ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၅ စာ. ၁၄-၁၅
  • ငှက်ဖျားရောဂါ အကြောင်း သိထားသင့်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငှက်ဖျားရောဂါ အကြောင်း သိထားသင့်ရာ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁။ ငှက်ဖျားရောဂါဆိုတာ ဘာလဲ
  • ၂။ ငှက်ဖျားရောဂါ ဘယ်လို ပျံ့နှံ့ကူးစက်သလဲ
  • ၃။ ဘယ်လို ကာကွယ်နိုင်မလဲ
  • ၂၀ ရာစု ရောဂါကပ်ဘေး
    နိုးလော့!—၁၉၉၈
  • ခရုပက်ကျိရောဂါအဆုံးတိုင်မည့်အရိပ်အယောင် မြင်ရပြီလော
    နိုးလော့!—၁၉၉၈
  • ကမ္ဘာကြီးပေါ်တွင် ရောဂါဘယကင်းစင်
    နိုးလော့!—၂၀၀၄
  • အဘယ်ကြောင့် ပြန်ပေါ်လာသနည်း
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၇/၁၅ စာ. ၁၄-၁၅

ငှက်ဖျားရောဂါ အကြောင်း သိထားသင့်ရာ

၂၀၁၃ ခုနှစ်မှာ လူပေါင်း ၁၉၈ သန်းကျော်ဟာ ငှက်ဖျားရောဂါ ကူးစက်ခံခဲ့ရပြီး ၅၈၄,၀၀၀ သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းတယ်။ သေဆုံးသူ ၅ ယောက်မှာ ၄ ယောက်နီးပါးက အသက်ငါးနှစ်အောက် ကလေးငယ်တွေဖြစ်တယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း တစ်ရာလောက်မှာ ဒီရောဂါအန္တရာယ်ကို စိုးရိမ်နေရပြီး ၃.၂ ဘီလီယံလောက်ဟာ ကူးစက်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။

၁။ ငှက်ဖျားရောဂါဆိုတာ ဘာလဲ

ငှက်ဖျားရောဂါဆိုတာ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါပါ။ အဖျားတက်တာ၊ ခိုက်ခိုက်တုန်အောင် ချမ်းတာ၊ ချွေးစေးထွက်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ မအီမသာခံစားရတာ၊ အော့အန်တာ စတဲ့လက္ခဏာတွေပြတယ်။ ပိုးအမျိုးအစားနဲ့ ရောဂါသက်တမ်းအပေါ် မူတည်ပြီး ၄၈ နာရီကနေ ၇၂ နာရီအတွင်း ရောဂါလက္ခဏာ ပြန်ပေါ်လာတတ်တယ်။

၂။ ငှက်ဖျားရောဂါ ဘယ်လို ပျံ့နှံ့ကူးစက်သလဲ

  1. လူ့ခန္ဓာကိုယ်ထဲမှာ ငှက်ဖျားပိုး ပျံ့ပွားတာကို ပြတဲ့ပုံ

    ၁။ ပလပ်စမိုးဒီးယားလို့ခေါ်တဲ့ ပရိုတိုဇွာ အမျိုးအစား ငှက်ဖျားပိုးဟာ အနောဖီလီလို့ ခေါ်တဲ့ ခြင်မကနေတစ်ဆင့် လူရဲ့သွေးလွှတ်ကြောထဲကို ဝင်လာတယ်။

  2. ၂။ အဲဒီကပ်ပါးပိုးဟာ အကိုက်ခံရသူရဲ့ အသည်းမှာရှိတဲ့ ဆဲလ်တွေထဲကို ဝင်ရောက်ပြီး အဲဒီဆဲလ်တွေထဲမှာ ပိုးကောင်ရေတွေ တိုးတိုးလာတယ်။

  3. ၃။ အသည်းဆဲလ်တွေ ပျက်စီးတဲ့အခါ ကပ်ပါးပိုးတွေ ထွက်သွားတယ်၊ အဲဒီကနေ သွေးနီဥတွေထဲ ကူးပြောင်းဝင်ရောက်သွားတယ်။ အဲဒီထဲမှာ ကပ်ပါးပိုးကောင်ရေတွေ တဖြည်းဖြည်း တိုးများလာပြန်တယ်။

