ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၆ စာ. ၃၄-၄၂
  • ယေဟောဝါ—“ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ—“ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား”
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗာဗုလုန်နှင့်ပတ်သက်သော ယေဟောဝါ၏ ကြေညာချက်
  • ယေဟောဝါသည် ကုရုကို မျက်နှာသာပေးရသည့် အကြောင်းရင်း
  • ယေဟောဝါ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုခြင်းမှ ရသည့် ကောင်းချီးမင်္ဂလာများ
  • အခြားလူမျိုးများအတွက် ကောင်းချီးများ
  • ဖန်ဆင်းခြင်းနှင့် ဗျာဒိတ်ပေးခြင်းတို့တွင် ယေဟောဝါကို ယုံကြည်အားထားနိုင်
  • ယေဟောဝါသည် မိမိ၏ ကရုဏာတော်ကို တိုးချဲ့တော်မူ၏
  • ‘ဘုရားသခင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း ရ’
  • သင် ပတ်သက်နေသည့် နှစ်သိမ့်မှုဆိုင်ရာ ပရောဖက်ပြုချက် စကားများ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • မဟာကုရုမင်းကြီး
    နိုးလော့!—၂၀၁၃
  • စစ်မှန်သော ဘုရားသခင်သည် လွတ်မြောက်မှုအကြောင်း တင်ကူးဟော
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • အမျိုးအစားမှန်သောတမန်များကိုခွဲခြားသိမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၆ စာ. ၃၄-၄၂

အခန်း ခြောက်

ယေဟောဝါ—“ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား”

ဟေရှာယ ၄၅:၁-၂၅

၁၊ ၂။ ဟေရှာယ အခန်းကြီး ၄၅ တွင် အဘယ် အာမခံချက်များ ပေးထားသနည်း၊ အဘယ် မေးခွန်းများကို ဆင်ခြင်သုံးသပ်မည်နည်း။

ယေဟောဝါ၏ ကတိတော်များကို အားထားနိုင်သည်။ ကိုယ်တော်သည် ဗျာဒိတ်တော်များကို ဖွင့်ပြသည့်ဘုရား၊ ဖန်ဆင်းရှင် ဘုရားသခင် ဖြစ်သည်။ ကိုယ်တော်သည် ဖြောင့်မတ်သောဘုရား ဖြစ်ပြီး လူမျိုးအားလုံး၏ ကယ်တင်ရှင် ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေထူခဲ့ပြီ။ ၎င်းတို့ထဲမှ နှလုံးနွေးထွေးဖွယ် အာမခံချက်အချို့ကို ဟေရှာယ အခန်းကြီး ၄၅ တွင် တွေ့ရသည်။

၂ ထို့ပြင် ဟေရှာယ အခန်းကြီး ၄၅ တွင် ယေဟောဝါ၏ ပရောဖက်ပြုနိုင်စွမ်းနှင့်ပတ်သက်သော ထူးခြားသည့် စံနမူနာတစ်ခု ပါရှိသည်။ ဘုရားသခင့် ဝိညာဉ်တော်က ဟေရှာယအား အလှမ်းဝေးသော တိုင်းနိုင်ငံများကို အာရုံစိုက်ကြည့်နိုင်စွမ်းနှင့် ရာစုနှစ်များစွာကြာမှ ဖြစ်ပျက်မည့် အဖြစ်အပျက်များကို ဆန်းစစ်ကြည့်ရှုနိုင်စွမ်း ရစေသည်၊ ယင်းက စစ်မှန်သော ပရောဖက်ပြုချက်များ၏ ဘုရားသခင်၊ ယေဟောဝါတစ်ပါးတည်းသာ ထိုကဲ့သို့ တိကျမှန်ကန်စွာ ကြိုဟောနိုင်သည့် ဖြစ်ရပ်ဆန်းကို ဖော်ပြရန် သူ့အား လှုံ့ဆော်ပေးသည်။ ထိုဖြစ်ရပ်ကား အဘယ်နည်း။ ၎င်းသည် ဟေရှာယခေတ်မှ ဘုရားသခင့် လူမျိုးတော်ကို မည်သည့်အကျိုး သက်ရောက်သနည်း။ ယနေ့ ကျွန်ုပ်တို့အတွက် အဘယ် အဓိပ္ပာယ် ရှိသနည်း။ ပရောဖက်ပြုချက်စကားများကို ဆန်းစစ်လေ့လာကြည့်ကြစို့။

ဗာဗုလုန်နှင့်ပတ်သက်သော ယေဟောဝါ၏ ကြေညာချက်

၃။ ဟေရှာယ ၄၅:၁-၃က တွင် ကုရု၏ အောင်နိုင်ပုံကို အဘယ် သိသာထင်ရှားသော အသုံးအနှုန်းများဖြင့် ဖော်ပြထားသနည်း။

၃ “အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက် အတွင်းတံခါးတို့ကို မပိတ်ရဘဲ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှာ အကြင်သူ၏ လက်ယာလက်ကို ငါထောက်မ၏။ ထိုသူတည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသော မင်းအား မိန့်တော်မူသည်ကား ‘သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေမည်။ ကြေးဝါတံခါးတို့ကို ချိုး၍ သံကန့်လန့်တို့ကို အပိုင်းပိုင်း ဖြတ်မည်။ မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထားသော ဥစ္စာတို့ကို သင့်အား ငါပေးမည်။’”—ဟေရှာယ ၄၅:၁-၃က။

၄။ (က) ယေဟောဝါသည် ကုရုကို မိမိ၏ “ဘိသိက်ခံသောမင်း” ဟု အဘယ်ကြောင့် ခေါ်သနည်း။ (ခ) ယေဟောဝါသည် ကုရု သေချာပေါက် အောင်ပွဲ ရရန် မည်သို့ ဆောင်ကြဉ်းပေးမည်နည်း။

၄ ကုရုသည် ဟေရှာယအချိန်တွင် မွေးပင် မမွေးသေးသော်လည်း ကုရုကို သက်ရှိထင်ရှား ရှိနေသူတစ်ဦးအလား ဟေရှာယမှတစ်ဆင့် ယေဟောဝါ မိန့်တော်မူ၏။ (ရောမ ၄:၁၇) ယေဟောဝါသည် ကုရုကို သတ်သတ်မှတ်မှတ် အလုပ်တစ်ခု လုပ်ဆောင်ရန် ကြိုတင် တာဝန်ခန့်အပ်ထားသောကြောင့် ကုရုကို ဘုရားသခင်၏ “ဘိသိက်ခံသောမင်း” ဟု ခေါ်ဆိုနိုင်ပါသည်။ ဘုရားသခင့် ဦးဆောင်မှုအောက်တွင် သူသည် အပြည်ပြည်တို့ကို အနိုင်ယူမည် ဖြစ်ပြီး ရှင်ဘုရင်တို့ကို ခွန်အား လျော့စေကာ ခုခံနိုင်စွမ်း ပျောက်စေမည်။ ထို့ပြင် ဗာဗုလုန်ကို ကုရု တိုက်ခိုက်ချိန်တွင် မြို့တံခါးများ ပွင့်လျက် ရှိနေစေကာ ယင်းတို့ကို အပိုင်းပိုင်း ကျိုးပဲ့နေသော ဂိတ်တံခါးများကဲ့သို့ သုံးမရ ဖြစ်နေစေရန် ယေဟောဝါ ကြီးကြပ်ဆောင်ရွက်ပေးတော်မူမည်။ ကိုယ်တော်သည် ကုရု၏ရှေ့မှ ကြွသွားတော်မူပြီး အနှောင့်အယှက်များကို ဖယ်ရှားပေးမည်။ နောက်ဆုံးတွင် ကုရု၏ စစ်သားများသည် မြို့ကို အနိုင်ရရှိပြီး အမှောင်ခန်းများတွင် သိုလှောင်စုဆောင်းထားသော ဥစ္စာပစ္စည်းများ၊ “ဝှက်ထားသောဥစ္စာတို့ကို” သိမ်းယူကြမည်။ ယင်းသို့ပင် ဟေရှာယ ကြိုဟောထားသည်။ သူ၏ စကားများ ပြည့်စုံခဲ့သလော။

၅၊ ၆။ ဗာဗုလုန် ကျဆုံးခြင်းနှင့်ပတ်သက်သော ပရောဖက်ပြုချက်သည် မည်သည့်အချိန်နှင့် မည်သို့အားဖြင့် ပြည့်စုံလာသနည်း။

