အပိုင်း ၂
ကျွန်ုပ်တို့အားမည်သူပြောပြနိုင်သနည်း
၁၊ ၂။ ပုံစံပြုထားသောအရာတစ်ခု၏ရည်ရွယ်ချက်ကို သိရှိနိုင်ရန် အကောင်းဆုံးနည်းလမ်းကားအဘယ်နည်း။
၁ ဘဝ၏ရည်ရွယ်ချက်ဟူသည် မည်သည့်အရာအမှန်ဖြစ်ကြောင်း ကျွန်ုပ်တို့အားမည်သူပြောပြနိုင်သနည်း။ စက်တစ်ခု၏ပုံစံပြုထုတ်လုပ်သူတစ်ဦးထံ သင်လည်ပတ်ရောက်ရှိပြီး သင်မသိနားမလည်သော ရှုပ်ထွေးပွေလီသည့် စက်ကိရိယာတစ်ခုနှင့် အလုပ်လုပ်နေသည်ကိုသင်မြင်လျှင် ယင်းစက်သည် မည်သည့်အတွက်ဖြစ်ကြောင်း သင်မည်သို့သိရှိနိုင်မည်နည်း။ အကောင်းဆုံးနည်းကား ပုံစံပြုထုတ်လုပ်သူကိုမေးခြင်းဖြစ်သည်။
၂ သို့ ဖြစ်လျှင်၊ အသေးငယ်ဆုံးသောသက်ရှိဆဲလ်မှအစ သက်ရှိအရာများကဲ့သို့ ကမ္ဘာတစ်ခွင်ကျွန်ုပ်တို့ဝန်းကျင်တွင် တွေ့မြင်ရသော အလွန်လက်ရာပြောင်မြောက်သည့်ပုံစံများကော မည်သို့နည်း။ ဆဲလ်အတွင်းရှိ မော်လီကျူးနှင့်အက်တမ်များပင်လျှင် အံ့ဖွယ်နည်းဖြင့် စီမံဖွဲ့စည်းထားခြင်းခံရပြီး အစီအစဉ်ကျနစွာရှိနေကြသည်။ ထူးဆန်းအံ့ဩဖွယ်ပြုလုပ်ထားခြင်းခံရသော လူ၏စိတ်လည်း မည်သို့နည်း။ ကျွန်ုပ်တို့၏နေအဖွဲ့အစည်း၊ ယင်းပါဝင်သည့်နဂါးငွေ့တန်းနှင့် စကြဝဠာကြီးတစ်ခုလုံးကော မည်သို့နည်း။ ဤထူးဆန်းအံ့သြဖွယ်ကောင်းသည့်ပုံစံအားလုံး ပုံစံပြုထုတ်လုပ်သူတစ်ဦးမလိုအပ်ပေလော။ ထိုအရာများကို အဘယ်အတွက်ပုံစံပြုထားကြောင်း သူကကျွန်ုပ်တို့အားပြောပြနိုင်မည်မှာ သေချာပါသည်။
အသက်သည် မတော်တဆစတင်ဖြစ်လာသလော
၃၊ ၄။ အသက်မတော်တဆဖြစ်လာခြင်းသည် မည်မျှဖြစ်နိုင်ချေရှိသနည်း။
၃ အမေရိကန်စွယ်စုံကျမ်း က “သက်ရှိသတ္တဝါများတွင် သာလွန်ထူးကဲသည့်အတိုင်းအတာဖြင့် ရှုပ်ထွေးခြင်းနှင့်အစီအစဉ်စနစ်ကျနခြင်း” ကို ဤသို့မှတ်သားဖော်ပြထားသည်– “ပန်းများ၊ ပိုးမွှားများ သို့မဟုတ် နို့တိုက်သတ္တဝါများကို အနီးကပ်လေ့လာကြည့်လျှင် ယင်းတို့၏အစိတ်အပိုင်းအသီးသီးသည် မယုံကြည်နိုင်လောက်အောင် တိကျမှန်ကန်စွာ စေ့စပ်ဖွဲ့စည်းထားသည်ကိုတွေ့ရသည်။” ဗြိတိသျှနက္ခတ္တဗေဒပညာရှင် ဆာ ဘားနတ်လိုဗဲလ်က သက်ရှိဇီဝရုပ်တို့၏ ဓာတ်ပေါင်းစပ်ခြင်းအကြောင်းကိုရည်ညွှန်း၍ ဤသို့ရေးသားထားသည်– “အသေးငယ်ဆုံးပရိုတင်းမော်လီကျူးတစ်ခု ပေါင်းဖွဲ့လာနိုင်ရန် . . . မတော်တဆ ဖြစ်နိုင်ချေသည် မစဉ်းစားနိုင်အောင်နည်းပါးလှသည်။ . . . အမှန်စင်စစ် သုညသာဖြစ်သည်။”
၄ အလားတူ နက္ခတ္တဗေဒပညာရှင် ဖရက်ဟွိုင်းလ်က ဤသို့ဆိုသည်– “လူအများယုံကြည်လက်ခံထားသည့် ဇီဝဗေဒအဆောက်အအုံတစ်ရပ်လုံးက အသက်သည် အစီအစဉ်မရှိပရမ်းပတာဖြစ်လာသည်ဟု ခံယူထားကြဆဲဖြစ်သည်။ သို့သော် ဇီဝဓာတုပညာရှင်များက အသက်၏အံ့မခန်းဖွယ်ရှုပ်ထွေးမှုကို ပို၍တွေ့ရှိလာသည်နှင့်အမျှ အသက် မတော်တဆ စတင်ဖြစ်လာသည်ဟူသော ဖြစ်နိုင်ချေသည် လုံးဝထည့်တွက်စရာမလိုသည့်အထိ အလွန့်အလွန်နည်းပါးလှသည်။ အသက်သည် မတော်တဆစတင်ဖြစ်မလာနိုင်ချေ။”
