁၀ နွယ်နိုင်ငံက လူတွေကို ပြန်သတိပေးချင်လို့ ဖြစ်နိုင်တယ်။ အဲဒီနောက် သူပူဇော်မယ့် ယဇ်ကောင်ကို ပြင်ဆင်လိုက်ပြီး ယဇ်ပလ္လင်နဲ့ ယဇ်ကောင်ပေါ်ကို ရေတွေ လောင်းချလိုက်တယ်။ ရေကို အနီးအနားမှာရှိတဲ့ မြေထဲပင်လယ်ကနေ ခပ်လာတာ ဖြစ်နိုင်တယ်။ ပူဇော်ရာပလ္လင်ပတ်လည်မှာ မြောင်းတူးပြီး ရေဖြည့်လိုက်သေးတယ်။ ဗာလရဲ့ ပရောဖက်တွေကို လုပ်လို့ရတာမှန်သမျှ လုပ်ခွင့်ပေးခဲ့ပြီး ယေဟောဝါအတွက်တော့ မဖြစ်နိုင်တဲ့ အခြေအနေ အမျိုးမျိုး ဖန်တီးခဲ့တယ်။ ဒါက သူ့ဘုရားကို သူဘယ်လောက် ယုံကြည်တယ်ဆိုတာ ဖော်ပြလိုက်တာပဲ။—၁ ဘု. ၁၈:၃၀-၃၅။

သူ့လူမျိုးရဲ့ စိတ်နှလုံးကို ယေဟောဝါဘုရား ပြောင်းလဲပေးတာ မြင်ချင်တယ်လို့ ဧလိယ ဆုတောင်း တာက သူတို့ကို ချစ်နေတုန်းပဲ ဆိုတာ ဖော်ပြ

၁၇။ ဧလိယရဲ့ ဆုတောင်းချက်က သူ ဘာကို ဦးစားထားကြောင်း ဖော်ပြသလဲ။ ဆုတောင်းတဲ့အခါ သူ့ကို ဘယ်လို အတုယူနိုင်သလဲ။

၁၇ အားလုံး အဆင်သင့် ဖြစ်နေတဲ့အခါ ဧလိယ ဆုတောင်းလိုက်တယ်။ ရိုးရှင်းထိမိတဲ့ သူ့ရဲ့ဆုတောင်းချက်က သူဦးစားထားရာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ဆုတောင်းချက်အစမှာ “အစ္စရေးတို့ရဲ့ ဘုရား” ဟာ ဗာလမဟုတ်ဘဲ ယေဟောဝါ ဖြစ်တယ်ဆိုတာ ဖော်ပြခဲ့တယ်။ ဒုတိယအနေနဲ့ မိမိဟာ ယေဟောဝါဘုရားရဲ့ ကျေးကျွန်ဖြစ်တယ်၊ ဘုရားသခင်ကိုပဲ ဂုဏ်တင် ချီးမွမ်းသင့်တယ် ဆိုတာ အားလုံးကို သိစေတယ်။ နောက်ဆုံးအနေနဲ့ ဒီလူတွေ ယေဟောဝါဆီ “ပြန်လှည့်လာ” တာကို သူ မြင်ချင်တယ်လို့ ပြောတဲ့အတွက် ဧလိယဟာ သူ့လူမျိုးကို ချစ်နေတုန်းပဲဆိုတာ ဖော်ပြတယ်။ (၁ ဘု. ၁၈:၃၆၊ ၃၇) သူတို့ သစ္စာမရှိလို့ ဆင်းရဲဒုက္ခ ရောက်ရပေမဲ့ ဧလိယက သူတို့ကို ချစ်နေတုန်းပါပဲ။ ကျွန်တော်တို့လည်း ဘုရားသခင်ကို ဆုတောင်းတဲ့အခါ ဧလိယလို နှိမ့်ချမှုရှိကြောင်း၊ ဘုရားသခင့် နာမည်အတွက် စိုးရိမ်မကင်းဖြစ်ကြောင်း၊ အကူအညီ လိုအပ်နေသူတွေကို ထောက်ထားစာနာကြောင်း ဖော်ပြနိုင်မလား။

