ဝိညာဉ်
အဓိပ္ပာယ်သတ်မှတ်ချက်– Spirit “စပစ်ရစ်” (ဝိညာဉ်) ဟူ၍ ပြန်ဆိုလေ့ရှိသော ဟေဗြဲစကားလုံး ru’ach (ရူးအာ့ခ်) နှင့် ဂရိစကားလုံး pneuʹma (နယူးမား) တို့၌ အဓိပ္ပာယ်အမြောက်အမြားရှိသည်။ ၎င်းတို့သည် လူ့မျက်စိဖြင့်မမြင်နိုင်ရာဖြစ်သော်လည်း လှုပ်ရှားသောအင်အားရှိကြောင်း သာဓကထင်ရှားသည့်အရာများဖြစ်သည်။ ထိုဟေဗြဲနှင့်ဂရိစကားလုံးများသည် (၁) လေ၊ (၂) မြေကြီးသတ္တဝါများအတွင်းရှိ တက်ကြွသောအသက်စွမ်းအား၊ (၃) လူတစ်ဦး၏ပုံဆောင်နှလုံးမှပေါက်ဖွား၍ လူ့အပြောအဆိုနှင့် အပြုအမူကိုစိုးမိုးသော လှုံ့ဆော်အား၊ (၄) အရူပဌာနမှလာသော မှုတ်သွင်းခံစကားများ၊ (၅) ဝိညာဉ်ပုဂ္ဂိုလ်များ၊ (၆) ဘုရားသခင့်တက်ကြွသောစွမ်းအား သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်တို့ကို ရည်ညွှန်းသည်။ လယ်ကွင်းအမှုဆောင်၌ ဆွေးနွေးဖို့အခွင့်ကြုံဖွယ်ရှိသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ အထက်ပါ အသုံးအနှုန်းတချို့ကို ဤတွင် တင်ပြလိုက်သည်။
သန့် ရှင်းသောဝိညာဉ်တော်ကား အဘယ်နည်း
သန့်ရှင်းသောဝိညာဉ်တော်အကြောင်း ညွှန်းဆိုသည့်ကျမ်းချက်များကို နှိုင်းယှဉ်ကြည့်သောအခါ၊ ၎င်းသည် လူကို ‘ဖြည့်’ ကြောင်း၊ လူသည် ၎င်း၌ ‘နှစ်ခြင်းခံ’၊ ‘ဘိသိက်ခံ’ နိုင်ကြောင်း၊ တွေ့ရသည်။ (လု. ၁:၄၁; မ. ၃:၁၁; တ. ၁၀:၃၈) သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးဖြစ်လျှင် အထက်ပါအသုံးအနှုန်းတစ်ခုမျှ ဆီလျော်မည်မဟုတ်။
ယေရှုက သန့်ရှင်းသောဝိညာဉ်တော်ကို “ဥပဇ္စျာယ်ဆရာ” (“မစသူ၊” ကဘ) (ဂရိ၊ pa·raʹkle·tos [ပါရားကလဲတော့စ်] ) ဟု ညွှန်းဆိုကာ ထိုမစသူသည် “သွန်သင်”၊ “သက်သေခံ”၊ “ဟောပြော”၊ “ကြား” လိမ့်မည်ဟုလည်း မိန့်တော်မူ၏။ (ယော. ၁၄:၁၆၊ ၁၇၊ ၂၆; ၁၅:၂၆; ၁၆:၁၃) ကျမ်းစာ၌ တစ်စုံတစ်ခုကို ပုဂ္ဂိုလ်တစ်ဦးပမာထား၍ ဆိုခြင်းမှာ အဆန်းမဟုတ်။ ဥပမာ၊ ပညာ၌ ‘သားသမီး’ ရှိသည်ဟူ၏။ (လု. ၇:၃၅) အပြစ်နှင့်သေခြင်းကိုလည်း မင်းများဟုဆို၏။ (ရော. ၅:၁၄၊ ၂၁) အချို့ကျမ်းချက်များက သန့်ရှင်းသောဝိညာဉ်တော် ‘ပြော’ သည်ဟုဆိုသော်လည်း အခြားကျမ်းပိုဒ်များက ကောင်းကင်တမန်သို့မဟုတ် လူမှတစ်ဆင့် ပြောကြောင်း ရှင်းလင်းဖော်ပြ၏။ (တ. ၄:၂၄၊ ၂၅; ၂၈:၂၅; မ. ၁၀:၁၉၊ ၂၀; တမန်တော် ၂၀:၂၃ ကို ၂၁:၁၀၊ ၁၁ နှင့်နှိုင်းယှဉ်ပါ။) ၁ ယောဟန် ၅:၆-၈ အရ၊ ဝိညာဉ်တော်သာမက ‘ရေနှင့်သွေး’ လည်း ‘သက်သေခံ’ ၏။ ထို့ကြောင့် အထက်ကျမ်းချက်များပါ အဘယ်စကားကမျှ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း သက်သေမပြချေ။