၅-၇။ အသက်ရှိသောအရာများသည် မတော်တဆဖြစ်ပေါ်မလာနိုင်ကြောင်း မော်လီကျူးဇီဝဗေဒက မည်သို့သက်သေထူသနည်း။
၅ နောက်ဆုံးပေါ်သိပ္ပံပညာနယ်ပယ်သစ်များတွင်တစ်ခုဖြစ်သည့် မော်လီကျူးဇီဝဗေဒသည် သက်ရှိများ၏ ဗီဇ၊ မော်လီကျူး၊ အက်တမ်တို့ကို လေ့လာသည့်ပညာရပ်ဖြစ်သည်။ မော်လီကျူးဇီဝဗေဒပညာရှင် မိုက်ကယ်ဒဲန်တန်က သူတွေ့ရှိသည့်အချက်နှင့်ပတ်သက်၍ ဤသို့မှတ်ချက်ချသည်– “အရိုးရှင်းဆုံးအဖြစ်သိရှိကြသော ဆဲလ်အမျိုးအစားတစ်ခုပင်လျှင် အင်မတိအင်မတန်ရှုပ်ထွေးလွန်းလှရကား ထိုအရာဝတ္ထုမျိုးသည် မဖြစ်နိုင်လွန်းအားကြီးသော ပေါက်ကရအဖြစ်အပျက်အားဖြင့် ရုတ်ခြည်းပေါင်းစပ်ပြုလုပ်ခံရသည်ဟုဆိုပါမူ လုံးဝလက်မခံနိုင်စရာပင်ဖြစ်သည်။” “သို့သော် သက်ရှိလောက၏ ရှုပ်ထွေးမှုချည်းသာမက ယင်းတို့၏တည်ဆောက်ပုံက ထင်ရှားပြလေ့ရှိသော အံ့မခန်းဖွယ်လက်ရာပြောင်မြောက်မှုကလည်း အားကြီးသည့်ဆွဲဆောင်မှုဖြစ်သည်။” “မော်လီကျူးအဆင့်တွင် . . . ဇီဝပုံစံ၏ ထူးခြားထင်ရှားချက်နှင့် ပြီးပြည့်စုံစွာရည်ရွယ်ချက်အထမြောက်ခြင်းတို့သည် အသိသာအထင်ရှားဆုံးဖြစ်သည်။”
၆ ဒဲန်တန်ဤသို့ထပ်ပြောသည်– “ကျွန်ုပ်တို့မည်သည့်နေရာသို့ကြည့်ကြည့်၊ မည်မျှနှိုက်နှိုက်နှဲနှဲပင်ကြည့်ကြည့် မတော်တဆဖြစ်ခြင်းအယူအဆကို အလွန်မှေးမှိန်သွားစေသော လူ့ဉာဏ်လုံးဝမမီနိုင်သည့် အရည်အသွေးတစ်ခု၏ တင့်တယ်ပြေပြစ်မှုနှင့် လက်ရာပြောင်မြောက်မှုတို့ကို တွေ့ မြင်နိုင်သည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဖန်တီးနိုင်သည့်အစွမ်းသတ္တိထက် သာလွန်ရှုပ်ထွေးပြီး မတော်တဆဖြစ်ခြင်းနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သော၊ လူ့ဉာဏ်ပညာဖြင့်ပြုလုပ်သော မည်သည့်အရာထက်မဆို အဘက်ဘက်တွင်သာလွန်သော အသေးငယ်ဆုံးသောအရာ—သက်ရှိဆိုင်ရာဗီဇ သို့မဟုတ် ပရိုတင်းတစ်ခု—ကို အစီအစဉ်မရှိသည့်ပရမ်းပတာဖြစ်စဉ်က ဖန်တီးနိုင်သည်ဟု ဆိုခြင်းသည် အမှန်ပင်ယုံနိုင်စရာရှိသလော။” သူဤသို့ပြောသေးသည်– “သက်ရှိဆဲလ်တစ်ခုနှင့် ကျောက်သလင်း သို့မဟုတ် ဆီးနှင်းခဲတစ်ခုကဲ့သို့သော အဆင့်အမြင့်မားဆုံးဖွဲ့စည်းတည်ရှိသည့် သက်မဲ့အစုအစည်းတို့အကြား အလွန်ကြီးမားသည့်ခြားနားမှုရှိပြီး နားလည်လောက်သည့်အထိ ပြည့်ဝစုံလင်မှုရှိသည်။” ရူပဗေဒပါမောက္ခတစ်ဦးဖြစ်သူ ချက်ရေမိုကလည်း ဤသို့ဆိုသည်– “မော်လီကျူးတိုင်းသည် မိမိတို့၏လုပ်ငန်းကို အံ့ဖွယ်နည်းဖြင့်စီမံဖန်တီးတတ်ကြသည်ကို . . . ကျွန်တော်မိန်းမောမိသည်။”
