သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
ဘုရားသခင်အကြောင်း စိတ်မဝင်စား၊ ဂုဏ်သိက္ခာရှိတဲ့ အလုပ်မှာပဲ ပျော်နေတဲ့ အမျိုးသမီးငယ်ဟာ အသက်ရှင်ရတဲ့ ရည်ရွယ်ချက်အမှန်ကို ဘယ်လို သိရှိခဲ့သလဲ။ ကက်သလစ်ဘာသာဝင် လူငယ်တစ်ယောက် သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို သိလာတဲ့အတွက် ဘ၀လမ်းစဉ်ကို ဘယ်လို ပြောင်းလဲလိုက်သလဲ။ ဘဝကို စိတ်ကုန်နေတဲ့ လူငယ်တစ်ယောက် ယေဟောဝါသက်သေ ဖြစ်လာအောင် လှုံ့ဆော်ပေးခဲ့တဲ့ ဘုရားသခင်အကြောင်း ဘယ်လို သင်ယူလေ့လာခဲ့သလဲ။ သူတို့ပြောပြတာတွေကို ဖတ်ကြည့်ပါ။
“‘ကျွန်မတို့ ဘာကြောင့် ဒီကမ္ဘာပေါ် ရှိနေရသလဲ’ ဆိုပြီး သိချင်နေတာ ကြာပြီ။”—ရိုစလင်း ဂျွန်
မွေးဖွားတဲ့နှစ်– ၁၉၆၃
နေရင်းနိုင်ငံ– ဗြိတိန်
နောက်ခံ– ဂုဏ်သိက္ခာရှိတဲ့ အလုပ်မှာ ပျော်မွေ့နေသူ
အတိတ်–
လန်ဒန်တောင်ပိုင်းက ခရိုဒွန်မြို့မှာ ကျွန်မ ကြီးပြင်းလာခဲ့တယ်။ ကျွန်မဟာ သားသမီး ကိုးယောက်ထဲမှာ ခြောက်ယောက်မြောက်ပါ။ မိဘတွေရဲ့ ဇာတိကတော့ ကရစ်ဘီယံကျွန်းစုထဲမှာ ရှိတဲ့ စိန့်ဗင်းဆင့်ကျွန်းပါ။ အမေက မက်သဒစ်အသင်းသားတစ်ယောက် ဖြစ်တယ်။ ကျွန်မက ပညာလောဘ ရှိပေမဲ့လည်း ဘုရားသခင်အကြောင်းကိုတော့ မသိချင်ဘူး။ ကျောင်းပိတ်ပြီဆိုရင် ကန်ဘောင်ဘေးမှာ သွားထိုင်ပြီး စာကြည့်တိုက်က ငှားလာတဲ့ စာအုပ်တွေ ဖတ်နေလိုက်တယ်။
ကျောင်းပြီးတဲ့နောက် နှစ်အနည်းငယ်အကြာမှာ နိမ့်ကျပြီး လူရာအသွင်းမခံရတဲ့သူတွေကို ကျွန်မ ကူညီပေးချင်လာတယ်။ ဒါနဲ့ အိုးမဲ့အိမ်မဲ့တွေ၊ မသန်စွမ်းတဲ့သူတွေ၊ သင်ယူနိုင်စွမ်း မရှိတဲ့သူတွေကို ကူညီပေးတဲ့လုပ်ငန်းမှာ ပါဝင်တယ်။ နောက်တော့ ကျန်းမာရေးဆိုင်ရာ သိပ္ပံတက္ကသိုလ်တစ်ခုကို တက်တယ်။ ဘွဲ့ရပြီးတဲ့နောက်မှာ အံ့ဩစရာကောင်းလောက်အောင် အလုပ်ကောင်းတွေ တစ်ခုပြီးတစ်ခု ရတယ်။ ဒါနဲ့ ဇိမ်ရှိပြီး ပြည့်စုံတဲ့ဘဝကို ကျွန်မ ပိုင်ဆိုင်လာတယ်။ စီမံခန့်ခွဲမှုဆိုင်ရာ အတိုင်ပင်ခံ၊လူမှုရေး သုတေသီတစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ အလုပ်အတွက် အင်တာနက် ချိတ်ထားတဲ့ ခရီးဆောင်ကွန်ပျူတာ တစ်လုံးပဲ လိုတယ်။ နိုင်ငံခြားကို တစ်ခေါက်သွားရင် နှစ်ပတ်သုံးပတ် ကြာတတ်ပြီး အကြိုက်ဆုံး ဟိုတယ်မှာ တည်းတယ်။ သဘာဝရှုခင်းတွေကို ရှုစားတယ်။ အလှပြင်ဆိုင်မှာ အနှိပ်သွားခံတယ်။ အားကစားရုံမှာ ကျန်းမာရေး လေ့ကျင့်ခန်း သွားလုပ်တယ်။ ကျွန်မဘဝ အရာရာ ပြည့်စုံနေပြီလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ နိမ့်ကျပြီး လူရာအသွင်း မခံရသူတွေအတွက် စိုးရိမ်ပေးတတ်တဲ့ စိတ်ကတော့ ပျောက်မသွားဘူး။
