လေ့လာရန် ဆောင်းပါး ၃၅
နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
“ယေဟောဝါက . . . နှိမ့်ချသူကို ဂရုတစိုက် ကြည့်ရှုတယ်။”—ဆာ. ၁၃၈:၆။
သီချင်း ၄၈ ယေဟောဝါနဲ့ နေ့စဉ် လျှောက်လှမ်းပါ
အကြိုသုံးသပ်ချက်a
၁။ နှိမ့်ချသူတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ ရှင်းပြပါ။
ယေဟောဝါက နှိမ့်ချသူတွေကို ချစ်တယ်။ အမှန်တကယ် နှိမ့်ချသူတွေသာ ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနိုင်တယ်။ ဘုရားက “မောက်မာသူနဲ့တော့ ခပ်ခွာခွာနေတယ်။” (ဆာ. ၁၃၈:၆) ကျွန်တော်တို့အားလုံး ယေဟောဝါကို စိတ်ရွှင်လန်းစေချင်ပြီး ဘုရားမေတ္တာ ခံစားချင်တဲ့အတွက် နှိမ့်ချမှုကို မွေးမြူဖို့ သင်ယူကြတယ်။
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ ဒီဆောင်းပါးမှာ မေးခွန်းသုံးခုကို အဖြေပေးသွားပါမယ်– (၁) နှိမ့်ချမှုဆိုတာ ဘာလဲ။ (၂) နှိမ့်ချမှုကို ဘာကြောင့် မွေးမြူသင့်သလဲ။ (၃) ဘယ်အခြေအနေတွေက နှိမ့်ချမှုရှိဖို့ ခက်စေနိုင်သလဲ။ နှိမ့်ချမှုကို မွေးမြူရင် ယေဟောဝါရဲ့စိတ်ကို ရွှင်လန်းစေပြီး ကိုယ်တိုင် အကျိုးရကြောင်း တွေ့ရပါလိမ့်မယ်။—ပညာ. ၂၇:၁၁။ ဟေရှာ. ၄၈:၁၇။
နှိမ့်ချမှုဆိုတာ ဘာလဲ
၃။ နှိမ့်ချမှုဆိုတာ ဘာလဲ။
၃ နှိမ့်ချမှုဆိုတာ စိတ်နေမမြင့်တာ၊ မာနနဲ့ မောက်မာမှု မရှိတာကို ဆိုလိုတယ်။ နှိမ့်ချသူဟာ မိမိနဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး၊ တခြားသူတွေနဲ့ ဆက်ဆံရေးကို တော်မှန်စွာ ရှုမြင်တယ်လို့ ကျမ်းစာပြောတယ်။ နှိမ့်ချသူဟာ လူတိုင်းက တစ်နည်းနည်းနဲ့ ကိုယ့်ထက် သာတယ်ဆိုတာ အသိအမှတ်ပြုတယ်။—ဖိ. ၂:၃၊ ၄။
၄-၅။ အပေါ်ယံကို ကြည့်ပြီး စစ်မှန်တဲ့ နှိမ့်ချမှု ရှိတယ်လို့ ပြောနိုင်သလား။ ဘာကြောင့်လဲ။
၄ လူတချို့က နှိမ့်ချပုံပေါက်တယ်။ ရိုးရိုးကုပ်ကုပ် နေတတ်တယ်။ ယဉ်ကျေးမှုနဲ့ ကြီးပြင်းလာပုံကြောင့် ယဉ်ကျေးသိမ်မွေ့ကြတယ်။ ဒါပေမဲ့ အတွင်းစိတ်ကတော့ မာနကြီးတာမျိုး ဖြစ်နိုင်တယ်။ တစ်ချိန်ချိန်မှာတော့ သရုပ်မှန် ပေါ်လာတတ်တယ်။—လု. ၆:၄၅။
