ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၆/၁၅ စာ. ၇-၁၁
  • ယေဟောဝါရဲ့ အရည်အသွေးတွေကို တန်ဖိုးထားလေးမြတ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ အရည်အသွေးတွေကို တန်ဖိုးထားလေးမြတ်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဟာ ချဉ်းကပ်ရလွယ်ကူ
  • အလွန်တန်ဖိုးထားခံရတဲ့ အရည်အသွေးတစ်ခု
  • ညီအစ်ကိုညီအစ်မတွေနဲ့ စကားပြောဖို့ အချိန်ယူပါ
  • ယေဟောဝါဟာ မျက်နှာမလိုက်ဘူး
  • ယေဟောဝါကို ကျွန်ုပ်တို့ တုပနိုင်
  • ကျွန်ုပ်တို့၏ မျက်နှာမလိုက်သောဘုရားသခင်ကို သင်တုပနေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ‘လူတွေ အုပ်လိုက် ရောက်လာတယ်’
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ယေဟောဝါရဲ့ မျက်နှာမလိုက်မှုကို အတုယူပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • မျက်နှာမလိုက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၆/၁၅ စာ. ၇-၁၁

ယေဟောဝါရဲ့ အရည်အသွေးတွေကို တန်ဖိုးထားလေးမြတ်ပါ

“ချစ်မြတ်နိုးခံရသော သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်ကို တုပကြလော့။”—ဧ. ၅:၁။

သင် ဘယ်လိုဖြေမလဲ

  • ယေဟောဝါရဲ့အရည်အသွေးတွေကို ပိုပြီး တန်ဖိုးထားလေးမြတ်တတ်ဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။

  • ဘာက လူတစ်ဦးကို ချဉ်းကပ်ရလွယ်ကူသူ ဖြစ်စေသလဲ။

  • ယေဟောဝါရဲ့မျက်နှာမလိုက်မှုကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

၁။ (က) ယေဟောဝါရဲ့ ဘယ်အရည်အသွေးတွေကို ကျွန်ုပ်တို့ စဉ်းစားမိနိုင်သလဲ။ (ခ) ဘုရားသခင်ရဲ့အရည်အသွေးတွေကို လေ့လာခြင်းကနေ ကျွန်ုပ်တို့ ဘယ်လို အကျိုးခံစားရမလဲ။

သင် ယေဟောဝါအကြောင်း စဉ်းစားလိုက်တဲ့အခါ စိတ်ထဲမှာ ကိုယ်တော်ရဲ့ဘယ်အရည်အသွေးတွေ ပေါ်လာသလဲ။ ကျွန်ုပ်တို့အများစုကတော့ မေတ္တာ၊ တရားမျှတမှု၊ ဉာဏ်ပညာနဲ့ တန်ခိုးအကြောင်း စဉ်းစားမိမယ်။ ဒါပေမဲ့ ယေဟောဝါဆီမှာ နှစ်သက်ဖွယ်ကောင်းတဲ့ တခြားအရည်အသွေးတွေ အများကြီးရှိတယ်ဆိုတာ ကျွန်ုပ်တို့သိတယ်။ ကျွန်ုပ်တို့ရဲ့စာပေတွေမှာ ယေဟောဝါရဲ့အရည်အသွေး ၄၀ ကျော်ကို ဆွေးနွေးခဲ့ကြတယ်။ အဲဒီအရည်အသွေးတွေကို သင့်ကိုယ်ပိုင်လေ့လာမှုမှာ ဒါမှမဟုတ် မိသားစုဝတ်ပြုမှုမှာ လေ့လာမယ်ဆိုရင် ယေဟောဝါအကြောင်း ဘယ်လောက်အထိ သိရမလဲဆိုတာ စဉ်းစားကြည့်ပါ။ ကိုယ်တော့်အရည်အသွေးတွေကို သင်ပိုပြီး တန်ဖိုးထားလေးမြတ် လာပါလိမ့်မယ်။ အကျိုးကျေးဇူးအနေနဲ့ သင်ဟာ ယေဟောဝါကိုတုပလိုစိတ် ပိုပြင်းပြလာပြီး ကိုယ်တော်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။—ယောရှု ၂၃:၈; ဆာ. ၇၃:၂၈။

၂။ (က) ယေဟောဝါရဲ့အရည်အသွေးတွေကို ဘယ်လိုနည်းနဲ့ ပိုတန်ဖိုးထားလာနိုင်သလဲဆိုတာ ဥပမာပေးပါ။ (ခ) ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးနှစ်ခုမှာ ဘာတွေကို ဆွေးနွေးကြမလဲ။