  4. ငှက်ဖျားပိုးက သွေးနီဥထဲ ကူးပြောင်းဝင်ရောက်ပြီး သွေးနီဥတွေကို ပျက်စီးစေ

    ၄။ သွေးနီဥ ပျက်စီးတဲ့အခါ ကပ်ပါးပိုးကောင်တွေ ထွက်သွားပြီး နောက်ထပ်သွေးနီဥတွေထဲ ဝင်ရောက်သွားတယ်။

  5. ၅။ သွေးနီဥတွေ ပျက်စီးခြင်းနဲ့ ကပ်ပါးပိုး တိုးများခြင်းတို့ ဆက်လက်ဖြစ်ပွားတယ်။ ရောဂါ ကူးစက်ခံရသူဟာ သွေးနီဥတွေ ပျက်စီးတဲ့အခါတိုင်း အဖျားတက်တယ်။

၃။ ဘယ်လို ကာကွယ်နိုင်မလဲ

ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသမှာ နေထိုင်တယ်ဆိုရင် . . .

  • ခြင်ထောင် ထောင်အိပ်ပါ။ ခြင်ထောင်က–

    • ဆေးစိမ်ခြင်ထောင်ဖြစ်သင့်တယ်။

    • အပေါက်၊ အပြဲတွေမရှိပါစေနဲ့။

    • ဖျာအောက်မှာ သေသေချာချာ ထိုးထည့်ပါ။

  • အိမ်မှာ ခြင်နိုင်ဆေးဖြန်းထားပါ။

  • ဖြစ်နိုင်မယ်ဆိုရင် တံခါးနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာ တပ်ထားပါ၊ လေအေးပေးစက်နဲ့ ပန်ကာဖွင့်ထားမယ်ဆိုရင် ခြင်တွေအောင်းမနေစေဖို့ ကူညီပေးနိုင်ပါတယ်။

  • တစ်ကိုယ်လုံး လုံလုံခြုံခြုံရှိစေမယ့် အရောင်နုတဲ့အဝတ်အစားတွေကို ဝတ်ပါ။

  • ဖြစ်နိုင်တဲ့အခါတိုင်း ခြင်တွေအောင်းနေတတ်တဲ့ ချုံများတဲ့နေရာနဲ့ ခြင်တွေ ပေါက်ပွားလေ့ရှိတဲ့ ရေတွင်းရေကန်နားမှာ မနေပါနဲ့။

  • ရောဂါကူးစက်ခံရရင်လည်း အမြန်ဆုံး ဆေးကုသမှု ခံယူပါ။

လူနဲ့ခြင် ငှက်ဖျားပိုးကူးစက်နိုင်ပုံ

လူတစ်ယောက်က ငှက်ဖျားပိုးရှိတဲ့ ခြင်ကနေတစ်ဆင့် ကူးစက်ခံရနိုင်တယ်။ ခြင်ကလည်း လူကနေတစ်ဆင့် ငှက်ဖျားပိုး ကူးစက်ခံရနိုင်တယ်။ ပြီးတော့ အဲဒီခြင်က နောက်ထပ် လူတစ်ယောက်ကို ကိုက်တဲ့အခါ အဲဒီလူက ငှက်ဖျားပိုး ကူးစက်ခံရတယ်

ငှက်ဖျားရောဂါအဖြစ်များတဲ့နေရာကို ခရီးသွားဖို့စီစဉ်ထားတဲ့အခါ . . .