၅ ထိုပရောဖက်ပြုချက်ကို ဟေရှာယ မှတ်တမ်းတင်ပြီးနောက် နှစ်ပေါင်း ၂၀၀ ခန့် ဖြစ်သော ဘီ.စီ.အီး. ၅၃၉ တွင် ကုရုသည် မြို့ကို တိုက်ခိုက်ရန် ဗာဗုလုန်မြို့ရိုးသို့ အမှန်ပင် ရောက်ရှိလာလေပြီ။ (ယေရမိ ၅၁:၁၁၊ ၁၂) သို့ရာတွင် ဗာဗုလုန်လူမျိုးများက ဂရုမစိုက်ကြပါ။ သူတို့က မိမိတို့မြို့ကို အောင်နိုင်မည် မဟုတ်ဟု ယူမှတ်ကြသည်။ မြို့တော် ကာကွယ်ရေးစနစ်ထဲမှ တစ်ခုဖြစ်သော ဥဖရတ်မြစ်ရေ အပြည့်ရှိသည့် ရေနက်ကျုံးများပေါ်မှ မြင့်မားသော တံတိုင်းကြီးများသည် ငွားငွားစွင့်စွင့် ရှိနေသည်။ နှစ်ပေါင်း တစ်ရာကျော်အတွင်း အဘယ်ရန်သူမျှ ဗာဗုလုန်မြို့ကို ရုတ်တရက် တစ်ဟုန်ထိုး ဝင်စီးနိုင်ခြင်း မရှိသေးချေ! အမှန်မှာ၊ ထိုအချိန်က ဗာဗုလုန်ပြည့်ရှင် ဗေလရှာဇာသည် မှူးမတ်များနှင့် စားသောက်ပွဲကြီး ကျင်းပနေသည့်အထိ စိုးရိမ်မှု စိုးစဉ်းမျှ မရှိပေ။ (ဒံယေလ ၅:၁) ထိုည—အောက်တိုဘာ ၅/၆ ည—တွင် ကုရုသည် အလွန် ပြောင်မြောက်သော စစ်ရေးစီမံဆောင်ရွက်မှု အပြီးလုပ်ဆောင်လိုက်သည်။

၆ ဗာဗုလုန်မြစ် အထက်ပိုင်းမှနေ၍ ကုရု၏ အင်ဂျင်နီယာများသည် ဥဖရတ်မြစ်ရိုးကို ဖောက်ကာ ရေများကို လွှဲလိုက်ခြင်းဖြင့် မြို့ရှိရာ တောင်ဘက်သို့ ရေမစီးဆင်းအောင် ပြုလုပ်ကြသည်။ မကြာမီ မြို့တွင်းနှင့် မြို့ပတ်လည်ရှိ မြစ်ရေမျက်နှာပြင်သည် အလွန် နိမ့်ကျသွားရာ ကုရု၏ စစ်သားများ ဗာဗုန်လုန်မြို့လယ် တည့်တည့်ဆီသို့ မြစ်ကြမ်းပြင်တစ်လျှောက် ရေများထဲမှ လျှောက်လာနိုင်ခဲ့သည်။ (ဟေရှာယ ၄၄:၂၇; ယေရမိ ၅၀:၃၈) အံ့ဩစရာမှာ ဟေရှာယ ကြိုဟောခဲ့သည့်အတိုင်း မြစ်ရိုးတစ်လျှောက်ရှိ ဂိတ်တံခါးကြီးများ ပွင့်နေသည်။ ကုရု၏ စစ်တပ်သည် ဗာဗုလုန်မြို့အတွင်းသို့ ဝင်စီးကာ နန်းတော်ကို သိမ်းပိုက်ပြီး ဗေလရှာဇာဘုရင်ကို ကွပ်မျက်လိုက်သည်။ (ဒံယေလ ၅:၃၀) တစ်ညတည်းနှင့် လုံးဝ အနိုင်ရခဲ့သည်။ ဗာဗုလုန် ပြိုလဲသွားပြီး ပရောဖက်ပြုချက် အသေးစိတ်မှစ၍ ပြည့်စုံခဲ့သည်။

၇။ ကုရုနှင့်ပတ်သက်သော ဟေရှာယ၏ ပရောဖက်ပြုချက် ထူးခြားစွာ ပြည့်စုံခြင်းက ခရစ်ယာန်များအား မည်သို့ ခိုင်ခံ့စေသနည်း။

၇ ဤပရောဖက်ပြုချက် အတိအကျ ပြည့်စုံခဲ့ခြင်းက ယနေ့ ခရစ်ယာန်များ၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ ၎င်းက မပြည့်စုံသေးသော ကျမ်းစာပရောဖက်ပြုချက်များကိုလည်း လုံးဝ စိတ်ချနိုင်ကြောင်း ယုံကြည်ရန် ခိုင်လုံသော အကြောင်းရင်း ဖြစ်သည်။ (၂ ပေတရု ၁:၂၀၊ ၂၁) ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန် ပြိုလဲခြင်းသည် ၁၉၁၉ တွင် ဖြစ်ပျက်ခဲ့သော—မဟာဗာဗုလုန် ပြိုလဲခြင်း—၏ ရှေ့ပြေးအရိပ် အဖြစ်အပျက် ဖြစ်ကြောင်း ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများ သိထားကြသည်။ သို့တိုင် သူတို့သည် မျက်မှောက်ခေတ် ဘာသာရေး အဖွဲ့အစည်း ဖျက်ဆီးခံရခြင်းအပြင် စာတန့်လက်အောက်ရှိ နိုင်ငံရေးစနစ်များ ဖယ်ရှားခံရခြင်း၊ စာတန်ကို တွင်းနက်ကြီးထဲသို့ ပစ်ချခြင်း၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆိုင်ရာ ကတိတော်တို့ ပြည့်စုံခြင်းကို စောင့်မျှော်နေကြသည်။ (ဗျာဒိတ် ၁၈:၂၊ ၂၁; ၁၉:၁၉-၂၁; ၂၀:၁-၃၊ ၁၂၊ ၁၃; ၂၁:၁-၄) ယေဟောဝါ၏ ပရောဖက်ပြုချက်များသည် အခြေအမြစ် မရှိသော ကတိစကားများ မဟုတ်ဘဲ အနာဂတ် အဖြစ်အပျက်များကို အတိအကျ ဖော်ပြထားသည့် စကားများ ဖြစ်ကြောင်း သူတို့ သိကြသည်။ ဗာဗုလုန် ပြိုလဲခြင်းနှင့်ပတ်သက်သော ဟေရှာယ၏ ပရောဖက်ပြုချက်အားလုံး အသေးစိတ်မှစ၍ ပြည့်စုံခြင်းကို ပြန်သတိရသည့်အခါ စစ်မှန်သော ခရစ်ယာန်များ၏ ယုံကြည်စိတ်ချမှုမှာ ခိုင်ခံ့လာပါသည်။ ယေဟောဝါသည် မိမိ၏ စကားတော်ကို အစဉ် ပြည့်စုံစေကြောင်း သူတို့ သိကြသည်။

ယေဟောဝါသည် ကုရုကို မျက်နှာသာပေးရသည့် အကြောင်းရင်း

၈။ ယေဟောဝါသည် ကုရုအား ဗာဗုလုန်မြို့ကို အနိုင်ရစေသည့် အကြောင်းရင်းတစ်ခုကား အဘယ်နည်း။

၈ ဗာဗုလုန်ကို အနိုင်တိုက်မည့်သူနှင့် မည်သို့ တိုက်ယူမည်အကြောင်းကို ဖော်ပြပြီးနောက် ယေဟောဝါသည် ကုရုအား အဘယ်ကြောင့် အောင်နိုင်ခွင့် ပေးသည့် အကြောင်းရင်းတစ်ခုကို ဆက်ဖော်ပြတော်မူ၏။ ယေဟောဝါသည် ကုရုကို ပရောဖက်ပြုချက်၌ ဤသို့ မိန့်တော်မူ၍ ဖော်ပြတော်မူ၏– “ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်တော်မူကြောင်းကို သင် သိရလိမ့်မည်။” (ဟေရှာယ ၄၅:၃ခ) ကျမ်းစာသမိုင်းထဲမှ စတုတ္ထမြောက် ကမ္ဘာ့အင်ပါယာ၏ အုပ်စိုးရှင်က မိမိ၏ ကြီးမားသော အောင်မြင်မှုသည် မိမိထက် သာ၍ ကြီးမြတ်သော—စကြဝဠာ အချုပ်အခြာ အာဏာပိုင်ရှင် ယေဟောဝါ၏ ထောက်မမှုကြောင့် ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းသည် သင့်လျော်ပါသည်။ ကုရုသည် မိမိအား ဆင့်ခေါ်သူ သို့မဟုတ် တာဝန်ပေးတော်မူသောသူသည် ဣသရေလလူမျိုး၏ ဘုရားသခင် ယေဟောဝါ ဖြစ်ကြောင်း အသိအမှတ်ပြုသင့်သည်။ ကျမ်းစာမှတ်တမ်း၌ မိမိ၏ ကြီးမားသော အောင်မြင်မှုသည် ယေဟောဝါကြောင့် ဖြစ်ကြောင်း အမှန်ပင် ကုရု အသိအမှတ်ပြုခဲ့သည်ကို ဖော်ပြထားသည်။—ဧဇရ ၁:၂၊ ၃။

၉။ ယေဟောဝါသည် ကုရုကို ဗာဗုလုန် အောင်နိုင်သူ ဖြစ်စေသည့် ဒုတိယ အကြောင်းရင်းမှာ အဘယ်နည်း။

