ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၃/၁ စာ. ၈-၁၄
  • ဘုရားသခင့်ဗိမာန်တော်ကို“နှလုံးသွင်းလော့!”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်ဗိမာန်တော်ကို“နှလုံးသွင်းလော့!”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗိမာန်တော်ပြန်လည်တည်ဆောက်ခဲ့
  • ယဇ်ပုရောဟိတ်အဖွဲ့နှင့် အကဲအမှူး
  • ပြည်တော်
  • ထိုအဆင်းအာရုံသည်အဘယ်အချိန်တွင်ပြည့်စုံခဲ့သနည်း
  • အဆင်းအာရုံသည်ကျွန်ုပ်တို့ကိုယ်နှိုက်၏ခေတ်ကိုသတိမူစေ
  • “ဗိမာန်တော်ရဲ့ ပုံစံအကြောင်း ပြောပြလိုက်ပါ”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • ယနေ့ “ဗိမာန်တော်” နှင့် “အကဲအမှူး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • “ဒါဟာ ဗိမာန်တော်နဲ့ဆိုင်တဲ့ ပညတ်ပဲ”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—⁠၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၃/၁ စာ. ၈-၁၄

ဘုရားသခင့်ဗိမာန်တော်ကို“နှလုံးသွင်းလော့!”

“အချင်းလူသား . . . ငါပြလတ္တံ့သမျှတို့ကိုနှလုံးသွင်းလော့။ . . . မြင်သမျှတို့ကိုလည်း ဣသရေလအမျိုးအားပြရမည်။”—ယေဇကျေလ ၄၀:၄။

၁။ ဘီ.စီ.အီး. ၅၉၃ တွင် ဘုရားသခင်ရွေးချယ်ထားသောလူမျိုးသည် အဘယ်အခြေအနေတွင်ရှိနေကြသနည်း။

ဘီ.စီ.အီး. ၅၉၃ ခုနှစ်၊ ဣသရေလလူမျိုးပြည်နှင်ခံရသည့် ၁၄ နှစ်မြောက်တွင်ဖြစ်သည်။ ဗာဗုလုန်တွင်နေထိုင်ကြသောဂျူးများအတွက် သူတို့ချစ်မြတ်နိုးသောမွေးရပ်မြေသည် အမှန်ပင် ဝေးနေဟန်ရှိ၏။ အများစုက ယေရုရှလင်မြို့ကို နောက်ဆုံးတွေ့ခဲ့ကြစဉ် ယင်းသည် မီးဟုန်းဟုန်းတောက်နေပြီး ၎င်း၏နံရံကြီးများမှာ ပြိုကွဲပျက်စီးကာ ခံ့ညားထည်ဝါသော အဆောက်အဦများလည်း ပျက်စီးကုန်ပြီဖြစ်သည်။ တစ်ခါက ကမ္ဘာတစ်ခုလုံးရှိ စင်ကြယ်သောဝတ်ပြုကိုးကွယ်မှုအတွက် ဗဟိုဌာနဖြစ်သော မြို့တော်၏ကျက်သရေဆောင်၊ ယေဟောဝါ၏ဗိမာန်တော်သည် ကျိုးပဲ့ပျက်စီးနေပြီဖြစ်၏။ ယခု ဣသရေလလူမျိုးသည် ပြည်နှင်ဒဏ်နှစ်အများစုကို ဆက်၍ခံရပေဦးမည်။ ကတိထားရာလွတ်မြောက်ချိန်အထိ ၅၆ နှစ်ဆက်စောင့်နေရဦးမည်ဖြစ်သည်။—ယေရမိ ၂၉:၁၀။

၂။ ယေရုရှလင်မြို့ရှိ ဘုရားသခင့်ဗိမာန်တော်ကိုသတိရခြင်းသည် ယေဇကျေလအား အဘယ်ကြောင့်ဝမ်းနည်းစေခဲ့သနည်း။

၂ သစ္စာရှိပရောဖက်ယေဇကျေလသည် မိုင်ပေါင်းရာချီဝေးသော ပျက်စီးယိုယွင်းပြီး လူသူကင်းမဲ့လျက် သားရဲတိရစ္ဆာန်များကျက်စားရာဖြစ်နေသည့် ဘုရားသခင့်ဗိမာန်တော်အကြောင်းတွေးမိလျှင် ဝမ်းနည်းကြေကွဲခဲ့မိမည်သာ။ (ယေရမိ ၉:၁၁) သူ၏ဖခင်ဗုဇိသည် ထိုတွင် ယဇ်ပုရောဟိတ်တစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ (ယေဇကျေလ ၁:၃) ထပ်တူအခွင့်အရေးကို ယေဇကျေလရနိုင်ခဲ့သည်၊ သို့သော် သူငယ်ရွယ်သေးချိန် ဘီ.စီ.အီး. ၆၁၇ ခုနှစ်တွင် ယေရုရှလင်မှ မြို့စားနယ်စားများနှင့်အတူ ပြည်နှင်ခံခဲ့ရသည်။ ယခု အသက် ၅၀ ခန့်ရှိပြီဖြစ်ရာ ယေဇကျေလသည် ယေရုရှလင်မြို့ကို ပြန်တွေ့နိုင်တော့မည်မဟုတ်ကြောင်းနှင့် ယင်း၏ဗိမာန်တော်ပြန်လည်တည်ဆောက်ခြင်းတွင် ပါဝင်ခွင့်ရလိမ့်မည်မဟုတ်ကြောင်း သိရှိပေမည်။ ထို့ကြောင့် ဘုန်းထွန်းတောက်သော ဗိမာန်တော်ဆိုင်ရာအဆင်းအာရုံကို ယေဇကျေလရရှိခြင်းသည် မည်မျှအဓိပ္ပာယ်ရှိလိုက်မည်ကို စဉ်းစားကြည့်ပါ!