သမ္မာကျမ်းစာက ကျွန်မရဲ့ ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ-
‘ကျွန်မတို့ ဘာကြောင့် ဒီကမ္ဘာပေါ် ရှိနေရသလဲ၊ ဘာအတွက် အသက်ရှင်နေရတာလဲ’ ဆိုပြီး ကျွန်မ သိချင်နေတာ ကြာပြီ။ ဒါပေမဲ့ ကျမ်းစာကနေ အဖြေရှာဖို့ တစ်ခါမှ မကြိုးစားခဲ့ဘူး။ ၁၉၉၉ ခုနှစ်၊ တစ်နေ့မှာ ယေဟောဝါသက်သေ ခရစ်ယာန်ဖြစ်တဲ့ ကျွန်မညီမလေး မာဂရက်ဟာ သက်သေခံ သူငယ်ချင်းနဲ့အတူ ကျွန်မဆီ လာလည်တယ်။ သူ့သူငယ်ချင်းက ကျွန်မကို ဖော်ဖော်ရွေရွေ စကားပြောတယ်။ ကျွန်မ ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ သူနဲ့ ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ ကျွန်မရဲ့အလုပ်နဲ့ ဘဝပုံစံကြောင့် ကျမ်းစာ လေ့လာဖို့ အချိန် သိပ်မပေးနိုင်ဘူး။
၂၀၀၂ ခုနှစ် နွေရာသီရောက်တော့ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းကို ကျွန်မ ပြောင်းသွားတယ်။ အဲဒီမှာ ကျွန်မရဲ့ နောက်ဆုံးပန်းတိုင် လူမှုရေးသုတေသနဆိုင်ရာ အမြင့်ဆုံးဘွဲ့ ရဖို့ ဘွဲ့လွန်သင်တန်းကို တက်ခဲ့တယ်။ ပြီးတော့ ကျွန်မသားငယ်နဲ့အတူ သက်သေခံတွေရဲ့ ဝတ်ပြုရာခန်းမမှာ စည်းဝေးတွေကို စပြီး ပုံမှန်တက်လာတယ်။ ကျွန်မဟာ အဆင့်မြင့် ပညာရေးကို ဆည်းပူးခဲ့တယ်ဆိုပေမဲ့ ကျမ်းစာလေ့လာလိုက်မှပဲ ဘဝပြဿနာတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းနည်းတွေကို ပိုသိလာရတယ်။ ဘယ်သူကမှ သခင်နှစ်ဦးရဲ့ အစေကို မခံနိုင်ဘူးဆိုတာကို မဿဲ ၆:၂၄ ကနေ ကျွန်မ သဘောပေါက်လာတယ်။ ဘုရားသခင်ရဲ့ အစေကို ခံမလား။ စည်းစိမ်ဥစ္စာရဲ့ အစေကို ခံမလား။ တစ်ခုခုကိုတော့ ရွေးချယ်ရတော့မယ်။ ဘဝမှာ ဦးစားပေးလုပ်ရမယ့် အရာတွေအတွက် ဆုံးဖြတ်ချက် ချရတော့မယ်ဆိုပြီး သိလာတယ်။
ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်တုန်းက သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လောa ဆိုတဲ့ စာအုပ်ကို လေ့လာကြတဲ့ သက်သေခံတွေရဲ့ စာအုပ်ကြီးသင်တန်းကို ကျွန်မ သွားတက်ခဲ့တယ်။ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင် တစ်ပါးတည်းပဲ လူသားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ ကျွန်မ အခိုင်အမာ ယုံကြည်လာတယ်။ တက္ကသိုလ်မှာတော့ အဓိပ္ပာယ်ရှိရှိ အသက်ရှင်ချင်တယ်ဆိုရင် ဖန်ဆင်းရှင်ကို ယုံစရာ မလိုဘူးလို့ သင်ပေးတယ်။ ဒါကြောင့် ကျွန်မ အရမ်း