၁၈၊ ၁၉။ (က) ဧလိယရဲ့ ဆုတောင်းချက်ကို ယေဟောဝါဘုရား ဘယ်လို အဖြေပေးခဲ့သလဲ။ (ခ) ဧလိယက လူတွေကို ဘာလုပ်ဖို့ အမိန့်ပေးခဲ့သလဲ။ ဗာလ ပုရောဟိတ်တွေကို ဘာကြောင့် မသနားသင့်သလဲ။

၁၈ ဧလိယ ဆုမတောင်းခင်မှာ လူအုပ်က ယေဟောဝါဘုရားလည်း ဗာလလို အလိမ်အညာပဲလားလို့ တွေးကောင်း တွေးနေမိမှာပဲ။ ဒါပေမဲ့ ဧလိယ ဆုတောင်းပြီးတာနဲ့ ချက်ချင်းပဲ အဖြေပေါ်လာပါတယ်။ “အဲဒီအခါ ယေဟောဝါဆီကနေ မီးကျလာပြီး မီးရှို့ရာအလှူနဲ့ ထင်းတွေ၊ ကျောက်တွေ၊ မြေမှုန့်တွေကို လောင်ကျွမ်းသွားတယ်။ မြောင်းထဲက ရေတွေပါ ခန်းသွားတယ်” လို့မှတ်တမ်းက ဖော်ပြတယ်။ (၁ ဘု. ၁၈:၃၈) တကယ့်ကို မှတ်သားစရာ အဖြေပါပဲ။ ဒီအခါ လူတွေ ဘယ်လို တုံ့ပြန်ကြသလဲ။

ကောင်းကင်က မီးကျလာပြီး ဧလိယရဲ့ယဇ်ကောင် လောင်ကျွမ်းသွားတာကို ဗာလရဲ့ပုရောဟိတ်တွေ ကြည့်နေကြ

“အဲဒီအခါ ယေဟောဝါဆီကနေ မီးကျလာ” တယ်

၁၉ “ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲ။ ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲ” လို့ သူတို့အားလုံး ကြွေးကြော်ကြတယ်။ (၁ ဘု. ၁၈:၃၉) အခု အမှန်တရားကို သူတို့ သိမြင်လိုက်ပါပြီ။ ဒါပေမဲ့ တကယ် ယုံကြည်တယ်ဆိုတာ သူတို့ လက်တွေ့ မပြရသေးဘူး။ အမှန်မှာ ကောင်းကင်က မီးကျတာကို မြင်ရပြီးနောက် ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲလို့ ဝန်ခံတာက တကယ် ယုံကြည်ကြောင်း ဖော်ပြရာ မရောက်သေးဘူး။ ဒါကြောင့် ယုံကြည်တယ်ဆိုတာကို လက်တွေ့ပြဖို့ ဧလိယ တောင်းဆိုလိုက်တယ်။ အရင်ကတည်းက သူတို့လုပ်သင့်တာကို လုပ်ဖို့၊ ယေဟောဝါဘုရားရဲ့ ပညတ်တရားကို နာခံကြဖို့ ဧလိယ တောင်းဆိုတယ်။ ပရောဖက် အတုအယောင်တွေနဲ့ ရုပ်တုကိုးကွယ်တဲ့ သူတွေကို သတ်ပစ်ရမယ်လို့ ဘုရားသခင့်ပညတ်က တောင်းဆိုတယ်။ (တရား. ၁၃:၅-၉) ဒီဗာလ ပုရောဟိတ်တွေဟာ ယေဟောဝါဘုရားရဲ့ ရန်သူတွေပဲ။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို တမင် ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားသူတွေ ဖြစ်တယ်။ သူတို့ကို သနားသင့်သလား။ အပြစ်မရှိတဲ့ ကလေးတွေကို ဗာလဆီ အရှင်လတ်လတ် မီးရှို့ ပူဇော်ကြတုန်းက သူတို့ သနားကြင်နာမှု ပြခဲ့လို့လား။ (ပညာအလိမ္မာ ၂၁:၁၃ ကိုဖတ်ပါ။ ယေ. ၁၉:၅) အဲဒီလူတွေကို လုံးဝ မသနားသင့်ဘူး။ ဒါကြောင့် သူတို့ကို သတ်ပစ်လိုက် ဆိုပြီး ဧလိယ အမိန့်ပေးတယ်။ အမိန့်အတိုင်း သူတို့ကို သတ်ပစ်လိုက်ကြတယ်။—၁ ဘု. ၁၈:၄၀။