၃။ (က) ဗိမာန်တော်ဆိုင်ရာ ယေဇကျေလ၏အဆင်းအာရုံ ရည်ရွယ်ချက်ကား အဘယ်နည်း။ (ခ) အဆင်းအာရုံ၏ အဓိကကဏ္ဍလေးရပ်ကား အဘယ်နည်း။

၃ ယေဇကျေလကျမ်း၏ အခန်းကြီးကိုးခန်းအပြည့်ဖြစ်သော ဤကျယ်ပြန့်သည့်အဆင်းအာရုံသည် ပြည်နှင်ခံဂျူးများအတွက် ယုံကြည်ခြင်းခိုင်ခံ့စေသောကတိတော်ဖြစ်ခဲ့သည်။ စင်ကြယ်သောဝတ်ပြုရေး ပြန်လည်ထူထောင်ရမည်တကား! ထိုအချိန်မှစ၍ ရာစုနှစ်များတစ်လျှောက် ကျွန်ုပ်တို့အချိန်အထိပင် ဤအဆင်းအာရုံသည် ယေဟောဝါအားချစ်မြတ်နိုးသူများအတွက် အားပေးရာရင်းမြစ်ဖြစ်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ ယေဇကျေလ၏ပရောဖက်ပြုချက်အဆင်းအာရုံသည် ပြည်နှင်ခံဣသရေလများအတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း ဦးဆုံးဆန်းစစ်ကြည့်ကြစို့။ ၎င်းတွင် အဓိကကဏ္ဍလေးရပ်ရှိသည်– ဗိမာန်တော်၊ ယဇ်ပုရောဟိတ်၊ အကဲအမှူးနှင့် ပြည်တော်တို့ဖြစ်သည်။

ဗိမာန်တော်ပြန်လည်တည်ဆောက်ခဲ့

၄။ ယေဇကျေလအဆင်းအာရုံ၏အစပိုင်းတွင် သူသည် အဘယ်နေရာသို့ခေါ်ဆောင်ခံခဲ့ရသနည်း၊ ထိုတွင် အဘယ်အရာကိုတွေ့မြင်ခဲ့သနည်း၊ မည်သူက သူ့အားလှည့်လည်ပြသခဲ့သနည်း။

၄ ဦးဆုံး၊ ယေဇကျေလသည် “အလွန်မြင့်သောတောင်ပေါ်” သို့ခေါ်ဆောင်ခံရ၏။ တောင်အပေါ်တောင်ဘက်ခြမ်းတွင် ကြီးမားသောဗိမာန်တော်ရှိရာ မြို့ရိုးနှင့်ကာရံထားသည့်မြို့ပမာဖြစ်သည်။ “ကြေးဝါကဲ့သို့အဆင်းအရောင်ရှိသော” ကောင်းကင်တမန်တစ်ပါးသည် ထိုနေရာကိုလှည့်လည်ပြသခဲ့သည်။ (ယေဇကျေလ ၄၀:၂၊ ၃) အဆင်းအာရုံကိုဆက်ဖော်ပြစဉ် ကောင်းကင်တမန်သည် ဗိမာန်တော်၏ အရွယ်အစားပုံသဏ္ဌာန်တူဂိတ်သုံးဂိတ်နှင့် ၎င်း၏ကင်းစောင့်များ၊ အပြင်ရင်ပြင်တစ်ခု၊ အတွင်းရင်ပြင်တစ်ခု၊ စားသောက်ခန်းများ၊ ယဇ်ပလ္လင်တစ်ခု၊ သန့်ရှင်းသောအခန်းနှင့် အသန့်ရှင်းဆုံးအခန်းပါသည့် ဗိမာန်တော်သန့်ရှင်းရာဌာနကို ဂရုတစိုက်တိုင်းတာနေကြောင်း ယေဇကျေလတွေ့မြင်ခဲ့သည်။

၅။ (က) ယေဟောဝါသည် ယေဇကျေလအား အဘယ်အရာကိုစိတ်ချစေခဲ့သနည်း။ (ခ) ဗိမာန်တော်မှဖယ်ရှားရသည့် “ရှင်ဘုရင်၏အသေကောင်များ” ကားအဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့်အရေးကြီးခဲ့သနည်း။

၅ ထို့နောက် ၎င်းအဆင်းအာရုံတွင် ယေဟောဝါကိုယ်တော်တိုင်ထင်ရှားလာ၏။ ကိုယ်တော်သည် ဗိမာန်တော်အတွင်းဝင်ရောက်ပြီး ထိုတွင်ကျိန်းဝပ်တော်မူမည်ဖြစ်ကြောင်း ယေဇကျေလကိုစိတ်ချစေသည်။ သို့သော် ယေဟောဝါသည် မိမိ၏အိမ်တော်ကို စင်ကြယ်စေလို၍ ဤသို့ဆိုသည်– “ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင်၏အသေကောင်များကို ငါမှဝေးစွာပယ်ရှားကြစေ။ ငါသည်လည်း သူတို့တွင်အစဉ်အမြဲနေမည်။” (ယေဇကျေလ ၄၃:၂-၄၊ ၇၊ ၉) “ရှင်ဘုရင်၏အသေကောင်များ” သည်ရုပ်ပုံများကိုရည်ညွှန်းကြောင်းထင်ရှားသည်။ ယေရုရှလင်ရှိပုန်ကန်သောရှင်ဘုရင်များနှင့် ပြည်သားတို့သည် ဘုရားသခင့်ဗိမာန်တော်ကို ရုပ်ပုံများဖြင့် ညစ်ညမ်းစေခဲ့ကြသည့်အပြင် ၎င်းတို့ကိုဘုရင်များအဖြစ်တင်မြှောက်ခဲ့ကြပြီ။ (အာမုတ် ၅:၂၆ နှိုင်းယှဉ်။) ယင်းတို့သည် သက်ရှိဘုရားများ သို့မဟုတ် ဘုရင်များဖြစ်ဖို့ဝေးစွ၊ ယေဟောဝါရှေ့တော်မှောက်တွင် သက်မဲ့များဖြစ်ကြပြီး ညစ်ညူးကြသည်။ ယင်းတို့ကို ဖယ်ရှားပစ်ရမည်။—ဝတ်ပြုရာ ၂၆:၃၀; ယေရမိ ၁၆:၁၈။

၆။ ဗိမာန်တော်ကိုတိုင်းတာခြင်းသည် အဘယ်အဓိပ္ပာယ်ရှိခဲ့သနည်း။

၆ အဆင်းအာရုံ၏ဤအပိုင်းဆိုလိုရင်းအချက်ကား အဘယ်နည်း။ ယင်းက ဘုရားသခင့်ဗိမာန်တော်တွင် စင်ကြယ်သောဝတ်ပြုရေး အပြည့်အဝပြန်လည်တည်ထောင်မည့်အကြောင်း ပြည်နှင်ခံများကိုစိတ်ချစေပါသည်။ ထို့ပြင် ဗိမာန်တော်ကိုတိုင်းတာခြင်းက ထိုအဆင်းအာရုံသည် လုံးလုံးပြည့်စုံမည်မှာသေချာကြောင်း ဘုရားသခင့်အာမခံချက်ကိုဖော်ပြ၏။ (ယေရမိ ၃၁:၃၉၊ ၄၀; ဇာခရိ ၂:၂-၈ နှိုင်းယှဉ်။) ရုပ်ပုံအားလုံးကို ရှင်းပစ်ရပေမည်။ ယေဟောဝါသည် မိမိအိမ်တော်ကို တစ်ဖန်ကောင်းချီးပေးဦးမည်။

