ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဖေဖော်ဝါရီ စာ. ၂၉-စာ. ၃၀ ပိုဒ်. ၆
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲတွေ ကြုံရချိန်တစ်လျှောက် ယေဟောဝါ ကူညီပေး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • စမ်းသပ်မှုများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • စုံစမ်းခြင်းများကြုံရငြား၊ သင်၏ယုံကြည်ခြင်း၌စွဲမြဲလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • စမ်းသပ်မှု ကြုံရတဲ့အခါ ဝမ်းမြောက်နေနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဖေဖော်ဝါရီ စာ. ၂၉-စာ. ၃၀ ပိုဒ်. ၆

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဟောဝါက “သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည် မဟုတ်” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (၁ ကော. ၁၀:၁၃) ဒါက ကျွန်တော်တို့ ခံနိုင်တဲ့အရာကို ယေဟောဝါ ကြိုတင်အကဲဖြတ်ပြီး ကြုံရမယ့် စမ်းသပ်မှုတွေကို ရွေးချယ်ပေးတယ်လို့ ဆိုလိုသလား။

အဲဒီသဘောမျိုး သက်ရောက်တဲ့ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ သေကြောင်းကြံသွားတဲ့ သားဖြစ်သူရဲ့ ဖခင် ဒီလိုမေးတယ်– ‘သား သေကြောင်းကြံတာကို ကျွန်တော်တို့ ခံနိုင်မယ်လို့ ယေဟောဝါ ကြိုတင်အကဲဖြတ်ခဲ့သလား။ ကျွန်တော်တို့ ခံနိုင်မယ်လို့ ဘုရားသခင် သတ်မှတ်တဲ့အတွက် ဒီလိုဖြစ်တာလား။’ ကျွန်တော်တို့ရဲ့ ဘဝမှာ ကြုံရမယ့် ဖြစ်ရပ်တွေကို ယေဟောဝါ ကြိုးကိုင်ခြယ်လှယ်ထားတယ်လို့ ယူဆတာ အကျိုးအကြောင်း ညီညွတ်ရဲ့လား။

၁ ကောရိန္သု ၁၀:၁၃ မှာပါတဲ့ ပေါလုရဲ့ စကားတွေကို ထပ်ဆင့် သုံးသပ်ကြည့်တဲ့အခါ ကျွန်တော်တို့ ခံနိုင်တဲ့အရာကို ယေဟောဝါ ကြိုတင်အကဲဖြတ်ပြီး စမ်းသပ်မှုတွေ ကျရောက်စေတယ်ဆိုတဲ့ အယူအဆဟာ ကျမ်းစာနဲ့ မညီမှန်း သဘောပေါက်စေတယ်။ အကြောင်းရင်း လေးခုကို သုံးသပ်ကြည့်ကြစို့။

ပထမ၊ ယေဟောဝါက လူသားတွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတယ်။ ဘဝမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချစေချင်တယ်။ (တရား. ၃၀:၁၉၊ ၂၀။ ယောရှု ၂၄:၁၅) မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမယ်ဆိုရင် ယေဟောဝါရဲ့ လမ်းညွှန်မှုကို မျှော်ကိုးနိုင်မယ်။ (သု. ၁၆:၉) ဆုံးဖြတ်ချက် မှားသွားရင်တော့ ဆိုးကျိုးတွေ ရင်ဆိုင်ရပါလိမ့်မယ်။ (ဂလ. ၆:၇) ဒါကြောင့် ကြုံရမယ့် စမ်းသပ်မှုတွေကို ယေဟောဝါ ရွေးချယ်ပေးတယ်ဆိုရင် ကျွန်တော်တို့မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတော့မလား။