၅ လူတချို့ကျတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်သူတွေ ဖြစ်တယ်။ ဒါပေမဲ့ မာနကြီးတာတော့ မဟုတ်ဘူး။ (ယော. ၁:၄၆၊ ၄၇) ဒီလိုထက်မြက်တဲ့သူတွေဟာ ကိုယ့်ရဲ့ ပင်ကိုစွမ်းရည်တွေကို အားမကိုးဖို့ သတိပြုရမယ်။ ကျွန်တော်တို့ဟာ ထက်မြက်သူဖြစ်ဖြစ်၊ မဖြစ်ဖြစ် နှိမ့်ချစိတ်ကို ကြိုးစားမွေးမြူရမယ်။
တမန်တော် ပေါလုဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ရှုမြင် (အပိုဒ် ၆ ကိုကြည့်ပါ)d
၆။ ၁ ကောရိန္သု ၁၅:၁၀ မှာ ပါတဲ့အတိုင်း တမန်တော် ပေါလုဆီကနေ ဘာသင်ယူနိုင်သလဲ။
၆ တမန်တော် ပေါလုအကြောင်း သုံးသပ်ကြည့်ပါ။ တစ်မြို့ပြီး တစ်မြို့မှာ အသင်းတော်သစ်တွေ တည်ထောင်ဖို့ ပေါလုကို ယေဟောဝါ အသုံးပြုခဲ့တယ်။ ပေါလုဟာ ယေရှုခရစ်ရဲ့ တမန်တော်အားလုံးထက်တောင် အမှုဆောင်လုပ်ငန်းမှာ ပိုအောင်မြင်တယ်။ ဒါပေမဲ့ ညီအစ်ကိုတွေထက် ကိုယ့်ကိုယ်ကိုယ် မချီးမြှောက်ဘူး။ “ကျွန်တော်ဟာ တမန်တော်တွေထဲမှာ အရေးမပါဆုံးသူပါ၊ ဘုရားသခင်ရဲ့ အသင်းတော်ကို ညှဉ်းဆဲခဲ့လို့ တမန်တော်လို့တောင် အခေါ်မခံထိုက်ဘူး” လို့ နှိမ့်ချစွာ ဝန်ခံတယ်။ (၁ ကော. ၁၅:၉) ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာဟာ ကိုယ့်အစွမ်းအစ၊ ကိုယ့်ကြိုးစားမှုကြောင့် မဟုတ်ဘဲ ဘုရားရဲ့ မဟာကရုဏာကြောင့်သာ ဖြစ်တယ်လို့ ယူမှတ်တယ်။ (၁ ကောရိန္သု ၁၅:၁၀ ကိုဖတ်ပါ။) ကောရိန္သုအသင်းတော်မှာ တချို့က ပေါလုထက် သာကြောင်း ပြဖို့ အပြစ်ရှာဝေဖန်နေချိန်မှာတောင် ပေါလု နှိမ့်ချမှု ပြတာကို သူရေးတဲ့စာမှာ တွေ့နိုင်တယ်။ တကယ်ကောင်းတဲ့ ပုံသက်သေပါပဲ။—၂ ကော. ၁၀:၁၀။
အုပ်ချုပ်ရေးအဖွဲ့မှာ အမှုဆောင်ခဲ့တဲ့ နှိမ့်ချတဲ့ ညီအစ်ကို ကားလ် ကလိုင်း (အပိုဒ် ၇ ကိုကြည့်ပါ)
၇။ ထင်ပေါ်တဲ့ ညီအစ်ကိုတစ်ယောက် နှိမ့်ချမှု ဘယ်လို တင်ပြခဲ့သလဲ။