ယဇ်ပုရောဟိတ်အဖွဲ့နှင့် အကဲအမှူး

၇။ လေဝိသားများနှင့် ယဇ်ပုရောဟိတ်များအကြောင်း အဘယ်အရာသိရသနည်း။

၇ ယဇ်ပုရောဟိတ်အဖွဲ့သည်လည်း သန့်ရှင်းခြင်း၊ သို့မဟုတ် သန့်စင်မှုပြုခံရမည်ဖြစ်သည်။ ယဇ်ပုရောဟိတ်ဇာဒုတ်၏သားများသည် သန့်ရှင်းမှုကိုထိန်းသိမ်းထားကြသည့်အတွက် ချီးမွမ်းခံရ၍ ဆုကျေးဇူးပေးခံရမည်ဖြစ်သော်လည်း ရုပ်ပုံကိုးကွယ်မှုနောက်ပါသွားကြသော လေဝိသားများမူ ပြစ်တင်ဆုံးမမှုခံရကြမည်ဖြစ်သည်။a သို့တိုင် နှစ်ဖွဲ့စလုံး ဘုရားသခင်၏ပြန်လည်တည်ထောင်သောအိမ်တော်တွင် အမှုဆောင်ခွင့်ရခြင်းသည် တစ်ဦးချင်းသစ္စာရှိမှုအပေါ်တည်မှီသည်မှာ အမှန်။ ထပ်ဆင့်၍ ယေဟောဝါက ဤသို့ထုတ်ဆင့်တော်မူသည်– “ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကိုလည်းကောင်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကိုလည်းကောင်း ပိုင်းခြား၍သိစေခြင်းငှာ သွန်သင်ရကြမည်။” (ယေဇကျေလ ၄၄:၁၀-၁၆၊ ၂၃) ထို့ကြောင့် ယဇ်ပုရောဟိတ်အဖွဲ့ကို ပြန်လည်ထူထောင်ရန်ဖြစ်ပြီး ယဇ်ပုရောဟိတ်များ၏ သစ္စာရှိခံနိုင်ရည်သည် ဆုချခံရမည်ဖြစ်သည်။

၈။ (က) ရှေးဣသရေလအကဲအမှူးများကား မည်သူများနည်း။ (ခ) ယေဇကျေလအဆင်းအာရုံပါအကဲအမှူးသည် စင်ကြယ်သောဝတ်ပြုရေးတွင် မည်သို့တက်ကြွစွာပါဝင်ခဲ့သနည်း။

၈ အဆင်းအာရုံက အကဲအမှူးဟုခေါ်သောသူကိုလည်းဖော်ညွှန်းသည်။ မောရှေခေတ်ကတည်းက တိုင်းပြည်တွင် အကဲအမှူးများကိုခန့်ထားခဲ့သည်။ အကဲအမှူးအတွက် ဟေဗြဲစကားလုံး နာစီသည် ဖခင်ကြီးစိုးသော အိမ်ထောင်တစ်ခု၊ အနွယ်တစ်နွယ် သို့မဟုတ် နိုင်ငံတစ်ခု၏ဦးစီးကိုပင် ရည်ညွှန်းနိုင်သည်။ ယေဇကျေလ၏အဆင်းအာရုံတွင် လူတန်းစားတစ်စုအနေဖြင့် ဣသရေလအုပ်စိုးရှင်များသည် ပြည်သူများကိုဖိနှိပ်ခြင်းအတွက် ပြစ်တင်ဆုံးမခံရပြီး မျက်နှာမလိုက်၊ တရားမျှတကြရန် သတိပေးနှိုးဆော်ခံခဲ့ရသည်။ အကဲအမှူးသည် ယဇ်ပုရောဟိတ်အတန်းအစားမဟုတ်သော်လည်း စင်ကြယ်သောဝတ်ပြုရေးတွင် ထင်ရှားတက်ကြွစွာပါဝင်သူဖြစ်သည်။ သူသည် ယဇ်ပုရောဟိတ်မဟုတ်သောအနွယ်များနှင့်အတူ အပြင်ဘက်ရင်ပြင်တွင် ဝင်ထွက်သွားလာပြီး အရှေ့တံခါးမုခ်တွင်ထိုင်ကာ လူများယဇ်ပူဇော်ရန်အတွက် ပူဇော်သကာများကိုဝေပေးသည်။ (ယေဇကျေလ ၄၄:၂၊ ၃; ၄၅:၈-၁၂၊ ၁၇) ထို့ကြောင့် ပြန်လည်တည်ထောင်ထားသောလူမျိုးသည် စံပြခေါင်းဆောင်များဖြင့် ကောင်းချီးခံရမည်ဖြစ်ကြောင်း၊ ထိုသူတို့သည် ဘုရားသခင့်လူမျိုးတော်ကိုဖွဲ့စည်းရာတွင် ယဇ်ပုရောဟိတ်တို့ကို ထောက်မကူညီပေးပြီး ဝိညာဉ်ရေးကိစ္စရပ်များတွင် ပုံသက်သေကောင်းများဖြစ်မည့်အကြောင်း ထိုအဆင်းအာရုံက စိတ်ချစေသည်။

ပြည်တော်

၉။ (က) ပြည်တော်ကို မည်သို့ခွဲဝေခဲ့ကြသနည်း၊ သို့သော် မည်သူများသည် အမွေရကြမည်မဟုတ်သနည်း။ (ခ) သန့်ရှင်းရာအလှူမြေကား အဘယ်နည်း၊ ယင်းတွင် အဘယ်အရာ ပါဝင်ခဲ့သနည်း။