၂၀။ ဗာလ ပုရောဟိတ်တွေကို ဧလိယ အဆုံးစီရင်ခဲ့ပုံကို ဒီနေ့ခေတ် ဝေဖန်ရေးသမားတွေ စိုးရိမ်ကြတာက ဘာကြောင့် အခြေအမြစ် မရှိသလဲ။

၂၀ ခေတ်သစ်ဝေဖန်ရေးသမား တချို့က ကရမေလတောင်ပေါ်မှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို အပြင်းအထန် ဝေဖန်ကြတယ်။ ဒီအဖြစ်အပျက်ကို အကြောင်းပြပြီး အစွန်းရောက်သမား တချို့က ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်မှာကို လူတချို့ စိုးရိမ်ကြတယ်။ ဒီနေ့ခေတ်မှာ ရက်စက်ကြမ်းတမ်းတဲ့ ဘာသာရေး အစွန်းရောက်သမားတွေ တိုးများလာတာ ဝမ်းနည်းစရာပါပဲ။ ဒါပေမဲ့ ဧလိယဟာ တစ်ယူသန်သမား မဟုတ်ပါဘူး။ သူဟာ ယေဟောဝါဘုရား ကိုယ်စား တရားမျှတစွာ စီရင်နေတာ ဖြစ်တယ်။ ဒီ့အပြင် ဧလိယလို လက်နက်ကိုင်ပြီး လူဆိုးတွေကို သတ်လို့ မရဘူးဆိုတာ ယနေ့ စစ်မှန်တဲ့ ခရစ်ယာန်တွေ သိထားကြတယ်။ အဲဒီအစား ပေတရုကို ခရစ်တော်ပြောခဲ့တဲ့ စကားမှာပါတဲ့ မူကို ယေရှုရဲ့ နောက်လိုက်အားလုံး လိုက်လျှောက်ကြတယ်– “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါ။ ဓားကို ကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်။” (မ. ၂၆:၅၂) ယေဟောဝါဘုရားဟာ အနာဂတ်မှာ တရားမျှတတဲ့ နည်းနဲ့ တရားစီရင်ဖို့ သားတော်ကို အသုံးပြုပါလိမ့်မယ်။

၂၁။ ဧလိယရဲ့ စံနမူနာက ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက် ဘယ်လို အကျိုးရှိသလဲ။

၂၁ စစ်မှန်တဲ့ ခရစ်ယာန်တစ်ယောက်ရဲ့ တာဝန်ဟာ ယုံကြည်ချက်အတိုင်း အသက်ရှင်နေထိုင်ဖို့ ဖြစ်ပါတယ်။ (ယော. ၃:၁၆) အဲဒီလို လုပ်နိုင်တဲ့ နည်းတစ်နည်းက ဧလိယလို သစ္စာရှိတဲ့ သူတွေကို အတုယူတာ ဖြစ်တယ်။ ဧလိယဟာ ယေဟောဝါဘုရားကိုပဲ ဝတ်ပြုကိုးကွယ်ခဲ့တယ်။ တခြားသူတွေကိုလည်း အဲဒီအတိုင်းလုပ်ဖို့ အားပေးတိုက်တွန်းခဲ့တယ်။ ယေဟောဝါဘုရားနဲ့ ဝေးကွာသွားအောင် စာတန်အသုံးပြုတဲ့ ဘာသာရေးဟာ အတုအယောင်ပဲ ဆိုတာကို လူတွေသိအောင် သူ ရဲရဲရင့်ရင့် ဖော်ထုတ်ခဲ့တယ်။ အဲဒီအပြင် ဧလိယဟာ သူ့အစွမ်းအစကို အားကိုးပြီး သူ့သဘောအတိုင်း လုပ်မယ့်အစား ကိစ္စအားလုံးကို ယေဟောဝါဘုရား ဖြေရှင်းပေးမယ် ဆိုတာ ယုံကြည်စိတ်ချခဲ့တယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေးဘက် ဧလိယ မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ ကျွန်တော်တို့ အားလုံးလည်း သူ့ရဲ့ ယုံကြည်ခြင်းကို အတုယူနိုင်ကြပါစေ။