၇ ယေဟောဝါသက်သေများစွာဟာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ကားလ် ကလိုင်းရဲ့ ဘဝအတ္ထုပ္ပတ္တိကနေ အလွန် ခွန်အားရရှိကြတယ်။ ညီအစ်ကို ကလိုင်းဟာ နှစ်တွေတစ်လျှောက် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရကြောင်း နှိမ့်ချစွာ ဝန်ခံထားတယ်။ ဥပမာ၊ ၁၉၂၂ တုန်းက တစ်အိမ်တက်ဆင်း သွားခဲ့ပေမဲ့ ခက်လွန်းလို့ ဦးဆုံးအကြိမ် သွားပြီးနောက် နှစ်နှစ်လောက် မသွားတော့ဘူး။ နောက်ပိုင်း ဗေသလကို ရောက်လာတယ်။ အဲဒီမှာ ညီအစ်ကိုတစ်ယောက် သူ့ကို ဆုံးမတဲ့အခါ အချိန်အတော်ကြာ စိတ်ခုနေခဲ့တယ်။ ကျန်းမာရေးပြဿနာလည်း ကြုံခဲ့ရတယ်။ ဖိစီးမှုကြောင့် စိတ်ကျန်းမာရေး ထိခိုက်သွားပေမဲ့ နောက်ပိုင်း ပြန်ကောင်းလာတယ်။ အခွင့်ထူးများစွာ ရရှိပြီး ထင်ပေါ်တဲ့ ညီအစ်ကိုဖြစ်တာတောင် ကိုယ့်အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ ဒီလိုလုပ်ဖို့ နှိမ့်ချမှု ဘယ်လောက် လိုမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ညီအစ်ကို/မများစွာဟာ ရိုးသားပွင့်လင်းတဲ့ ညီအစ်ကို ကလိုင်းရဲ့ ဘဝအတ္ထုပ္ပတ္တိကို အခုထိ အမှတ်ရနေဆဲပဲ။b
နှိမ့်ချမှုကို ဘာကြောင့် မွေးမြူသင့်သလဲ
၈။ နှိမ့်ချမှုကို ယေဟောဝါ နှစ်သက်ကြောင်း ၁ ပေတရု ၅:၆ က ဘယ်လို ပေါ်လွင်စေသလဲ။
၈ နှိမ့်ချမှုကို မွေးမြူသင့်တဲ့ အရေးကြီးဆုံး အကြောင်းရင်းကတော့ ယေဟောဝါ နှစ်သက်လို့ပဲ။ အဲဒီအချက်ကို တမန်တော် ပေတရု ဖော်ပြတယ်။ (၁ ပေတရု ၅:၆ ကိုဖတ်ပါ။) “လာ၍ ငါ့နောက်သို့ လိုက်လော့” စာအုပ်မှာ ပေတရုရဲ့ စကားကို ဒီလို မှတ်ချက်ပြုထားတယ်– “မောက်မာခြင်းသည် အဆိပ်နှင့်တူပြီး အလွန်အန္တရာယ်ရှိ၏။ ထိုအရည်အသွေးသည် ပင်ကိုစွမ်းရည် အရှိဆုံးသူကို ဘုရားသခင်အတွက် အသုံးမဝင်သူ ဖြစ်စေနိုင်သည်။ စိတ်နှိမ့်ချခြင်းမူကား အသိမ်ဖျင်းဆုံးသူကိုပင် ယေဟောဝါအတွက် အသုံးဝင်သူ ဖြစ်စေနိုင်၏။ . . . ဘုရားသခင်သည် သင်၏နှိမ့်ချမှုအတွက် သင့်ကို အားရဝမ်းသာစွာ ဆုချတော်မူမည်။”c ယေဟောဝါရဲ့စိတ်ကို ရွှင်လန်းစေတာထက် ပိုကောင်းတာ ဘာများ ရှိသေးလို့လဲ။—ပညာ. ၂၃:၁၅။
၉။ နှိမ့်ချသူတွေကို လူတွေ ဘာကြောင့် ခင်မင်ရင်းနှီးချင်ကြသလဲ။