ဒေါသထွက်ခဲ့တယ်။ နောက်နှစ်လ ကြာပြီးတဲ့နောက် တက္ကသိုလ်ကနေ ထွက်လိုက်တယ်။ ဘုရားသခင်အကြောင်း ပိုသိလာအောင် အချိန်များများ ပေးပြီး လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်မရဲ့ ဘဝပုံစံ ပြောင်းလဲသွားတာက ဒီကျမ်းချက်ကြောင့်ပါ– “ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။ ဘုရားက မင်းရဲ့ လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။” (ပညာအလိမ္မာ ၃:၅၊ ၆) မေတ္တာရှင် ဘုရားသခင်အကြောင်းကို သင်ယူတဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူးက ပါရဂူဘွဲ့ကြောင့် ရရှိနိုင်တဲ့ ရုပ်ပစ္စည်းတွေနဲ့ ဂုဏ်တွေထက် အများကြီး သာပါတယ်။ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အကြောင်း၊ လူသားတွေ ကယ်တင်ခြင်း ရဖို့ အသက်စွန့်ခဲ့တဲ့ ယေရှုရဲ့ အခန်းကဏ္ဍအကြောင်းကို များများ သိရှိလာလေ၊ ဖန်ဆင်းရှင် ဘုရားသခင်ဆီ ဘဝတစ်ခုလုံးကို ပုံအပ်ချင်လာလေပဲ။ ဒါနဲ့ ၂၀၀၃ ခုနှစ်၊ ဧပြီလမှာ ကျွန်မ နှစ်ခြင်းခံလိုက်တယ်။ အဲဒီနောက်ပိုင်း ကျွန်မဘဝ တဖြည်းဖြည်း ရိုးရှင်းလာတယ်။
အကျိုးကျေးဇူး ရရှိခဲ့ပုံ–
ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ရတာကို ဘာနဲ့မှ မလဲနိုင်ဘူး။ ဘုရားသခင်ကို သိကျွမ်းလာတဲ့အတွက် စိတ်ငြိမ်သက် ပျော်ရွှင်လာတယ်။ ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေနဲ့ ပေါင်းသင်းရတဲ့အတွက်လည်း ပျော်တယ်။
သမ္မာကျမ်းစာ ဆက်ဖတ်ပြီး ဝတ်ပြုအစည်းအဝေးတွေ ဆက်တက်တယ်။ တခြားသူတွေကိုလည်း ကိုယ့်ယုံကြည်ခြင်းအကြောင်း ဝေမျှနေပါတယ်။ ဒီလိုဝေမျှတာက ကျွန်မရဲ့ အလုပ်လို ဖြစ်လာပါပြီ။ လူတွေကို လက်ရှိအချိန်မှာ ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်ဖို့၊ အနာဂတ်မှာလည်း ထာဝရအသက် ရဖို့ ကူညီပေးနေပါတယ်။ ၂၀၀၈၊ ဇွန်လကတည်းက ဟောပြောခြင်းလုပ်ငန်းမှာ အချိန်ပြည့် ပါဝင်လာတဲ့အတွက် အရင်ထက် ပျော်လာပြီး ပိုကျေနပ်ရောင့်ရဲလာပါတယ်။ အသက်ရှင်ရတဲ့ ရည်ရွယ်ချက်အမှန်ကို သိရှိလာတဲ့အတွက် ယေဟောဝါဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
“သူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့အတွက် အကြီးအကျယ် တုန်လှုပ်သွားတယ်။”—ရိုမန် အာနာစ်ဘာဂါ
မွေးဖွားတဲ့နှစ်– ၁၉၇၃
နေရင်းနိုင်ငံ– ဩစတြီးယား
နောက်ခံ– လောင်းကစားသမား
အတိတ်–