၇ မော်လီကျူးဇီဝဗေဒပညာရှင် ဒဲန်တန်က “ဤအချက်သစ်အားလုံးသည် မတော်တဆဖြစ်ခြင်းသက်သက်၏ ရလဒ်ဖြစ်သည်ဟု တထစ်ချခုခံပြောဆိုနေဆဲ သူများသည်” ပုံပြင်ဒဏ္ဍာရီကိုယုံကြည်သူများဖြစ်သည်ဟု မှတ်ချက်ချသည်။ အမှန်အားဖြင့် သက်ရှိများမတော်တဆဖြစ်လာသည်ဟူသော ဒါဝင်၏ယုံကြည်ချက်ကို “နှစ်ဆယ်ရာစု၏ ကြီးကျယ်သည့် စကြဝဠာအစဆိုင်ရာယုံတမ်းစကား” ဟု သူခေါ်ခဲ့သည်။
ပုံစံသည် ပုံစံပြုသူတစ်ဦးလိုအပ်
၈၊ ၉။ ပုံစံပြုခံရသောအရာအားလုံးသည် ပုံစံပြုသူရှိရမည်ဟူသောအချက်ကို ဖော်ပြသည့်ဥပမာတစ်ခုကိုပေးပါ။
၈ မတော်တဆအားဖြင့်၊ ပရမ်းပတာတိုက်ဆိုင်မှုအားဖြင့် သက်မဲ့အရာဝတ္ထုမှ သက်ရှိသို့ပြောင်းလဲနိုင်သည်ဟူသော စိတ်ကူးသည် မဖြစ်နိုင်သလောက် အလှမ်းဝေးလှသည်။ ပုံစံတိုင်းတွင် ပုံစံပြုသူရှိသောကြောင့် မြေကြီးပေါ်ရှိ အထူးကောင်းမွန်စွာပုံစံပြုထုတ်လုပ်ထားသော သက်ရှိအားလုံးတို့သည် တိုက်ဆိုင်၍ဖြစ်လာနိုင်စရာအကြောင်းမရှိချေ။ ခြွင်းချက်တစ်ခုခုရှိကြောင်း သင်တွေ့သလော။ တစ်ခုမျှမရှိပါချေ။ ပုံစံသည် သာ၍ရှုပ်ထွေးလေလေ ပုံစံပြုသူရှိရန် ပို၍အကြောင်းရှိလေလေပင်ဖြစ်သည်။
၉ ဤသို့ဥပမာပေး၍လည်းရှင်းပြနိုင်သည်– ပန်းချီကားတစ်ချပ်ကို ကျွန်ုပ်တို့တွေ့သော် ပန်းချီဆရာရှိကြောင်း အထောက်အထားအဖြစ် ယင်းကိုလက်ခံကြသည်။ ကျွန်ုပ်တို့စာအုပ်တစ်အုပ်ကိုဖတ်သောအခါ စာရေးဆရာတစ်ဦးရှိသည်ကို ကျွန်ုပ်တို့သဘောတူကြသည်။ အိမ်တစ်လုံးကိုကျွန်ုပ်တို့မြင်လျှင် ဆောက်လုပ်သူတစ်ဦးရှိကြောင်း ကျွန်ုပ်တို့လက်ခံသည်။ မီးပွိုင့်တစ်ခုကိုကျွန်ုပ်တို့မြင်လျှင် ဥပဒေပြုစုသည့်အဖွဲ့တစ်ဖွဲ့ရှိကြောင်း ကျွန်ုပ်တို့သိသည်။ ယင်းအရာအားလုံးတို့သည် ပြုလုပ်သူ၏ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခံရခြင်းဖြစ်သည်။ ယင်းတို့ကိုပုံစံပြုသူများအကြောင်း ကျွန်ုပ်တို့အားလုံးမသိနိုင်ကြသော်လည်း ထိုသူများရှိကြောင်း ကျွန်ုပ်တို့သံသယမဖြစ်ကြချေ။
၁၀။ ပုံစံပြုရှင်ချုပ်နှင့်ပတ်သက်၍ မည်သည့်အထောက်အထားများကို တွေ့မြင်နိုင်သနည်း။
၁၀ အလားတူပင် ပုံစံပြုရှင်ချုပ်တစ်ပါးရှိသည့် အထောက်အထားကို မြေကြီးပေါ်ရှိသက်ရှိတို့၏ ပုံစံ၊ အစီအစဉ်စနစ်နှင့် ရှုပ်ထွေးမှုများတွင် တွေ့မြင်နိုင်သည်။ ယင်းတို့အားလုံးက ဉာဏ်ကြီးရှင်တစ်ပါးရှိကြောင်း ညွှန်ပြသည်။ တစ်ခုစီတွင် ကြယ်သန်းကုဋေပေါင်းများစွာပါဝင်သည့် နဂါးငွေ့တန်းသန်းကုဋေပေါင်းများစွာရှိ စကြဝဠာ၏ပုံစံ၊ အစီအစဉ်စနစ်နှင့် ရှုပ်ထွေးမှုတို့၌လည်း ယင်းအချက်မှန်ကန်သည်။ ကောင်းကင်တန်ဆာအားလုံးတို့သည် လှုပ်ရှားမှု၊ အပူ၊ အလင်း၊ အသံ၊ လျှပ်စစ်သံလိုက်နှင့် ဆွဲငင်အားစသည်တို့နှင့်ဆိုင်သော တိကျသည့်ဥပဒေသများအားဖြင့် ထိန်းချုပ်ခံထားကြရသည်။ ဥပဒေပြုသူမရှိဘဲ ဥပဒေရှိနိုင်ပါမည်လော။ ဒုံးပျံသိပ္ပံပညာရှင် ဒေါက်တာဗန်ဟာဖော်န်ဘရောင်း ဤသို့ဖော်ပြသည်– “အာကာသယာဉ်တစ်ခုကို ကျွန်ုပ်တို့တည်ဆောက်ပြီး လသို့စေလွှတ်ကာ ပျံသန်းမှုကို တစ်စက္ကန့်၏အစိတ်အပိုင်းထိ တိကျစွာချိန်ကိုက်နိုင်ရန် အခက်အခဲမရှိသည့်တိုင် စကြဝဠာနိယာမတရားများသည် တိကျမှန်ကန်မှုရှိသည်။ ထိုနိယာမများကို တစ်စုံတစ်ဦးက ချမှတ်ခဲ့ခြင်းဖြစ်ရမည်။”
၁၁။ ပုံစံပြုရှင်ချုပ်ကို ကျွန်ုပ်တို့မမြင်နိုင်သောကြောင့် ကိုယ်တော်ရှိတော်မူကြောင်းကို အဘယ်ကြောင့် ကျွန်ုပ်တို့မငြင်းသင့်သနည်း။
၁၁ ပုံစံပြုရှင်ချုပ်နှင့်ဥပဒေပြုရှင်ကို ကျွန်ုပ်တို့၏သာမန်မျက်စိဖြင့် မမြင်နိုင်သည်တော့မှန်ပါသည်။ သို့သော် ဆွဲငင်အား၊ သံလိုက်ဓာတ်အား၊ လျှပ်စစ်ဓာတ်အားနှင့် ရေဒီယိုလှိုင်းစသည်တို့ကို ကျွန်ုပ်တို့မမြင်သောကြောင့် ယင်းတို့၏တည်ရှိခြင်းကို ကျွန်ုပ်တို့ငြင်းမည်လော။ ငြင်းမည်မဟုတ်ပါ။ အကြောင်းမှာ ယင်းတို့၏အကျိုးသက်ရောက်မှုများကို ကျွန်ုပ်တို့သိမြင်နိုင်သောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် အံ့မခန်းဖွယ်လက်ရာတော်များကို ကျွန်ုပ်တို့သိမြင်နိုင်လျက်နှင့် ပုံစံပြုရှင်နှင့်ဥပဒေပြုရှင်ချုပ်ရှိကြောင်းကို အဘယ်ကြောင့်ငြင်းပယ်ရမည်နည်း။
၁၂၊ ၁၃။ ဖန်ဆင်းရှင်တည်ရှိကြောင်းကို သာဓကများကမည်သို့ဖော်ပြသနည်း။
၁၂ ရူပဗေဒပါမောက္ခတစ်ဦးဖြစ်သူ ပေါလ်ဒေဗီက လူသားတည်ရှိခြင်းသည် တိုက်ဆိုင်မှုသက်သက်ကြောင့်မဟုတ်ကြောင်း မှတ်ချက်ချသည်။ သူဤသို့ဆိုသည်– “ကျွန်ုပ်တို့ဤနေရာတွင်ရောက်ရှိနေရခြင်းသည် အမှန်ပင်အဓိပ္ပာယ်ရှိသည်။” စကြဝဠာနှင့်ပတ်သက်၍ သူဤသို့ပြောသည်– “ရုပ်ပိုင်းဆိုင်ရာစကြဝဠာကြီးသည် ကျိုးကြောင်းဆက်စပ်မှုမရှိဘဲဖြစ်ပေါ်လာသည်ကို ကျွန်ုပ်လက်မခံနိုင်လောက်သည့်အထိ အံ့သြမိန်းမောလောက်အောင် ကျွမ်းကျင်လိမ္မာစွာဖွဲ့စည်းခံထားရခြင်းကို ကျွန်ုပ်၏သိပ္ပံလုပ်ငန်းကြောင့် အခိုင်အမာယုံကြည်သထက်ယုံကြည်လာသည်။ ယင်းတို့အတွက် သာ၍နက်နဲသည့် ရှင်းလင်းဖော်ပြချက်ရှိရမည်ဟု ကျွန်ုပ်ယူမှတ်သည်။”
၁၃ ထို့ကြောင့် စကြဝဠာ၊ ကမ္ဘာနှင့် ကမ္ဘာပေါ်ရှိသက်ရှိအားလုံးတို့သည် မတော်တဆဖြစ်လာခဲ့ခြင်းမဟုတ်ကြောင်း အထောက်အထားများက ကျွန်ုပ်တို့အားဖော်ပြသည်။ ယင်းတို့အားလုံးသည် ဉာဏ်ရည်အလွန်မြင့်မားသော တန်ခိုးကြီးဖန်ဆင်းရှင်တစ်ပါးအကြောင်း အသံတိတ်သက်သေခံသည်။
သမ္မာကျမ်းစာဖော်ပြချက်
၁၄။ သမ္မာကျမ်းစာက ဖန်ဆင်းရှင်နှင့်ပတ်သက်၍ မည်သို့မှတ်ချက်ချသနည်း။