၂ အရာတစ်ခုကို သင် ဘယ်လိုနည်းနဲ့ ပိုပြီး တန်ဖိုးထားလာနိုင်သလဲ။ ဥပမာအနေနဲ့ ဟင်းအသစ်တစ်မျိုးကို သင် စားတော့မယ်ဆိုပါစို့။ ပထမဦးဆုံး အဲဒီဟင်းရဲ့ မွှေးကြိုင်တဲ့အနံ့ကို သင်သတိထားမိမယ်။ အဲဒီနောက်မှာ ဟင်းကို မြည်းကြည့်လိုက်တဲ့အခါ ဘယ်လောက် အရသာရှိသလဲဆိုတာ သိလာမယ်။ နောက်ဆုံးတော့ သင်ကိုယ်တိုင် အဲဒီဟင်းကိုချက်တယ်။ အဲဒီလိုပဲ ကျွန်ုပ်တို့ဟာ ဦးဆုံး ယေဟောဝါရဲ့အရည်အသွေးတစ်ခုကို လေ့လာခြင်း၊ အဲဒီအရည်အသွေးကို ယေဟောဝါ ဘယ်လိုပြသတယ်ဆိုတာ တွေးတောဆင်ခြင်ခြင်း၊ နောက်ဆုံးမှာတော့ အဲဒီအရည်အသွေးကို တုပခြင်းအားဖြင့် အဲဒီအရည်အသွေးကို ပိုပြီးတန်ဖိုးထားလာတယ်။ (ဧ. ၅:၁) ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးနှစ်ခုမှာ ယေဟောဝါရဲ့အရည်အသွေးတချို့ကို ဆွေးနွေးမှာဖြစ်တယ်။ အရည်အသွေးတစ်ခုစီနဲ့ပတ်သက်ပြီး ဒီမေးခွန်းတွေကို ဆွေးနွေးကြမယ်– ဒီအရည်အသွေးက ဘာကိုဆိုလိုတာလဲ။ အဲဒီအရည်အသွေးကို ယေဟောဝါ ဘယ်လိုပြသလဲ။ ဒီအရည်အသွေးကို ပြသရာမှာ ယေဟောဝါကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

ယေဟောဝါဟာ ချဉ်းကပ်ရလွယ်ကူ

၃၊ ၄။ (က) ချဉ်းကပ်ရလွယ်ကူတဲ့ လူတစ်ယောက်အကြောင်းကို သင် ဘယ်လို ရှင်းပြမလဲ။ (ခ) ယေဟောဝါက မိမိဟာ ချဉ်းကပ်ရလွယ်ကူတယ်ဆိုတာကို ဘယ်လိုပြသလဲ။

၃ ချဉ်းကပ်ရလွယ်ကူခြင်းဆိုတဲ့ အရည်အသွေးကို ဦးဆုံး လေ့လာကြည့်ကြစို့။ ချဉ်းကပ်ရလွယ်ကူတဲ့ လူတစ်ယောက်အကြောင်းကို သင် ဘယ်လိုရှင်းပြမလဲ။ ‘ကြင်နာတတ်သူ၊ စကားပြောဆိုရလွယ်ကူသူ၊ တခြားသူတွေနဲ့စကားပြောဖို့ အချိန်ပေးသူ’ လို့ သင်ပြောနိုင်ပါတယ်။ လူတစ်ယောက်က ချဉ်းကပ်ရလွယ်ကူသလား၊ မလွယ်ကူဘူးလားဆိုတာ သူပြောတဲ့စကားကို နားထောင်လိုက်တာနဲ့ ဒါမှမဟုတ် သူ့ရဲ့ကိုယ်ဟန်အမူအယာ၊ မျက်နှာရိပ်မျက်နှာကဲကို ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။