၉ နောက်ဆုံးတွင်၊ ယေဇကျေလ၏အဆင်းအာရုံတွင် ဣသရေလပြည်တော်ကို ခြုံငုံဖော်ပြချက်ပါဝင်သည်။ အနွယ်တစ်နွယ်စီကို မြေကွက်ခွဲဝေပေးရန်ဖြစ်သည်။ အကဲအမှူးဖြစ်သူသည်လည်း အမွေရရှိမည်ဖြစ်သည်။ ယဇ်ပုရောဟိတ်တို့မူကား အမွေရကြမည်မဟုတ်ပေ၊ အကြောင်းမှာ ယေဟောဝါက “ငါသည် သူတို့အမွေဥစ္စာဖြစ်၏” ဟုမိန့်ဆိုထားသောကြောင့်ဖြစ်သည်။ (ယေဇကျေလ ၄၄:၁၀၊ ၂၈; တောလည်ရာ ၁၈:၂၀) အကဲအမှူးဖြစ်သူရမည့်မြေကွက်သည် သန့်ရှင်းရာအလှူမြေဟုခေါ်သည့် အထူးဒေသ၏တစ်ဖက်ဖက်တွင် တည်ရှိမည်ဖြစ်ကြောင်း အဆင်းအာရုံကဖော်ပြသည်။ ဤမြေကွက်သည် အပိုင်းသုံးပိုင်း ပိုင်းထားသော စတုရန်းပုံမြေကွက်ဖြစ်သည်—အပေါ်ပိုင်းသည် နောင်တရသော လေဝိသားများအတွက်၊ အလယ်ပိုင်းသည် ယဇ်ပုရောဟိတ်များအတွက်နှင့် အောက်ပိုင်းသည် မြို့တော်နှင့် ယင်း၏သီးနှံဖြစ်ထွန်းသောမြေအတွက်ဖြစ်သည်။ ယေဟောဝါ၏ဗိမာန်တော်သည် ဤစတုရန်းပုံအလှူမြေ၏ အလယ်ဗဟိုဖြစ်သော ယဇ်ပုရောဟိတ်၏မြေနေရာတွင်တည်ရှိမည်ဖြစ်သည်။—ယေဇကျေလ ၄၅:၁-၇။

၁၀။ ပြည်တော်ကိုခွဲဝေခြင်းပရောဖက်ပြုချက်သည် ပြည်နှင်ခံသစ္စာရှိဂျူးများအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၀ ယင်းတို့အားလုံးသည် ပြည်နှင်ခံများကို စိတ်အားတက်စေလိုက်မည်ဖြစ်ခြင်း! မိသားစုတစ်ခုစီသည် ပြည်တော်တွင်အမွေရမည်ဖြစ်ကြောင်း စိတ်ချစေခဲ့သည်။ (မိက္ခာ ၄:၄ နှိုင်းယှဉ်။) ထိုနေရာတွင် စင်ကြယ်သောဝတ်ပြုရေးသည် ချီးမြှောက်ခံရကာ ဗဟိုနေရာဖြစ်ပါလိမ့်မည်။ ထို့ပြင် ယေဇကျေလ၏အဆင်းအာရုံတွင် အကဲအမှူးသည် ယဇ်ပုရောဟိတ်များနည်းတူ လူတို့လှူဒါန်းထားသောမြေပေါ် နေထိုင်ရမည်ဖြစ်ကြောင်းကို သတိပြုပါ။ (ယေဇကျေလ ၄၅:၁၆) ထို့ကြောင့် ပြန်လည်တည်ထောင်ထားသောပြည်တော်တွင် ပြည်သားများသည် သူတို့ကိုဦးဆောင်ရန် ယေဟောဝါခန့်အပ်ထားသူများ၏လုပ်ငန်းကို ကူညီပေးရန်ဖြစ်ပြီး ၎င်းတို့၏ညွှန်ကြားမှုအတိုင်းပူးပေါင်းဆောင်ရွက်ပေးခြင်းအားဖြင့် ထောက်မကူညီပေးဖို့ဖြစ်သည်။ ခြုံကြည့်လျှင် ဤပြည်တော်သည် ဖွဲ့စည်းမှု၊ ပူးပေါင်းလုပ်ဆောင်မှုနှင့် လုံခြုံမှု၏ရုပ်လုံးသဏ္ဌာန်ဖြစ်သည်။

၁၁၊ ၁၂။ (က) ယေဟောဝါသည် မိမိလူမျိုးတော်၏ပြန်လည်တည်ထောင်သည့် ပြည်တော်ကို ကောင်းချီးပေးမည်ဖြစ်ကြောင်း မည်သို့ပရောဖက်ပြု စိတ်ချစေသနည်း။ (ခ) မြစ်ကမ်းနားတစ်လျှောက်ရှိအပင်များက အဘယ်အရာကိုပုံတင်ပြသနည်း။

၁၁ သူတို့၏ပြည်တော်ကို ယေဟောဝါကောင်းချီးပေးမည်လော။ ပရောဖက်ပြုချက်သည် နှလုံးနွေးထွေးဖွယ်ပုံဖော်ချက်ဖြင့် ဤမေးခွန်းကိုဖြေဆို၏။ စမ်းချောင်းတစ်ခုသည် ဗိမာန်တော်မှစီးဆင်းပြီး စီးဆင်းစဉ်ကျယ်ပြန့်လာကာ ပင်လယ်သေသို့ဝင်ရောက်ချိန်တွင်မူ ရေစီးသန်သော ရေစီးကြောင်းကြီးတစ်ခုဖြစ်လာလေသည်။ ထိုတွင် ရေသေသည် ပြန်ရှင်သန်လာပြီး ကမ်းစပ်တစ်လျှောက် တံငါလုပ်ငန်း ပြန်လည်ထွန်းကားလာသည်။ မြစ်ကမ်းနားရှိ အပင်များစွာသည် အာဟာရပေးပြီး အနာရောဂါပျောက်ကင်းစေသောအသီးများကို တစ်နှစ်ပတ်လုံးသီးပွင့်ပေးသည်။—ယေဇကျေလ ၄၇:၁-၁၂။