ဩစတြီးယားနိုင်ငံ၊ ဘရာနူးမြို့မှာ ကျွန်တော် ကြီးပြင်းလာတာပါ။ အဲဒီဒေသက ချမ်းသာကြွယ်ဝပြီး ရာဇဝတ်မှု မရှိသလောက်ပါပဲ။ မိသားစုက ကက်သလစ် ဘာသာဝင်တွေ ဖြစ်လို့ ကျွန်တော်လည်း အဲဒီဘာသာဝင်အဖြစ် ကြီးပြင်းလာခဲ့တယ်။
ငယ်ငယ်က အဖြစ်အပျက်တစ်ခုကြောင့် အကြီးအကျယ် စိတ်ထိခိုက်ခဲ့ရတယ်။ ၁၉၈၄ ခုနှစ်၊ ကျွန်တော် ၁၁ နှစ်အရွယ်မှာ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဘောလုံးကစားနေတာကို မှတ်မိသေးတယ်။ အဲဒီနေ့ရဲ့ နေ့လယ်မှာပဲ သူ ကားတိုက်ခံရပြီး သေဆုံးသွားတယ်။ သူငယ်ချင်းကို ဆုံးရှုံးလိုက်ရလို့ ကျွန်တော် အကြီးအကျယ် တုန်လှုပ်သွားတယ်။ အဲဒီလိုဖြစ်ပြီးတဲ့နောက် လူသေရင် ဘာဖြစ်သွားမလဲဆိုတာကို နှစ်တော်တော်ကြာတဲ့အထိ သိချင်နေမိတယ်။
ကျွန်တော် ကျောင်းပြီးသွားတော့ မီးပြင်တဲ့အလုပ် လုပ်တယ်။ ကျွန်တော်ဟာ လောင်းကစားသမား ဖြစ်လာပြီး လောင်းကြေး အများကြီး ထပ်ခဲ့တယ်။ ဒါပေမဲ့ အကြွေး မတင်ခဲ့ပါဘူး။ အားကစားမှာလည်း အချိန်ကုန်ခဲ့ပြီး ဟဲဗီးမက်တဲလ်နဲ့ ပန့်ရော့ခ်တေးဂီတတွေကိုလည်း နှစ်သက်လာတယ်။ နိုက်ကလပ်တွေ၊ ပါတီတွေ သွားတယ်။ အပျော်အပါး လိုက်စားပြီး အကျင့်ပျက်ဘဝပုံစံနဲ့ နေထိုင်ခဲ့တယ်။ ဒါပေမဲ့ ဘဝမှာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ခံစားခဲ့ရတယ်။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ–
၁၉၉၅ ခုနှစ်မှာ သက်ကြီး သက်သေခံတစ်ယောက်က ကျွန်တော့်အိမ်ကို ရောက်လာပြီး စာအုပ်တစ်အုပ် ပေးတယ်။ အဲဒီစာအုပ်ထဲမှာ သေတဲ့အခါ ဘာဖြစ်သွားမလဲဆိုတဲ့ မေးခွန်းကို ကျမ်းစာနဲ့ ဖြေဆိုပေးထားတယ်။ ကျွန်တော့်သူငယ်ချင်း ကားတိုက်သေသွားတာကို မြင်ယောင်နေတုန်းမို့ အဲဒီစာအုပ်ကို ယူလိုက်တယ်။ သေခြင်းနဲ့ပတ်သက်တဲ့ အခန်းအပြင် တစ်အုပ်လုံး ဖတ်လိုက်တယ်။
သေခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်မေးခွန်းတွေရဲ့ အဖြေကို တွေ့လိုက်ရပါပြီ။ ဒါပေမဲ့ ပိုသိချင်နေသေးတယ်။ ကျွန်တော်ဟာ ကက်သလစ်ဘာသာဝင်အဖြစ် ကြီးပြင်းလာတာကြောင့် ယေရှုကိုပဲ အဓိက ယုံကြည်ခဲ့တာ။ ဒါပေမဲ့ ကျမ်းစာကို သေသေချာချာ လေ့လာလိုက်တော့ ယေရှုရဲ့ ခမည်းတော် ယေဟောဝါဘုရားသခင်နဲ့ ပိုရင်းနှီးလာတယ်။ လူသားတွေကို ယေဟောဝါဘုရားသခင် ဂရုစိုက်ပြီး သူနဲ့သိကျွမ်းအောင် လုပ်ဖို့ အားပေးထားတာကို သိလိုက်ရတဲ့အခါ ကျွန်တော် စွဲမှတ်သွားတယ်။ (မဿဲ ၇:၇-၁၁) ဘုရားသခင်မှာ ခံစားချက် ရှိတယ်၊ အမြဲ ကတိတည်တယ်ဆိုတာကိုလည်း သိလိုက်ရတယ်။ အဲဒါကြောင့် ကျမ်းစာကြိုဟောချက်တွေကို စိတ်ဝင်စားလာပြီး အဲဒီကြိုဟောချက်တွေ ဘယ်လို ပြည့်စုံခဲ့တယ်ဆိုတာ ဆန်းစစ်လေ့လာတယ်။ ကျွန်တော် သိရှိခဲ့ရာတွေကြောင့် ဘုရားသခင်ကို ပိုယုံကြည်လာတယ်။
