မျက်နှာဖုံးဆောင်းပါး | ရိုးသားတာ အကျိုးရှိရဲ့လား
မရိုးသားမှုက သင့်ကို ထိခိုက်နစ်နာစေ
“တချို့ပြဿနာတွေ၊ ခက်ခဲတဲ့အခြေအနေတွေက နည်းနည်းလေး မရိုးမသားလုပ်လိုက်မှ ပြေလည်သွားတာ။”—တောင်အာဖရိကနိုင်ငံသူ ဆာမန်သာ။
အဲဒီလိုပြောတာကို သင်ရော သဘောတူလား။ ဆာမန်သာလိုပဲ ကျွန်ုပ်တို့အားလုံးလည်း တစ်ချိန်မဟုတ်တစ်ချိန်မှာ ခက်ခဲတဲ့အခြေအနေတွေ ကြုံဖူးကြမှာပါ။ မရိုးမသားလုပ်ဖို့အကြောင်းဖန်လာတာကို တုံ့ပြန်ပုံက ကျွန်ုပ်တို့ ဘယ်စံနှုန်းကို ကိုင်စွဲထားလဲဆိုတာ ဖော်ပြတယ်။ ဥပမာ၊ အရှက်ရမှာစိုးလို့၊ မျက်နှာပျက်မှာစိုးလို့ မရိုးမသားလုပ်တာဟာ ဘာမှမမှားပါဘူးလို့ စောဒကတက်မိနိုင်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မရိုးမသားလုပ်မှန်းပေါ်သွားတော့ ဆိုးကျိုးတွေ ဖြစ်လာတယ်။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ။
မရိုးသားမှုကြောင့် ယုံကြည်မှု ပျက်ပြားသွား
လူမှုဆက်ဆံရေးဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ထားတာပါ။ တစ်ဦးကိုတစ်ဦးယုံမှ ယုံကြည်အားကိုးစိတ် ရှိလာမှာဖြစ်တယ်။ ဒါပေမဲ့ ယုံကြည်မှုဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ပါဘူး။ တစ်ဦးပေါ်တစ်ဦး ကိုယ်ကျိုးမဖက်ဘဲ ရိုးရိုးသားသား အချိန်အကြာကြီး ပေါင်းသင်းဆက်ဆံပြီးမှ ယုံကြည်မှုဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ မရိုးသားတဲ့လုပ်ရပ်တစ်ခုကြောင့် ယုံကြည်မှုဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်ပါတယ်။ ယုံကြည်မှုပျက်စီးသွားပြီဆိုရင် ပြန်တည်ဆောက်ဖို့ အရမ်းခက်ပါတယ်။
အရင်းနှီးဆုံးမိတ်ဆွေလို့ထင်ထားတဲ့သူက ကိုယ့်အပေါ် လိမ်ညာသွားတာမျိုး ကြုံဖူးသလား။ ကြုံဖူးတယ်ဆိုရင် သင် ဘယ်လိုခံစားခဲ့ရသလဲ။ ထိခိုက်နာကျင်ပြီး ကိုယ့်အပေါ် သစ္စာဖောက်သွားတယ်လို့တောင် ခံစားမိနိုင်တယ်။ ဒီလိုဖြစ်တတ်တာ သဘာဝပါ။ အနှစ်နှစ်အလလ ကြိုးစားတည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးဟာ မရိုးသားမှုကြောင့် ပျက်စီးသွားနိုင်တယ်ဆိုတာ အထွေအထူးပြောစရာမလိုပါဘူး။
မရိုးသားမှုက ကူးစက်လွယ်
ကယ်လီဖိုးနီးယားတက္ကသိုလ်က စီးပွားရေးပါမောက္ခ ရောဘတ် အင်နက်ရဲ့ လေ့လာချက်အရ “မရိုးသားမှုဟာ ကူးစက်လွယ်” မှန်း သိရတယ်။ မရိုးသားမှုဟာ ရောဂါပိုးလို ကူးစက်တတ်တာကြောင့် မရိုးသားသူတွေနဲ့ သင် ပိုပြီးထိတွေ့ဆက်ဆံလေ သင်ကိုယ်နှိုက်လည်း မရိုးမသားလုပ်နိုင်ချေ ပိုများလေပါပဲ။
မရိုးသားမှုထောင်ချောက်ထဲ ကျမသွားရအောင် သင် ဘယ်လိုရှောင်နိုင်မလဲ။ ကျမ်းစာက သင့်ကို ကူညီပေးနိုင်ပါတယ်။ ကျမ်းစာလမ်းညွှန်ချက်တချို့ကို ကျေးဇူးပြု၍ သုံးသပ်ကြည့်ပါ။