၁၂ ဤကတိတော်သည် ပြည်နှင်ခံများ အလွန်မြတ်နိုးကြသော အစောပိုင်းကကြေညာခဲ့သည့် ပြန်လည်ထူထောင်ရေးပရောဖက်ပြုချက်များကို ပဲ့တင်ထပ်၍ အတည်ပြုသည်။ ယေဟောဝါ၏မှုတ်သွင်းခံပရောဖက်များသည် ပြန်လည်ထူထောင်ပြီး စည်ကားသောဣသရေလနိုင်ငံကို ပရဒိသုအခေါ်ဝေါ်ဖြင့် တစ်ကြိမ်ထက်မက ဖော်ပြခဲ့ကြသည်။ သက်မဲ့ဒေသများ သက်ဝင်လှုပ်ရှားခြင်းသည် ထပ်တလဲလဲပရောဖက်ပြုချက်ဖြစ်ခဲ့သည်။ (ဟေရှာယ ၃၅:၁၊ ၆၊ ၇; ၅၁:၃; ယေဇကျေလ ၃၆:၃၅; ၃၇:၁-၁၄) ထို့ကြောင့် ယေဟောဝါ၏အသက်ပေးကောင်းချီးများသည် ပြန်လည်တည်ထောင်ထားသောဗိမာန်တော်မှ မြစ်တစ်စင်းပမာ စီးဆင်းလာမည်ဟု လူတို့မျှော်လင့်နိုင်ကြသည်။ သို့ဖြင့် ဝိညာဉ်ရေးအရ သေနေသောလူမျိုးသည် ပြန်လည်ရှင်သန်လာမည်ဖြစ်သည်။ ပြန်လည်ထူထောင်သောလူမျိုးသည် ဝိညာဉ်ရေးအရထူးကဲသောအမျိုးသားများ၊ ထိုအဆင်းအာရုံတွင်မြင်ရသော မြစ်ကမ်းနားရှိအပင်များနည်းတူ ဖြောင့်မတ်ခိုင်ခံ့သူများ၊ ပျက်စီးနေသောပြည်တော်ကို ပြန်တည်ဆောက်ရာတွင် ဦးဆောင်ဦးရွက်ပြုကြမည့်သူများဖြင့် ကောင်းချီးခံစားကြရမည်ဖြစ်သည်။ ဟေရှာယကလည်း “ရှေးပြိုပျက်ရာတို့ကိုပြုပြင်ကြ” မည့် ‘ဖြောင့်မတ်ခြင်းသပိတ်ပင်ကြီးများ’ အကြောင်းရေးသားခဲ့သည်။—ဟေရှာယ ၆၁:၃၊ ၄။

ထိုအဆင်းအာရုံသည်အဘယ်အချိန်တွင်ပြည့်စုံခဲ့သနည်း

၁၃။ (က) ယေဟောဝါသည် ‘ဖြောင့်မတ်ခြင်း . . .’ တို့ဖြင့် ပြန်လည်တည်ထောင်သောလူမျိုးတော်ကို မည်သို့ကောင်းချီးပေးခဲ့သနည်း။ (ခ) ပင်လယ်သေနှင့်ပတ်သက်သော ပရောဖက်ပြုချက်သည် မည်သို့ပြည့်စုံခဲ့သနည်း။

၁၃ ပြည်တော်ပြန်ပြည်နှင်ခံများသည် စိတ်ပျက်ခဲ့ကြသလော။ ဝေးလေစွ! ပြန်လည်ထူထောင်လာသောအကြွင်းအကျန်သည် ဘီ.စီ.အီး. ၅၃၇ တွင် မိမိတို့ချစ်မြတ်နိုးသည့် မွေးရပ်မြေသို့ပြန်လာခဲ့ကြသည်။ ကြာမြင့်စွာပြိုပျက်ခဲ့သည့်နေရာများကို အချိန်တန်သော် ကျမ်းပြုဆရာဧဇရ၊ ပရောဖက်ဟဂ္ဂဲနှင့်ဇာခရိ၊ ယဇ်ပုရောဟိတ်မင်းကြီးယောရှုတို့ကဲ့သို့သော ‘ဖြောင့်မတ်ခြင်း . . .’ ၏လမ်းညွှန်မှုအောက်တွင် ပြန်လည်တည်ဆောက်ခဲ့ကြသည်။ အကဲအမှူးများဖြစ်သည့် နေဟမိနှင့် ဇေရုဗဗေလတို့ကဲ့သို့သောသူများသည် တိုင်းပြည်တွင် မျက်နှာမလိုက်ဘဲ တရားမျှတစွာ အုပ်စိုးကြသည်။ ယေဟောဝါ၏ဗိမာန်တော်ကို ပြန်လည်တည်ထောင်ခဲ့ပြီး အသက်ရရေးအတွက် ကိုယ်တော့်ပြင်ဆင်ပေးချက်—ကိုယ်တော့်ပဋိညာဉ်အရ အသက်ရှင်ခြင်းဖြင့်ရရှိသောကောင်းချီး—များ တစ်ဖန်ပြန်လည်စီးဆင်းလာခဲ့သည်။ (တရားဟောရာ ၃၀:၁၉; ဟေရှာယ ၄၈:၁၇-၂၀) ကောင်းချီးတစ်ခုမှာ အသိပညာဖြစ်သည်။ ယဇ်ပုရောဟိတ်အဖွဲ့အား တာဝန်ပြန်ပေးသည်နှင့် ယဇ်ပုရောဟိတ်များသည် ပညတ်တရားကို လူတို့အား သွန်သင်ပေးခဲ့ကြသည်။ (မာလခိ ၂:၇) ရလဒ်အနေဖြင့် ကုစားခံရပြီး တံငါလုပ်ငန်းထွန်းကားလာစေသည့် ပင်လယ်သေအားဖြင့် ပုံဆောင်ထားသည့်အတိုင်း လူတို့သည် ဝိညာဉ်ရေးအရ ပြန်လည်ရှင်သန်လာကြကာ ယေဟောဝါ၏ သီးပွင့်သောအမှုထမ်းများပြန်ဖြစ်လာကြသည်။

၁၄။ ဗာဗုလုန်ပြည်၌ ပြည်နှင်ခံဘဝမှ ဂျူးများပြန်လာကြပြီးနောက်ပိုင်းဖြစ်ပျက်မှုထက် သာ၍ထူးကဲသော ယေဇကျေလပရောဖက်ပြုချက်ပြည့်စုံမှုတစ်ခု အဘယ်ကြောင့်ရှိရဦးမည်နည်း။