ဒုတိယ၊ ‘မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ’ မကြုံစေဖို့ ယေဟောဝါ ကာကွယ်မပေးဘူး။ (ဒေ. ၉:၁၁၊ ကဘ) ဆိုးဝါးလှတဲ့ မတော်တဆမှုတွေ ကြုံရတာဟာ မရှိသင့်တဲ့အချိန်မှာ မရှိသင့်တဲ့နေရာကို ရောက်နေလို့ ဖြစ်နိုင်တယ်။ မျှော်စင်ပြိုလဲလို့ လူ ၁၈ ယောက် သေဆုံးသွားတဲ့ အဖြစ်ဆိုးအကြောင်း ယေရှု ပြောပြီး အဲဒါတွေဟာ ဘုရားကြောင့် မဟုတ်ဘူးလို့ ဖော်ပြခဲ့တယ်။ (လု. ၁၃:၁-၅) ဒါကြောင့် ဘေးဆိုးတွေမှာ ဘယ်သူ သေမယ်၊ ရှင်မယ်ဆိုတာ ဘုရား ဆုံးဖြတ်ထားတယ်လို့ ယူဆတာ ယုတ္တိမရှိဘူး။

တတိယ၊ ကျွန်တော်တို့ယောက်တိုင်း သစ္စာသမာဓိ အရေးကိစ္စမှာ ပါဝင်ပတ်သက်နေတယ်။ ယေဟောဝါကို ဝတ်ပြုသူအားလုံး စမ်းသပ်မှုကြုံရတဲ့အခါ သစ္စာရှိမှာ မဟုတ်ဘူးလို့ စာတန် စွပ်စွဲပြီး ယောက်တိုင်းရဲ့ သစ္စာသမာဓိကို စိန်ခေါ်ထားတာ အမှတ်ရပါ။ (ယောဘ ၁:၉-၁၁။ ၂:၄။ ဗျာ. ၁၂:၁၀) ကျွန်တော်တို့ ခံနိုင်မှာ မဟုတ်ဘူးလို့ ယူဆပြီး စမ်းသပ်မှုတွေ မကြုံရအောင် ယေဟောဝါ ကာကွယ်ပေးတယ်ဆိုရင် စာတန်ရဲ့ စွပ်စွဲချက် မှန်သွားမယ် မဟုတ်လား။

စတုတ္ထ၊ ကျွန်တော်တို့ ကြုံရမယ့်အရာအားလုံးကို ယေဟောဝါ ကြိုသိထားစရာ မလိုပါဘူး။ (ဟေရှာ. ၄၆:၁၀) ဘယ်စမ်းသပ်မှု ကြုံရမယ်ဆိုတာ ဘုရားသခင် ကြိုတင်ရွေးချယ်ထားတယ်ဆိုတဲ့ အယူအဆက ကျွန်တော်တို့ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ အရာမှန်သမျှကို ကိုယ်တော် သိထားတယ်ဆိုတဲ့သဘော သက်ရောက်တယ်။ ဒါပေမဲ့ ကျမ်းစာမှာ အဲဒီလို မပြောထားဘူး။ အနာဂတ်ကို ဘုရားသခင် ကြိုသိနိုင်စွမ်းရှိပါတယ်။ (ဟေရှာ. ၄၆:၁၀) ဒါပေမဲ့ ကြိုသိနိုင်စွမ်းကို အမြဲအသုံးမပြုဘူးလို့ ကျမ်းစာမှာ ဖော်ပြတယ်။ (က. ၁၈:၂၀၊ ၂၁။ ၂၂:၁၂) ဒီနည်းအားဖြင့် ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားမှုနဲ့ မိမိရဲ့ ကြိုသိနိုင်စွမ်းကို ဟန်ချက်ညီစေတယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို တန်ဖိုးထားပြီး မိမိရဲ့ ဂုဏ်ရည်တော်တွေကို အမြဲ ဟန်ချက်ညီညီ အသုံးပြုတဲ့ဘုရားဆီကနေ အဲဒီလိုပဲ မျှော်လင့်တယ် မဟုတ်လား။—တရား. ၃၂:၄။ ၂ ကော. ၃:၁၇။