၉ ကုရုကို ဗာဗုလုန်မြို့ အောင်နိုင်သူ ဖြစ်စေသည့် ဒုတိယ အကြောင်းရင်းကို ယေဟောဝါ ဤသို့ ဖော်ပြ၏– “ငါ့ကျွန် ယာကုပ်၊ ငါရွေးကောက်သောသူ ဣသရေလအတွက် ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။ သင်သည် ငါ့ကို မသိသော်လည်း သင်၌ နာမည်သစ်ကို ထပ်၍ [“ဂုဏ်ရှိသော နာမည်၊” ကဘ] ပေး၏။” (ဟေရှာယ ၄၅:၄) ဗာဗုလုန်ကို ကုရု အောင်နိုင်ခြင်းက ကမ္ဘာကို တုန်လှုပ်သွားစေသည်။ ယင်းက ကမ္ဘာ့အာဏာစက်တစ်ခု ကျဆုံးသွားခြင်းနှင့် နောက်အာဏာစက်တစ်ခု တက်လာခြင်းတို့ကို မှတ်သားပြကာ နောင်လာမည့် လူမျိုးဆက်များအတွက် သမိုင်းတွင် မှတ်တိုင်တစ်ခု စိုက်ထူခဲ့သည်။ သို့သော် အဖြစ်အပျက်များကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသော ဝန်းကျင်နိုင်ငံများမှ လူများအတွက်မူ ဤအရာအားလုံးသည် ထောင်ဂဏန်း အနည်းငယ်သာ ရှိသည့် “အရေးမပါသော” ဗာဗုလုန်တွင် ပြည်နှင်ခံရသူများ—ယာကုပ်မှ ဆင်းသက်လာသူ ဂျူးများ၏ အကျိုးအတွက် ဖြစ်သည်ကို သိရ၍ အံ့သြကြပေမည်။ သို့ရာတွင် ယေဟောဝါ၏ အမြင်တွင် ရှေးဣသရေလလူမျိုး ဖြစ်သည့် ထိုလွတ်မြောက်လာသူများသည် အရေးမပါသူများ ဖြစ်ဖို့ဝေးစွ။ သူတို့သည် ကိုယ်တော့် “ကျွန်” များ ဖြစ်ကြသည်။ မြေကြီးပေါ်ရှိ လူမျိုးအားလုံးထဲတွင် သူတို့သည် ကိုယ်တော်၏ “ရွေးကောက်သောသူ” ဖြစ်သည်။ ကုရုသည် ယခင်က ယေဟောဝါကို မသိခဲ့သော်လည်း သူသည် ယေဟောဝါ၏ ဘိသိက်ခံအဖြစ် သုံ့ပန်းများကို လွှတ်ရန် ငြင်းဆိုသည့် မြို့ကို မှောက်လှန်ဖျက်ဆီးပစ်ဖို့ ယေဟောဝါ၏ အသုံးတော်ခံ ဖြစ်သည်။ မိမိ ရွေးချယ်ထားသော လူမျိုးသည် တိုင်းတစ်ပါးမြေပေါ်တွင် ထာဝစဉ် စိတ်ပျက်မှိုင်တွေ နေစေရန် ဘုရားသခင် မရည်ရွယ်ပါ။

၁၀။ ကမ္ဘာ့အာဏာစက် ဗာဗုလုန်ကို အစတုံး ဖျက်ဆီးပစ်ရန် ကုရုအား ယေဟောဝါ အသုံးပြုတော်မူသည့် အရေးအကြီးဆုံး အကြောင်းရင်းကား အဘယ်နည်း။

၁၀ ဗာဗုလုန်မြို့ကို ဖျက်ဆီးရန် ကုရုအား ယေဟောဝါ အသုံးပြုတော်မူသည့် ပို၍ အရေးကြီးသော တတိယ အကြောင်းရင်း ရှိသည်။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ငါတစ်ပါးတည်းသာ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင် မရှိ။ သင်သည် ငါ့ကို မသိသော်လည်း သင်၏ ခါးကို ငါစည်း၏။ သို့ဖြစ်၍ ငါမှတစ်ပါး အခြားသော ဘုရား မရှိ။ ငါတစ်ပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို နေထွက်ရာ အရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရကြလိမ့်မည်။” (ဟေရှာယ ၄၅:၅၊ ၆) မှန်ပါသည်၊ ကမ္ဘာ့အာဏာစက် ဖြစ်သော ဗာဗုလုန် ကျဆုံးခြင်းက ယေဟောဝါ၏ ဘုရားအဖြစ်တော်ကို ထင်ရှားပြခြင်း ဖြစ်ပြီး ကိုယ်တော်တစ်ပါးတည်းသာ ဝတ်ပြုကိုးကွယ်ခံထိုက်ကြောင်း လူတိုင်းအတွက် သက်သေ ဖြစ်သည်။ ဘုရားသခင့် လူမျိုးတော် လွတ်မြောက်ခြင်းကြောင့် အရှေ့မှ အနောက်ထိတိုင် နေထိုင်သော လူမျိုးများစွာမှ တစ်ဦးချင်းစီက ယေဟောဝါသည် တစ်ဆူတည်းသော ဘုရားမှန် ဖြစ်ကြောင်း အသိအမှတ်ပြုလာကြမည်။—မာလခိ ၁:၁၁။

၁၁။ ဗာဗုလုန်နှင့်ပတ်သက်သော ပရောဖက်ပြုချက် ပြည့်စုံစေရန် ကိုယ်တော်၌ တန်ခိုး ရှိကြောင်း ယေဟောဝါ မည်သို့ ဖော်ပြတော်မူသနည်း။

၁၁ ဟေရှာယ၏ ဤပရောဖက်ပြုချက်သည် အဖြစ်အပျက် မဖြစ်မီ နှစ်ပေါင်း ၂၀၀ ခန့် ကြို၍ မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်ကို သတိရပါ။ ယင်းအကြောင်းကို ကြားကြသူအချို့က ‘ယေဟောဝါ၌ ယင်းကို ပြည့်စုံစေနိုင်သည့် အစွမ်းတန်ခိုး အမှန်ပင် ရှိသလော’ ဟု သိချင်ခဲ့ကြပေမည်။ သမိုင်းက သက်သေထူသည့် အဖြေမှာ ရှိသည် ဟူ၍ ဖြစ်သည်။ ကိုယ်တော် မိန့်တော်မူသည့်အရာကို ကိုယ်တော် ပြည့်စုံစေနိုင်ကြောင်း ယုံကြည်စိတ်ချခြင်းသည် အကျိုးသင့်အကြောင်းသင့် ရှိကြောင်း ယေဟောဝါ ဤသို့ ရှင်းပြတော်မူ၏– “ငါသည် အလင်းကို လုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမှုအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။” (ဟေရှာယ ၄၅:၇) ဖန်ဆင်းရာအားလုံး—အလင်းမှ အမှောင်အထိ—နှင့် သမိုင်းတွင် ရှိခဲ့ရာအားလုံး—ငြိမ်သက်ခြင်းမှ အမင်္ဂလာအထိ—သည် ယေဟောဝါ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ ကိုယ်တော်သည် နေ့အဖို့ အလင်းနှင့် ညအဖို့ မှောင်မိုက်ကို ဖန်ဆင်းသကဲ့သို့ ဣသရေလလူမျိုးအတွက် ငြိမ်သက်ခြင်းနှင့် ဗာဗုလုန်အတွက် အမင်္ဂလာကို ဖြစ်စေတော်မူမည်။ ယေဟောဝါသည် စကြဝဠာကို ဖန်ဆင်းနိုင်သည့် တန်ခိုး ရှိတော်မူသည့်အပြင် မိမိ၏ ပရောဖက်ပြုချက်များကို ပြည့်စုံစေနိုင်သည့် တန်ခိုးလည်း ရှိတော်မူ၏။ ယင်းက ယနေ့ ကိုယ်တော်၏ ပရောဖက်ပြုချက် စကားတော်ကို စေ့စေ့လေ့လာနေသူ ခရစ်ယာန်များအတွက် စိတ်ချမှုကို ဖြစ်စေသည်။

၁၂။ (က) ယေဟောဝါသည် ပုံဆောင်ကောင်းကင်နှင့် မြေကြီးမှ အဘယ်အရာများ ဖြစ်စေသနည်း။ (ခ) ဟေရှာယ ၄၅:၈ တွင် ပါသော စကားများသည် ယနေ့ ခရစ်ယာန်များအတွက် အဘယ် နှစ်သိမ့်မှု ပေးသော ကတိတော် ဖြစ်သနည်း။