၉ နှိမ့်ချမှုကို မွေးမြူတဲ့အခါ ကျွန်တော်တို့လည်း အကျိုးများစွာ ရရှိတယ်။ နှိမ့်ချသူကို လူတွေ ခင်မင်ရင်းနှီးချင်ကြတယ်။ ကျွန်တော်တို့လည်း အဲဒီလိုပါပဲ။ (မ. ၇:၁၂) ကိုယ့်နည်းလမ်းအတိုင်း လုပ်ဖို့ အတင်းအကျပ် တောင်းဆိုသူ၊ တခြားသူရဲ့ အကြံဉာဏ်ကို လက်မခံသူနဲ့ ဘယ်သူမှ မနေချင်ကြဘူး။ ဒါပေမဲ့ ‘ကိုယ်ချင်းစာတဲ့၊ ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်တဲ့၊ ချစ်ခင်စာနာတဲ့၊ စိတ်နှိမ့်ချတဲ့’ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရတာကတော့ လန်းဆန်းပျော်ရွှင်စေတယ်။ (၁ ပေ. ၃:၈) အဲဒီလိုလူတွေကို ကျွန်တော်တို့ ချစ်ခင်သလို ကျွန်တော်တို့ နှိမ့်ချရင် သူတို့လည်း ချစ်ခင်လာပါလိမ့်မယ်။
၁၀။ နှိမ့်ချမှုက ဘဝကို ဘယ်လို ပိုလွယ်ကူစေသလဲ။
၁၀ နှိမ့်ချမှုက ဘဝကိုလည်း ပိုလွယ်ကူစေတယ်။ ဘဝမှာ မမျှတတာတွေ ကြုံရလေ့ရှိတယ်။ “ကျွန်တွေက မြင်းစီးပြီး မင်းညီမင်းသားတွေကတော့ ကျွန်လို ခြေကျင်လျှောက်နေတာ ငါတွေ့ဖူးတယ်” လို့ ပညာရှိဘုရင် ရှောလမုန် ပြောဖူးတယ်။ (ဒေ. ၁၀:၇) လူတော်လူတတ်ဖြစ်တိုင်း အမြဲ အသိအမှတ်ပြုခံရတာ မဟုတ်ဘူး။ သိပ်မတော်မတတ်သူတွေ ပိုအသိအမှတ်ပြုခံရတာလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ညည်းညူနေမယ့်အစား အဖြစ်မှန်ကို လက်ခံလိုက်တာ ပိုပညာရှိကြောင်း ရှောလမုန် အသိအမှတ်ပြုခဲ့တယ်။ (ဒေ. ၆:၉) နှိမ့်ချမှု ရှိမယ်ဆိုရင် ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ အရှိအတိုင်း လက်ခံဖို့ ပိုလွယ်ကူပါလိမ့်မယ်။
ဘယ်အခြေအနေတွေက နှိမ့်ချမှုရှိဖို့ ခက်စေနိုင်သလဲ
ဒီအခြေအနေမှာ နှိမ့်ချမှုရှိဖို့ ဘာကြောင့် ခက်နိုင်သလဲ (အပိုဒ် ၁၁-၁၂ ကိုကြည့်ပါ)e
၁၁။ ဆုံးမပဲ့ပြင်ခံရတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။
၁၁ နေ့တိုင်း နှိမ့်ချမှု ပြဖို့ အခွင့်အရေးများစွာ ရှိတယ်။ အခြေအနေတချို့ကို သုံးသပ်ကြည့်ပါ။ ဆုံးမပဲ့ပြင်ခံရတဲ့အခါ။ ကျွန်တော်တို့ကို တစ်ယောက်ယောက်က တကူးတက လာတည့်မတ်ပေးတယ် ဆိုကတည်းက ကိုယ်ထင်တာထက် ပိုလမ်းလွဲနေလို့ ဖြစ်နိုင်တယ်။ အဲဒီအခါမျိုးမှာ ဆုံးမပဲ့ပြင်ပေးမှုကို လက်မခံဖို့ ဦးဆုံး စဉ်းစားမိနိုင်တယ်။ ဒါ့အပြင် ဆုံးမတဲ့သူ ဒါမှမဟုတ် ဆုံးမတဲ့နည်းကို ဝေဖန်မိနိုင်တယ်။ ဒါပေမဲ့ နှိမ့်ချမှု ရှိမယ်ဆိုရင် သဘောထားမှန် ပြန်ရဖို့ ကြိုးစားပါလိမ့်မယ်။