ဝိညာဉ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ၎င်းကိုညွှန်းဆိုသမျှ ကျမ်းချက်အားလုံးနှင့် ညီညွတ်မှသာ မှန်ကန်လိမ့်မည်။ ဤအချက်ကိုထောက်၍ သန့်ရှင်းသောဝိညာဉ်တော်မှာ ဘုရားသခင့် တက်ကြွသောစွမ်းအားဖြစ်သည်ဟု ဆိုလျှင် ဆီလျော်၏။ ၎င်းသည် ပုဂ္ဂိုလ်တစ်ပါးမဟုတ်၊ ဘုရားသခင်သည် မိမိ၏သန့်ရှင်းသောအလိုတော်ကို ဖြစ်မြောက်စေရန် မိမိကိုယ်မှထုတ်လွှတ်တော်မူသည့် တန်ခိုးကြီးစွမ်းအားဖြစ်သည်။—ဆာ. ၁၀၄:၃၀; ၂ ပေ. ၁:၂၁; တ. ၄:၃၁။
“သုံးပါးပေါင်းတစ်ဆူ” ခေါင်းစဉ်အောက် စာမျက်နှာ ၃၅၂၊ ၃၅၃ ကိုရှု။
လူတစ်ဦးပေါ် သန့် ရှင်းသောဝိညာဉ်တော် အမှန်တည်ရှိကြောင်း အဘယ်အရာက သက်သေပြသနည်း
လု. ၄:၁၈၊ ၃၁-၃၅– “[ယေရှုသည် ဟေရှာယကျမ်းလိပ်မှ ဤသို့ဖတ်ကြားတော်မူ၏။] ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား . . . ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ . . . ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင် ဥပုသ်နေ့၌ ဆုံးမသြဝါဒပေးတော်မူ၏။ အာဏာနှင့်ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာတော်ကို အလွန်အံ့သြကြ၏။ ထိုတရားဇရပ်၌ ညစ်ညူးသောနတ်ဆိုးစွဲသော သူတစ်ယောက်ရှိ၍ . . . ကြီးသောအသံနှင့် ဟစ်ကြော်လေ၏။ ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲကထွက်လော့ဟု ဆုံးမတော်မူလျှင် နတ်ဆိုးသည် ထိုသူကို လူများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။” (ယေရှု၌ ဘုရားသခင့်ဝိညာဉ်တော်တည်ရှိကြောင်း ဘာက သာဓကပြသနည်း။ မှတ်တမ်းက ကိုယ်တော်သည် ကိုယ်ဆတ်ဆတ်တုန်၍ အော်ကာဟစ်ကာ ကမူးရှူးထိုး သွားလာသည်ဟုမဆို။ အာဏာတော်ဖြင့် ဟောပြောသည်ဟုသာဆို၏။ သို့တစေ၊ ထိုအခိုက် နတ်ဆိုးဝိညာဉ်တစ်ပါးက လူတစ်ယောက်အား အော်ကြီးဟစ်ကျယ်နှင့် မြေပေါ်သို့လဲစေခဲ့သည်ဟူသောအချက်မှာ မှတ်သားဖွယ်ပင်။)