ဧလိယခေတ်မှာ ဘယ်လောက်ကြာကြာ မိုးခေါင်ခဲ့သလဲ

နှစ်နဲ့ချီ မိုးခေါင်ခဲ့တာ မကြာခင် အဆုံးတိုင်တော့မယ်လို့ ယေဟောဝါဘုရားရဲ့ ပရောဖက် ဧလိယက ဘုရင်အာဟပ်ကို ကြေညာတယ်။ ဒီလို ကြေညာတဲ့အချိန်က မိုးခေါင်မယ်လို့ ဧလိယ ပထမအကြိမ် ပြောပြီး “သုံးနှစ်စေ့တဲ့အခါ” ဖြစ်တယ်။ (၁ ဘု. ၁၈:၁) ယေဟောဝါဘုရား မိုးရွာစေမယ်လို့ ဧလိယပြောပြီး မကြာခင်မှာပဲ မိုးစရွာတော့တယ်။ သုံးနှစ်မပြည့်ခင် မိုးရွာတဲ့အတွက် မိုးခေါင်ချိန်ဟာ သုံးနှစ်တောင် မပြည့်ဘူးလို့ တချို့က ကောက်ချက်ချလိမ့်မယ်။ ဒါပေမဲ့ “သုံးနှစ်နဲ့ ခြောက်လပတ်လုံး” မိုးခေါင်ခဲ့တယ်လို့ ယေရှုနဲ့ ယာကုပ်တို့ ပြောတယ်။ (လု. ၄:၂၅။ ယာ. ၅:၁၇) ကျမ်းစာဟာ ရှေ့နောက်မညီပဲ ဖြစ်နေသလား။

လုံးဝမဟုတ်ပါဘူး။ ရှေးအစ္စရေးနိုင်ငံမှာ ခြောက်သွေ့ရာသီဟာ ၆ လ ကြာတတ်တယ်။ မိုးခေါင်မယ်လို့ အာဟပ်ကို ဧလိယ ပထမအကြိမ် ပြောတဲ့အချိန်မှာ ခြောက်သွေ့ရာသီဟာ ပုံမှန်ထက် ပိုကြာနေပြီ။ မိုးမရွာတာ လွန်ခဲ့တဲ့ ခြောက်လနီးပါး ကတည်းကပါပဲ။ ဒါကြောင့် မိုးခေါင်မယ်လို့ ဧလိယ ပြောပြီး “သုံးနှစ်စေ့တဲ့အခါ” မိုးပြန်ရွာမယ်လို့ သူ နောက်တစ်ခါ ကြေညာတာဖြစ်တယ်။ ဒီအချိန်မှာ မိုးခေါင်နေတာ သုံးနှစ်နဲ့ ခြောက်လနီးပါးရှိနေပြီ။ ဒါကြောင့် ကရမေလတောင်ပေါ်မှာ လူအားလုံးရှေ့ စမ်းသပ်မှု လုပ်တဲ့အချိန်မှာတော့ မိုးခေါင်နေတာ “သုံးနှစ်နဲ့ ခြောက်လ” ရှိနေပါပြီ။