၁၂။ ပညာအလိမ္မာ ၂၇:၅၊ ၆ အရ ကိုယ့်ကို ပဲ့ပြင်ပေးသူကို ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။ ဥပမာပေးပါ။
၁၂ နှိမ့်ချသူဟာ ဆုံးမပဲ့ပြင်မှုကို ကျေးဇူးတင်လေးမြတ်တယ်။ သင်ဟာ အစည်းအဝေးမှာ ရှိနေတယ် ဆိုပါစို့။ ညီအစ်ကို/မတွေနဲ့ စကားပြောနေတုန်း တစ်ယောက်ယောက်က သင့်ကို ဆွဲခေါ်သွားပြီး သွားမှာ အစာတွေ ကပ်နေတယ်လို့ ပြောပြတယ်။ သင် ရှက်သွားမှာ ဖြစ်ပေမဲ့ ကျေးဇူးတင်မိမှာပဲ။ ဘာကြောင့် စောစော မပြောကြတာလဲလို့တောင် တွေးမိမယ်။ အလားတူပဲ လိုအပ်တဲ့အချိန်မှာ ဆုံးမပဲ့ပြင်ရဲတဲ့ ယုံကြည်သူချင်းကို နှိမ့်ချစွာ ကျေးဇူးတင်သင့်တယ်။ သူ့ကို ရန်သူအဖြစ် မဟုတ်ဘဲ မိတ်ဆွေအဖြစ် သဘောထားသင့်တယ်။—ပညာအလိမ္မာ ၂၇:၅၊ ၆ ကိုဖတ်ပါ။ ဂလ. ၄:၁၆။
တခြားသူတွေ လုပ်ငန်းတော် အခွင့်ထူးရတဲ့အခါ နှိမ့်ချမှုရှိဖို့ ဘာကြောင့် လိုအပ်သလဲ (အပိုဒ် ၁၃-၁၄ ကိုကြည့်ပါ)f
၁၃။ တခြားသူတွေ လုပ်ငန်းတော် အခွင့်ထူး ရတဲ့အခါ နှိမ့်ချမှု ဘယ်လို ပြနိုင်သလဲ။
၁၃ တခြားသူတွေ လုပ်ငန်းတော် အခွင့်ထူး ရတဲ့အခါ။ “တခြားသူတွေ အခွင့်ထူး ရတဲ့အခါ ငါ့ကိုကျတော့ ဘာလို့ မရွေးကြတာလဲလို့ တစ်ခါတလေ တွေးမိတယ်” ဆိုပြီး အကြီးအကဲ ဂျေစင် ဝန်ခံတယ်။ သင်ကော အဲဒီလို ခံစားဖူးသလား။ လုပ်ငန်းတော် အခွင့်ထူးတွေ ရဖို့ “တက်လှမ်း” တာ မမှားပါဘူး။ (၁ တိ. ၃:၁) ဒါပေမဲ့ ကိုယ့်အတွေးအခေါ်ကို သတိထားရမယ်။ သတိမထားရင် မာနစိတ် ဝင်လာနိုင်တယ်။ ဥပမာ၊ ညီအစ်ကိုတစ်ယောက်ဟာ တာဝန်တစ်ခုအတွက် သူပဲ အရည်အချင်း ပြည့်မီတယ်လို့ ခံစားရနိုင်တယ်။ ခရစ်ယာန် ညီအစ်မတစ်ယောက်ကလည်း ‘ငါ့ယောက်ျားက ဟိုညီအစ်ကိုထက် ပိုအရည်အချင်း ရှိတယ်’ လို့ တွေးမိနိုင်တယ်။ ကျွန်တော်တို့ တကယ် နှိမ့်ချမယ်ဆိုရင် အဲဒီလို မာနစိတ်ကို ရှောင်နိုင်ပါလိမ့်မယ်။
၁၄။ တခြားသူတွေ အခွင့်ထူး ရတဲ့အခါ မောရှေရဲ့ တုံ့ပြန်ပုံကနေ ဘာသင်ယူနိုင်သလဲ။