တမန်တော် ၁:၈ က ယေရှုနောက်တော်လိုက်များ သန့်ရှင်းသောဝိညာဉ်တော်ရကြသောအခါ ကိုယ်တော့်အကြောင်း သက်သေခံသူများ ဖြစ်လာကြမည်ဟုဆို၏။ တမန်တော် ၂:၁-၁၁ အရ၊ သန့်ရှင်းသောဝိညာဉ်တော် တကယ်ရသောအခါ သူတို့သည် ဂါလိလဲလူများဖြစ်လျက်ကယ် ထိုနေရာသို့ရောက်ရှိသော နိုင်ငံခြားသားများ နားလည်သည့်ဘာသာဖြင့် ဘုရားသခင့်အံ့မခန်းဖွယ်အမှုများအကြောင်း ပြောဆိုကြသည်ကို တွေ့မြင်သူတို့ အံ့သြကြရသည်။ သန့်ရှင်းသောဝိညာဉ်တော်ရသူတို့ ကမူးရှူးထိုးပြောဆိုပြုမူသည်ဟု မဆိုပါ။
မှတ်သားစရာမှာ ဧလိရှဗက်သည် သန့်ရှင်းသောဝိညာဉ်တော်ကိုရ၍ “ကြီးသောအသံနှင့်” မြွက်ဆိုစဉ် ဝတ်ပြုစည်းဝေးသောအခါမဟုတ်၊ အလည်လာသူအမျိုးတစ်ဦးအား ဆီးကြိုနေခြင်းဖြစ်သည်။ (လု. ၁:၄၁၊ ၄၅) တမန်တော် ၄:၃၁ ဆိုသည့်အတိုင်း စုဝေးသောတပည့်တော်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကျရောက်စဉ် ထိုအရပ် တုန်ခါသွားသော်လည်း တပည့်တော်တို့သည် ဝိညာဉ်တော်ကြောင့် မတုန်ခါ မလူးလှိမ့်ဘဲ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ရဲရင့်စွာဟောပြောကြ” ရုံသာ။ ထို့အတူ၊ ယနေ့လည်း နှုတ်ကပါဌ်တော်ကိုရဲရင့်စွာဟော၍ သက်သေခံလုပ်ငန်း၌ စိတ်ထက်သန်စွာပါဝင်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ရသည့်သာဓကဖြစ်၏။
ဂလ. ၅:၂၂၊ ၂၃၊ သက– “ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းတို့ပေတည်း။” (ဘုရားသခင့်ဝိညာဉ်တော် အမှန်ရသူတို့ကို ရှာဖွေစဉ် ဘာသာရေးစိတ် ပြင်းထန်စွာပေါက်ကွဲသည့် လက္ခဏာများအစား၊ အဆိုပါအသီးများရှိမရှိ ကြည့်သင့်သည်။)
မိမိတစ်ခါမျှမလေ့လာဖူးသောဘာသာဖြင့် စိတ်လှုပ်ရှားစွာပြောနိုင်ခြင်းအစွမ်းကမိမိ၌ ဘုရားသခင့်ဝိညာဉ်တော်ရှိကြောင်း သက်သေပြသလော
“ဘာသာစကားအမျိုးမျိုးပြောခြင်း” ခေါင်းစဉ်ကိုရှု။
ဘုရားသခင့်ဝိညာဉ်တော်သည် ကျွန်ုပ်တို့ခေတ်၌ အံ့ဖွယ်ကုသမှုများ ပြုလျက်ရှိသလော
“ကုသခြင်း” ခေါင်းစဉ်ကိုရှု။
မည်သူတို့သည် သန့် ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းခံရကြသနည်း
“ဗတ္တိဇံ (နှစ်ခြင်း)” အောက် စာမျက်နှာ ၁၇၇ နှင့် “ဒုတိယမွေးခြင်း” ခေါင်းစဉ်များကိုလည်းရှု။
ကိုယ်ခန္ဓာသေစဉ် မသေဘဲကျန်ရစ်သော ဝိညာဉ်အစိတ်အပိုင်းတစ်ခုခု လူ၌ ရှိသလော