၄ ယေဟောဝါက မိမိဟာ ချဉ်းကပ်ရလွယ်ကူတယ်ဆိုတာကို ဘယ်လိုပြသလဲ။ ယေဟောဝါဟာ စကြဝဠာမှာ တန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပေမဲ့ ကျွန်ုပ်တို့ကို ကိုယ်တော့်ထံ ဆုတောင်းဖို့ ဖိတ်ခေါ်တယ်။ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေကို နားထောင်ပြီး ကျွန်ုပ်တို့လိုအပ်တဲ့အကူအညီကို ပေးတယ်။ (ဆာလံ ၁၄၅:၁၈; ဟေရှာယ ၃၀:၁၈၊ ၁၉ တို့ကို ဖတ်ပါ။) ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်ုပ်တို့လိုအပ်တဲ့အခါတိုင်းမှာ ဘုရားသခင်ကို စကားပြောနိုင်တယ်။ ဒီလို ဆုတောင်းတဲ့အတွက်ကြောင့် ကိုယ်တော် ကျွန်ုပ်တို့ကို ဘယ်တော့မှ စိတ်မဆိုးဘူး။ (ဆာ. ၆၅:၂; ယာ. ၁:၅) ယေဟောဝါက လူသားတွေကို မိမိထံ ချဉ်းကပ်စေချင်တယ်ဆိုတာကို လူတွေနားလည်နိုင်တဲ့အသုံးအနှုန်းနဲ့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာအနေနဲ့ “ယေဟောဝါရဲ့မျက်စိက” ကျွန်ုပ်တို့ကို ကြည့်ရှုနေပြီး ကိုယ်တော့်ရဲ့ “ညာလက်” နဲ့ ကျွန်ုပ်တို့ကို မြဲမြဲကိုင်ထားတယ်လို့ ဒါဝိဒ်ရေးထားတယ်။ (ဆာ. ၃၄:၁၅; ၆၃:၈၊ ကဘ) ပရောဖက်ဟေရှာယက ယေဟောဝါကို သိုးထိန်းတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး ဒီလိုပြောခဲ့တယ်– “သိုးကလေးတွေကို လက်နဲ့ပွေ့ပိုက်ပြီး ရင်ခွင်မှာ ချီပိုက်လိမ့်မယ်။” (ဟေရှာ. ၄၀:၁၁၊ ကဘ) မြင်ယောင်ကြည့်ပါ၊ ယေဟောဝါဟာ ကျွန်ုပ်တို့ကို မေတ္တာပြည့်ဝတဲ့ သိုးထိန်းတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးချီပိုက်ခံရတဲ့ သိုးလေးတစ်ကောင်လို မိမိနဲ့ နီးနီးကပ်ကပ်ရှိစေချင်တယ်။ ကျွန်ုပ်တို့မှာ အဲဒီလို ချဉ်းကပ်ရလွယ်ကူတဲ့အဖေတစ်ယောက် ရှိနေပါတယ်။ ဒီကဏ္ဍမှာ ယေဟောဝါကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

အလွန်တန်ဖိုးထားခံရတဲ့ အရည်အသွေးတစ်ခု

၅။ အကြီးအကဲတွေဟာ ချဉ်းကပ်ရလွယ်ကူသူဖြစ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၅ မကြာသေးခင်က ကမ္ဘာ့ဒေသအသီးသီးမှာနေထိုင်တဲ့ ထက်သန်တဲ့သက်သေခံတွေကို “အကြီးအကဲတစ်ယောက်ရဲ့ ဘယ်အရည်အသွေးကို သင် တန်ဖိုးအထားဆုံးလဲ” လို့ မေးခဲ့တယ်။ အများစုကတော့ “ချဉ်းကပ်ရလွယ်ကူခြင်း” လို့ ဖြေကြတယ်။ အမှန်တော့ ခရစ်ယာန်တစ်ယောက်ချင်းစီမှာ ဒီအရည်အသွေး အပြည့်အဝရှိဖို့ လိုအပ်ပေမဲ့ အထူးသဖြင့် အကြီးအကဲတွေမှာရှိဖို့ ပိုလိုအပ်တယ်။ (ဟေရှာ. ၃၂:၁၊ ၂) ဒီအရည်အသွေးကို ဘာကြောင့်အရေးကြီးတယ်လို့ ယူဆတာနဲ့ပတ်သက်ပြီး ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “အကြီးအကဲတစ်ဦးက ချဉ်းကပ်ရလွယ်ကူမှသာ သူ့ရဲ့တခြားအရည်အသွေးကောင်းတွေကနေ ကျွန်မတို့ အကျိုးခံစားရမှာဖြစ်တယ်။” ဒီစကားတွေက တကယ်မှန်ကန်ပါတယ်။ ဒါပေမဲ့ ဘာက လူတစ်ယောက်ကို ချဉ်းကပ်ရလွယ်ကူစေတာလဲ။