၁၄ တခြားသူတွေ အခွင့်ထူး ရတဲ့အခါ မောရှေရဲ့ တုံ့ပြန်ပုံကနေ ကျွန်တော်တို့ သင်ယူနိုင်ပါတယ်။ မောရှေဟာ အစ္စရေးလူမျိုးကို ဦးဆောင်ရတဲ့ တာဝန်ကို တန်ဖိုးထားတယ်။ ဒါပေမဲ့ မောရှေနဲ့အတူ အမှုဆောင်ဖို့ တခြားသူတွေကို ယေဟောဝါ ခွင့်ပြုတဲ့အခါ မောရှေ ဘယ်လို တုံ့ပြန်သလဲ။ မနာလို မဖြစ်ခဲ့ဘူး။ (တော. ၁၁:၂၄-၂၉) လူတွေရဲ့ အမှုအခင်းတွေ ဖြေရှင်းပေးရတဲ့ တာဝန်တချို့ကို တခြားသူတွေဆီ နှိမ့်ချစွာ လွှဲအပ်ပေးတယ်။ (ထွ. ၁၈:၁၃-၂၄) ဒီနည်းနဲ့ အစ္စရေးတွေဟာ ဆုံးဖြတ်ချက်ရဖို့ အချိန်အကြာကြီး စောင့်နေစရာ မလိုတော့ဘူး။ မောရှေဟာ ကိုယ့်အခွင့်ထူးထက် တခြားသူတွေရဲ့ ကောင်းကျိုးကို ရှေ့တန်းတင်တယ်။ ကျွန်တော်တို့အတွက် ပုံသက်သေကောင်းပါပဲ။ ယေဟောဝါအတွက် အသုံးဝင်သူ ဖြစ်ချင်ရင် အရည်အချင်း ရှိဖို့ထက် နှိမ့်ချမှု ရှိဖို့ ပိုလိုအပ်တယ်။ “ယေဟောဝါက မြင့်မြတ်ပေမဲ့ နှိမ့်ချသူကို ဂရုတစိုက် ကြည့်ရှုတယ်။”—ဆာ. ၁၃၈:၆။
၁၅။ ညီအစ်ကို/မများစွာဟာ ဘယ်အခြေအနေသစ်တွေကို ရင်ဆိုင်ရသလဲ။
၁၅ အခြေအနေသစ်တွေ ရင်ဆိုင်ရတဲ့အခါ။ မကြာသေးခင်နှစ်တွေမှာ ဆယ်စုနှစ်ချီ အတွေ့အကြုံရှိသူများစွာဟာ တာဝန် အပြောင်းအလဲတွေ ရခဲ့တယ်။ ဥပမာ၊ ၂၀၁၄ မှာ ခရိုင်ကြီးကြပ်မှူးနဲ့ ဇနီးတွေဟာ အချိန်ပြည့်လုပ်ငန်း နောက်တစ်မျိုးကို ပြောင်းခဲ့ရတယ်။ အဲဒီနှစ်ကစပြီး တိုက်နယ်ကြီးကြပ်မှူးတွေလည်း အသက် ၇၀ ပြည့်တဲ့အခါ တာဝန်ကနေ ရပ်နားရတယ်။ အသက် ၈၀ နဲ့အထက် ညီအစ်ကိုတွေလည်း အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးအဖြစ် အမှုမဆောင်ရတော့ဘူး။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဗေသလမိသားစုဝင်အများစုဟာ လယ်ကွင်းမှာ ပြန်တာဝန်ရတယ်။ တချို့ကတော့ ကျန်းမာရေး ပြဿနာ၊ မိသားစုတာဝန်၊ တခြား ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အထူးအချိန်ပြည့်လုပ်ငန်းကနေ ရပ်နားခဲ့ရတယ်။
၁၆။ အခြေအနေသစ်မှာ နေသားကျဖို့ ကြိုးစားတဲ့အခါ ညီအစ်ကို/မတွေ နှိမ့်ချမှု ဘယ်လို တင်ပြကြသလဲ။