ယေဟောဝါသက်သေ ခရစ်ယာန်တွေကပဲ တခြားသူတွေ သမ္မာကျမ်းစာကို နားလည်အောင် အလေးအနက် ထားပြီး ကူညီပေးနေတယ်ဆိုတာ မကြာခင်မှာပဲ သဘောပေါက်လာတယ်။ သက်သေခံတွေရဲ့ စာပေတွေမှာ ဖော်ပြထားတဲ့ ကျမ်းချက်တွေကို ကက်သလစ်ကျမ်းစာနဲ့ ဖွင့်ဖတ်ခဲ့တယ်။ နှိုက်နှိုက်ချွတ်ချွတ် လေ့လာလေ၊ ကျွန်တော် အမှန်တရားကို တွေ့ပြီလို့ သိမြင်လာလေပဲ။
ဘုရားသခင်က ကျွန်တော့်ကို သူ့စံနှုန်းတွေနဲ့အညီ နေထိုင်စေချင်တယ်ဆိုတာကို ကျမ်းစာလေ့လာရင်း သိရှိခဲ့တယ်။ ဧဖက် ၄:၂၂-၂၄ ကို ဖတ်တဲ့အခါ “ဘဝလမ်းစဉ်ဟောင်း” နဲ့ပုံသွင်းထားတဲ့ “စရိုက်ဟောင်း” ကို ချွတ်ပယ်ပြီး “ဘုရားသခင်ဖန်ဆင်းတဲ့ စရိုက်သစ်ကိုလည်း ဝတ်ဆင်” ရမယ်ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် အကျင့်ပျက် ဘဝပုံစံကို စွန့်လွှတ်လိုက်တယ်။ ပြီးတော့ လောင်းကစား လုပ်တာက ရုပ်ပစ္စည်း တပ်မက်တာ၊ လောဘကြီးတာတွေ ဖြစ်စေတဲ့အတွက် အဲဒီအကျင့်ကိုလည်း စွန့်လွှတ်ဖို့ လိုတယ်ဆိုတာ သိရှိခဲ့တယ်။ (၁ ကောရိန္သု ၆:၉၊ ၁၀) အဲဒီလို ပြောင်းလဲဖို့ဆိုရင် မိတ်ဆွေဟောင်းတွေနဲ့ အဆက်ဖြတ်ပြီး ကိုယ်နဲ့စံနှုန်းတူတဲ့သူတွေကို ရှာပေါင်းရမှာ ဖြစ်တယ်။
အဲဒီလိုပြောင်းလဲမှုတွေ လုပ်ရတာ လွယ်တော့ မလွယ်ဘူး။ ဒါပေမဲ့ သက်သေခံတွေရဲ့ ဝတ်ပြုရာခန်းမမှာ အစည်းအဝေးတွေ သွားတက်ပြီး မိတ်ဆွေသစ်တွေနဲ့ မိတ်ဖွဲ့တယ်။ ဒါ့အပြင် ကိုယ်တိုင် ကျမ်းစာကို သေသေချာချာ ဆက်လေ့လာတယ်။ အဲဒီလို လုပ်တဲ့အတွက် ကျွန်တော် နားထောင်တဲ့ တေးဂီတ အမျိုးအစားနဲ့ ဘဝပန်းတိုင်တွေ ပြောင်းလဲလာတယ်။ ကျွန်တော့်ရဲ့ အသွင်အပြင်ကလည်း သပ်သပ်ရပ်ရပ် ဖြစ်လာတယ်။ ၁၉၉၅ ခုနှစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
အခုဆိုရင် ငွေကြေးနဲ့ ရုပ်ပစ္စည်းအပေါ် မျှမျှတတ ရှုမြင်တတ်လာပြီ။ အရင်ကဆိုရင် ထစ်ကနဲဆို ဒေါသထွက်တတ်ပေမဲ့ အခုတော့ ဒေါသ ထိန်းတတ်လာပါပြီ။ ဒါ့အပြင် အနာဂတ်အတွက် အလွန်အမင်း စိုးရိမ်တာတွေလည်း မရှိတော့ပါဘူး။
ယေဟောဝါဘုရားသခင်ကို ဝတ်ပြုတဲ့ ကမ္ဘာချီအဖွဲ့ထဲမှာ ပါဝင်ခွင့်ရလို့ ကျွန်တော် ပျော်တယ်။ သူတို့အထဲက တချို့ဆိုရင် ဘဝပြဿနာတွေနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပေမဲ့ ဘုရားသခင်ကို သစ္စာရှိရှိ ဝတ်ပြုနေကြတုန်းပဲ။ အခုဆိုရင် ကျွန်တော့်လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ မကြိုးစားတော့ဘူး။ အဲဒီအစား ယေဟောဝါဘုရားကို ဝတ်ပြုပြီး သူတစ်ပါးအကျိုး သယ်ပိုးဖို့ ကျွန်တော့် အချိန်တွေ၊ ခွန်အားတွေကို အသုံးပြုနေပါတယ်။ အဲဒီလိုလုပ်ရလို့ သိပ်ပျော်တယ်။