၆။ ချဉ်းကပ်ရလွယ်ကူသူဖြစ်ဖို့ နည်းလမ်းတစ်ခုက ဘာလဲ။

၆ ချဉ်းကပ်ရလွယ်ကူသူဖြစ်ဖို့ နည်းလမ်းတစ်ခုက တခြားသူတွေကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှုပြခြင်း၊ သူတို့ကို ကူညီလိုစိတ်ရှိခြင်း ဖြစ်တယ်။ အဲဒီအခါမှာ လူငယ်တွေအပါအဝင် ညီအစ်ကိုညီအစ်မတွေဟာ အကြီးအကဲတွေနဲ့ စကားပြောဖို့ ပိုလွယ်ကူမှာဖြစ်တယ်။ (မာ. ၁၀:၁၃-၁၆) ၁၂ နှစ်အရွယ် ကားလို့စ်က “နိုင်ငံတော်ခန်းမထဲမှာ အကြီးအကဲတွေပြုံးရွှင်နေတာနဲ့ ကြင်နာမှုပြတာတွေကိုကြည့်ပြီး သူတို့ကို ကျွန်တော် သဘောကျတယ်” လို့ပြောတယ်။ ဒါကြောင့် အကြီးအကဲတစ်ဦးအနေနဲ့ မိမိဟာ ချဉ်းကပ်ရလွယ်ကူသူဖြစ်တယ်လို့ ပြောရုံနဲ့ မလုံလောက်ဘူး။ အဲဒီအရည်အသွေးကို သူ ပြသရမှာဖြစ်တယ်။ (၁ ယော. ၃:၁၈) သူ ဘယ်လို လုပ်ဆောင်နိုင်သလဲ။

၇။ ကျွန်ုပ်တို့ စည်းဝေးကြီးရင်ထိုးကတ်ကို တပ်ထားတဲ့အခါ လူတွေဘာကြောင့် ကျွန်ုပ်တို့နဲ့ စကားပြောချင်ရတာလဲ။ အဲဒီကနေ ကျွန်ုပ်တို့ ဘာသိရသလဲ။

၇ ဒီနှိုင်းယှဉ်ချက်ကို စဉ်းစားကြည့်ပါ။ ညီအစ်ကိုတစ်ယောက်ဟာ မကြာသေးခင်က တခြားနိုင်ငံတစ်ခုမှာကျင်းပတဲ့ စည်းဝေးကြီးကို တက်ခဲ့တယ်။ လေယာဉ်နဲ့ အိမ်ကိုပြန်လာတဲ့အခါ “ဘုရားသခင့်နိုင်ငံတော်လာပါစေ” လို့ရေးထားတဲ့ စည်းဝေးကြီးရင်ထိုးကတ်ကို တပ်ထားတယ်။ လေယာဉ်ဝန်ထမ်းတစ်ယောက်က အဲဒီရင်ထိုးကတ်ကို မြင်တဲ့အခါ “နိုင်ငံတော်လာပါစေ၊ ဒီအကြောင်းကို ကျွန်တော်တို့ ပြောကြရအောင်” ဆိုပြီး ညီအစ်ကို,ကိုပြောတယ်။ သူတို့ စကားစမြည် ဆက်ပြောကြပြီး အဲဒီလေယာဉ်ဝန်ထမ်းက ကျွန်ုပ်တို့ရဲ့မဂ္ဂဇင်းတွေကို လိုလိုလားလား လက်ခံခဲ့တယ်။ ကျွန်ုပ်တို့မှာ အဲဒီလိုအတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ကျွန်ုပ်တို့ စည်းဝေးကြီးရင်ထိုးကတ် တပ်ထားတဲ့အခါ လူတွေ ဘာကြောင့် ကျွန်ုပ်တို့နဲ့ စကားပြောချင်ရတာလဲ။ ဘာကြောင့်လဲဆိုရင် ဒီရင်ထိုးကတ်က ကျွန်ုပ်တို့ ဘယ်ကိုသွားနေတယ်ဆိုတာကို လူတွေ စူးစမ်းချင်လာအောင် လှုံ့ဆော်ပေးတယ်၊ ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေအကြောင်း သူတို့နဲ့ ပြောလိုစိတ်ရှိတယ်ဆိုတာကိုလည်း ဖော်ပြတယ်။ အလားတူပဲ အကြီးအကဲတွေဟာ ညီအစ်ကိုညီအစ်မတွေနဲ့ စကားပြောဖို့ အမြဲ တလိုတလားရှိတယ်ဆိုတာ ပြသရမယ်။ အကြီးအကဲတွေ အဲဒီလိုလုပ်နိုင်တဲ့ နည်းလမ်းတချို့က ဘာလဲ။

၈။ အကြီးအကဲတွေက တခြားသူတွေကို အမှန်တကယ်စိတ်ဝင်စားကြောင်း ဘယ်လို ပြသနိုင်သလဲ။ အဲဒါက အသင်းတော်အပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