၁၄ လူသားများ၏ ရှေးအကျဆုံးစာအုပ်ဖြစ်သော သမ္မာကျမ်းစာက အလားတူဆိုထားသည်။ ဥပမာ၊ တမန်တော်ပေါလုရေးသည့် ဟေဗြဲကျမ်းစာစောင်က ကျွန်ုပ်တို့အား ဤသို့ပြောသည်– “အိမ်မည်သည်ကား တစ်စုံတစ်ယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကိုတည်ဆောက်သောသူကား ဘုရားသခင်ပေတည်း။” (ဟေဗြဲ ၃:၄) တမန်တော်ယောဟန်ရေးသည့် သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်ကလည်း ဤသို့ပြောသည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့်ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။”—ဗျာဒိတ် ၄:၁၁။
၁၅။ ဘုရားသခင်၏ဂုဏ်ရည်တော်အချို့ကို မည်သည့်နည်းဖြင့်ကျွန်ုပ်တို့သိမြင်နိုင်သနည်း။
၁၅ ဘုရားသခင်ကိုမမြင်နိုင်သော်လည်း ကိုယ်တော်သည်မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း ကိုယ်တော့်ဖန်ဆင်းရာများအားဖြင့် သိနားလည်နိုင်ကြောင်း သမ္မာကျမ်းစာဖော်ပြသည်။ ယင်းကဤသို့ဖော်ပြသည်– “ဆင်ခြင်တုံဉာဏ်မျက်စိအားဖြင့်မြင်နိုင်သည့် [ဖန်ဆင်းရှင်၏] ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဂုဏ်ရည်တော်တို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ဖန်ဆင်းတော်မူသောအရာများတွင် ထင်ရှားလျက်ရှိကြ၏။”—ရောမ ၁:၂၀၊ အင်္ဂလိပ်ကျမ်းစာသစ်။
၁၆။ ဘုရားသခင်အား လူသားများမမြင်နိုင်ခြင်းအတွက် အဘယ်ကြောင့် ကျွန်ုပ်တို့ဝမ်းသာသင့်သနည်း။
၁၆ ထို့ကြောင့် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား အကြောင်းမှအကျိုးအထိရှင်းပြထားသည်။ အကျိုး—အံ့သြဖွယ်ဖန်ဆင်းခံရသည့်အရာများ—တို့သည် ကြီးမားသည့် ဉာဏ်ပညာနှင့်တန်ခိုးတို့၏ အကြောင်းရင်းမြစ်– ဘုရားသခင်ကို သက်သေထူသည်။ ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကိုဖန်ဆင်းရှင်ဖြစ်ရာ အသွေးအသားဖြစ်သောလူသားတို့သည် ကိုယ်တော်ကိုမြင်လျက် အသက်မရှင်နိုင်လောက်အောင် တန်ခိုးတော်ကြီးမားလွန်းလှရကား ကျွန်ုပ်တို့ကိုယ်တော်ကိုမမြင်နိုင်ခြင်းအတွက် ကျေးဇူးတင်ရမည်ဖြစ်သည်။ သမ္မာကျမ်းစာထိုသို့ပင်ပြောထားသည်– “[ဘုရားသခင်] ကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိ။”—ထွက်မြောက်ရာ ၃၃:၂၀။
၁၇၊ ၁၈။ ဖန်ဆင်းရှင်ဆိုင်ရာအယူအဆသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၇ မဟာပုံစံပြုရှင်တည်းဟူသော အမြင့်မြတ်ဆုံးအရှင်—ဘုရားသခင်—နှင့်ပတ်သက်သည့်အယူအဆသည် ကျွန်ုပ်တို့အတွက် အရေးကြီးသောအရာဖြစ်သင့်သည်။ ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်အားဖြင့် ပြုလုပ်ခံရသည်ဆိုလျှင် ကျွန်ုပ်တို့ကိုဖန်ဆင်းရာတွင် ကိုယ်တော်၌ အကြောင်း၊ ရည်ရွယ်ချက်ရှိရပေမည်။ ကျွန်ုပ်တို့သည် ဘဝတွင်ရည်ရွယ်ချက်ရှိဖို့ ဖန်ဆင်းခံရသည်ဆိုလျှင် ကျွန်ုပ်တို့အတွက် သာ၍ကောင်းမွန်သောအနာဂတ်ကို မျှော်လင့်နိုင်ရန် အကြောင်းရှိပေသည်။ သို့မဟုတ်ပါက မျှော်လင့်ချက်မဲ့စွာအသက်ရှင်ပြီး သေသွားကြရမည်သာဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်ရည်ရွယ်ချက်ကို ရှာဖွေရန် အလွန်အရေးကြီးသည်။ သို့မှသာ ယင်းနှင့်အညီ နေလိုသည် မနေလိုသည်ကို ကျွန်ုပ်တို့ရွေးချယ်နိုင်ကြမည်။
၁၈ ထို့အပြင် ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကို အလွန်ဂရုစိုက်တော်မူသော မေတ္တာရှင်ဘုရားသခင်ဖြစ်ကြောင်း သမ္မာကျမ်းစာဖော်ပြထားသည်။ တမန်တော်ပေတရုက “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူ” သည်ဟု ဖော်ပြထားသည်။ (၁ ပေတရု ၅:၇; ယောဟန် ၃:၁၆ နှင့် ၁ ယောဟန် ၄:၈၊ ၁၆ တို့ကိုလည်းရှု) ဘုရားသခင်ကျွန်ုပ်တို့အား မည်မျှဂရုစိုက်သည်ကို သိမြင်နိုင်သည့်နည်းတစ်နည်းကား စိတ္တနှင့်ကာယတို့တွင် ကျွန်ုပ်တို့ကိုပြုလုပ်ထားသည့် အံ့ဖွယ်နည်းအကြောင်း စဉ်းစားဆင်ခြင်ခြင်းအားဖြင့်ဖြစ်သည်။
“အံ့သြဖွယ်ကောင်းစွာပြုလုပ်ခံရ”
၁၉။ ဆာလံဆရာဒါဝိဒ်က မည်သည့်အမှန်တရားကို ကျွန်ုပ်တို့အားအာရုံစိုက်စေသနည်း။
၁၉ သမ္မာကျမ်းစာတွင် ဆာလံဆရာဒါဝိဒ်ဤသို့ဝန်ခံထားသည်– “ကျွန်ုပ်သည် ကြောက်မက်ဖွယ်နည်းဖြင့် အံ့သြဖွယ်ကောင်းစွာပြုလုပ်ခံရပါသည်။” (ဆာလံ ၁၃၉:၁၄၊ ကဘ) ယင်းမှန်ကန်သည်မှာ သေချာသည်။ အကြောင်းမှာ လူ့ဦးနှောက်နှင့်ခန္ဓာတို့ကို အကြီးမြင့်ဆုံးပုံစံပြုရှင်က အံ့ဖွယ်နည်းဖြင့်ပြုလုပ်ထားသောကြောင့်ဖြစ်သည်။
၂၀။ စွယ်စုံကျမ်းတစ်ခုက လူ့ဦးနှောက်နှင့်ပတ်သက်၍ မည်သို့ရှင်းလင်းဖော်ပြထားသနည်း။
၂၀ ဥပမာအားဖြင့် သင့်ဦးနှောက်သည် ကွန်ပျူတာထက် အဆပေါင်းများစွာသာလွန်ရှုပ်ထွေးသည်။ ဗြိတိန်စွယ်စုံကျမ်းသစ် က ဤသို့မှတ်သားဖော်ပြထားသည်– “အာရုံကြောစနစ်များတွင် သတင်းထုတ်လွှတ်ခြင်းသည် အကြီးဆုံးတယ်လီဖုန်းဆက်သွယ်ရေးရုံးများထက် သာ၍ရှုပ်ထွေးသည်; လူ့ဦးနှောက်တစ်ခုသည် စွမ်းပကားအထက်မြက်ဆုံးသောကွန်ပျူတာများထက် အဆပေါင်းများစွာသာလွန်၍ ပြဿနာကိုဖြေရှင်းနိုင်စွမ်းရှိသည်။”
၂၁။ ဦးနှောက်၏လုပ်ဆောင်မှုကို သိမြင်သောအခါ ကျွန်ုပ်တို့မည်သို့မှတ်ချက်ချသင့်သနည်း။