၁၄ ဤဖြစ်ရပ်များသည် ယေဇကျေလအဆင်းအာရုံ၏ တစ်ခုတည်းသောပြည့်စုံချက်လော။ မဟုတ်ပါ; သာ၍ကြီးမားသည့်ပြည့်စုံချက်ရှိနေသေးကြောင်း ဖော်ပြထားသည်။ သုံးသပ်ကြည့်ပါ– ယေဇကျေလမြင်တွေ့ခဲ့သောဗိမာန်တော်ကို ဖော်ပြထားသည့်အတိုင်း မတည်ဆောက်နိုင်ပါ။ ထိုအဆင်းအာရုံကို ဂျူးများအလေးအနက်ထားခဲ့ကြပြီး အချို့သောအသေးစိတ်အချက်အလက်များကို စာသားအတိုင်းပင် ယူမှတ်ခဲ့ကြသည်။b သို့ရာတွင် အဆင်းအာရုံမှဗိမာန်တော်တစ်ခုလုံးအနေနှင့် ယခင်ဗိမာန်တော်၏နေရာ မောရိတောင်ပေါ်တွင်ပင် မတည်ဆောက်နိုင်လောက်အောင် အလွန်ကြီးမားလွန်း၏။ ထို့အပြင် ယေဇကျေလ၏ဗိမာန်တော်သည် မြို့တွင်မရှိဘဲ အတော်အတန်ဝေးသော သီးခြားမြေကွက်တွင် တည်ရှိရာ ဒုတိယဗိမာန်တော်မူကား ယေရုရှလင်မြို့တွင်း ယခင်နေရာတွင်ပင် တည်ဆောက်ထား၏။ (ဧဇရ ၁:၁၊ ၂) ထို့ပြင် အဘယ်ပကတိမြစ်မျှ ယေရုရှလင်ဗိမာန်တော်မှ တစ်ခါမျှစီးထွက်မလာပေ။ ထို့ကြောင့် ရှေးဣသရေလလူမျိုးသည် ယေဇကျေလပရောဖက်ပြုချက်၏ အသေးစားပြည့်စုံချက်ကိုသာ တွေ့ရှိခဲ့ကြသည်။ ယင်းက ဤအဆင်းအာရုံ၏သာ၍ကြီးမားသော ဝိညာဉ်ရေးအရပြည့်စုံချက်ရှိရမည်ကိုဆိုလိုသည်။

၁၅။ (က) ယေဟောဝါ၏ဝိညာဉ်ရေးဗိမာန်တော်သည် အဘယ်အချိန်တွင်စတင်ခဲ့သနည်း။ (ခ) ယေဇကျေလအဆင်းအာရုံသည် ခရစ်တော်၏မြေကြီးအသက်တာအတွင်း မပြည့်စုံခဲ့ကြောင်း အဘယ်အရာကဖော်ပြသနည်း။

၁၅ ရှင်းနေသည်ကား၊ ဟေဗြဲသြဝါဒစာတွင် ပေါလုအကျယ်တဝင့်ဆွေးနွေးတင်ပြထားသည့် ယေဟောဝါ၏မဟာဝိညာဉ်ရေးဗိမာန်တော်တွင် ယေဇကျေလအဆင်းအာရုံ၏အဓိကပြည့်စုံချက်ကို ရှာကြည့်ရမည်ဖြစ်သည်။ ထိုဗိမာန်တော်သည် စီ.အီး. ၂၉ တွင် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ယေရှုခရစ်ဘိသိက်ပေးခံရသောအခါ စတင်ခဲ့သည်။ သို့သော် ယေဇကျေလ၏အဆင်းအာရုံသည် ယေရှုအချိန်တွင်ပြည့်စုံခဲ့သလော။ မပြည့်စုံခဲ့သည်မှာ ထင်ရှားပါသည်။ ယဇ်ပုရောဟိတ်မင်းကြီးအနေနှင့် ယေရှုသည် နှစ်ခြင်းခံခြင်း၊ ပူဇော်သကာအဖြစ်သေခြင်းနှင့် အသန့်ရှင်းဆုံးအခန်း ကောင်းကင်ဘုံသို့ဝင်ရောက်ခြင်းတို့အားဖြင့် အပြစ်ဖြေရာနေ့၏ ပရောဖက်ပြုချက်ဆိုင်ရာအပိုင်းကို ပြည့်စုံစေခဲ့သည်။ (ဟေဗြဲ ၉:၂၄) သို့ရာတွင် စိတ်ဝင်စားစရာမှာ ယေဇကျေလ၏အဆင်းအာရုံတွင် ယဇ်ပုရောဟိတ်မင်းကြီးအကြောင်းကိုလည်းကောင်း၊ အပြစ်ဖြေရာနေ့အကြောင်းကိုလည်းကောင်း တစ်ကြိမ်ပင် မဖော်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤအဆင်းအာရုံသည် စီ.အီး. ပထမရာစုကို ထောက်ပြပုံမရပေ။ သို့ဆိုလျှင် မည်သည့်အချိန်ကာလနှင့် သက်ဆိုင်သနည်း။

၁၆။ ယေဇကျေလအဆင်းအာရုံ၏ဇာတ်အိမ်သည် အခြားအဘယ်ပရောဖက်ပြုချက်ကို သတိရစေသနည်း၊ ယင်းက ယေဇကျေလအဆင်းအာရုံ၏ အဓိကပြည့်စုံချိန်ကိုပိုင်းခြားသိမြင်ရန် မည်သို့ကူညီပေးသနည်း။

၁၆ အဖြေရရန် အဆင်းအာရုံကိုယ်နှိုက်ကို ပြန်သုံးသပ်ကြည့်ကြစို့။ ယေဇကျေလက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏ဗျာဒိတ် [အဆင်းအာ] ရုံအားဖြင့် ငါ့ကိုဣသရေလပြည်သို့ဆောင်သွား၍၊ အလွန်မြင့်သောတောင်ပေါ်မှာတင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌ မြို့ပုံသဏ္ဌာန်ရှိ၏။” (ယေဇကျေလ ၄၀:၂) “အလွန်မြင့်သောတောင်” ဟူသော ဤအဆင်းအာရုံ၏ဇာတ်အိမ်က မိက္ခာ ၄:၁ ကိုအမှတ်ရစေသည်– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူစုတို့သည် ထိုတောင်သို့စည်းဝေးကြလိမ့်မည်။” ဤပရောဖက်ပြုချက်သည် မည်သည့်အချိန်တွင် ပြည့်စုံလာမည်နည်း။ လူမျိုးများသည် မှောက်မှားသောဘုရားများကို ကိုးကွယ်နေကြသေးစဉ် စတင်ပြည့်စုံမည်ဟု မိက္ခာ ၄:၅ ကဖော်ပြသည်။ အမှန်ဆိုရလျှင် ကျွန်ုပ်တို့ကိုယ်နှိုက်၏အချိန်၊ “နောက်ဆုံးသောကာလ” တွင်စင်ကြယ်သောဝတ်ပြုရေးသည် ချီးမြှောက်ခံရပြီဖြစ်၍ နေရာမှန်ဖြစ်သည့် ဘုရားသခင့်ကျေးကျွန်များ၏အသက်တာတွင် ပြန်လည်တည်ထောင်ခဲ့ပြီဖြစ်သည်။