၈ နိုင်ငံအများစုမှာ ကျွန်ုပ်တို့ဟာ ညီအစ်ကိုညီအစ်မတွေကို လှိုက်လှိုက်လှဲလှဲပြုံးပြခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခြင်းအားဖြင့် သူတို့ကို အမှန်တကယ် စိတ်ဝင်စားတယ်ဆိုတာကို ပြသနိုင်တယ်။ ဘယ်သူက အစပြုလုပ်ဆောင်သင့်သလဲ။ ယေရှုနဲ့ တပည့်တွေ တွေ့ဆုံစည်းဝေးတဲ့အခါ “ယေရှုသည် သူတို့ထံ ချဉ်းကပ်၍” စကားပြောတယ်လို့ ကျမ်းစာထဲမှာ ရေးထားတယ်။ (မ. ၂၈:၁၈) အလားတူပဲ ယနေ့အကြီးအကဲတွေဟာ ယုံကြည်သူချင်းတွေဆီ ချဉ်းကပ်ပြီး စကားပြောဖို့ အစပြုလုပ်ဆောင်ကြတယ်။ ဒါက အသင်းတော်အပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ရှေ့ဆောင်ညီအစ်မတစ်ယောက်က “နိုင်ငံတော်ခန်းမထဲဝင်သွားတဲ့အခါ အကြီးအကဲတွေဆီကနေ ကျွန်မရတဲ့ နွေးထွေးတဲ့အပြုံးနဲ့ အားပေးမှုတွေက သူတို့ကို ပိုချစ်ခင်စေတယ်” လို့ ပြောပြတယ်။ နောက်သစ္စာရှိညီအစ်မတစ်ယောက်က “ဒါက အသေးအမွှားလေးပဲလို့ ယူဆနိုင်တယ်၊ ဒါပေမဲ့ အစည်းအဝေးတွေမှာ အကြီးအကဲတွေက ကျွန်မကို ပြုံးပြပြီး ကြိုဆိုနှုတ်ဆက်တဲ့အခါ ကျွန်မအတွက်ကတော့ ကြီးမားတဲ့အရာပဲ” လို့ ပြောပြခဲ့တယ်။

ညီအစ်ကိုညီအစ်မတွေနဲ့ စကားပြောဖို့ အချိန်ယူပါ

၉၊ ၁၀။ (က) ဘယ်စံနမူနာကောင်းကို ယေဟောဝါ ပြသလဲ။ (ခ) အကြီးအကဲတွေဟာ ယေဟောဝါကို ဘယ်လိုတုပနိုင်သလဲ။

၉ တခြားသူတွေကို ကျွန်တော်တို့နဲ့ လွတ်လွတ်လပ်လပ် သက်သောင့်သက်သာ စကားပြောစေချင်တယ်ဆိုရင် သူတို့နဲ့ စကားပြောဖို့ အချိန်ပေးရမှာဖြစ်တယ်။ ဒီကဏ္ဍမှာ ယေဟောဝါက ကျွန်ုပ်တို့အတွက် စံနမူနာကောင်း ဖြစ်တယ်။ “ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (တ. ၁၇:၂၇) အကြီးအကဲတွေအနေနဲ့ ယေဟောဝါကို တုပနိုင်တဲ့နည်းတစ်နည်းက အစည်းအဝေးတွေ မစတင်ခင်နဲ့ ပြီးနောက်မှာ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မ ကြီးကြီးငယ်ငယ် အားလုံးနဲ့ စကားပြောခြင်းဖြစ်တယ်။ ရှေ့ဆောင်ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “အကြီးအကဲတစ်ယောက်က ကျွန်တော့်ရဲ့အခြေအနေကိုမေးပြီး ကျွန်တော်ပြန်ပြောတာကို နားထောင်ပေးတဲ့အခါ ကျွန်တော် တန်ဖိုးထားခံရတယ်လို့ ခံစားရတယ်။” ယေဟောဝါရဲ့အမှုတော်မှာ နှစ်ပေါင်း ၅၀ နီးပါးပါဝင်ခဲ့တဲ့ ညီအစ်မတစ်ယောက်က “အစည်းအဝေးပြီးတဲ့နောက် ကျွန်မနဲ့စကားပြောဖို့ အကြီးအကဲတွေ အချိန်ပေးတဲ့အခါတန်ဖိုးထားခံရတယ်လို့ ကျွန်မခံစားရတယ်” လို့ ပြောပြတယ်။

၁၀ အကြီးအကဲတွေမှာ တခြားတာဝန်တွေလည်း အများကြီးရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အစည်းအဝေးတွေမှာ ညီအစ်ကိုညီအစ်မတွေနဲ့ စကားပြောဖို့ ပန်းတိုင်ထားသင့်တယ်။

ယေဟောဝါဟာ မျက်နှာမလိုက်ဘူး

၁၁၊ ၁၂။ (က) မျက်နှာမလိုက်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ (ခ) ယေဟောဝါ မျက်နှာမလိုက်ဘူးဆိုတာ ကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ။