၁၂ လျော်ကန်စွာပင်၊ ဂျူးသုံ့ပန်းများ ကြုံတွေ့ရမည့် အရာများကို ဥပမာဖြင့် ဖော်ပြရန် ဖန်ဆင်းရာများတွင် ပုံမှန် ဖြစ်လေ့ရှိသော အဖြစ်အပျက်များကို ယေဟောဝါ အသုံးပြုတော်မူ၏– “မိုးကောင်းကင်တို့ အထက်မှ ယိုကြလော့။ မိုးတိမ်တို့သည် တရားမိုး ရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်းတရားသည် တစ်ပြိုင်နက် ပေါက်စေ။ ထိုသို့ ငါထာဝရဘုရား ဖန်ဆင်း၏။” (ဟေရှာယ ၄၅:၈) ပကတိကောင်းကင်သည် အသက်ပေးမိုးရေ ရွာချစေသကဲ့သို့ ယေဟောဝါသည် မိမိလူမျိုးအပေါ်သို့ ပုံဆောင်ကောင်းကင်မှ ဖြောင့်မတ်သော ဩဇာအရှိန်အဝါများကို ရွာချစေမည်။ ပကတိမြေကြီးသည် များစွာသော သီးနှံများကို ထွက်ရှိစေသကဲ့သို့ ယေဟောဝါသည် ပုံဆောင်မြေကြီးမှ မိမိ၏ ဖြောင့်မတ်သော ရည်ရွယ်ချက်—အထူးသဖြင့် ဗာဗုလုန်တွင် သုံ့ပန်း ဖြစ်နေသော မိမိလူမျိုးတော်ကို ကယ်တင်သည့် အဖြစ်အပျက်များ ဖြစ်စေမည်။ ၁၉၁၉ တွင် ယေဟောဝါသည် မိမိလူမျိုး လွတ်မြောက်စေရန် “ကောင်းကင်” နှင့် “မြေကြီး” ကို အလားတူ အဖြစ်အပျက်များ ဖြစ်စေခဲ့သည်။ ထိုအဖြစ်အပျက်များကို မြင်တွေ့ရခြင်းက ယနေ့ ခရစ်ယာန်များအား ရွှင်လန်းဝမ်းမြောက်စေသည်။ အဘယ်ကြောင့်နည်း။ ထိုအဖြစ်အပျက်များက ပုံဆောင်ကောင်းကင် ဖြစ်သော ဘုရားသခင့် နိုင်ငံတော်သည် ဖြောင့်မတ်သော မြေကြီးပေါ် ကောင်းချီးများ ဖြစ်စေမည့်အချိန်ကို ရှုမျှော်နေကြစဉ် ၎င်းတို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် ပုံဆောင်ကောင်းကင်နှင့် မြေကြီးတို့မှ သက်ရောက်မည့် ဖြောင့်မတ်ခြင်းနှင့် ကယ်တင်ခြင်းတို့သည် ရှေးဗာဗုလုန် မှောက်လှန်ဖျက်ဆီးခံခဲ့ရချိန်ကထက် များစွာ ခမ်းနားထည်ဝါမည်။ ၎င်းသည် ဟေရှာယ၏ စကားများ တကယ့် ဘုန်းကျက်သရေနှင့် နောက်ဆုံး ပြည့်စုံခြင်း ဖြစ်မည်!—၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၁။

ယေဟောဝါ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုခြင်းမှ ရသည့် ကောင်းချီးမင်္ဂလာများ

၁၃။ ယေဟောဝါ၏ ရည်ရွယ်ချက်ကို လူသားများ စိန်ခေါ်ခြင်းသည် အဘယ်ကြောင့် ရယ်စရာ ဖြစ်သနည်း။

၁၃ အနာဂတ် ရွှင်လန်းဖွယ် ထိုကောင်းချီးများကို ရုပ်လုံးဖော်ပြပြီးနောက် ပရောဖက်ပြုချက် အသုံးအနှုန်းကို ရုတ်တရက် ပြောင်းလိုက်ပြီး ဟေရှာယသည် အမင်္ဂလာနှစ်ခုကို ဤသို့ ကြေညာ၏– “အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏။ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက ‘သင်သည် အဘယ်သို့သောအရာကို လုပ်သနည်း’ ဟု အိုးထိန်းသမားကို ဆိုရမည်လော။ ‘ငါ့ကို လုပ်သောသူ၌ လက် မရှိ’ ဟု သင် လုပ်သောအရာက ဆိုရမည်လော။ မိမိအဘအား ‘သင်သည် အဘယ်သို့သောအရာကို ဖြစ်ပွားစေသနည်း’ ဟူ၍လည်းကောင်း၊ မိမိအမိအား ‘သင်သည် အဘယ်သို့သောအရာကို မွေးဖွားသနည်း’ ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏။” (ဟေရှာယ ၄၅:၉၊ ၁၀) ဣသရေလပြည်သားတို့သည် ယေဟောဝါ ကြို၍ မိန့်တော်မူသည့်အရာကို ကန့်ကွက်ပြောဆိုကြကြောင်း ထင်ရှားသည်။ ယေဟောဝါသည် မိမိလူမျိုးတော်ကို သုံ့ပန်းဘဝ ရောက်စေရန် ခွင့်ပြုမည်ကို သူတို့ မယုံကြခြင်း ဖြစ်ဖွယ် ရှိသည်။ သို့မဟုတ် ဣသရေလလူမျိုးသည် ဒါဝိဒ်မင်းမျိုးမှ ဆင်းသက်သည့် ဘုရင်တစ်ပါးအားဖြင့် မဟုတ်ဘဲ တစ်ပါးအမျိုးသားဘုရင်တစ်ပါးအားဖြင့် လွတ်မြောက်မည်ဟူသော အချက်ကို အပြစ်ရှာကြခြင်း ဖြစ်မည်။ ထိုကဲ့သို့ ကန့်ကွက်ဆန့်ကျင်ပြောခြင်းသည် သဘာဝမကျကြောင်း သရုပ်ဖော်ရာတွင် ကန့်ကွက်သူများအား မိမိကို ပြုလုပ်သူ၏ ဉာဏ်ပညာကို စောဒက တက်ဝံ့သည့် စွန့်ပစ်ခံရသော ရွှံ့တုံး၊ အိုးခြမ်းပဲ့နှင့် ဟေရှာယ နှိုင်းယှဉ်ထားသည်။ အိုးထိန်းသမား ပုံစံထုတ်လုပ်လိုက်သည့် မြေထည်က ယခုတွင် အိုးထိန်းသမား၌ လက် မရှိ သို့မဟုတ် ပုံစံပြုလုပ်နိုင်သည့် အစွမ်းအစ မရှိဟု ပြောဆိုနေသည်။ မည်မျှ မိုက်မဲပါသည်တကား! ဆန့်ကျင်ကန့်ကွက်သူများသည် မိဘ၏ အခွင့်အာဏာကို အပြစ်ရှာဝေဖန်ဝံ့သည့် ကလေးငယ်များနှင့် တူနေသည်။

၁၄၊ ၁၅။ “သန့်ရှင်းသောဘုရား” နှင့် “ဖန်ဆင်း” ရှင် ဟူသော အသုံးအနှုန်းက ယေဟောဝါနှင့်ပတ်သက်၍ အဘယ်အရာ ဖော်ပြသနည်း။

၁၄ ထိုဆန့်ကျင်ကန့်ကွက်သူများအား ယေဟောဝါ၏ ပြန်လည်ချေပချက်ကို ဟေရှာယ ဤသို့ ဖော်ပြ၏– “ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူသည်ကား ‘သင်တို့သည် ဖြစ်လတ္တံ့သော အမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင်ပြုသော အမှုအတွက်ကြောင့် ငါ့ကို စီရင်ကြလော့။ မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်း ဖန်ဆင်းလေပြီ။ မိုးကောင်းကင်ကို ကိုယ်လက်နှင့် ငါကြက်လေပြီ။ မိုးကောင်းကင် တန်ဆာအပေါင်းတို့ကို ငါခန့်ထားလေပြီ။ ထိုသူကိုလည်း တရားတော်အတိုင်း ငါပေါ်ထွန်းစေ၏။ သူ သွားသောလမ်းကို ငါဖြောင့်စေမည်။ သူသည် ငါ၏ မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွားချုပ်ထားခြင်းကို ခံရသော ငါ၏ လူတို့ကို သူသည် အဖိုးမခံ၊ ဆုမယူဘဲ လွှတ်လိမ့်မည်’ ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။”—ဟေရှာယ ၄၅:၁၁-၁၃။