၁၇။ မာလခိ ၃:၁-၅ ပါပရောဖက်ပြုချက်သည် ယေဇကျေလအဆင်းအာရုံပါ ဗိမာန်တော်သန့်စင်ခံရမည့်အချိန်ကို ပိုင်းဖြတ်ရန် မည်သို့ကူညီပေးသနည်း။

၁၇ ဤပြန်လည်တည်ထောင်ခြင်းကို အဘယ်အရာကဖြစ်မြောက်စေသနည်း။ ယေဇကျေလအဆင်းအာရုံ၏အရေးပါဆုံးဖြစ်ရပ်တွင် ဗိမာန်တော်သို့ ယေဟောဝါကြွရောက်လာပြီး မိမိအိမ်တော်မှရုပ်ပုံများကိုရှင်းပစ်ရန် စွဲမြဲစွာတောင်းဆိုခဲ့ကြောင်း သတိရပါ။ အဘယ်အချိန်တွင် ဘုရားသခင့်ဝိညာဉ်ရေးဗိမာန်တော် သန့်စင်ခံခဲ့ရသနည်း။ မာလခိ ၃:၁-၅ တွင် ယေဟောဝါသည် မိမိ၏ “ပဋိညာဉ်တမန်တော်” ယေရှုခရစ်နှင့်အတူ “မိမိဗိမာန်တော်သို့ . . . လာ” မည့်အချိန်ကို တင်ကူးဟောပြောခဲ့သည်။ ရည်ရွက်ချက်ကား အဘယ်နည်း။ “ထိုသူသည် ငွေစစ်သောသူ၏မီး၊ ခဝါသည်သုံးသောဆပ်ပြာကဲ့သို့ဖြစ်တော်မူ၏။” ဤသန့်စင်ခြင်းသည် ပထမကမ္ဘာစစ်အတွင်း စတင်ဖြစ်ပျက်ခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ ယေဟောဝါသည် ၁၉၁၉ ခုနှစ်မှစ၍ မိမိအိမ်တော်တွင် ကျိန်းဝပ်တော်မူခဲ့ပြီး မိမိလူမျိုးတော်၏ ဝိညာဉ်ရေး “ပြည်တော်” ကိုကောင်းချီးပေးတော်မူခဲ့သည်။ (ဟေရှာယ ၆၆:၈) ထို့ကြောင့် ယေဇကျေလ၏ဗိမာန်တော်ပရောဖက်ပြုချက်သည် နောက်ဆုံးကာလအတွင်း အရေးပါစွာပြည့်စုံနေကြောင်း တွေ့မြင်ရသည်ဟု ကျွန်ုပ်တို့ကောက်ချက်ချနိုင်ပါသည်။

၁၈။ ဗိမာန်တော်အဆင်းအာရုံသည် အဘယ်အချိန်တွင် နောက်ဆုံးပြည့်စုံမည်နည်း။

၁၈ အခြားပြန်လည်ထူထောင်ရေးပရောဖက်ပြုချက်များနည်းတူ ယေဇကျေလ၏အဆင်းအာရုံတွင် ပရဒိသု၌နောက်ထပ်ပြည့်စုံမည့် နောက်ဆုံးတစ်ခုရှိသည်။ စိတ်နှလုံးရိုးဖြောင့်သောလူသားတို့သည် ထိုအချိန်၌သာ ဘုရားသခင့်ဗိမာန်တော်အစီအစဉ်၏အကျိုးကျေးဇူးများကို အပြည့်အဝခံစားကြရပါလိမ့်မည်။ ထိုအခါ ခရစ်တော်သည် မိမိ၏ကောင်းကင်ယဇ်ပုရောဟိတ်အဖွဲ့ဝင် ၁၄၄,၀၀၀ နှင့်အတူ မိမိ၏ရွေးနုတ်ဖိုးပူဇော်သကာတန်ဖိုးကို ခန့်ခွဲပါလိမ့်မည်။ ထိုအခါ ခရစ်တော်၏အုပ်စိုးမှုကို လက်အောက်ခံသည့် နာခံမှုရှိလူသားအားလုံးသည် စုံလင်ခြင်းအဖြစ်သို့ မြှင့်တင်ခံရကြပါလိမ့်မည်။ (ဗျာဒိတ် ၂၀:၅၊ ၆) သို့ရာတွင် ပရဒိသုသည် ယေဇကျေလ၏အဆင်းအာရုံပြည့်စုံချက်၏ အဓိကအခါသမယ မဖြစ်နိုင်ပေ။ အဘယ်ကြောင့် မဖြစ်နိုင်သနည်း။

အဆင်းအာရုံသည်ကျွန်ုပ်တို့ကိုယ်နှိုက်၏ခေတ်ကိုသတိမူစေ

၁၉၊ ၂၀။အဆင်းအာရုံ၏အဓိကပြည့်စုံချက်သည် ပရဒိသုတွင်မဟုတ်ဘဲ ယနေ့ အဘယ်ကြောင့်ဖြစ်ပျက်ရမည်နည်း။