၁၁ မျက်နှာမလိုက်ခြင်းဟာ ယေဟောဝါရဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ နောက်အရည်အသွေးတစ်ခုဖြစ်တယ်။ (တ. ၁၀:၃၄) မျက်နှာမလိုက်ဘူးဆိုတာ ဘာကိုပြောတာလဲ။ အဲဒီထဲမှာ မျှမျှတတရှိတာ၊ ဘက်မလိုက်တာနဲ့ ဦးစားမပေးတာတွေ ပါဝင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က တခြားသူတွေကို မျက်နှာမလိုက်တမ်း ဆက်ဆံချင်တယ်ဆိုရင် ကျွန်ုပ်တို့အနေနဲ့ ပထမဦးဆုံး လူတိုင်းမျှမျှတတ ဆက်ဆံခံရသင့်တယ်လို့ ယုံကြည်ရမယ်။ မျက်နှာမလိုက်သူတစ်ယောက်ဟာ လူတစ်ယောက်ကို သူ့ရဲ့ရုပ်ရည်၊ ပိုင်ဆိုင်ရာတွေပေါ်မူတည်ပြီး တခြားလူတွေထက် ပိုဦးစားပေးဆက်ဆံမှာ မဟုတ်ဘူး။ အားလုံးကို မျှမျှတတဆက်ဆံတယ်။

၁၂ ယေဟောဝါဟာ မျက်နှာမလိုက်တဲ့နေရာမှာ အကောင်းဆုံးစံနမူနာရှင် ဖြစ်တယ်။ ကိုယ်တော်ဟာ “မျက်နှာလိုက်တော်မမူကြောင်း၊” “လူမျက်နှာကိုမထောက်” ကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅; တရားဟောရာ ၁၀:၁၇ တို့ကို ဖတ်ပါ။) ဒီအချက်ကိုဖော်ပြတဲ့ အဖြစ်အပျက်တစ်ခုကို လေ့လာကြည့်ကြစို့။

ဇလောဖဒ်ရဲ့သမီးတွေက ယေဟောဝါရဲ့မျက်နှာမလိုက်မှုကို ကျေးဇူးတင်လေးမြတ်ခဲ့ကြ (အပိုဒ် ၁၃၊ ၁၄ ကို ကြည့်ပါ)

၁၃၊ ၁၄။ (က) ဇလောဖဒ်ရဲ့သမီးငါးယောက်ဟာ ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့ခဲ့ရသလဲ။ (ခ) ယေဟောဝါဟာ မျက်နှာမလိုက်ကြောင်း ဘယ်လိုပြသခဲ့သလဲ။

၁၃ အစ္စရေးလူမျိုး ကတိထားရာပြည်ကို မဝင်ခင်လေးမှာ ဇလောဖဒ်ဆိုတဲ့လူရဲ့ သမီးငါးယောက်ဟာ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲဒါက ဘာလဲ။ သူတို့ရဲ့အဖေက သေဆုံးသွားပြီ၊ သူတို့ဟာ အမွေမြေမရနိုင်ဘူး။ ဘာကြောင့်လဲ။ အကြောင်းကတော့ ပညတ်တရားအရ သားတွေကပဲ မြေကို အမွေဆက်ခံပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့အဖေက သားမရှိဘဲသေဆုံးသွားတယ်။ (တော. ၂၆:၃၃၊ ၅၂-၅၅) အဲဒီမြေကို တခြားဆွေမျိုးတွေကို ပေးလိုက်ရတော့မလား။ ဇလောဖဒ်ရဲ့သမီးတွေ ဘာလုပ်နိုင်သလဲ။

၁၄ ညီအစ်မငါးယောက်ဟာ မောရှေဆီသွားပြီး “သားမရှိတာနဲ့ပဲ အဖေ့နာမည်က သူ့မိသားစုထဲကနေ ပျောက်ပျက်သွားရမှာလား” လို့ပြောခဲ့တယ်။ မောရှေအနေနဲ့ ‘ဒါက ပညတ်တရားပဲ၊ ငါဘာမှ မတတ်နိုင်ဘူး’ ဆိုပြီး ပြန်ပြောခဲ့သလား။ မပြောခဲ့ဘူး၊ မောရှေဟာ “သူတို့ရဲ့ကိစ္စကို ယေဟောဝါရှေ့ တင်ပြတယ်။” (တော. ၂၇:၂-၅၊ ကဘ) ယေဟောဝါ ဘယ်လိုပြောသလဲ။ ယေဟောဝါက မောရှေကို “ဇလောဖဒ်ရဲ့သမီးတွေပြောတာ တရားနည်းလမ်းကျတယ်။ သင်က သူတို့အဖေရဲ့ ညီအစ်ကိုတွေနဲ့အတူ သူတို့ကို အမွေပေးရမယ်။ သူတို့အဖေရဲ့အမွေကို သူတို့ဆီ လွှဲပြောင်းပေးရမယ်” လို့ ပြောခဲ့တယ်။ ယေဟောဝါဟာ အဲဒီထက်မက လုပ်ဆောင်ခဲ့သေးတယ်။ ကိုယ်တော်ဟာ ပညတ်တရားမှာ ဒီပညတ်ကို ထပ်ထည့်ဖို့ မောရှေကို ဒီလိုညွှန်ကြားခဲ့တယ်– “လူတစ်ယောက်ဟာ သားမရှိဘဲသေဆုံးသွားရင် သူ့အမွေကို သူ့သမီးဆီ လွှဲပြောင်းပေးရမယ်။” (တော. ၂၇:၆-၈၊ ကဘ; ယောရှု ၁၇:၁-၆) အဲဒီအချိန်ကစပြီး အဲဒီလိုအခြေအနေနဲ့ကြုံတွေ့ရတဲ့ အစ္စရေးအမျိုးသမီးအားလုံးဟာ အမွေရခဲ့ကြတယ်။