“နောက်ဆုံးတော့ ကျွန်တော့်ဘဝဟာ ရည်ရွယ်ချက် ရှိလာပါပြီ။”—အီရမ် ကင်း
မွေးဖွားတဲ့နှစ်– ၁၉၆၃
နေရင်းနိုင်ငံ– အင်္ဂလန်
နောက်ခံ– အသက်ရှင်ရတာကို စိတ်ကုန်နေသူ
အတိတ်–
အင်္ဂလန်မှာ မွေးပေမဲ့ ကျွန်တော့်အသက် ခုနစ်နှစ်လောက်မှာ ဩစတြေးလျကို မိသားစုလိုက် ပြောင်းသွားတယ်။ ပြီးတော့ ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ဩစတြေးလျ၊ ကွင်းစလန်ပြည်နယ်၊ ဂိုးလ်ကို့စ်မြို့မှာ ကျွန်တော်တို့ အခြေချလိုက်ကြတယ်။ ကျွန်တော်တို့မိသားစုက မချမ်းသာပေမဲ့ လိုအပ်ရာတွေတော့ အမြဲ ရရှိခဲ့ပါတယ်။
ကျွန်တော့်ဘဝဟာ အဆင်ပြေပြေ ကြီးပြင်းခဲ့ပေမဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို တစ်ခါမှ မရခဲ့ပါဘူး။ ဒါကြောင့် အသက်ရှင်ရတာကို တော်တော်လေး စိတ်ကုန်လာတယ်။ ကျွန်တော့်အဖေက အရက်သမား။ အရက်တွေ သောက်ပြီး အမေ့ကို ကောင်းကောင်း မဆက်ဆံဘူး။ ဒါကြောင့် အဖေ့ကို ကျွန်တော် မချစ်ဘူး။ နောက်ပိုင်းမှ ကျွန်တော် သိလိုက်ရတာက မလေးရှားမှာ အဖေ စစ်မှုထမ်းခဲ့တယ်။ အဲဒီတုန်းက တွေ့ကြုံခဲ့ရာတွေကြောင့် ဒီလိုပြုမူတာကိုးဆိုပြီး သဘောပေါက်သွားတယ်။
ကျွန်တော် အထက်တန်းကျောင်း တက်နေတုန်း မူးရူး သောက်စားတတ်လာတယ်။ အသက် ၁၆ နှစ်မှာ ကျောင်းထွက်ပြီး ရေတပ်ထဲ ဝင်တယ်။ မူးယစ်ဆေးဝါးတွေ စမ်းသုံးကြည့်ရာကနေ ဆေးရွက်ကြီး စွဲသွားတယ်။ အရက်ကိုလည်း ဖိသောက်လာတယ်။ နဂိုက စနေ၊ တနင်္ဂနွေနေ့တွေမှာပဲ သောက်ပေမဲ့ အခုတော့ နေ့တိုင်း သောက်တယ်။
အသက် ၂၀ ဝန်းကျင်မှာ ဘုရားသခင် တကယ် ရှိမရှိဆိုတာကို သိချင်လာတယ်။ ‘ဘုရားသခင် တကယ် ရှိတယ်ဆိုရင် လူတွေကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခ ခံစေပြီး သေစေတာလဲ’ လို့ စဉ်းစားမိတယ်။ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ဆိုးသွမ်းမှုအားလုံးက ဘုရားသခင်ကြောင့်ဆိုတဲ့ ကဗျာတောင် စပ်ခဲ့တယ်။
အသက် ၂၃ နှစ်မှာ ရေတပ်က ထွက်လိုက်တယ်။ အလုပ်အမျိုးမျိုး ပြောင်းလုပ်ခဲ့တယ်။ နောက်တော့ တစ်နှစ်ကြာ ပြည်ပခရီး ထွက်ခဲ့တယ်။ ဒါပေမဲ့ စိတ်ကျေနပ်မှု မရခဲ့ပါဘူး။ ဘဝပန်းတိုင် ချချင်စိတ်၊ အောင်မြင်ချင်စိတ်တွေ မရှိဘူး။ ဘာကိုမှလည်း အလိုမကျခဲ့ဘူး။ အိမ်တစ်လုံး ပိုင်ဆိုင်ဖို့၊ အလုပ်ကောင်းကောင်း ရဖို့၊ ရာထူး တိုးဖို့ဆိုတဲ့ ရည်မှန်းချက်တွေက အဓိပ္ပာယ် မရှိသလိုပဲ။ အရက်သောက်ပြီး သီချင်း နားထောင်တာကပဲ ကျွန်တော့်ကို စိတ်သက်သာမှုပေးတယ်။