၁၅ ယေဟောဝါအား “သန့်ရှင်းသောဘုရား” အဖြစ် ဖော်ပြထားခြင်းသည် ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်မှုကို အလေးပေးဖော်ပြခြင်း ဖြစ်သည်။ ကိုယ်တော်အား “ဖန်ဆင်း” ရှင်ဟု ခေါ်ဆိုထားခြင်းက ဖန်ဆင်းရှင်အနေနှင့် အကြောင်းခြင်းရာများ မည်သို့ ဖြစ်ပျက်မည်ကို ဆုံးဖြတ်ရန် ကိုယ်တော်၏ လုပ်ပိုင်ခွင့်ကို အလေးပေးဖော်ပြသည်။ ယေဟောဝါသည် ဣသရေလလူမျိုး၌ အဘယ်အရာများ ဖြစ်ပျက်လာမည်ကို အသိပေးနိုင်စွမ်း ရှိပြီး မိမိ၏ လက်ရာ ဖြစ်သော လူမျိုးတော်ကို ကြည့်ရှုပြုစုနိုင်စွမ်း ရှိသည်။ ယေဟောဝါ၌ အဘယ်အရာ ဖန်ဆင်းမည်ကို ဆုံးဖြတ်ပိုင်ခွင့် ရှိသကဲ့သို့ အဘယ်အရာ ဖွင့်လှစ်ဖော်ပြမည်ကို ဆုံးဖြတ်ပိုင်ခွင့်လည်း ရှိသည်။ စကြဝဠာတစ်ခုလုံး၏ ဖန်ဆင်းရှင်အနေနှင့် ယေဟောဝါတွင် မိမိ ဆုံးဖြတ်သည့် နည်းလမ်းအတိုင်း အဖြစ်အပျက်များကို လမ်းညွှန်ပိုင်ခွင့် ရှိတော်မူ၏။ (၁ ရာဇဝင်ချုပ် ၂၉:၁၁၊ ၁၂) ဆွေးနွေးနေသည့် ကိစ္စတွင် အချုပ်အခြာ အာဏာပိုင်ရှင်သည် ဣသရေလလူမျိုးကို ကယ်လွှတ်ပေးသူအဖြစ် တစ်ပါးအမျိုးသား ဖြစ်သော ကုရုကို ပေါ်ထွန်းစေရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ကုရု၏ ပေါ်ထွန်းခြင်းသည် အနာဂတ်တွင် ဖြစ်မည် ဖြစ်သော်လည်း ကောင်းကင်နှင့် မြေကြီး တည်ရှိသကဲ့သို့ သေချာသည့်အရာ ဖြစ်သည်။ သို့ဖြစ်လျှင် ခမည်းတော်၊ ‘ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ’ ကို မည်သည့် ဣသရေလသားတစ်ဦးသည် အပြစ်တင်ဝံ့သနည်း။

၁၆။ ယေဟောဝါ၏ ကျေးကျွန်များသည် ကိုယ်တော့်အား အဘယ်ကြောင့် လက်အောက်ခံသင့်သနည်း။

၁၆ ဟေရှာယ၏ ထိုအခန်းငယ်များတွင်ပင် ဘုရားသခင့် ကျေးကျွန်များသည် ကိုယ်တော်အား လက်အောက်ခံသင့်သည့် နောက်ထပ် အကြောင်းရင်းတစ်ခု ပါရှိသည်။ ကိုယ်တော့် ဆုံးဖြတ်ချက်များသည် မိမိကျေးကျွန်များအတွက် အမြဲပင် အကျိုးအရှိဆုံး ဖြစ်မည့်အရာများ ဖြစ်သည်။ (ယောဘ ၃၆:၃) ကိုယ်တော်သည် လူမျိုးတော် အကျိုးအတွက် ပညတ်များကို ထုတ်ဆင့်ခဲ့သည်။ (ဟေရှာယ ၄၈:၁၇) ယေဟောဝါ၏ အချုပ်အခြာအာဏာကို လက်အောက်ခံသော ကုရုခေတ်ရှိ ဂျူးများသည် ယင်းအချက် မှန်ကန်ကြောင်း တွေ့မြင်ကြရသည်။ ယေဟောဝါ၏ ဖြောင့်မတ်ခြင်းနှင့်အညီ ပြုမူဆောင်ရွက်သော ကုရုသည် ဗိမာန်တော် ပြန်လည်တည်ဆောက်ရန်အတွက် သူတို့ကို ဗာဗုလုန်မှ နေရင်းပြည်သို့ ပြန်စေလွှတ်ပေးသည်။ (ဧဇရ ၆:၃-၅) ယနေ့လည်း ထိုနည်းတူပင်၊ မိမိတို့၏ နေ့စဉ်အသက်တာတွင် ဘုရားသခင့် ပညတ်တော်များကို လိုက်လျှောက်သူများနှင့် ကိုယ်တော်၏ အချုပ်အခြာအာဏာကို လက်အောက်ခံသူများသည် ကောင်းချီးများ ခံစားကြရသည်။—ဆာလံ ၁:၁-၃; ၁၉:၇; ၁၁၉:၁၀၅; ယောဟန် ၈:၃၁၊ ၃၂။

အခြားလူမျိုးများအတွက် ကောင်းချီးများ

၁၇။ ဣသရေလလူမျိုးအပြင် မည်သူများသည် ယေဟောဝါ၏ ကယ်တင်ခြင်း လုပ်ဆောင်ချက်များမှ အကျိုးခံစားရမည်နည်း၊ မည်သို့အားဖြင့်နည်း။

၁၇ ဗာဗုလုန် ကျဆုံးခြင်းကြောင့် အကျိုးခံရသူမှာ ဣသရေလတစ်မျိုးတည်း မဟုတ်ပါ။ ဟေရှာယ ဤသို့ ဆို၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘အဲဂုတ္တုပြည်၌ ဆည်းပူးသော ဥစ္စာ [“အခမရသော လုပ်သားများ၊” ကဘ]၊ ကုရှပြည်သား၊ အရပ်မြင့်သော သေဘအမျိုးသား ပြုစုသော ကုန်သွယ်ဥစ္စာ [“ကုန်သည်များ၊” ကဘ] သည် သင့်ဘက်သို့ ရောက်၍ သင်၏ ဥစ္စာ ဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့ လိုက်၍ သံကြိုးနှင့် ချည်နှောင်လျက် လမ်း၌ လျှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပျပ်ဝပ်၍ “အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင် ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားသော ဘုရားသခင် မည်မျှ မရှိပါ” ဟူ၍ တောင်းပန်ကြလိမ့်မည်။’” (ဟေရှာယ ၄၅:၁၄) မောရှေခေတ်က ဣသရေလလူမျိုး မဟုတ်သော “အမျိုးမျိုးသော လူအများတို့သည်” အီဂျစ်ပြည်မှ ထွက်လာသော ဣသရေလလူများနှင့်အတူ လိုက်ပါလာခဲ့ကြသည်။ (ထွက်မြောက်ရာ ၁၂:၃၇၊ ၃၈) ထိုနည်းတူပင်၊ တိုင်းတစ်ပါးသားတို့သည် ဗာဗုလုန်မှ ပြည်တော်သို့ ပြန်လာသော ဂျူးပြည်နှင်ခံရသူများနှင့်အတူ လိုက်ပါကြမည်။ ထိုဂျူးမဟုတ်သောသူများသည် အတင်းအကျပ် ပြုမခံရဘဲ “သင့်ဘက်သို့ ရောက်” လာခြင်း ဖြစ်မည်။ “သင့်ရှေ့မှာ ပျပ်ဝပ်” မည်၊ “တောင်းပန်ကြလိမ့်မည်” ဟု ယေဟောဝါ မိန့်တော်မူရာတွင် ဣသရေလလူမျိုးအပေါ် ထိုတိုင်းတစ်ပါးသားများ၏ လိုလိုလားလား လက်အောက်ခံမှုနှင့် ကျေးဇူးသစ္စာစောင့်သိမှုကို ကိုယ်တော် ရည်ညွှန်းဖော်ပြခြင်း ဖြစ်သည်။ အကယ်၍ သူတို့သည် ချည်နှောင်ထားခံရလျှင် စိတ်လိုကိုယ်လျောက် ပြုသောသဘော ဖြစ်မည် ဖြစ်ကာ “ကိုယ်တော်၌ ဘုရားသခင် ရှိတော်မူ၏” ဟု သူတို့ ဆိုမည့် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးအပေါ် သူတို့၏ လိုလိုလားလား အလုပ်အကျွေး ပြုလိုမှုကို ဖော်ပြသည်။ သူတို့သည် ဣသရေလလူမျိုးနှင့် ပဋိညာဉ် ဖွဲ့ထားသော ကိုယ်တော်၏ အစီအမံများအောက်တွင် ဘာသာပြောင်းဝင်သူများအဖြစ် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ကြမည်။—ဟေရှာယ ၅၆:၆။

၁၈။ “ဘုရားသခင်၏ ဣသရေလအမျိုး” ကို ယေဟောဝါ လွတ်မြောက်ပေးခြင်းမှ ယနေ့ မည်သူတို့ အကျိုးခံစားခဲ့ကြရသနည်း၊ မည်သည့်နည်းများဖြင့်နည်း။