၁၆ အဲဒီညီအစ်ကို/မတွေအတွက် အပြောင်းအလဲလုပ်ရတာ မလွယ်ပါဘူး။ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့တဲ့ အရင်တာဝန်ကို မြတ်နိုးနေကြဆဲပဲ။ တချို့ကတော့ “ဝမ်းနည်းကြေကွဲ” ပေမဲ့ အခြေအနေသစ်မှာ နေသားကျဖို့ ကြိုးစားကြတယ်။ အချိန်တန်တော့လည်း နေသားကျသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါကို ချစ်လို့ပဲ။ အလုပ်၊ ရာထူး၊ တာဝန်တစ်ခုဆီ မဟုတ်ဘဲ ဘုရားဆီ ဆက်ကပ်အပ်နှံထားတာဖြစ်ကြောင်း သူတို့ သိကြတယ်။ (ကော. ၃:၂၃) ဘယ်တာဝန်ကိုမဆို နှိမ့်ချပျော်ရွှင်စွာ ထမ်းဆောင်ကြတယ်။ ဘုရား ဂရုစိုက်တယ်ဆိုတာ သိလို့ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထား” ကြတယ်။—၁ ပေ. ၅:၆၊ ၇။
၁၇။ နှိမ့်ချမှုကို မွေးမြူဖို့ ကျမ်းစာ အားပေးတဲ့အတွက် ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။
၁၇ နှိမ့်ချမှုကို မွေးမြူဖို့ ကျမ်းစာ အားပေးတဲ့အတွက် ကျေးဇူးတင်ကြတယ် မဟုတ်လား။ နှစ်သက်စရာကောင်းတဲ့ ဒီအရည်အသွေးကို မွေးမြူတဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေပါ အကျိုးခံစားရတယ်။ ဘဝအခက်အခဲတွေကို ပိုခံရပ်နိုင်လာတယ်။ အရေးကြီးဆုံးကတော့ ကောင်းကင်ဖခင်နဲ့ ပိုရင်းနှီးလာတာပဲ။ ဘုရားသခင်က “အမြင့်မြတ်ဆုံးအရှင်” ဖြစ်ပေမဲ့ နှိမ့်ချတဲ့ ကျေးကျွန်တွေကို ချစ်ပြီး တန်ဖိုးထားကြောင်း သိရလို့ ဝမ်းသာစရာပါပဲ။—ဟေရှာ. ၅၇:၁၅။
သီချင်း ၄၅ ကျွန်တော့်နှလုံးအကြံအစည်
a ကျွန်တော်တို့ မွေးမြူဖို့ လိုတဲ့ အရေးကြီးဆုံး အရည်အသွေး တစ်ခုက နှိမ့်ချမှု ဖြစ်တယ်။ နှိမ့်ချမှုဆိုတာ ဘာလဲ။ ဘာကြောင့် မွေးမြူသင့်သလဲ။ အခြေအနေ အပြောင်းအလဲတွေက နှိမ့်ချမှုရှိဖို့ ဘယ်လို ခက်စေနိုင်သလဲ။ ဒီဆောင်းပါးမှာ အဲဒီမေးခွန်းတွေကို သုံးသပ်သွားပါမယ်။
b ၁၉၈၄၊ အောက်တိုဘာ ၁ ရက်ထုတ် (အင်္ဂလိပ်) ကင်းမျှော်စင် “ယေဟောဝါ ကျွန်တော့်ကို ကြွယ်ဝစွာ ဆုချ” ဆောင်းပါးကို ကြည့်ပါ။
c အခန်း ၃၊ အပိုဒ် ၂၃ ကိုကြည့်ပါ။
d ပုံအညွှန်း– တမန်တော် ပေါလုဟာ ညီအစ်ကိုတစ်ယောက်ရဲ့ အိမ်မှာ ကလေးတွေ အပါအဝင် တခြားသူတွေနဲ့ နှိမ့်ချစွာ ပေါင်းသင်းနေ။
e ပုံအညွှန်း– လူငယ်ညီအစ်ကိုဆီက ကျမ်းစာအခြေပြု ဆုံးမစကားကို ညီအစ်ကိုတစ်ယောက် လက်ခံနေ။
f ပုံအညွှန်း– အသက်ကြီး ညီအစ်ကိုဟာ အသင်းတော် အခွင့်ထူးရထားတဲ့ လူငယ်ညီအစ်ကိုကို မနာလို မဖြစ်။