ယေဇ. ၁၈:၄– “ပြစ်မှားသောဝိညာဉ် [“စိုးလ်၊” ကဘ] သည် အသက်သေရမည်။” (RS, NE, KJ, Dy နှင့် ယဒ၊ သမ္မာ အားလုံးတို့က ဤကျမ်းချက်ပါဟေဗြဲစကားလုံး နီးဖက်ရှ် ကို “စိုးလ် [ဝိညာဉ်]” ဟူ၍ပြန်ဆိုကြရာ သေသောအရာမှာ “စိုးလ် [ဝိညာဉ်]” ပင်ဖြစ်ကြောင်းပြ၏။ အခြားကျမ်းပိုဒ်များ၌ နီးဖက်ရှ် ကို “စိုးလ်” ဟူ၍ပြန်ဆိုသော ဘာသာပြန်ကျမ်းအချို့က အထက်ပါကျမ်းချက်၌ “အကြင်လူ” သို့မဟုတ်၊ “အကြင်သူ” ဟူ၍သုံးနှုန်းသည်။ ထို့ကြောင့် နီးဖက်ရှ်၊ စိုးလ်မှာ ထိုပုဂ္ဂိုလ်ပင်ဖြစ်၏။ ခန္ဓာသေစဉ်မသေဘဲကျန်ရစ်သော လူ၏ရုပ်မဲ့အစိတ်အပိုင်းတစ်ခု မဟုတ်ချေ။) (အသေးစိတ်ကို “စိုးလ်” ခေါင်းစဉ်တွင်ရှု။)
ဆာ. ၁၄၆:၄– “သူသည် အသက် [အင်္ဂလိပ်၊ spirit (ဝိညာဉ်)] ထွက်၍ မြေသို့ ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ဤတွင် “အသက်” သို့မဟုတ် “ဝိညာဉ်” ဟုပြန်ဆိုသော ဟေဗြဲစကားလုံးမှာ ru’ach [ရူးအာ့ခ်] မှသက်ရောက်သည်။ အချို့ဘာသာပြန်သူတို့က ၎င်းကို “ထွက်သက်ဝင်သက်” ဟုပြန်ဆို၏။ ၎င်း ရူးအာ့ခ် သို့မဟုတ်၊ တက်ကြွသောအသက်စွမ်းအား ကိုယ်မှထွက်ခွာသောအခါ လူ့အကြံအစည်လည်း ပျက်ပြုန်းလေသည်။ အခြားတစ်နေရာ၌ ဆက်လက်မတည်ရှိတော့။)
ဒေ. ၃:၁၉-၂၁၊ သမ္မာ– “လူသားတွေ့ ကြုံသောအမှုကို တိရစ္ဆာန်လည်း တွေ့ ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကို တွေ့ ကြုံလျက် တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အားလုံးတို့၌ ဇီဝအသက် [“ဝိညာဉ်၊” ကဘ] တစ်မျိုးတည်းရှိကြ၍ လူသည် တိရစ္ဆာန်ထက် မြတ်သည်မဟုတ်။ အရာခပ်သိမ်းသည် အနတ္တဖြစ်၏။ အားလုံးတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အားလုံးတို့သည် မြေမှုန့်ကဖြစ်၍ မြေမှုန့်သို့ ပြန်သွားတတ်ကြ၏။ လူသား၏ဝိညာဉ်သည် အထက်သို့တက်သည်ဟူ၍လည်းကောင်း၊ တိရစ္ဆာန်၏ဝိညာဉ်သည် အောက်အရပ်မြေသို့ ဆင်းသည်ဟူ၍လည်းကောင်း အဘယ်သူသိသနည်း။” (လူသားအားလုံးသည် အာဒံမှအမွေရသောအပြစ်နှင့်သေခြင်းကြောင့် တိရစ္ဆာန်နည်းတူ သေ၍ မြေသို့ ပြန်ကြ၏။ သို့သော် ခန္ဓာအတွင်း၌ လှုပ်ရှားဆောင်ရွက်မှုရပ်စဲသည့်နောက် အသိဉာဏ်ရှင်တစ်ဦးအဖြစ် ဆက်လက်အသက်ရှင်သော ဝိညာဉ်တစ်မျိုး လူတစ်ဦးစီ၌ ရှိသလော။ မရှိပါ။ အခန်းငယ် ၁၉ က လူနှင့်တိရစ္ဆာန်နှစ်ပါးစလုံး “ဇီဝအသက် [“ဝိညာဉ်၊” ကဘ] တစ်မျိုးတည်းရှိ” သည်ဟုဖြေကြား၏။ ဝိညာဉ်နှင့်ပတ်သက်၍ အခန်းငယ် ၂၁ ၌မေးသောမေးခွန်းကို မည်သူကမျှ လူ့အတွေ့အမြင်ပေါ်အခြေခံပြီး ပိုင်နိုင်စွာမဖြေစွမ်းနိုင်။ သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်က လူသေစဉ်တွင် ဇာတိအားဖြင့် တိရစ္ဆာန်ထက်မြတ်သောအရာတစ်စုံတစ်ခုမျှမရှိဟုဖြေဆိုသည်။ သို့ရာတွင် ခရစ်တော်အားဖြင့် ပြုတော်မူသော ဘုရားသခင့်ကရုဏာအစီအစဉ်ကြောင့် ယုံကြည်သူတို့ရှေ့ ထာဝရအသက်လမ်း ပွင့်လျက်နေ၏။ တိရစ္ဆာန်များအဖို့ကား မဟုတ်။ ဘုရားသခင့်တက်ကြွသော အသက်စွမ်းအား လူတို့ကို ပြန်အသက်သွင်းသောအခါ လူများစွာတို့သည် ရှင်ပြန်ထမြောက်၍ ထိုအခွင့်အရေးကို ခံစားကြရမည်။)
လု. ၂၃:၄၆၊ သမ– “ယေရှုသည် ကျယ်သောအသံနှင်ဟစ်ပြီးလျှင် အိုအဘ၊ အကျွန်ုပ်ဝိညာဉ် [ဂရိလို “နယူးမား”] ကို လက်တော်သို့အပ်ပါပြီဟု မြွက်ဆိုလျက် အသက်စွန့်တော်မူ၏။” (ယေရှု အသက်ထွက်တော်မူကြောင်း သတိပြုပါ။ ကိုယ်တော့်ဝိညာဉ် ထွက်သွားစဉ် ကိုယ်တော် ကောင်းကင်သို့မသွားပါ။ သုံးရက်မြောက်နေ့မတိုင်မီ သေရာမှထမြောက်တော်မမူ။ ထို့နောက် တမန်တော် ၁:၃၊ ၉ ဆိုသည့်အတိုင်း နောက်ထပ်အရက် ၄၀ လွန်မှ ကောင်းကင်တက်တော်မူ၏။ သို့ ဖြစ်လျှင် ယေရှုသေစဉ် မိန့်ဆိုသောစကား၏အဓိပ္ပာယ်မှာ မည်သို့နည်း။ မိမိသေစဉ် မိမိ၏နောင်အသက်ရှင်ရေးအလားအလာရှိသမျှ ဘုရားသခင့်လက်တော်၌ရှိသည်ကို မိမိနားလည်ကြောင်း ဆိုနေခြင်းဖြစ်၏။ ‘ဝိညာဉ် ဘုရားသခင်ထံပြန်’ သည် ဟူသောအချက်နှင့်ပတ်သက်သည့်ဖြည့်စွက်ချက်ကို “စိုးလ်” ခေါင်းစဉ်အောက် စာမျက်နှာ ၈၉၊ ၉၀ ကိုရှု။)
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ခင်ဗျားမှာ သန့် ရှင်းသောဝိညာဉ်တော်ရှိသလား’
ဤသို့ ပြန်ပြောနိုင်သည်– ‘ရှိပါတယ်။ ဒါကြောင့်လဲ ဒီနေ့ မိတ်ဆွေရဲ့အိမ်ကို ရောက်လာတာပေါ့။ (တ. ၂:၁၇၊ ၁၈)’
သို့မဟုတ် ဤသို့ပြောနိုင်သည်– ‘ဝိညာဉ်တော်ရတဲ့အတွက်ကြောင့်မို့ ခရစ်ယာန်အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်ပါဝင်နိုင်တာပါ။ ဒါပေမဲ့ လူတစ်ယောက် ဘုရားသခင်ရဲ့ဝိညာဉ်တော် ရမရ ဘာက သက်သေပြသလဲ ဆိုတဲ့အချက်နဲ့ပတ်သက်လို့ ယူဆချက်ချင်း မတူကြတာ ကျွန်တော်တွေ့ရတယ်။ မိတ်ဆွေက ဘာသာဓကကို ရှာသလဲ။ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (စာမျက်နှာ ၃၁၃၊ ၃၁၄ ပါအကြောင်းအချို့ကို ဆွေးနွေးပါ။)