ဒါဆို “ဘုရားသခင်သည် . . . သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည် မဟုတ်” ဆိုတဲ့ ပေါလုရဲ့ စကားကို ဘယ်လို နားလည်ရမလဲ။ စမ်းသပ်မှု မကြုံရခင်မှာ မဟုတ်ဘဲ စမ်းသပ်မှု ကြုံရချိန်အတွင်း ယေဟောဝါ လုပ်ဆောင်တဲ့အရာကို ပေါလု ဖော်ပြနေတာဖြစ်တယ်။a ဒါကြောင့် ဘယ်စမ်းသပ်မှုပဲ ကြုံရပါစေ ယေဟောဝါကို ယုံကြည်ကိုးစားရင် ကျွန်တော်တို့ကို ထောက်မပေးမယ်ဆိုတာ ပေါလုရဲ့ စကားတွေက စိတ်ချစေတယ်။ (ဆာ. ၅၅:၂၂) ပေါလုရဲ့ စကားက အခြေခံ အမှန်တရားနှစ်ခုအပေါ် အခြေခံတယ်။

ပထမ၊ ကျွန်တော်တို့ ကြုံရတဲ့ စမ်းသပ်မှုတွေက “လူတို့ကြုံရတတ်သော” အရာတွေပဲ ဖြစ်တယ်။ ဒါကြောင့် လူတွေ ကြုံနေကျအရာတွေကိုပဲ ကျွန်တော်တို့ ကြုံရတယ်။ ယေဟောဝါကို အားကိုးရင် အဲဒီစမ်းသပ်မှုတွေကို ခံရပ်နိုင်ပါလိမ့်မယ်။ (၁ ပေ. ၅:၈၊ ၉) ၁ ကောရိန္သု ၁၀:၁၃ ရဲ့ ရှေ့နောက်စကားအရ တောကန္တာရမှာ အစ္စရေးတွေ ကြုံခဲ့တဲ့ စမ်းသပ်မှုတွေကို ပေါလု ရည်ညွှန်းတယ်။ (၁ ကော. ၁၀:၆-၁၁) အဲဒီစမ်းသပ်မှုတွေဟာ လူသားတွေ မကြုံဖူးတဲ့၊ အစ္စရေးတွေ မခံနိုင်လောက်တဲ့ စမ်းသပ်မှု မဟုတ်ဘူး။ “ထိုသူအချို့” မနာခံခဲ့ဘူးလို့ ပေါလု လေးကြိမ် ပြောခဲ့တယ်။ ဘုရားသခင်ကို အားမကိုးတဲ့အတွက် မှားယွင်းတဲ့ ဆန္ဒတွေနောက် အစ္စရေးတချို့ ပါသွားတာ ဝမ်းနည်းစရာပါပဲ။

ဒုတိယ၊ “ဘုရားသခင်သည် သစ္စာရှိ” တယ်။ လူတွေနဲ့ ဘုရားသခင် ဆက်ဆံခဲ့တဲ့ မှတ်တမ်းအရ ဘုရားသခင်ဟာ မိမိကို “ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သောသူတို့” အပေါ် ခိုင်မြဲတဲ့မေတ္တာ ပြခဲ့မှန်း ဖော်ပြတယ်။ (တရား. ၇:၉) ဘုရားသခင် အမြဲကတိတည်မှန်းလည်း အဲဒီမှတ်တမ်းက ဖော်ပြတယ်။ (ယောရှု ၂၃:၁၄) ဘုရားသခင် သစ္စာရှိခဲ့တဲ့ မှတ်တမ်းအရ ဘုရားကို ချစ်ပြီး ယုံကြည်ကိုးစားသူတွေဟာ စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး ကတိနှစ်ခုကို ဘုရားတည်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်– (၁) မခံနိုင်လောက်တဲ့အထိ ဘယ်စမ်းသပ်မှုကိုမှ ဘုရား ခွင့်ပြုမှာ မဟုတ်ဘူး။ (၂) “လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေး” မယ်။