ဘဝရည်ရွယ်ချက်ကို ရှာတွေ့ချင်တဲ့ဆန္ဒ ပြင်းပြခဲ့တဲ့အချိန်ကို ကျွန်တော် မှတ်မိနေဆဲပါ။ ကျွန်တော် ပိုလန်နိုင်ငံမှာ ရှိနေတုန်း နာမည်ကြီး အော့ဇ်ဝစ်ချွေးတပ်စခန်းကို သွားလည်ပတ်တယ်။ အဲဒီစခန်းမှာ ဖြစ်ပျက်ခဲ့တဲ့ အလွန် ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေအကြောင်း ကျွန်တော် ဖတ်ဖူးတယ်။ ဒါပေမဲ့ အဲဒီစခန်းကြီးထဲ ကိုယ်တိုင် ရောက်သွားတဲ့အခါမှာတော့ သိပ်စိတ်ထိခိုက်သွားတယ်။ လူလူချင်း ဘာကြောင့် ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်ရတာလဲဆိုပြီး နားမလည်နိုင်အောင် ဖြစ်သွားတယ်။ စခန်းကို လှည့်ပတ်ကြည့်ရှုရင်း ကျွန်တော် မျက်ရည်တွေ ကျလာတယ်၊ ပြီးတော့ ‘ဘာကြောင့်လဲ’ လို့ မေးခွန်းထုတ်ခဲ့တာကို မှတ်မိနေတုန်းပဲ။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ–
၁၉၉၃ ခုနှစ်မှာ ပြည်ပခရီး ထွက်ရာကနေ ပြန်ရောက်လာပြီး အဖြေရှာဖို့ ကျမ်းစာ စဖတ်ခဲ့တယ်။ မကြာခင်မှာပဲ ယေဟောဝါသက်သေနှစ်ယောက် အိမ်ကို ရောက်လာကြတယ်။ အိမ်နားက အားကစားကွင်းမှာ ကျင်းပမယ့် စည်းဝေးကြီးကို တက်ရောက်ဖို့ ဖိတ်သွားတယ်။ ကျွန်တော်လည်း သွားတက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီမတိုင်ခင် လအနည်းငယ်က အားကစားပြိုင်ပွဲ ကြည့်ဖို့ အဲဒီကွင်းကို ကျွန်တော် ရောက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီစည်းဝေးကြီးနဲ့ တခြားစီပဲ။ သက်သေခံတွေဟာ ယဉ်ကျေးသိမ်မွေ့ပြီး ဣန္ဒြေရှိရှိ ဝတ်စားထားကြတယ်။ ကလေးတွေလည်း လိမ္မာကြတယ်။ နေ့လယ်စာ စားချိန်ရောက်တော့ ကျွန်တော် သိပ်အံ့သြသွားတယ်။ ထောင်နဲ့ချီတဲ့ သက်သေခံတွေဟာ အားကစားကွင်းအလယ်မှာ နေ့လယ်စာ စားပြီးလို့ ကိုယ့်နေရာကိုယ် ပြန်သွားထိုင်တဲ့အခါ ကွင်းထဲမှာ အမှိုက်အစအနလေးတောင် မချန်ခဲ့တာကို တွေ့လိုက်ရတယ်။ ပိုအံ့သြစရာကောင်းတာက သူတို့မှာ ကျွန်တော် တောင့်တခဲ့တဲ့ ကျေနပ်ရောင့်ရဲမှုနဲ့ ငြိမ်သက်မှုတွေ ရှိနေကြတဲ့ပုံပဲ။ အဲဒီနေ့က ဘာဟောပြောချက်တွေ ပေးသွားမှန်း မမှတ်မိပေမဲ့ သက်သေခံတွေရဲ့ အမူအကျင့်ကိုတော့ လုံးဝ မေ့လို့ မရပါဘူး။