၁၉ ရုပ်ပုံကိုးကွယ်ခြင်းနှင့် ဝိညာဉ်ရေးမတရားမေထုန်ပြုခြင်းတို့ကို သန့်စင်ရှင်းထုတ်ပစ်ရန်လိုသည့်ဗိမာန်တော်တစ်ခုကို ယေဇကျေလတွေ့မြင်ခဲ့သည်။ (ယေဇကျေလ ၄၃:၇-၉) ယင်းသည် ပရဒိသုတွင် ယေဟောဝါအားဝတ်ပြုကိုးကွယ်ခြင်းနှင့် သက်ဆိုင်မှုမရှိနိုင်သည်မှာ သေချာသည်။ ထို့ပြင် အဆင်းအာရုံပါယဇ်ပုရောဟိတ်များသည် မြေကြီးပေါ်တွင်ရှိနေကြသေးသော ဘိသိက်ခံယဇ်ပုရောဟိတ်အတန်းအစားကို ပုံဆောင်သည်၊ ကောင်းကင်ဆိုင်ရာထမြောက်ခြင်းပြီးချိန် သို့မဟုတ် အနှစ်တစ်ထောင်အတွင်းကို မရည်ညွှန်းချေ။ အဘယ်ကြောင့်နည်း။ ထိုယဇ်ပုရောဟိတ်များသည် အတွင်းရင်ပြင်တွင် အမှုဆောင်နေသည့်နှယ် ပုံဖော်ထားကြောင်းကို သတိပြုပါ။ ဤရင်ပြင်သည် ခရစ်တော်လက်အောက်ရှိယဇ်ပုရောဟိတ်များ ကမ္ဘာပေါ်ရှိနေကြစဉ် သူတို့၏ထူးခြားသောဝိညာဉ်ရေးအနေအထားကို ပုံတင်ပြကြောင်း ကင်းမျှော်စင်ပါဆောင်းပါးများက ဖော်ပြခဲ့သည်။c ယဇ်ပုရောဟိတ်များ၏မစုံလင်မှုကိုလည်း ထိုအဆင်းအာရုံက အလေးအနက်ဖော်ပြသည်ကို သတိပြုပါ။ သူတို့ကိုယ်တိုင်၏အပြစ်များအတွက် ယဇ်များပူဇော်ရန် မိန့်မှာခံရကြသည်။ ဝိညာဉ်ရေးနှင့်အကျင့်အကြံဘက်တွင် မသန့်မရှင်းဖြစ်နိုင်သည့်အန္တရာယ်ကို သတိပေးခံရကြသည်။ ထို့ကြောင့် သူတို့သည် တမန်တော်ပေါလုရေးသားခဲ့သည့် “တံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌တည်လျက် ထမြောက် . . . ရကြ” မည့်ရှင်ပြန်ထမြောက်လာသော ဘိသိက်ခံများကို ပုံတင်ပြခြင်းမဟုတ်ပါ။ (၁ ကောရိန္သု ၁၅:၅၂; ယေဇကျေလ ၄၄:၂၁၊ ၂၂၊ ၂၅၊ ၂၇) အဆင်းအာရုံပါ ယဇ်ပုရောဟိတ်များသည် လူများနှင့် ရောပြွမ်းပြီး သူတို့အကျိုးကို တိုက်ရိုက်သယ်ပိုးပေးကြသည်။ ယဇ်ပုရောဟိတ်အတန်းအစားသည် ကောင်းကင်တွင်ရှိသည့်အခါ ပရဒိသုတွင်မူကား ထိုသို့ဖြစ်လိမ့်မည်မဟုတ်။ ထို့ကြောင့် ထိုအဆင်းအာရုံသည် ယနေ့ ကမ္ဘာပေါ်တွင် ဘိသိက်ခံနှင့် “လူအုပ်ကြီး” တို့၏ပူးပေါင်းလုပ်ဆောင်မှုကို ကောင်းစွာဖော်ပြသည်။—ဗျာဒိတ် ၇:၉; ယေဇကျေလ ၄၂:၁၄။

၂၀ သို့ဖြင့် ယေဇကျေလ၏ဗိမာန်တော်အဆင်းအာရုံသည် ယနေ့ပြည့်စုံလျက်ရှိသည့် ဝိညာဉ်ရေးစင်ကြယ်ခြင်း၏ကောင်းကျိုးများကို ရှေ့ပြေးပြနေပါသည်။ သို့သော် ယင်းသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ၎င်းသည် အကောင်အထည်မရှိသော ဓမ္မပညာရပ်ဆိုင်ရာပဟေဠိတစ်ခုမျှသာမဟုတ်ပါ။ ဤအဆင်းအာရုံသည် စစ်မှန်သည့်တစ်ဆူတည်းသောဘုရားသခင် ယေဟောဝါအား သင်၏နေ့စဉ်ရက်ဆက်ကိုးကွယ်မှုနှင့် အကြီးအကျယ်ပတ်သက်နေသည်။ မည်သို့ပတ်သက်သည်ကို နောက်ဆောင်းပါးတွင် တွေ့ရပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ယင်းသည် ယေဇကျေလကိုယ်တိုင်အား ထိမိခဲ့ပေမည်၊ အကြောင်းမှာ သူသည် ယဇ်ပုရောဟိတ်ဇာဒုတ်၏မိသားစုဝင်ဖြစ်သည်ဟု ဆိုထားသောကြောင့်ဖြစ်သည်။

b ဥပမာ၊ ပြန်လည်တည်ဆောက်ထားသောဗိမာန်တော်တွင် ယဇ်ပလ္လင်၊ တံခါးရွက်နှစ်ခုပါသော ဗိမာန်တော်တံခါးများနှင့် ချက်ပြုတ်သည့်နေရာများကို ယေဇကျေလ၏အဆင်းအာရုံအတိုင်းဆောက်လုပ်ခဲ့ကြောင်း ရှေးမစ်ရှ်နာကတင်ပြသည်။

c ကင်းမျှော်စင် ဇူလိုင် ၁၊ ၁၉၉၆၊ စာမျက်နှာ ၁၆; ဒီဇင်ဘာ ၁၊ ၁၉၇၂၊ စာမျက်နှာ ၇၁၈ [လိပ်] ရှု။

သင်မှတ်မိသလော

◻ ဗိမာန်တော်နှင့် ယင်း၏ယဇ်ပုရောဟိတ်ဆိုင်ရာ ယေဇကျေလအဆင်းအာရုံ၏ကနဦးပြည့်စုံချက်ကား အဘယ်နည်း။

◻ မြေကွက်ခွဲဝေမှုနှင့်ပတ်သက်သည့် ယေဇကျေလ၏အဆင်းအာရုံသည် အစောပိုင်းတွင် မည်သို့ပြည့်စုံခဲ့သနည်း။

◻ ရှေးဣသရေလပြန်လည်ထူထောင်ရေးတွင် သစ္စာရှိအကဲအမှူးများအဖြစ် မည်သူများဆောင်ရွက်ခဲ့ပြီး၊ ‘ဖြောင့်မတ်ခြင်းသပိတ်ပင်ကြီးများ’ အဖြစ်မည်သူတို့ဆောင်ရွက်ခဲ့ကြသနည်း။

◻ ယေဇကျေလဗိမာန်တော်အဆင်းအာရုံ၏ အဓိကပြည့်စုံချက်သည် အဘယ်ကြောင့် နောက်ဆုံးကာလတွင်ဖြစ်ပျက်ရမည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