၁၈ “ဘုရားသခင်၏ ဣသရေလအမျိုး” သည် ဝိညာဏ သုံ့ပန်းဘဝမှ လွတ်မြောက်ခဲ့သည့် ၁၉၁၉ မှစ၍ ဟေရှာယ၏ စကားများသည် ကုရုခေတ်ကထက် ပို၍ ကြီးသော ပြည့်စုံချက်ဖြင့် ပြည့်စုံခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောသူများသည် ယေဟောဝါကို လိုလိုလားလား ဝတ်ပြုကိုးကွယ်လိုကြောင်း တင်ပြကြသည်။ (ဂလာတိ ၆:၁၆; ဇာခရိ ၈:၂၃) ဟေရှာယ ဖော်ပြခဲ့သော “လုပ်သားများ” နှင့် “ကုန်သည်များ” ကဲ့သို့ သူတို့သည် စစ်မှန်သော ဝတ်ပြုရေးကို ထောက်ပံ့ရန် သူတို့၏ ကာယခွန်အားနှင့် ငွေကြေးဥစ္စာများကို မတွန့်မတို ပေးကမ်းကြသည်။ (မဿဲ ၂၅:၃၄-၄၀; မာကု ၁၂:၃၀) သူတို့သည် မိမိတို့ကိုယ်ကို ယေဟောဝါထံ ဆက်ကပ်အပ်နှံကြပြီး ကိုယ်တော့် လမ်းတော်အတိုင်း လိုက်လျှောက်ကာ ကိုယ်တော်၏ ကျေးကျွန်အဖြစ် ဝမ်းမြောက်စွာ ခံယူကြသည်။ (လုကာ ၉:၂၃) သူတို့သည် ယေဟောဝါကိုသာ ဝတ်ပြုကိုးကွယ်ကြပြီး ဘုရားသခင်နှင့် အထူးပဋိညာဉ် ဆက်ဆံရေး ရှိသည့် ယေဟောဝါ၏ “သစ္စာနှင့် သတိပညာရှိသော ကျွန်” နှင့် ပေါင်းသင်းရသည့် အကျိုးကျေးဇူးများကို စံစားနေကြသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ; မဿဲ ၂၆:၂၈; ဟေဗြဲ ၈:၈-၁၃) ထိုပဋိညာဉ်တွင် ပါဝင်ခွင့် မရသော်လည်း ထို “လုပ်သားများ” နှင့် “ကုန်သည်များ” သည် ၎င်းမှ အကျိုးကျေးဇူး ရရှိကြပြီး ၎င်းနှင့် ဆက်နွှယ်သော ပညတ်များကို နာခံကာ ‘အခြားသော ဘုရား မရှိ’ ဟု ရဲရင့်စွာ ကြွေးကြော်ကြသည်။ ထိုသို့ စစ်မှန်သော ဝတ်ပြုရေးကို တလိုတလား ထောက်မသူများ၏ အရေအတွက်သည် ယနေ့ ထူးခြားစွာ တိုးများလျက် ရှိသည်ကို ကိုယ်တိုင် မြင်တွေ့ရခြင်းသည် အလွန် ဝမ်းမြောက်စရာပင်!—ဟေရှာယ ၆၀:၂၂။

၁၉။ ဆက်၍ စွဲမြဲစွာ ရုပ်တုကိုးကွယ်သူများ အဘယ်အရာ ဖြစ်ပျက်မည်နည်း။

၁၉ တိုင်းနိုင်ငံများမှ လူများ ယေဟောဝါအား ဝတ်ပြုခြင်းသို့ ပူးပေါင်းလာကြမည့်အကြောင်းကို ထုတ်ဖော်ပြီးနောက် ပရောဖက်က ဤသို့ ကြွေးကြော်၏– “အိုဣသရေလအမျိုး၏ ဘုရားသခင်၊ ကယ်တင်တော်မူသောဘုရား အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင် ဖြစ်တော်မူ၏။” (ဟေရှာယ ၄၅:၁၅) ယေဟောဝါသည် လောလောဆယ်အချိန်တွင် မိမိ၏ တန်ခိုးကို မပြဘဲ ထားသော်လည်း အနာဂတ်တွင် ကိုယ်တော်သည် ပုန်းကွယ်မနေတော့ပါ။ ကိုယ်တော်သည် ဣသရေလလူမျိုး၏ ဘုရားသခင်၊ မိမိလူမျိုး၏ ကယ်တင်ရှင် ဖြစ်ကြောင်း မိမိကိုယ်ကို ထင်ရှားပြတော်မူမည်။ သို့ရာတွင် ယေဟောဝါသည် ရုပ်တုများအား ယုံကြည်ကိုးစားသူတို့၏ ကယ်တင်ရှင် ဖြစ်မည် မဟုတ်ပါ။ ထိုသူတို့နှင့်ပတ်သက်၍ ဟေရှာယ ဤသို့ ဆို၏– “ရုပ်တုကို လုပ်သောသူအပေါင်းတို့သည် ရှက်ကြောက်၍ မိန်းမောတွေဝေကြလိမ့်မည်။ အရှက်ကွဲ၍ တစ်ပြိုင်နက် ဆုတ်သွားကြလိမ့်မည်။” (ဟေရှာယ ၄၅:၁၆) သူတို့ကို နှိမ့်ချခြင်းသည် ခေတ္တယာယီ အရှက်တကွဲ အကျိုးနည်းရခြင်းလောက်သာ မဟုတ်ပါ။ ဣသရေလလူမျိုးကို ထပ်၍ ယေဟောဝါ ကတိပြုသည့်အရာ၏ ဆန့်ကျင်ဘက်—သေခြင်းကို တွေ့ကြုံရမည်ဟု ဆိုလိုသည်။

၂၀။ ဣသရေလလူမျိုးသည် မည်သည့်နည်းအားဖြင့် “ထာဝရ ကယ်တင်ခြင်း” ကို ခံစားရမည်နည်း။

၂၀“ဣသရေလအမျိုးမူကား ထာဝရဘုရား [“ယေဟောဝါနှင့် တပေါင်းတစည်းတည်း ရှိခြင်း၊” ကဘ] အားဖြင့် ထာဝရ ကယ်တင်ခြင်းသို့ ရောက်၍ သင်တို့သည် အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်းလွတ်ကြလိမ့်မည်။” (ဟေရှာယ ၄၅:၁၇၊ သမ္မာ) ယေဟောဝါသည် ဣသရေလလူမျိုးအား ထာဝရ ကယ်တင်ခြင်းအကြောင်း ကတိပြုတော်မူသော်လည်း ယင်းသည် အခြေအနေပေါ် မူတည်သည်။ ဣသရေလလူမျိုးသည် “ယေဟောဝါနှင့် တပေါင်းတစည်းတည်း” ဆက်ရှိနေရမည် ဖြစ်သည်။ ဣသရေလလူမျိုးသည် ယေရှုကို မေရှိယအဖြစ် ငြင်းပယ်ခြင်းဖြင့် ထိုပေါင်းစည်းမှုကို ချိုးဖျက်သောအခါတွင် လူမျိုးတော်သည် “ထာဝရ ကယ်တင်ခြင်း” အလားအလာ ဆုံးရှုံးမည် ဖြစ်သည်။ သို့ရာတွင် ဣသရေလတွင် လူအချို့သည် ယေရှုခရစ်အား ယုံကြည်ကြောင်း တင်ပြမည် ဖြစ်ပြီး သူတို့သည် ဇာတိဣသရေလနေရာတွင် အစားထိုးမည့် ဘုရားသခင်၏ ဣသရေလအမျိုး၏ အဓိကမဏ္ဍိုင် ဖြစ်လာမည်။ (မဿဲ ၂၁:၄၃; ဂလာတိ ၃:၂၈၊ ၂၉; ၁ ပေတရု ၂:၉) ဝိညာဏ ဣသရေလလူမျိုးသည် ဘယ်တော့မျှ နှိမ့်ချခံရမည် မဟုတ်ပါ။ “ထာဝရ ပဋိညာဉ်တရား” ထဲသို့ ခေါ်ဆောင်ခံရမည် ဖြစ်သည်။—ဟေဗြဲ ၁၃:၂၀။

ဖန်ဆင်းခြင်းနှင့် ဗျာဒိတ်ပေးခြင်းတို့တွင် ယေဟောဝါကို ယုံကြည်အားထားနိုင်

၂၁။ ယေဟောဝါသည် ဖန်ဆင်းခြင်းနှင့် ဗျာဒိတ်ပေးခြင်းတို့တွင် ကိုယ်တော်ကို လုံးဝ ယုံကြည်အားထားနိုင်ကြောင်း မည်သို့ ဖော်ပြတော်မူသနည်း။