၁၅။ (က) ယေဟောဝါဟာ သူ့လူမျိုးတွေ၊ အထူးသဖြင့် အကူအညီမဲ့နေသူတွေကို ဘယ်လိုဆက်ဆံသလဲ။ (ခ) ယေဟောဝါ မျက်နှာမလိုက်ဘူးဆိုတာကို တခြား ဘယ်ကျမ်းစာမှတ်တမ်းတွေက ဖော်ပြသလဲ။

၁၅ ဒါဟာ တကယ်မျက်နှာမလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ ယေဟောဝါဟာ အကူအညီမဲ့နေတဲ့ အဲဒီညီအစ်မငါးယောက်ကို တခြားအစ္စရေးလူတွေကိုဆက်ဆံသလိုပဲ မျှမျှတတ၊ လေးလေးစားစား ဆက်ဆံခဲ့တယ်။ (ဆာ. ၆၈:၅) ဒီအဖြစ်အပျက်က ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်အားလုံးကို မျက်နှာမလိုက်ဘဲ ဆက်ဆံခဲ့တဲ့ ကျမ်းစာအဖြစ်အပျက်တွေထဲက တစ်ခုသာဖြစ်တယ်။—၁ ရာ. ၁၆:၁-၁၃; တ. ၁၀:၃၀-၃၅၊ ၄၄-၄၈။

ယေဟောဝါကို ကျွန်ုပ်တို့ တုပနိုင်

၁၆။ ယေဟောဝါရဲ့မျက်နှာမလိုက်မှုကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

၁၆ ယေဟောဝါရဲ့မျက်နှာမလိုက်မှုကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။ လူတိုင်းမျှမျှတတ ဆက်ဆံခံရသင့်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်မှသာ ကျွန်ုပ်တို့က တခြားသူတွေကို မျက်နှာမလိုက်ဘဲ ဆက်ဆံမှာဖြစ်တယ်ဆိုတာ သတိရပါ။ အမှန်ပါပဲ၊ ကျွန်ုပ်တို့အားလုံးဟာ ကိုယ့်ကိုယ်ကို သဘောထားကြီးတယ်၊ မျက်နှာမလိုက်ဘူးလို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို အမှန်အတိုင်းဝေဖန်ဆန်းစစ်ဖို့ အမြဲတမ်းတော့ မလွယ်ကူဘူးဆိုတာ သင် သဘောတူပါလိမ့်မယ်။ ဒါကြောင့် သင် တကယ် မျက်နှာလိုက်၊ မလိုက်ဆိုတာ ဘယ်လိုသိနိုင်သလဲ။ ယေရှုက ကျွန်ုပ်တို့အတွက် စံနမူနာကောင်းဖြစ်တယ်။ သူနဲ့ပတ်သက်ပြီး လူတွေ ဘာပြောသလဲဆိုတာ သိချင်တဲ့အခါ သူ့ရဲ့မိတ်ဆွေတွေကို ဒီလိုမေးခဲ့တယ်– “လူသားကို မည်သူဖြစ်သည်ဟု လူတို့ဆိုကြသနည်း။” (မ. ၁၆:၁၃၊ ၁၄) ဒီကဏ္ဍမှာ ယေရှုကိုတုပပါ။ သင့်အကြောင်း အရှိကိုအရှိအတိုင်း ပြောပြမယ့် မိတ်ဆွေတစ်ယောက်ကိုရွေးပြီး ဒီလိုမေးပါ။ ‘လူတွေကို ကျွန်တော် မျှမျှတတ ဆက်ဆံတယ်လို့ ခင်ဗျားမြင်သလား၊ တခြားလူတွေကကော ကျွန်တော့်ကို မျက်နှာမလိုက်တတ်သူလို့ သတ်မှတ်သလား။’ အဲဒီအခါ သူက တစ်ခါတလေ သင်ဟာ လူမျိုးတစ်မျိုးကို တခြားလူမျိုးထက် ပိုမျက်နှာသာပေးတယ်၊ ဒါမှမဟုတ် ပိုက်ဆံချမ်းသာသူ၊ ပညာပိုတတ်သူကို ပိုပြီး ကောင်းကောင်းဆက်ဆံတယ်လို့ ပြောတယ်ဆိုပါစို့။ အဲဒီလိုဆိုရင် သင် ဘာလုပ်သင့်သလဲ။ ယေဟောဝါထံ ဆုတောင်းပါ၊ တခြားသူတွေအပေါ် သင့်သဘောထားကို ပြောင်းလဲပေးဖို့ တောင်းဆိုပါ၊ အဲဒီလိုဆိုရင် သင်ဟာ ယေဟောဝါနဲ့ ပိုတူလာပြီး လူတိုင်းကို မျက်နှာမလိုက်ဘဲ ဆက်ဆံလာမှာဖြစ်တယ်။—မ. ၇:၇; ကော. ၃:၁၀၊ ၁၁။