  • ခရီးမထွက်ခင် လတ်တလောအခြေအနေတွေကို စုံစမ်းထားပါ။ ငှက်ဖျား ရောဂါပိုးက တစ်နေရာနဲ့တစ်နေရာ မတူတဲ့အတွက် သောက်ရမယ့်ဆေးလည်း တူမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေအပေါ် မူတည်ပြီး ဘာတွေဂရုစိုက်ရမလဲဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်။

  • အဲဒီကိုရောက်တဲ့အခါ ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသမှာနေထိုင်သူတွေအတွက် ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ပါ။

  • ရောဂါကူးစက်ခံရတယ်ဆိုရင် အမြန်ဆုံး ဆေးကုသမှုခံယူပါ။ ရောဂါကူးစက်ခံရပြီး တစ်ပတ်နဲ့ လေးပတ်အတွင်းမှာ ရောဂါလက္ခဏာပြနိုင်တယ်ဆိုတာ သတိပြုမှတ်သားပါ။

ထပ်ဆင့်လုပ်ဆောင်နိုင်ရာ

  1. ၁။ အစိုးရ ဒါမှမဟုတ် ဒေသန္တရ ဆေးကုခန်းရဲ့ အကြံပြုချက်တွေကို လိုက်နာပါ။

  2. ၂။ အစိုးရက အသိအမှတ်ပြုထားတဲ့ ဆေးတွေကိုပဲ ဝယ်သောက်ပါ။ (အရည်အသွေးမမီတဲ့ဆေး ဒါမှမဟုတ် ဆေးဝါးအတုတွေဟာ ရောဂါကို ပိုဆိုးစေနိုင်ပြီး အသက်အန္တရာယ်တောင် ထိခိုက်နိုင်တယ်။)

  3. ၃။ အိမ်ပတ်ဝန်းကျင်မှာ ခြင်ခိုအောင်းနိုင်တဲ့ ဘယ်အရာကိုမဆို ဖယ်ရှားပစ်ပါ။

ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသမှာနေထိုင်ရင် ဒါမှမဟုတ် အဲဒီလိုဒေသကို သွားခဲ့ဖူးတယ် ဆိုရင် ငှက်ဖျားရောဂါနဲ့ဆိုင်တဲ့ အောက်ပါလက္ခဏာတွေကို သိထားသင့်တယ်–

  • အဖျားတက်ခြင်း

  • ချွေးစေးထွက်ခြင်း

  • ခိုက်ခိုက်တုန်အောင် ချမ်းခြင်း

  • ခေါင်းကိုက်ခြင်း

  • ကြွက်သားနာခြင်း

  • မောပန်းနွမ်းနယ်ခြင်း

  • မအီမသာဖြစ်ခြင်း

  • အော့အန်ခြင်း

  • ဝမ်းလျှောခြင်း

ငှက်ဖျားရောဂါရှိတာကို မကုသဘူးဆိုရင် အလွန်အမင်း သွေးအားနည်းတဲ့ရောဂါ ရနိုင်တဲ့အပြင် အသက်အန္တရာယ် ကြုံရနိုင်တယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးတွေဖြစ်မယ်ဆိုရင် ရောဂါပိုဆိုးမလာခင် ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါတယ်။a

a ထပ်ဆင့်အချက်အလက်တွေကို နိုးလော့! မဂ္ဂဇင်း နိုဝင်ဘာ ၂၀၀၉၊ စာမျက်နှာ ၁၈-၂၁ မှာပါတဲ့ ဆောင်းပါးကို ကြည့်ပါ။

သင်သိပါသလား

အာဖရိကတိုက်ပေါ်မှာ နာရီပြထားတဲ့ပုံ

အာဖရိက တစ်တိုက်ထဲမှာတင်ပဲ ငှက်ဖျားရောဂါကြောင့် မိနစ်တိုင်း ကလေးတစ်ယောက် သေဆုံးတယ်

  • ငှက်ဖျားပိုး ကူးစက်ခံရတဲ့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပိုပြီး ရောဂါကြီးနိုင်တယ်။

  • အာဖရိက တစ်တိုက်ထဲမှာတင်ပဲ ငှက်ဖျားရောဂါကြောင့် မိနစ်တိုင်း ကလေးတစ်ယောက် သေဆုံးတယ်။

  • ဖြစ်ခဲပေမဲ့လည်း သွေးသွင်းတာကနေတစ်ဆင့် ငှက်ဖျားရောဂါကူးစက်ခံရနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