၂၁ ဣသရေလလူမျိုးအတွက် ထာဝရ ကယ်တင်ခြင်းဆိုင်ရာ ယေဟောဝါ၏ ကတိတော်ကို ဂျူးများ ယုံကြည်အားထားနိုင်သလော။ ဟေရှာယ ဤသို့ အဖြေပေး၏– “မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲ တည်စေတော်မူသောအရှင်၊ အချည်းနှီး ဖန်ဆင်းသည် မဟုတ်၊ သတ္တဝါ နေစရာဖို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား ‘ငါသည် ထာဝရဘုရား ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရား မရှိ။ ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သောအရပ်၌ မဟော။ “သင်တို့သည် ကျေးဇူး မရှိဘဲ ငါ့ကို ရှာကြလော့” ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာ ပြော၍ အတည့်အလင်း ဟောတတ်သော ထာဝရဘုရား ဖြစ်၏။’” (ဟေရှာယ ၄၅:၁၈၊ ၁၉) ဤအခန်းကြီးတွင် တစ်ဖန် “ထာဝရဘုရား မိန့်တော်မူသည်ကား” ဟူသော စကားစုဖြင့် အရေးပါသော ပရောဖက်ပြုချက်အပိုဒ်ကို ဟေရှာယ နိဒါန်းပျိုးလိုက်သည်။ (ဟေရှာယ ၄၅:၁၊ ၁၁၊ ၁၄) အဘယ်အရာကို ယေဟောဝါ မိန့်တော်မူသနည်း။ ဖန်ဆင်းခြင်းနှင့် ဗျာဒိတ်ပေးခြင်း နှစ်ခုစလုံးတွင် ကိုယ်တော်ကို ယုံကြည်အားထားနိုင်သည် ဟူသောအချက် ဖြစ်သည်။ ကိုယ်တော်သည် မြေကြီးကို “အချည်းနှီး” ဖန်ဆင်းခဲ့ခြင်း မဟုတ်ပါ။ ထိုနည်းတူပင် မိမိ၏လူမျိုး၊ ဣသရေလလူမျိုးကို “ကျေးဇူး မရှိဘဲ” မိမိအား ရှာရန် ကိုယ်တော် မတောင်းဆိုပါ။ မြေကြီးနှင့်ပတ်သက်သော ယေဟောဝါ၏ ရည်ရွယ်ချက်သည် ပြည့်စုံမည် ဖြစ်သကဲ့သို့ ကိုယ်တော် ရွေးချယ်ထားသော လူမျိုးနှင့်ပတ်သက်သော ဘုရားသခင့် ရည်ရွယ်ချက်သည် ပြည့်စုံမည် ဖြစ်သည်။ မှောက်မှားသော ဘုရားများကို ကိုးကွယ်သူများ၏ မရှင်းမလင်း လျှို့ဝှက်သော အသုံးအနှုန်းများနှင့် ခြားနားလျက် ယေဟောဝါ၏ စကားတော်ကို လူသိရှင်ကြား မြွက်ဆိုသည်။ ကိုယ်တော့်စကားတော်သည် ဖြောင့်မတ်မှန်ကန်ပြီး ပြည့်စုံလာမည် ဖြစ်သည်။ ကိုယ်တော်အား ဝတ်ပြုကိုးကွယ်သူများသည် အချည်းနှီး ကိုးကွယ်ခြင်း ဖြစ်မည် မဟုတ်ပါ။

၂၂။ (က) ဗာဗုလုန်တွင် ပြည်နှင်ခံရသော ဂျူးများသည် အဘယ်အရာနှင့်ပတ်သက်၍ စိတ်ချနိုင်သနည်း။ (ခ) ယနေ့ ခရစ်ယာန်များအတွက် အဘယ် အာမခံချက် ရှိသနည်း။

၂၂ ဗာဗုလုန်တွင် ပြည်နှင်ခံရသော ဘုရားသခင့် လူမျိုးအတွက် ကတိထားရာ ပြည်တော်သည် ထာဝစဉ် လူသူကင်းမဲ့သည့် အခြေအနေ ဖြစ်မည် မဟုတ်ကြောင်း ထိုစကားများက အာမခံသည်။ ပြည်သူပြည်သားများ ပြန်ပြည့်လာမည် ဖြစ်သည်။ ထို့ပြင် သူတို့နှင့်ဆိုင်သော ယေဟောဝါ၏ ကတိတော်များ ပြည့်စုံလာသည်။ ထိုမျှမကပါ၊ ဟေရှာယ၏ စကားများသည် ယနေ့ ဘုရားသခင့်လူမျိုးအတွက် အာမခံချက် ဖြစ်သည်၊ မြေကြီးသည် အချို့သူများ ယူဆသကဲ့သို့ မီးဖြင့် လောင်ကျွမ်းသွားမည် သို့မဟုတ် အခြားသူများ ကြောက်ရွံ့နေသကဲ့သို့ နျူကလီးယား ဗုံးများကြောင့် ပျက်စီးသွားမည် မဟုတ်ပါ။ ဘုရားသခင့် ရည်ရွယ်ချက်မှာ မြေကြီးသည် ပရဒိသုအလှဖြင့် လွှမ်းခြုံကာ ဖြောင့်မတ်သော ပြည်သူပြည်သားများနှင့် ပြည့်လျက် ထာဝစဉ် တည်ရှိသွားရန် ဖြစ်သည်။ (ဆာလံ ၃၇:၁၁၊ ၂၉; ၁၁၅:၁၆; မဿဲ ၆:၉၊ ၁၀; ဗျာဒိတ် ၂၁:၃၊ ၄) မှန်ပါသည်၊ ဣသရေလလူမျိုး အဖြစ်အပျက်တွင်ကဲ့သို့ ယေဟောဝါ၏ စကားတော်သည် ယုံကြည်အားထားနိုင်ကြောင်း သက်သေထူမည်။

ယေဟောဝါသည် မိမိ၏ ကရုဏာတော်ကို တိုးချဲ့တော်မူ၏

၂၃။ ရုပ်တုများကို ကိုးကွယ်သူများအတွက် အဘယ်ရလဒ် ရှိသနည်း၊ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူများ၏ အခြေအနေကား မည်သို့ ရှိသနည်း။

၂၃ ဣသရေလလူမျိုး၏ ကယ်တင်ခြင်းကို ယေဟောဝါ၏ နောက်ဆက်စကားများတွင် ဤသို့ အလေးပေးဖော်ပြ၏– “သင်တို့သည် စည်းဝေး၍ လာကြလော့။ အတိုင်းတိုင်း အပြည်ပြည်တို့မှ ဘေးလွတ်သောသူတို့ စည်းဝေးကြလော့။ မိမိ ထုလုပ်သော သစ်သားကို ဆောင်ရွက်သောသူ၊ မကယ်တင်နိုင်သော ဘုရားကို ပတ္ထနာပြုသောသူတို့သည် ပညာ မရှိကြ။ သတင်းကြားပြောကြလော့။ လူများကို အနီးသို့ ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဖော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတစ်ပါး အခြားသော ဘုရားသခင် မရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရား မရှိ။” (ဟေရှာယ ၄၅:၂၀၊ ၂၁) ယေဟောဝါသည် “ဘေးလွတ်သောသူတို့” ကို ဆင့်ခေါ်ကာ သူတို့၏ ကယ်တင်ခြင်းနှင့် ရုပ်တုကိုးကွယ်သူတို့၌ ဖြစ်ပျက်ရာများကို နှိုင်းယှဉ်ကြည့်စေ၏။ (တရားဟောရာ ၃၀:၃; ယေရမိ ၂၉:၁၄; ၅၀:၂၈) ရုပ်တုကိုးကွယ်သူများသည် မိမိတို့ကို မကယ်တင်နိုင်သော တန်ခိုးမဲ့ ဘုရားများထံ ပတ္တနာပြု၊ ကိုးကွယ်ကြခြင်းကြောင့် သူတို့သည် “ပညာ မရှိကြ” ပါ။ သူတို့၏ ဝတ်ပြုကိုးကွယ်မှုသည် အကျိုးမရှိ—အချည်းနှီးသာ ဖြစ်သည်။ သို့ရာတွင် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများသည် ဗာဗုလုန်တွင် ပြည်နှင်ခံရသော မိမိ၏ လူမျိုးကို ကယ်တင်မည့် အကြောင်းအရာ အပါအဝင် “ရှေးကာလမှစ၍” ကိုယ်တော် ကြိုဟောတော်မူခဲ့သည့် အဖြစ်အပျက်များကို ဖြစ်စေနိုင်သည့် တန်ခိုး ရှိကြောင်း တွေ့မြင်ကြသည်။ ထိုကဲ့သို့သော တန်ခိုးနှင့် ကြိုမြင်နိုင်စွမ်းက အခြားဘုရားများနှင့် ယေဟောဝါကို သီးခြားဖြစ်စေသည်။ အမှန်ပင်၊ ကိုယ်တော်သည် “ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။”

‘ဘုရားသခင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း ရ’

၂၄၊ ၂၅။ (က) ယေဟောဝါသည် အဘယ် ဖိတ်ခေါ်ချက်ကို ထုတ်ဆင့်တော်မူပြီး ကိုယ်တော်၏ ကတိတော်များသည် အဘယ်ကြောင့် သေချာပေါက် ပြည့်စုံမည် ဖြစ်သနည်း။ (ခ) ယေဟောဝါသည် အဘယ်အရာကို တော်မှန်စွာ တောင်းဆိုတော်မူသနည်း။