၂၁ သန်းပေါင်းများစွာသော အကြောင်းအရာများနှင့် စိတ်ပိုင်းဆိုင်ရာရုပ်ပုံလွှာများကို သင့်ဦးနှောက်က သိုမှီးထားပေးသည်။ သို့သော် ယင်းသည် အကြောင်းအရာများကို သိမ်းဆည်းပေးသည့်နေရာသက်သက်မျှမဟုတ်ပါ။ ယင်းအားဖြင့် လေချွန်ခြင်း၊ ပေါင်မုန့်ဖုတ်ခြင်း၊ နိုင်ငံခြားဘာသာစကားများပြောခြင်း၊ ကွန်ပျူတာအသုံးပြုခြင်း၊ သို့မဟုတ် လေယာဉ်မောင်းခြင်းတို့ကို သင်ယူနိုင်သည်။ အားလပ်ရက်တစ်ရက်သည် မည်သို့ဖြစ်မည် သို့မဟုတ် သစ်သီးတစ်လုံးမည်မျှအရသာရှိမည်ကို သင်စဉ်းစားကြည့်နိုင်သည်။ အရာဝတ္ထုများကို သင်ပိုင်းခြားစိစစ်၍ ပြုလုပ်နိုင်သည်။ သင်သည် အစီအစဉ်ပြုခြင်း၊ ကျေးဇူးတင်လေးမြတ်ခြင်း၊ ချစ်ခြင်း၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့နှင့်ပတ်သက်၍ တွေးတောခြင်းတို့ကိုလည်း ပြုနိုင်သည်။ ကျွန်ုပ်တို့လူသားများသည် ယင်းသို့အံ့မခန်းဖွယ်လူ့ဦးနှောက်ကို ပုံစံမပြုနိုင်ရာ ယင်းကိုပုံစံပြုသည့်အရှင်သည် မည်သည့်လူသားတစ်ဦးတစ်ယောက်ထက်မဆို ထူးကဲသာလွန်သည့် ဉာဏ်ပညာနှင့်အရည်အချင်းရှိသည်မှာ ထင်ရှားသည်။
၂၂။ လူ့ဦးနှောက်နှင့်ပတ်သက်၍ သိပ္ပံပညာရှင်များမည်သို့ဝန်ခံကြသနည်း။
၂၂ ဦးနှောက်နှင့်ပတ်သက်၍ သိပ္ပံပညာရှင်များဤသို့ဝန်ခံသည်– “ခမ်းနားကြီးကျယ်သည့်ပုံစံဖြင့်ဖြစ်သော၊ အစီအစဉ်စနစ်ကျနပြီး အလွန်ထူးဆန်းစွာရှုပ်ထွေးနေသော ဤစက်ယန္တရားအစိတ်အပိုင်းသည် မည်သို့လုပ်ကိုင်ဆောင်ရွက်သည်ကို ရေးရေးမျှသာသိရှိနိုင်သည်။ . . . လူသားတို့သည် ဦးနှောက်၏လုပ်ဆောင်နိုင်မှုနှင့်ပတ်သက်သည့် နက်နဲမှုအားလုံးကို တစ်ခုစီအလိုက် ဘယ်တော့မျှရှင်းပြနိုင်မည်မဟုတ်ချေ။” (အမေရိကန်သိပ္ပံ) ရူပဗေဒပါမောက္ခရေမိုက ဤသို့ဆိုသည်– “ရိုးသားမှန်ကန်စွာပြောရလျှင် လူ့ဦးနှောက်သည် အကြောင်းအချက်များကို မည်သို့သိမ်းဆည်းထားသည် သို့မဟုတ် လိုအပ်သည့်အခါ မှတ်ဉာဏ်များပြန်ပေါ်လာအောင် မည်သို့လုပ်နိုင်သည်တို့ကို ကျွန်ုပ်တို့များများစားစားမသိရှိသေးဆဲဖြစ်သည်။ . . . လူ့ဦးနှောက်ထဲတွင် အာရုံကြောဆဲလ် သန်းပေါင်းတစ်သိန်းခန့်ရှိသည်။ ယင်းဆဲလ်တစ်ခုစီသည် သစ်ပင်ကဲ့သို့ပေါင်းစပ်ယှက်ဖြာနေသည့် စင်နက်ပ်စစ်များအားဖြင့် အခြားဆဲလ်ထောင်ပေါင်းများစွာနှင့် အဆက်အသွယ်ပြုသည်။ အချင်းချင်းဆက်သွယ်မှုသည် တွေဝေသွားစေလောက်အောင် ရှုပ်ထွေးလှသည်။”
၂၃၊ ၂၄။ အံ့ဖွယ်နည်းဖြင့် ပုံစံပြုထားခြင်းခံရသော ကိုယ်အင်္ဂါအစိတ်အပိုင်းအချို့ကိုဖော်ပြပြီး အင်ဂျင်နီယာတစ်ဦး မည်သို့မှတ်ချက်ချသည်ကို ဖော်ပြပါ။
၂၃ သင့်မျက်စိသည် မည်သည့်ကင်မရာထက်မဆို သာ၍တိကျမှုရှိပြီး သာ၍အပြောင်းအလဲလုပ်နိုင်သည်; အမှန်အားဖြင့် ယင်းသည် အလိုအလျောက်စနစ်ဖြင့် ကိုယ်တိုင်အနီးအဝေးချိန်သော ရောင်စုံရုပ်ရှင်ကင်မရာပင်ဖြစ်သည်။ သင့်နားသည် အသံအမျိုးမျိုးကို ဖမ်းယူနိုင်ပြီး အသံလာရာဘက်နှင့်အနီးအဝေးတို့ကို သင့်အားသိရှိစေသည်။ သင့်နှလုံးသည် အတော်ဆုံးသောအင်ဂျင်နီယာများပင် မတုပနိုင်သည့်စွမ်းရည်ရှိသော ပန့်စက်တစ်လုံးဖြစ်သည်။ အခြားသောကိုယ်ခန္ဓာအစိတ်အပိုင်းများသည်လည်း အံ့မခန်းဖွယ်ဖြစ်သည်– အနည်းငယ်ဖော်ပြရလျှင် သင့်နှာခေါင်း၊ လျှာ၊ လက်များ၊ လည်ပတ်မှုနှင့်အစာချေစနစ်များဖြစ်သည်။