၁၇။ တခြားသူတွေကို ကျွန်ုပ်တို့ ဘယ်လိုနည်းတွေနဲ့ မျက်နှာမလိုက်ဘဲ ဆက်ဆံနိုင်သလဲ။

၁၇ ခရစ်ယာန်အသင်းတော်မှာ ကျွန်ုပ်တို့ဟာ ညီအစ်ကိုညီအစ်မအားလုံးကို လေးလေးစားစား၊ ကြင်ကြင်နာနာ ဆက်ဆံခြင်းအားဖြင့် ယေဟောဝါကို တုပနိုင်ပါတယ်။ ဥပမာအနေနဲ့ ကျွန်ုပ်တို့ ဧည့်၀တ်ပြုတဲ့အခါမှာ ကျွန်ုပ်တို့နဲ့ နောက်ခံမတူတဲ့သူတွေ၊ ဆင်းရဲချို့တဲ့သူတွေ၊ မိဘမဲ့တွေ၊ မုဆိုးဖို၊ မုဆိုးမတွေကို ဖိတ်ခေါ်နိုင်ပါတယ်။ (ဂလာတိ ၂:၁၀; ယာကုပ် ၁:၂၇ တို့ကို ဖတ်ပါ။) နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းမှာလည်း တခြားတိုင်းပြည်ကလာတဲ့လူတွေအပါအဝင် နောက်ခံအမျိုးမျိုးရှိတဲ့လူတွေကို မျက်နှာမလိုက်ဘဲ ဟောပြောကြတယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းက ကျမ်းစာ,စာပေတွေကို ဘာသာစကားပေါင်း ၆၀၀ နီးပါးနဲ့ ထုတ်ဝေနေတယ်။ ဒါတွေက ကျွန်ုပ်တို့ မျက်နှာမလိုက်ဘူးဆိုတာကို အခိုင်အမာ သက်သေပြနေခြင်းပါပဲ။

၁၈။ ယေဟောဝါရဲ့ချဉ်းကပ်ရလွယ်ကူမှုနဲ့ မျက်နှာမလိုက်မှုကို ကျေးဇူးတင်လေးမြတ်ကြောင်း သင်ကိုယ်တိုင် ဘယ်လိုဖော်ပြမလဲ။

၁၈ ယေဟောဝါရဲ့ချဉ်းကပ်ရလွယ်ကူမှုနဲ့ မျက်နှာမလိုက်မှုကို ပိုပြီး စဉ်းစားတွေးတောလေ အဲဒီအရည်အသွေးတွေကို ကျွန်ုပ်တို့ ပိုတန်ဖိုးထားလေးမြတ်လေပဲ။ အကျိုးရလဒ်အနေနဲ့ ကျွန်ုပ်တို့မှာ ယေဟောဝါကို တုပလိုစိတ်ရှိသင့်ပြီး ညီအစ်ကိုညီအစ်မတွေ၊ ဟောပြောခြင်းလုပ်ငန်းမှာတွေ့တဲ့သူတွေနဲ့ ဆက်ဆံရာမှာ ဒီအရည်အသွေးကို တင်ပြသင့်တယ်။

‘ယေဟောဝါက သူ့ကိုခေါ်တဲ့သူတိုင်းရဲ့ အနီးအပါးမှာရှိတယ်။’—ဆာ. ၁၄၅:၁၈၊ ကဘ (အပိုဒ် ၉ ကို ကြည့်ပါ)

‘သင်တို့ရဲ့ဘုရားသခင် ယေဟောဝါက ဘယ်သူ့ကိုမှ မျက်နှာမလိုက်တဲ့အရှင် ဖြစ်တယ်။’—တရား. ၁၀:၁၇၊ ကဘ (အပိုဒ် ၁၇ ကို ကြည့်ပါ)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