၂၄ ယေဟောဝါ၏ ကရုဏာတော်က ဤဖိတ်ခေါ်ချက်ကို ကမ်းလှမ်းရန် ကိုယ်တော်ကို လှုံ့ဆော်တော်မူ၏– “မြေကြီးစွန်းသားအပေါင်းတို့ ငါ့ကို မျှော်ကြည့်၍ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရားသခင် ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရား မရှိ။ ငါ့ရှေ့၌ လူတိုင်း ဒူးထောက်ရမည်။ လူတိုင်း မိမိနှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ် တိုင်တည်၍ ငါကျိန်ဆိုသောစကားသည် ငါ့နှုတ်မှ ထွက်သည် ဖြစ်၍ မပြည့်စုံဘဲ မနေရ။ ‘ထာဝရဘုရားအားဖြင့်သာ ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်’ ဟု လူတိုင်း လျှောက်ရမည်။ ‘ကိုယ်တော်ကို မနာလိုသောသူအပေါင်းတို့သည် အထံတော်သို့ လာ၍ ရှက်ကြောက်ခြင်းသို့ ရောက်ရကြလိမ့်မည်။ ဣသရေလ အမျိုးသားအပေါင်းတို့သည် ထာဝရဘုရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ဝါကြွားကြလိမ့်မည်။’”—ဟေရှာယ ၄၅:၂၂-၂၅။

၂၅ ယေဟောဝါအား မျှော်ကိုးကြသည့် ဗာဗုလုန်တွင် ရှိသော ဣသရေလလူများကို ကိုယ်တော် ကယ်တင်မည် ဖြစ်ကြောင်း ကတိပြုတော်မူ၏။ ကိုယ်တော်၏ ပရောဖက်ပြုချက် မပြည့်စုံဟူ၍ မရှိနိုင်ပါ၊ အကြောင်းမှာ ယေဟောဝါ၌ မိမိလူမျိုးတော်ကို ကယ်တင်လိုသော ဆန္ဒသာမက ကယ်တင်နိုင်စွမ်းလည်း ရှိတော်မူ၍တည်း။ (ဟေရှာယ ၅၅:၁၁) ဘုရားသခင့် စကားတော်ကိုယ်နှိုက်က ယုံကြည်စိတ်ချရသည်၊ သို့သော် ယင်းစကားတို့ကို ခိုင်မာစေရန် ယေဟောဝါ ကျိန်ဆိုတော်မူချက် ထပ်ဆင့်လိုက်သည့်အခါ ပို၍ပင် ယုံကြည်စိတ်ချနိုင်သည်။ (ဟေဗြဲ ၆:၁၃) ကိုယ်တော်သည် မိမိမျက်နှာသာ ရလိုသူများထံမှ လက်အောက်ခံခြင်း (“လူတိုင်း ဒူးထောက်ရမည်”) နှင့် သစ္စာစောင့်သိခြင်း (“လူတိုင်း မိမိနှုတ်နှင့် သစ္စာခံရမည်”) ကို တော်မှန်စွာ တောင်းဆိုတော်မူ၏။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခြင်းတွင် စွဲမြဲကြသော ဣသရေလ လူမျိုးများသည် ကယ်တင်ခြင်း ခံရမည်။ သူတို့သည် မိမိတို့အဖို့ ယေဟောဝါ ပြုလုပ်တော်မူသည့်အရာများအတွက် မော်ကြွားနိုင်ကြမည်။—၂ ကောရိန္သု ၁၀:၁၇။

၂၆။ လူအမျိုးမျိုးမှ “လူအုပ်ကြီး” သည် ကိုယ်တော်ကို မျှော်ကိုးရန်ဟူသော ယေဟောဝါ၏ ဖိတ်ခေါ်ချက်ကို မည်သို့ တုံ့ပြန်နေကြသနည်း။

၂၆ သို့ရာတွင် ကိုယ်တော်အား မျှော်ကိုးရန် ဘုရားသခင့် ဖိတ်ခေါ်ချက်သည် ရှေးဗာဗုလုန်တွင် ပြည်နှင်ခံရသူများအတွက်သာ ကန့်သတ်မထားပါ။ (တမန်တော် ၁၄:၁၄၊ ၁၅; ၁၅:၁၉; ၁ တိမောသေ ၂:၃၊ ၄) ဤဖိတ်ခေါ်ချက်သည် ဆက်ကမ်းလှမ်းနေဆဲ ဖြစ်ပြီး “လူအမျိုးမျိုး . . . မှ လူအုပ်ကြီး” သည် တုံ့ပြန်ကြကာ “ဘုရားသခင်နှင့် သိုးသငယ်တို့၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့ ကယ်တင်ခြင်း ရကြသတည်း” ဟု ကြွေးကြော်ကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၀; ၁၅:၄၊ ကဘ) နှစ်စဉ်ပင် သိန်းနှင့်ချီသော လူသစ်များသည် ဘုရားသခင်ကို မျှော်ကိုးကာ ကိုယ်တော်၏ အချုပ်အခြာအာဏာကို အပြည့်အဝ အသိအမှတ်ပြုပြီး ကိုယ်တော့်အပေါ် သူတို့၏ သစ္စာစောင့်သိမှုကို လူထုရှေ့ ကြေညာကြခြင်းဖြင့် လူအုပ်ကြီး အရေအတွက်ကို တိုးများစေကြသည်။ ထို့ပြင် သူတို့သည် “အာဗြဟံ၏ အမျိုးအနွယ်” ဖြစ်သော ဝိညာဏ ဣသရေလလူမျိုးကို သစ္စာရှိစွာ ထောက်မပေးကြသည်။ (ဂလာတိ ၃:၂၉) သူတို့သည် ယေဟောဝါ၏ ဖြောင့်မတ်သည့် အုပ်ချုပ်မှုကို ချစ်မြတ်နိုးကြောင်း “ထာဝရဘုရားအားဖြင့်သာ ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်” ဟု ကမ္ဘာချီ ကြွေးကြော်ခြင်းဖြင့် တင်ပြကြသည်။a ရောမမြို့သားများထံ ရေးသော တမန်တော် ပေါလု၏ စာ၌ နောက်ဆုံးတွင် အသက်ရှင်သော လူတိုင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုကြမည် ဖြစ်ပြီး ကိုယ်တော်၏ နာမတော်ကို မပြတ် ချီးမွမ်းကြမည် ဖြစ်ကြောင်း တင်ပြရာတွင် ဟေရှာယ ၄၅:၂၃ ကို ကိုးကားခဲ့သည်။—ရောမ ၁၄:၁၁; ဖိလိပ္ပိ ၂:၉-၁၁; ဗျာဒိတ် ၂၁:၂၂-၂၇။

၂၇။ ယနေ့ ခရစ်ယာန်များသည် ယေဟောဝါ၏ ကတိတော်များကို အဘယ်ကြောင့် အကြွင်းမဲ့ ယုံကြည်ကိုးစားနိုင်သနည်း။

၂၇ လူအုပ်ကြီးအဝင် ဖြစ်သူများ ဘုရားသခင်အား မျှော်ကိုးခြင်းသည် ကယ်တင်ခြင်း ဖြစ်ကြောင်းကို အဘယ်အကြောင်းကြောင့် ယုံကြည်နိုင်သနည်း။ ဟေရှာယ အခန်းကြီး ၄၅ တွင် တွေ့ရသည့် ပရောဖက်ပြုချက် စကားများ၌ ရှင်းလင်းစွာ ဖော်ပြထားသည့်အတိုင်း ယေဟောဝါ၏ ကတိတော်သည် ယုံကြည်အားထားနိုင်သောကြောင့် ဖြစ်သည်။ ယေဟောဝါ၌ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းရန် တန်ခိုးနှင့် ဉာဏ်ပညာ ပိုင်ဆိုင်ထားသကဲ့သို့ ကိုယ်တော်၏ ပရောဖက်ပြုချက်များ ပြည့်စုံလာစေနိုင်သည့် တန်ခိုးနှင့် ဉာဏ်ပညာလည်း ပိုင်ဆိုင်ထားတော်မူ၏။ ကုရုနှင့်ပတ်သက်သော ပရောဖက်ပြုချက် ပြည့်စုံရန် ကိုယ်တော် ကြီးကြပ်ပေးခဲ့သကဲ့သို့ ပြည့်စုံရန် ကျန်ရှိသေးသော အခြား မည်သည့် ကျမ်းစာပရောဖက်ပြုချက်ကိုမဆို ပြည့်စုံရန်အတွက်လည်း ကိုယ်တော် ကြီးကြပ်ပေးတော်မူမည်။ ထို့ကြောင့် မကြာမီ ယေဟောဝါသည် “ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား” ဖြစ်ကြောင်း တစ်ဖန် သက်သေထူတော်မူမည်ကို ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများ ယုံကြည်စိတ်ချနေနိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

a မူရင်းဟေဗြဲကျမ်းတွင် အများကိန်းပုံစံဖြင့် “ဖြောင့်မတ်ခြင်းများ” ဟူသည့် စကားလုံးကို သုံးထားသည်။ ဤတွင် အများကိန်းပုံစံဖြင့် အသုံးပြုရခြင်းမှာ ယေဟောဝါ၏ ဖြောင့်မတ်ခြင်း ပေါများပြည့်လျှံမှုကို ဖော်ပြရန် ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