ညနေပိုင်းရောက်တော့ ကျမ်းစာ ဖတ်ပြီး ဘာသာအမျိုးမျိုးကို လေ့လာနေတဲ့ ဝမ်းကွဲတစ်ယောက်ကို ကျွန်တော် သတိရသွားတယ်။ စစ်မှန်တဲ့ဘာသာကို အမူအကျင့်အားဖြင့် ခွဲခြားသိမြင်နိုင်မယ်ဆိုတဲ့ ယေရှုစကားကို သူပြောခဲ့ဖူးတယ်။ (မဿဲ ၇:၁၅-၂၀) သက်သေခံတွေက ဘာကြောင့် တခြားဘာသာတွေနဲ့ မတူရတာလဲဆိုတာကို လေ့လာကြည့်သင့်တယ်လို့ ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော့်ဘဝမှာ ဦးဆုံးအကြိမ် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာသလိုပဲ။
ကျွန်တော့်ကို စည်းဝေးကြီးတက်ဖို့ ဖိတ်ခဲ့တဲ့ သက်သေခံနှစ်ယောက် နောက်တစ်ပတ်မှာ ပြန်လာလည်ကြတယ်။ ကျမ်းစာ လေ့လာဖို့ ကမ်းလှမ်းတော့ လက်ခံလိုက်တယ်။ ဒါ့အပြင် သူတို့နဲ့အတူ ဝတ်ပြုအစည်းအဝေးတွေလည်း လိုက်တက်တယ်။
ကျမ်းစာကို လေ့လာလိုက်တဲ့အခါ ဘုရားသခင်နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ရှုမြင်ချက်တွေ လုံးဝ ပြောင်းလဲသွားတယ်။ ဆိုးသွမ်းမှုနဲ့ ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဖြစ်ပေါ်စေတာ မဟုတ်ဘူး။ လူတွေ မကောင်းမှုတွေ လုပ်တဲ့အခါ ဘုရားသခင် စိတ်ထိခိုက်တယ်ဆိုတာတွေကို ကျွန်တော် သိလိုက်ရတယ်။ (ကမ္ဘာဦး ၆:၆။ ဆာလံ ၇၈:၄၀၊ ၄၁) ယေဟောဝါဘုရားသခင် စိတ်ထိခိုက်အောင် နောက်ဘယ်တော့မှ မလုပ်မိဖို့ စိတ်ဒုန်းဒုန်းချလိုက်တယ်။ ဘုရားသခင်ရဲ့ စိတ်တော်ကို ပျော်ရွှင်စေချင်တယ်။ (ပညာအလိမ္မာ ၂၇:၁၁) မူးရူးသောက်စားတာ၊ ဆေးရွက်ကြီး သုံးစွဲတာတွေကို မလုပ်တော့ဘူး။ အကျင့်ပျက်ပြားတဲ့ ဘဝပုံစံကိုလည်း စွန့်လွှတ်လိုက်တယ်။ ၁၉၉၄၊ မတ်လရောက်တော့ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်ပါတယ်။
အကျိုးကျေးဇူး ရရှိခဲ့ပုံ–
အခု ကျွန်တော် ပျော်ရွှင်မှု အစစ်အမှန် ရရှိပြီး ကျေနပ်ရောင့်ရဲနေပါပြီ။ ဘဝပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ အရက်လည်း မသောက်တော့ဘူး။ အဲဒီအစား စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါဘုရားဆီ အားကိုးတကြီး ပုံအပ်ထားရမယ်ဆိုတာကို သိလာတယ်။—ဆာလံ ၅၅:၂၂။
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကာရင်လို့ခေါ်တဲ့ ခရစ်ယာန်ညီအစ်မတစ်ယောက်နဲ့ လက်ထပ်တယ်။ သူ့မှာ နယ်လာဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ရှိပြီးသားပါ။ ကျွန်တော်တို့မိသားစုဟာ ဝတ်ပြုရေးအစီအစဉ်တွေမှာ အချိန်များများ ပေးပြီး တခြားသူတွေကို ဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရား သိရှိလာအောင် ကူညီပေးနေပါတယ်။ နောက်ဆုံးတော့ ကျွန်တော့်ဘဝမှာ စစ်မှန်တဲ့ ရည်ရွယ်ချက် ရှိလာပါပြီ။
a ယေဟောဝါသက်သေတွေ ထုတ်ဝေတယ်။