အာဟပ်ဆီ ဧလိယ ပထမဆုံး သွားတဲ့အချိန်ကို ပြန်စဉ်းစားကြည့်ပါ။ လူတွေက ဗာလဟာ ခြောက်သွေ့ရာသီကို အဆုံးတိုင်စေမယ့် မိုးရွာစေတဲ့ဘုရား၊ “မိုးတိမ်စီးသူ” လို့ ယုံကြည်ကြတယ်။ နွေရာသီဟာ ပုံမှန်ထက် ကြာရှည်နေရင် လူတွေက ‘ဗာလ ဘယ်မှာလဲ။ ဘယ်အချိန်မှာ မိုးရွာစေမှာလဲ’ လို့မေးကြတော့မှာပဲ။ ဧလိယက သူ့အမိန့်မရဘဲ မိုးမရွာ၊ နှင်းမကျရဆိုပြီး ကြေညာလိုက်တဲ့အခါ ဗာလ ဝတ်ပြုသူတွေ စိတ်အနှောင့်အယှက် ဖြစ်သွားမှာ သေချာတယ်။ —၁ ဘု. ၁၇:၁။

a “ဧလိယခေတ်မှာ ဘယ်လောက်ကြာကြာ မိုးခေါင်ခဲ့သလဲ” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။

b ပင်လယ်ကနေ တက်လာတဲ့ ရေငွေ့များတဲ့ လေကြောင့် မကြာခဏ မိုးရွာပြီး ဆီးနှင်းတွေ ကျလေ့ရှိလို့ ကရမေလတောင်ဟာ အမြဲ စိမ်းလန်းစိုပြည် နေတယ်။ ဗာလဟာ မိုးရွာသွန်းစေတဲ့ အရှင်ဖြစ်တယ်ဆိုပြီး ယုံကြည်ကြလို့ ဒီတောင်ဟာ ဗာလဝတ်ပြုရေးအတွက် အရေးကြီးတဲ့ နေရာဖြစ်တယ်။ ဒါကြောင့် ဗာလဝတ်ပြုရေး မှားယွင်းတယ်ဆိုတာ ဖော်ထုတ်ဖို့ ခြောက်သွေ့ပြီး ပက်ကြားအက်နေတဲ့ ကရမေလအရပ်ဟာ အသင့်တော်ဆုံးပဲ။

c ပူဇော်တဲ့ ယဇ်ကောင်ကို “မီးတော့ မထည့်နဲ့” လို့ ဧလိယ ပြောတာက မှတ်သားစရာပါပဲ။ ရုပ်တုကိုးကွယ်တဲ့ အဲဒီလူတွေဟာ လျှို့ဝှက် ဆန်းကြယ်တဲ့နည်းနဲ့ မီးထွက်လာပုံပေါက်အောင် လျှို့ဝှက် အခေါင်းပေါက်ပါတဲ့ ယဇ်ပလ္လင်တွေကို တစ်ခါတလေ အသုံးပြုတတ်ကြတယ်လို့ ကျမ်းပညာရှင်တချို့ ပြောတယ်။

စဉ်းစားစရာ မေးခွန်းများ

  • ယေဟောဝါဘုရားကို အကြွင်းမဲ့ဆည်းကပ် ဝတ်ပြုတာနဲ့ ပတ်သက်လို့ ဧလိယ ဆီကနေ ဘာသင်ယူနိုင်သလဲ။

  • ကျမ်းစာသွန်သင်ချက်တွေကို သဘောမတူ သူတွေနဲ့ ဆက်ဆံတဲ့အခါ ဧလိယကို ဘယ်လို အတုယူနိုင်သလဲ။

  • ကရမေလတောင်ပေါ်က ဧလိယရဲ့ ဆုတောင်းချက်ကနေ ဘာသင်ယူနိုင်သလဲ။

  • ဘယ်လိုနည်းတွေနဲ့ ဧလိယရဲ့ ယုံကြည်ခြင်းကို သင် အတုယူ ချင်ပါသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