၂၄ ထို့ကြောင့် ကြီးမားသည့်ကွန်ပျူတာတစ်လုံးတည်ဆောက်ရန် ငှားရမ်းခံရသောအင်ဂျင်နီယာတစ်ဦး ဤသို့ဆင်ခြင်သုံးသပ်သည်– “ကျွန်တော့်ရဲ့ကွန်ပျူတာဟာ ပုံစံပြုတဲ့သူလိုတယ်ဆိုရင် အလွန်ရှုပ်ထွေးတဲ့ ရူပ-ဓာတု-ဇီဝစက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ကိုယ်ခန္ဓာက ပိုပြီးလိုတော့မှာပေါ့—တစ်ခါ အဲ့ဒါကို အဆုံးမဲ့လုနီးစကြဝဠာကြီးနဲ့ယှဉ်လိုက်ပြန်တော့ ဘာမဟုတ်တဲ့ပါမွှားလေးဖြစ်သွားပြန်ရော။”
၂၅၊ ၂၆။ မဟာပုံစံပြုရှင်က ကျွန်ုပ်တို့အား ဘာကိုပြောပြနိုင်သင့်သနည်း။
၂၅ လူတို့သည် လေယာဉ်ပျံ၊ ကွန်ပျူတာ၊ စက်ဘီးနှင့် အခြားသောကိရိယာများကို ရည်ရွယ်ချက်ဖြင့်ပြုလုပ်သကဲ့သို့ လူသားတို့၏ဦးနှောက်နှင့်ခန္ဓာကိုယ်ကို ပုံစံပြုရှင်သည် ကျွန်ုပ်တို့အားပုံစံပြုရာတွင် ရည်ရွယ်ချက်တစ်ခုရှိရပေမည်။ ကျွန်ုပ်တို့တွင် မည်သူမျှ ကိုယ်တော့်လက်ရာများအတိုင်း ထပ်တူမလုပ်နိုင်ကြသဖြင့် ဤပုံစံပြုထုတ်လုပ်ရှင်သည် လူသားများထက် ထူးကဲမြင့်မားသည့်ဉာဏ်ပညာလည်း ရှိရပေမည်။ ဆင်ခြင်တုံတရားအရ ကိုယ်တော်သာလျှင် ကျွန်ုပ်တို့အား အဘယ်အတွက်ပြုလုပ်ခဲ့ကြောင်း၊ အဘယ်ကြောင့်ကျွန်ုပ်တို့ကို မြေကြီးပေါ်တွင်ထားကြောင်းနှင့် ကျွန်ုပ်တို့၏အနာဂတ်မည်သို့ရှိကြောင်းတို့ကို ပြောပြနိုင်မည့် တစ်ပါးတည်းသောအရှင်ဖြစ်သည်။
၂၆ ထိုအရာများကို ကျွန်ုပ်တို့လေ့လာစဉ် ကျွန်ုပ်တို့၏ဘဝရည်ရွယ်ချက်ပြည့်စုံရန် ကျွန်ုပ်တို့အားဘုရားသခင်ပေးထားသည့် အံ့ဖွယ်ဦးနှောက်နှင့်ကိုယ်ခန္ဓာတို့ကို အသုံးပြုနိုင်သည်။ သို့သော် ကိုယ်တော့်ရည်ရွယ်ချက်များကို မည်သည့်နေရာတွင် ကျွန်ုပ်တို့လေ့လာနိုင်သနည်း။ ထိုအကြောင်းကို မည်သည့်နေရာတွင် ကျွန်ုပ်တို့အားဖော်ပြထားသနည်း။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
တစ်စုံတစ်ခုသည် မည်သည့်အတွက်ကြောင့် ပုံစံပြုထားခြင်းခံရသည်ကိုသိနိုင်ရန် အကောင်းဆုံးနည်းကား ပုံစံပြုသူကိုမေးကြည့်ခြင်းဖြစ်သည်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
သက်ရှိတို့၏ရှုပ်ထွေးမှုနှင့်ပုံစံကို ဒီအယ်န်အေမော်လီကျူးတွင်တွေ့နိုင်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
“လူ့ဦးနှောက်တစ်ခုသည် စွမ်းပကားအထက်မြက်ဆုံးသောကွန်ပျူတာများထက် အဆပေါင်းများစွာသာလွန်၍ ပြဿနာကိုဖြေရှင်းနိုင်စွမ်းရှိသည်”