ညီအစ်မတစ်ယောက် ကျမ်းစာ ဖတ်၊ ဆုတောင်းပြီး အကြီးအကဲနှစ်ယောက်နဲ့ တွေ့နေစဉ်

ယေဟောဝါက “ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေး”

စမ်းသပ်မှု ကြုံရချိန်မှာ မိမိကို အားကိုးသူတွေအတွက် လွတ်မြောက်ရာလမ်းကို ယေဟောဝါ ဘယ်လို ပြင်ဆင်ပေးသလဲ။ အလိုတော် ရှိမယ်ဆိုရင် စမ်းသပ်မှုကို ဖယ်ရှားပေးလိုက်နိုင်တယ်။ ဒါပေမဲ့ “သင်တို့ ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်” လို့ ပေါလု ပြောခဲ့တာကို အမှတ်ရပါ။ ဒါကြောင့် စမ်းသပ်မှုတွေကို အောင်မြင်စွာ ခံရပ်နိုင်ဖို့ လိုအပ်ရာကို ပြင်ဆင်ပေးခြင်းအားဖြင့် “လွတ်မြောက်ရာလမ်း” ကို ပြင်ဆင်ပေးတယ်။ လွတ်မြောက်ရာလမ်းကို ယေဟောဝါ ပြင်ဆင်ပေးတဲ့ နည်းလမ်းတချို့အကြောင်း သုံးသပ်ကြည့်ပါ–

  • ဘုရားသခင်က “ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေး” တယ်။ (၂ ကော. ၁:၃၊ ၄) နှုတ်မြွက်တော်ကျမ်းစာ၊ သန့်ရှင်းသော စွမ်းအားတော်၊ သစ္စာရှိကျွန် ပြင်ဆင်ပေးတဲ့ ကျမ်းစာအကြောင်းအရာအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်နှလုံးနဲ့ ခံစားချက်တွေကို သက်သာစေတယ်။—မ. ၂၄:၄၅။ ယော. ၁၄:၁၆။ ရော. ၁၅:၄။

  • သန့်ရှင်းသော စွမ်းအားတော်နဲ့ လမ်းညွှန်ပေးနိုင်တယ်။ (ယော. ၁၄:၂၆) စမ်းသပ်မှု ကြုံရချိန်မှာ ကျမ်းစာမှတ်တမ်းတွေ၊ ကျမ်းစာမူတွေကို မှတ်မိပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်အောင် စွမ်းအားတော်က ကူညီပေးနိုင်တယ်။

  • ကျွန်တော်တို့အကျိုးအတွက် ကောင်းကင်တမန်တွေကို အသုံးပြုနိုင်တယ်။—ဟေဗြဲ ၁:၁၄။

  • အပြောနဲ့ရော လုပ်ရပ်နဲ့ပါ ကျွန်တော်တို့ကို “အားပေးထောက်မ” နိုင်တဲ့ ယုံကြည်သူချင်းတွေအားဖြင့် ကူညီပေးနိုင်တယ်။—ကော. ၄:၁၁။

ဒါဆို ၁ ကောရိန္သု ၁၀:၁၃ မှာပါတဲ့ ပေါလုရဲ့ စကားကို ဘယ်လို ကောက်ချက်ချနိုင်သလဲ။ ကျွန်တော်တို့ ကြုံရတဲ့စမ်းသပ်မှုတွေကို ယေဟောဝါ မရွေးချယ်ပေးဘူး။ ဒါပေမဲ့ စမ်းသပ်မှု ကြုံရတဲ့အခါ ဒီအချက်ကို စိတ်ချနိုင်တယ်– ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားမယ်ဆိုရင် လူတစ်ယောက် မခံနိုင်လောက်တဲ့အထိ စမ်းသပ်ခံဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ခံရပ်နိုင်အောင် လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်။ စိတ်သက်သာစရာပါပဲ။

a “သွေးဆောင်ခြင်း” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ “စမ်းသပ်မှု” ကိုလည်း ဆိုလိုနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